← Chapters

အဆင့်မြင့် နှင်းစက်စိမ်း ဆန် လယ်မြေတစ်ကွက်

Vol. 69 Ch. 953

အဆင့်မြင့် နှင်းစက်စိမ်း ဆန် လယ်မြေတစ်ကွက်

Vol. 69 Ch. 953

မိုဝူကျိက ထမင်းတစ်ပန်းကန် စားပြီးသွားသည်နှင့် ဖုံးကွယ်အစီအရင်၏ အပြင်ဘက်သို့ သံသယများဖြင့် စတင်ကြည့်လိုက်သည်။ ဤအချိန်ကြီး၌ အဘယ်ကြောင့် ဤနေရာမှာ လူတွေ ရှိနေကြသနည်း။ သူသည် ဤနေရာတွင် ရှိနေသည်မှာ လအနည်းငယ် ကြာလေပြီ။ ကုဟိုင် တစ်ကြိမ် ရောက်လာသည်မှလွဲ၍ အခြားသူ မည်သည်မျှ မလာဖူးပေ။

သူ့နှင်းစက်စိမ်း စပါးပင်အတွက် သူခင်းကျင်းထားသည့် ဖုံးကွယ်အစီအရင်မှာ အလွန်သာမန် ဖြစ်လေသည်။ အဆင့် (က) မြေကွက်အများစုတွင် လျို့ဝှက်ရန်အတွက် အလားတူ အစီအရင်များ ခင်းကျင်းလေ့ ရှိပေသည်။

ဆန်…

မိုဝူကျိသည် ထမင်းအိုးတစ်ဝက်ကို မြင်သောအခါ ဘာတွေဖြစ်နေမှန်း နောက်ဆုံးတော့ သူနားလည်သွားချေပြီ။ အကုန်လုံး ဆန်ကြောင့် ဖြစ်လာသည်ပင်။ နှင်းစက်စိမ်းဆန် ထမင်းအိုး၏ သင်းရနံ့သည် လူများကို ဆွဲဆောင်နေလေသည်။

မိုဝူကျိသည် ဆွံ့အသွားကာ ခေါင်းသာ ရမ်းလိုက်မိသည်။ အနံ့ပိတ်ဆို့ အစီအရင် ခင်းကျင်းရန် အတွေးသည် ယခင်က တစ်ခါမျှ သူ့စိတ်ထဲသို့ ရောက်မလာခဲ့ပေ။

သို့သော် ဤနေရာသို့ ထိုလူများ ရောက်လာပြီးနောက် သူတို့သည် ဖုံးကွယ်အစီအရင်ကို ချိုးဖောက်ဖွင့်ပစ်မည် မဟုတ်သလို သူတို့၏စိတ်စွမ်းအားကို အထဲသို့ အတင်းအဓမ္မ ဝင်ရောက်အောင် လုပ်မည်လည်း မဟုတ်ပေ။ ဆိုလိုသည်မှာ သူတို့သည် သူ့လိုမျိုး လယ်သမားတစ်ယောက်ကို ကြီးမားစွာ အလေးထားပေးနေသေးသည်ပင် ဖြစ်၏။

နတ်ဘုရားကုန်းမြေပေါ်တွင် အလယ်အလတ်အဆင့် နှင်းစက်စိမ်း ဆန် ထုတ်လုပ်နိုင်သူတို့သည် ကောင်းမွန်သောဘဝတွင် နေထိုင်နိုင်မှန်း မိုဝူကျိက မသိပေ။ ဂိုဏ်းတိုင်းက သူတို့ကို ဖိတ်ခေါ်ကြလိမ့်မည်ဖြစ်ပြီး ဝိညာဉ်တောင်၏ အကြီးအကဲပင် လွယ်လွယ်ကူကူ ဖြစ်လာနိုင်သေးသည်။

ဤလေးစားမှုတို့သည် သေချာပေါက်ပင် အပေါ်ယံသာ ဖြစ်သည်။ တကယ့် လက်တွေ့တွင်မူ အကယ်၍ နတ်ဘုရားဘုရင် ဝတ်ရုံစိမ်းသည် လယ်သမားတို့၏ လူနေမှုအဆင့်အတန်းများကို မြင့်မားအောင် အကောင်းဆုံး ကြိုးစားခဲ့လျှင်ပင် သူတို့ထံ မည်သည့်ကိစ္စမျှ ဖြစ်လာမည် မဟုတ်ပေ။

အကယ်၍ လူတစ်ယောက်က နှင်းစက်စိမ်း စပါးပင်ကို ပြုစုပျိုးထောင်ရာမှာ ကျွမ်းကျင်ပြီး ဂိုဏ်း၏ နတ်ဝိညာဉ်ဆေးဖက်ဝင် အပင်တောင်ထိပ်၏ အကြီးအကဲအဖြစ် ငှားရမ်းခံရသည်ဆိုလျှင်တောင် အခြားသူများ၏ လေးစားမှုသည် အရေပြားအတွင်းအထိ နက်ရှိုင်းနေမည် မဟုတ်ပေ။ မည်သည့် ကျင့်ကြံသူကမျှ နှင်းစက်စိမ်းဆန် စိုက်ပျိုးသည့်သူတစ်ယောက်ကို အမှန်တကယ် လေးစားလိမ့်မည် မဟုတ်ပေ။ သူတို့၏ စိတ်ကြီးဝင်သော ခံယူချက်အရ သက်တမ်းတိုတိုနှင့် အဆင့်နိမ့် ကျင့်ကြံဆင့်ရှိသော လူတစ်ယောက်သည် စစ်မှန်သည့် ကျင့်ကြံသူတစ်ယောက်၏ လေးစားမှုနှင့် မထိုက်တန်ပေ။

လယ်သမားများသည် ယေဘုယျအားဖြင့် အလွန်အမင်း အဆင့်နိမ့်သည့် ဝိညာဉ်ကြောများနှင့် သူများဖြစ်စေ၊ ကျင့်ကြံရေး၌ မတိုးတက်နိုင်သည့် သူများဖြစ်စေ၊ သို့မဟုတ်ပါက မကျင့်ကြံနိုင်သည့် သူများသာ ဖြစ်ကြလေသည်။ ထို့အပြင် နှင်းစက်စိမ်း ဆန်ကို ပြုစုပျိုးထောင်ခြင်းက လူတစ်ယောက်၏ သက်တမ်းကို ဝါးမျိုပစ်နိုင်သောကြောင့် သာမန်အခြေအနေတွင် ကျင့်ကြံသူအနည်းငယ်သာ သူတို့ကိုယ်သူတို့ စိတ်ရှုပ်ခံကြလေသည်။

သို့သော် စပါးစိုက်ပျိုးရာတွင် သင်သည် မည်မျှပင်တော်စေကာမူ သင်က အခြားသူများကို အပြစ်မပြုမိသ၍ မည်သူကမျှ သင့်ကို ပြန်ပေးဆွဲလိမ့်မည် မဟုတ်ပေ။

ဤသည်မှာ နတ်ဘုရားကုန်းမြေ၏ ထုတ်မပြောဘဲ သိကြသည့် စည်းကမ်း ဖြစ်သည်သာမက နှင်းစက်စိမ်း ဆန်စိုက်ပျိုးခြင်းသည် စိုက်ပျိုးသူ၏အသက်ကို တမြည့်မြည့် ဝါးမျိုသည့်အပြင် စိုက်ပျိုးသူ၏ နှလုံးသားအောက်ခြေမှလာသော အလေးအနက်ထားမှုလည်း လိုအပ်ပေသည်။ ထိုမှသာလျှင် တကယ့် ဆန်ကောင်းကို ထုတ်လုပ်နိုင်ပေလိမ့်မည်။

အကယ်၍ သင်က အလယ်အလတ်အဆင့် နှင်းစက်စိမ်း ဆန်ထုတ်လုပ်နိုင်သည့်သူကို ပြန်ပေးဆွဲနိုင်လျှင်တောင် တစ်ဖက်လူက အလယ်အလတ်အဆင့် နှင်းစက်စိမ်းဆန်ကို အတင်းအကြပ် စေခိုင်းမှုအောက်မှာ သေချာပေါက် ထုတ်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်က စည်းကမ်းဖြစ်ပြီး ဤသည်မှာ အရည်အသွေးမြင့် နှင်းစက်စိမ်းဆန်အတွက် လိုအပ်ချက်သည် မည်မျှပင် မြင့်မားနေကြောင်းကိုလည်း ထင်ဟပ်နေလေသည်။

နှင်းစက်စိမ်း ဆန်စိုက်ပျိုးခြင်းကဲ့သို့ ကိစ္စအတွက် အကယ်၍ လူတစ်ယောက်တွင် သေးသေးမွှားမွှား မပျော်ရွှင်မှု ဒါမှမဟုတ် စိတ်မပါမှု ရှိပါလျှင် ဤသည်က ထုတ်ကုန်၏ အရည်အသွေးပေါ်တွင် ဆိုးကျိုးသက်ရောက်မှု ရှိစေလိမ့်မည်။

“လယ်ပိုင်ရှင်က ဘယ်နေရာမှာလဲ မေးပါရစေ… မိုးကောင်းကင်ငယ်ဂိုဏ်း လမင်းရေကန်ငယ်တောင်က တပည့် ယင်းရှုရှု တွေ့ခွင့်တောင်းပါတယ်”

ကြွပ်ဆတ်ဆတ် အသံက ထွက်ပေါ်လာသည်။

မိုဝူကျိ၏ စိတ်စွမ်းအားသည် လူများချဉ်းကပ်လာသည်ကို သတိပြုမိသည်။ စုစုပေါင်း လူ ၅ယောက် ရှိပြီး အမျိုးသား ၂ ယောက်နှင့် အမျိုးသမီး ၃ ယောက် ဖြစ်သည်။ စကားပြောနေသောသူသည် လျှော်ချည်အဝတ်အစားနှင့် အမျိုးသမီး ဖြစ်လေသည်။ ထို့အပြင် သူမ၏ ကျင့်ကြံဆင့်မှာ သူ့ကို အံ့သြသွားစေသည်။ သူ မြင်ရသည်မှာ ဤအမျိုးသမီးသည် အနည်းဆုံး နတ်ဘုရားအုပ်စိုးသူ အဆင့် ၃ ဖြစ်လေသည်။

အစကတည်း၌ မိုးကောင်းကင်ငယ်ရွာသည် မိုးကောင်းကင်ငယ်ဂိုဏ်း၏ လက်အောက်ခံ ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းမှ နတ်ဘုရားအုပ်စိုးသူ တစ်ယောက်က သူ့တံခါးကို လာခေါက်သောအခါ မိုဝူကျိသည် တစ်ဖက်လူကို ဖိတ်ခေါ်ရုံမှလွဲ၍ မတတ်နိုင်တော့ပေ။

ပေါ့ပေါ့ပါးပါးပင် ဖုံးကွယ်အစီအရင်ကို ဖွင့်လိုက်ပြီး သူသည် လေးစားစွာ ဦးညွှတ်လိုက်သည်။

“ဒီမှာ ဘာကိစ္စများရှိလို့ပါလဲ မေးပါရစေ”

ကာကွယ်ရေးအစီအရင် အပြင်ဘက်ရှိ လူ ၅ ယောက်လုံးသည် မိုဝူကျိ၏ မြေကွက်ကို စိုက်ကြည့်လိုက်စဉ် ပါးစပ်အဟောင်းသား ဖြစ်သွားသောကြောင့် မည်သူမျှ သူ့မေးခွန်းကို ပြန်မဖြေကြပေ။

ရွှေရောင်ဖျော့ဖျော့လေးသည် သူတို့ထဲမှအချို့ကို မျက်စိကန်းသွားစေနှင့်ပြီ ဖြစ်၏။ ဤသည်က သေချာပေါက်ပင် အဆင့်မြင့် နှင်းစက်စိမ်း ဆန်ဖြစ်ပြီး ထိုမျှမက အဆင့်မြင့် နှင်းစက်စိမ်းဆန် လယ်မြေတစ်ကွက်လုံး ဖြစ်လေသည်။

ယခုကာလ အချိန်အခါတွင် အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို ရှာဖွေရန်မှာ အလွန်အမင်း ခက်ခဲလေသည်။ သို့သော် ယခုမူ သူတို့ရှေ့တွင် မြေကွက်တစ်ခုလုံးနှင့် အပြည့် ရှိနေလေသည်။ စိုက်ပျိုးမြေကွက် မည်မျှ အောင်မြင်ကြီးထွားပုံကို ထောက်၍ ဤနေရာတွင် သေချာပေါက်ပင် ကာတီ ဆယ်ပေါင်း အနည်းငယ်မက ပိုများမည် ဖြစ်သည်။

“အဆင့်မြင့် နှင်းစက်စိမ်းဆန်… ဒါတွေအကုန်လုံးက အဆင့်မြင့် နှင်းစက်စိမ်းဆန်တွေပဲ”

နောက်မှ အမှီလိုက်လာသော ကွမ်းကျစ်သည် ကြက်သေသေသွားလေသည်။ သူသည် စီမံရေးမှူးအဖြစ် ရွာတွင် အလုပ်လုပ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း တစ်ခါမျှ အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို မမြင်ဖူးခဲ့ပေ။

ထိုအဆင့် မတိုင်ခင်အထိ အကောင်းဆုံး ရိတ်သိမ်းခြင်းမှာ အလယ်အလတ်အဆင့် နှင်းစက်စိမ်း ဆန် လယ်မြေကွက် ၁၀ စာ ထုတ်လုပ်နိုင်သည့်အချိန်က ဖြစ်သည်။ ထို့အပြင် မြေတစ်ကွက်တွင် ရွှေရောင်အနည်းငယ်တောင် သန်းနေခဲ့သည်။ ဆိုလိုသည်မှာ အဆင့်မြင့်သို့ ရောက်လုနီးနီး ဖြစ်ခဲ့သည်ပင်။ သို့သော် အဆင့်မြင့်အထိ မရောက်လိုက်ပေ။ သို့သော်လည်း ယခုမူ သူသည် လယ်မြေတစ်ကွက် အပြည့် အဆင့်မြင့်နှင်းစက်စိမ်းဆန်ကို မြင်လိုက်ရလေပြီ။

လူတိုင်းမျက်လုံးထဲမှ အံ့သြသည့် အကြည့်များကို မြင်ပြီးနောက် မိုဝူကျိသည် အစီအရင်အလံအချို့ကို မြန်မြန်ဆန်ဆန် ပစ်လွှတ်လိုက်ပြီး နှင်းစက်စိမ်းစပါးခင်းကို တဖန်ဖုံးအုပ်လိုက်လေသည်။ ထို့အပြင် တစ်ချိန်တည်း၌ လမ်းသေးသေးလေးကို ဖွင့်ပေးလိုက်သည်။

သူတို့မြင်ကွင်းမှ နှင်းစက်စိမ်းဆန်ကို ပိတ်လိုက်သောအခါမှသာ လူ ၅ ယောက်သည် အသိပြန်ဝင်လာကြပြီး မိုဝူကျိ၏ အင်မော်တယ်နေအိမ်အရှေ့သို့ အလျင်အမြန် ပြေးသွားကြသည်။

နတ်ဘုရားကုန်းမြေပေါ်တွင် အင်မော်တယ်နေအိမ်ကဲ့သို့ နိမ့်ကျသော အရာသည် အခြားသူများ၏ အာရုံကို မဆွဲဆောင်နိုင်ပေ။ သို့သော် လူတိုင်းအာရုံစိုက်နေသော အရာမှာ အင်မော်တယ်နေအိမ်မဟုတ်ဘဲ နှင်းစက်စိမ်းဆန်ကို စားနေသည့် ရွိုက်ကောနှင့် တာ့ဟွမ်တို့သာ ဖြစ်၏။

“မင်း… မင်း တကယ်ကြီး အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို စားဖို့ ချက်ပစ်လိုက်တာလား… မင်း…”

ကွမ်းကျစ်သည် သူ့ရင်ထဲမှ ဒေါသကို မျိုသိပ်လိုက်ပြီး မိုဝူကျိ၏ အင်မော်တယ်နေအိမ်အရှေ့သို့ လမ်းလျှောက်လာလိုက်သည်။

သူသည် မိုဝူကျိ ချက်ထားသော ဆန်အိုးကိုမြင်သောအခါ ထပ်ပြီး မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ အပြစ်ဆိုလိုက်လေသည်။

သို့သော် မိုဝူကျိက တုံ့ပြန်လိုက်သည်။

“စီမံရေးမှူးကွမ်း… အဲ့ဒါနဲ့ပတ်သက်ပြီး ဘာများမှားနေလို့လဲ။ ကျုပ် ချက်နေတဲ့ဆန်က ကျုပ် စိုက်ထားတဲ့ဟာပါ။ ကျုပ်ထမင်း ကျုပ်စားနေတာ ဘာပြဿနာများ ရှိလို့လဲ”

“မင်း…မင်း… ”

ကွမ်းကျစ်သည် မိုဝူကျိက တကယ်ကြီး သူ့အား ပြန်လည်ချေပလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ့မှာ ဒေါသထွက်ရလွန်း၍ သူ့စကားကို ပြီးအောင်ပင် မပြောနိုင်ပေ။

စီမံရေးမှူး အသေးစား ကွမ်းကျစ်က ဗွေဖောက်နေစဉ် မိုဝူကျိသည် သူနှင့်အတူပါလာသည့် အမျိုးသမီး ၃ ယောက်နှင့် အမျိုးသား၂ ယောက်က ဝင်မပြောသည်ကို သတိပြုမိလိုက်သည်။

“မင်းက ဂိုဏ်းကို မပေးရသေးဘူး။ ပြီးတော့ ဒီသီးနှံတွေက မင်း ပိုင်တာမဟုတ်ဘူး”

ကွမ်းကျစ်သည် ကျယ်လောင်စွာ ကြေညာလိုက်သည်။

မိုဝူကျိသည် အနည်းငယ် ပြုံးလိုက်ပြီး

“ခင်ဗျားမှားနေပြီ… စီမံရေးမှူးကွမ်း။ ဒီက ဆန်တွေအကုန်လုံးကို ကျုပ်ပိုင်တယ်။ ကျုပ် တင်သွင်းရမဲ့ နှင်းစက်စိမ်းဆန် ကာတီ၂၀ က ဒီမှာ မဟုတ်ဘူး”

“မင်း ဘာပြောတယ်”

ကွမ်းကျစ်က ထပ်အော်လိုက်ပြန်သည်။

မိုဝူကျိသည် ကွမ်းကျစ်ကို ဂရုမစိုက်စွာ ဝှေ့ကြည့်လိုက်ပြီး

“ထွက်သွားလိုက်တော့… ကျုပ်ကိုယ်ပိုင်မြေကွက်မှာ ကျုပ်ကို အပြစ်လာမရှာနဲ့”

“ဟုတ်ပြီလေ… မင်းမှာ သတ္တိတွေ ရှိနေတယ်ပေါ့။ ဒီနေရာမှာ ဂိုဏ်းက စည်းကမ်းရေးရာခန်းမရဲ့ အပြင်ဘက်က လူတွေ တိုက်ခိုက်တာကို ခွင့်မပြုတာကြောင့် မလို့မလား။ မင်း စောင့်နေလိုက်စမ်းပါ”

ကွမ်းကျစ်က ပြောပြီးသည်နှင့် သူသည် အမှာစကား ပစ်လွှတ်လိုက်လေသည်။

“အစ်ကို… ရှင်က တကယ့်ကို အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို ထုတ်လုပ်နိုင်လိုက်တာပဲ။ ဘယ်လောက်တောင် အထင်ကြီးစရာကောင်းလိုက်သလဲ”

စကားပြောလိုက်သည့်သူမှာ ၅ ယောက်အနက် အငယ်ဆုံး အမျိုးသမီးလေး ဖြစ်သည်။

သူမသည် ငယ်သေးသော်လည်း သူမ၏ ကျင့်ကြံဆင့်မှာ ကနဦးနတ်ဘုရားအဆင့် ၉ သို့ ရောက်နေပြီ ဖြစ်သည်။ မိုဝူကျိသည် ဤအမျိုးသမီးမှာ ယဉ်ကျေးပြနေခြင်းသာ ဖြစ်ကြောင်း သိသောကြောင့် သူသည် ထိုစကားများကို စိတ်ထဲထားမနေဘဲ တုံ့ပြန်လိုက်သည်။

“ကျုပ်က ကံကောင်းသွားရုံပါ။ ဒီဟာကို ကျုပ် ဘယ်လိုလုပ်လိုက်သလဲဆိုတာ ကျုပ်တောင် မသိပါဘူးဗျာ”

ထို့နောက် လျှော်ချည်အဝတ်အစားနှင့် အမျိုးသမီးကသာ စကားစပြောလိုက်လေသည်။

“ကိုယ့်ကိုယ်ကို မိတ်ဆက်ပါရစေ။ ကျွန်မက လမင်းရေကန်ငယ်တောင်ရဲ့တပည့် ယင်းရှုရှုပါ”

သူမက သူမကိုယ်သူမ မိတ်ဆက်ပြီးနောက် သူမဘေးရှိ မိန်းကလေး ၂ ယောက်ကို ညွှန်ပြလိုက်သည်။

“သူတို့က ကျွန်မရဲ့ ဂျူနီယာညီမလေးတွေ… မူရွှမ်းနဲ့ ကျန့်ကျီတို့ပါ”

မိုဝူကျိသည် ခေါင်းညိမ့်လိုက်ပြီး တုံ့ပြန်လိုက်သည်။

“စီနီယာအစ်မတို့ကို နှုတ်ဆက်ပါတယ်။ ကျုပ်က မိုဝူကျိပါ”

မူရွှမ်းသည် ယင်းရှုရှု၏ ညာဘက်တွင် မတ်တပ်ရပ်နေသော အမျိုးသမီး ကျင့်ကြံသူဖြစ်ပြီး ကောင်းကင်နတ်ဘုရားအဆင့် ၆ တွင် ရှိပြီဖြစ်၏။ သူမသည် အစောနလေးတင် သူ့အား  “အစ်ကို” ဟုခေါ်လိုက်သော မိန်းမငယ်လေးပင် ဖြစ်သည်။ ဤသည်က သူမကို ဖြူစင်ပြီး ချစ်စရာကောင်းသောအသွင် ဖြစ်စေလေသည်။

ယင်းရှုရှုက သူ့အား မိတ်ဆက်မပေးသည်ကို သတိပြုမိလိုက်သဖြင့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားသည့် အရပ်ရှည်ရှည် အမျိုးသားသည် လေးစားစွာ ဦးညွှတ်လိုက်ကာ အားလုံးကို မျက်နှာချင်းဆိုင်လိုက်၏။

“တာအိုရောင်းရင်းမို… ကျွန်တော်က ကြယ်လျင်တောင်ရဲ့ ဆက်ဆံသူ တပည့် ယွဲ့လွန်ပါ။ ဒါက ကျွန်တော့်ဂျူနီယာအစ်ကို ကျို့ရှီဖုန်း…”

ယွဲ့လွန်သည် ရုပ်ရည်ချောမောသည်။ ထို့အပြင် ကျင့်ကြံသူတစ်ယောက်၏ ဝတ်ရုံဖြူက သူ့ခန္ဓာကိုယ်ပေါ်တွင် ကျဆင်းနေမှုနှင့်အတူ သူသည် ပို၍တောင် ထူးခြားသွားပုံ ပေါ်လေသည်။ သူ၏ တစ်ခုတည်းသော ချို့ယွင်းချက်မှာ သူ့ပါးစပ်သည် အနည်းငယ် ကြီးလွန်းနေခြင်းဖြစ်သည်။ အကယ်၍ သူသာ ပါးစပ်ဖွင့်လိုက်ပါက ၎င်းသည် လူများအား ရက်စက်ကြမ်းကြုတ်သည့် သားရဲ၏ ပါးစပ်ကို အမှတ်ရစေလိမ့်မည်ဟု မိုဝူကျိသည် တွေးလိုက်မိသည်။

ထို့အပြင် ယွဲ့လွန်၏ ကျင့်ကြံဆင့်သည်လည်း နတ်ဘုရားအုပ်စိုးသူ အဆင့် ၃ တွင်ရှိ၍ အတော်အသင့် မြင့်မားပေသည်။

ယွဲ့လွန်၏ နံဘေးတွင် ရပ်နေသော ကျို့ရှီဖုန်းက အလွန်ပို၍ ဆိုးဝါးပေသည်။ သူ့တွင် ရုပ်ဆိုးဆိုး ပုံပန်းအသွင်အပြင်၊ စတုရန်းဆန်ဆန် မျက်နှာနှင့် နားရွက်သေးသေးတို့ ရှိပေသည်။ သူ့ကျင့်ကြံဆင့်သည်လည်း ကောင်းကင်နတ်ဘုရားအဆင့် ၉ တွင်သာရှိပြီး ယွဲ့လွန်ထက် အများကြီးပို၍ နိမ့်လေသည်။

မိုဝူကျိသည် မြန်မြန်ပင် လေးစားစွာ ပြန်လည်ဦးညွှတ်လိုက်၏။

“မိုဝူကျိက စီနီယာအစ်ကိုယွဲ့လွန်နဲ့ စီနီယာအစ်ကိုကျို့ရှီဖုန်းတို့ကို နှုတ်ဆက်ပါတယ်”

“တာအိုရောင်းရင်းမို… ခင်ဗျားမှာ နှင်းစက်စိမ်း ဆန်တချို့ ကျွန်တော့်ကို ရောင်းချင်စိတ်များ ရှိမလားမသိဘူး”

ယွဲ့လွန်က မေးရင်း ပြုံးလိုက်၏။

မိုဝူကျိသည် ထိုမေးခွန်းကို ကြားလိုက်သောအခါ ဤနေရာဝန်းကျင်ရှိ စည်းကမ်းများမှာ အတင်းအဓ္ဓမယူခြင်းကို ခွင့်မပြုကြောင်း သိလိုက်သည်။ ဖြစ်နိုင်ပါက လူအနည်းငယ်ကိုသာ အပြစ်ပြုမည်ဆိုသည့် သူ့မူအရ သူသည် နံဘေးတွင် ရှိနေသည့် တာ့ဟွမ်ကို အမိန့်ပေးလိုက်သည်။

“တာ့ဟွမ်… စီနီယာအစ်ကိုယွဲ့လွန်အတွက် နှင်းစက်စိမ်းဆန် ၅ ကာတီ ယူလာခဲ့။ အော… လာကြတဲ့လူတိုင်းကို နှင်းစက်စိမ်း ဆန် ၅ ကာတီရောင်းလိုက်။ ဒီတြိဂံမျက်လုံးနဲ့လူက လွဲလို့ပေါ့”

“ဟုတ်ကဲ့ပါ သခင်ကြီး ”

မိုဝူကျိ၏ ညွှန်ကြားချက်ကို ကြားပြီးနောက် တာ့ဟွမ်သည် နှင်းစက်စိမ်း ဆန်ကို ရိတ်သိမ်းရန် လယ်မြေကွက်ထဲသို့ အပြေးအလွှားသွားလိုက်သည်။

မိုဝူကျိ၏ ကြေညာချက်ကို ကြားသောအခါ လူတိုင်းက အံ့သြတုန်လှုပ်သွားကြသည်။ ယွဲ့လွန်ပင်လျှင် သူသည် မေးခွန်းမေးလိုက်သည့်အချိန်က ဤအရာကို မျှော်လင့်မထားခဲ့ပေ။ မူလက သူသည် မိုဝူကျိက သူ့အား နှင်းစက်စိမ်းဆန် ၁ ကာတီရောင်းပေးရန် မျှော်လင့်ထားခဲ့ပြီး ဤသည်က သူ့အား အလွန် ကျေနပ်စေနေပြီ ဖြစ်၏။ မိုဝူကျိက ၅ ကာတီနှင့် စလိမ့်မည်ဟု မည်သူကသိမည်နည်း။ ဤသည်က ရှင်းရှင်းပြောရလျှင် မိုးပေါ်မှ ဆင်းသက်လာသည့် ပျော်ရွှင်မှု ဖြစ်၏။

တကယ့်လက်တွေ့၌ မိုဝူကျိက အဆင့်မြင့် နှင်းစက်စိမ်းဆန်သည် မည်မျှ အဖိုးတန်သည့်အကြောင်း များများစားစား မသိချေ။ ထို့ကြောင့် သူသည် ဤကဲ့သို့ ပြောလိုက်ခြင်း ဖြစ်၏။ အကယ်၍ သူက ဆန်၏ တန်ဖိုးအစစ်အမှန်ကို သိပါက လူတစ်ယောက်ကို အများဆုံး ၁ ကာတီသာ ပေးပေလိမ့်မည်။

မိုဝူကျိက နှင်းစက်စိမ်း ဆန်ကို ပွင့်ပွင့်လင်းလင်း ရောင်းနေသည်ကို မြင်သောအခါ ကွမ်းကျစ်၏ မျက်နှာမှာ မည်းလာတော့သည်။ သို့သော် ဤနေရာတွင် သူက မိုဝူကျိကို ရပ်တန့်ရန် မလုပ်ရဲပေ။ ယွဲ့လွန်သည် အဆင်ပြေသေးသည်။ သို့ပေသိ လမင်းရေကန်ငယ်တောင်၏ ယင်းရှုရှုသည် သတ်ဖြတ်ခြင်း နတ်ဘုရား ဖြစ်၏။ သူမ၏ ညှို့ဓာတ်ပြင်းသည့် အကြည့်နောက်ကွယ်တွင် သူမသည် လူသတ်သည့်အခါ မျက်တောင်တစ်ချက်ပင် မခတ်သည့် လူစားမျိုး ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်… တာအိုရောင်းရင်းမို။ ရှင့်ဆီက နှင်းစက်စိမ်းဆန် ၁ တေး ဝယ်ဖို့ နတ်ဘုရားကျောက် ဘယ်လောက်ပေးရမလဲ မသိဘူး”

ယင်းရှုရှုသည် သူမ နှလုံးသားထဲမှ စိတ်ခံစားချက်များကို ချုပ်ထိန်းလိုက်ပြီး ဤမေးခွန်းကို မေးလိုက်သည်။ သူမက နှင်းစက်စိမ်းဆန်အတွက် ဤနေရာတွင် ရှိနေခြင်း ဖြစ်သည်။ ထို့အပြင် အစ၌ သူမအစီအစဉ်မှာ အလယ်အလတ်အဆင့် ဆန်အချို့ ရရှိရန် ဖြစ်သော်လည်း သူမက ဤနေရာမှာ အဆင့်မြင့်ဆန်ကို ရှာတွေ့လိမ့်မည်ဟု မည်သူများ သိမည်နည်း။

မိုဝူကျိက သူမ၏ မေးခွန်းကို မဖြေပေ။ ထိုအစား ရွိုက်ကောကို ပြောလိုက်သည်။

“ရွိုက်ကော… တာ့ဟွမ်ကို သွားကူချည်။ ပြီးတော့ စိုက်ခင်းထဲက နှင်းစက်စိမ်းဆန်တွေ အားလုံးကို ရိတ်သိမ်းခဲ့လိုက်တော့”

ပထမ၌ မိုဝူကျိသည် နောက်ထပ်ရက် အနည်းငယ် စောင့်ချင်ခဲ့သည်။ သို့သော် ကွမ်းကျစ်သည် သိသာလှစွာ အကြံအစည် ချနေလေသည်။ ထို့အပြင် အကယ်၍ ကွမ်းကျစ်က အမှန်တကယ် သူ့နှင်းစက်စိမ်း ဆန်ကို လုယူချင်ပါက သူက ချက်ချင်းပင် ထွက်သွားနိုင်လေသည်။ သူသည် ကွမ်းကျစ်ကို မကြောက်ပေ။ သို့သော် ကွမ်းကျစ်၏ ကျောထောက်နောက်ခံများကိုတော့ ကြောက်မိလေသည်။ ဤကဲ့သို့ အကျိုးအမြတ်များသောရွာတွင် စီမံရေးမှူး ဖြစ်လာနိုင်ရန်မှာ ကွမ်းကျစ်တွင် သေချာပေါက် နောက်ခံလူအချို့ ရှိကို ရှိရမည်။

အကယ်၍ သူသည် လေလွတ်မြောက်ရေး နည်းစနစ်ကိုသုံး၍ ထွက်ပြေးရလျှင်ပင် သူ မိုဝူကျိသည် ကွမ်းကျစ်ကဲ့သို့ အထက်ဖားအောက်ဖိ လူတစ်ယောက်ထံ၌ သေချာပေါက် အညံ့ခံလိမ့်မည် မဟုတ်ပေ။

***

All Chapters