ဘဝဆိုတာ သရုပ်ဆောင်ခြင်းပဲ
Vol. 1 Ch. 3
အခန်း (၃) ဘဝဆိုတာ သရုပ်ဆောင်ခြင်းပဲ
ဟန်ရှောင်းကို သတ္တုထိုင်ခုံတွင် ကြိုးတုတ်ထားပြီး မျက်လုံးများကိုလည်း ကိရိယာများဖြင့် အတင်းအကြပ် ဖွင့်ထားစေသည်။ သူ့ရှေ့တွင် အနက်ရောင်မျက်နှာပြင်တစ်ခု ရှိနေပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် စပီကာများ တပ်ဆင်ထားသည်။
ဟန်ရှောင်း လုံးဝလှုပ်ရှား၍ မရတော့ပေ။
“လုပ်ငန်းစဉ်က ဘယ်လောက်ကြာမှာလဲ”
“၁၂နာရီပါ”
“ဒီမှာ စောင့်ကြည့်ထားလိုက်” ဟီလာက အမိန့်ပေးပြီးနောက် နှာခေါင်းရှုံ၍ ထွက်သွားတော့သည်။
လင်ဝေရှန်းက အစီအစဉ်ကို စတင်လိုက်ပြီးနောက် မျက်နှာပြင်က လင်းလက်လာသည်။ ၎င်းသည် အဆက်မပြတ်ပြောင်းလဲလျက်ရှိသည့် ဂျီဩမေတြီပုံသဏ္ဍာန်များကို ပြသနေခဲ့သည်။ စူးရှတောက်ပကာ အလျှင်အမြန်ပြောင်းလဲနေသည့် အရောင်များနှင့် ကျယ်လောင်ကြမ်းတမ်းသော ဂီတသံများကြောင့် ဟန်ရှောင်း မသက်မသာ ခံစားနေရသည်။ မျက်လုံးများကို မှိတ်ချင်နေသော်လည်း မတတ်နိုင်ခဲ့ဘဲ မျက်လုံးများလည်း နီရဲကာ ရောင်ကိုင်းလာတော့သည်။
‘အား... ဒါက သေလောက်အောင် ခံရတာပဲ'
ဤသည်မှာ ခေတ်ဟောင်းနေပြီဖြစ်သော ဦးနှောက်ဆေးခြင်းနည်းလမ်းဖြစ်သည်။ သီအိုရီအရ စမ်းသပ်ခံ၏ အတွေးများကို လွှမ်းမိုးကာ ထင်ယောင်ထင်မှားဖြစ်စေပြီး ပေးချင်သောသတင်းစကားများကို စိတ်ထဲသို့ အလွယ်တကူ ဝင်ရောက်စေနိုင်သည်။
ထိုအရာသည် အမှန်တကယ်လည်း အလုပ်ဖြစ်ကာ အကျိုးကျေးဇူးအနေဖြင့် ဦးနှောက်ကို ထိခိုက်မှုမဖြစ်စေပေ။ ဤသည်မှာ လင်ဝေရှန်းနှင့် ဟန်ရှောင်းတို့ သဘောကျသည့်အရာလည်းဖြစ်သည်။
လင်ဝေရှန်း၏ မျက်နှာပေါ်ရှိ ယုတ်ညံ့သောအမူအရာက ဟန်ရှောင်းကို ဒေါသထွက်စေပြီး သူ့ကိုယ်သူ သားသတ်ရုံမှ ဝက်တစ်ကောင်လို ခံစားရသည်။
ဟန်ရှောင်းက သူ၏ မသတ်မှတ်ရသေးသော အမှတ် ၄မှတ်မှ ၂မှတ်ကို ဉာဏ်ရည်အမှတ်ဆီသို့ ပေါင်းထည့်လိုက်သည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
သင်သည် ဦးနှောက်ဆေးခြင်း ခံနေရသည်။ (အနိမ့်စား အဆင့်)
ဉာဏ်ရည် : 7
ခုခံမှု : 3
ဦးနှောက်ဆေးခြင်း ပျက်ပြယ်ပါသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်း၏ မသက်မသာ ခံစားနေရမှုများ ချက်ချင်းပြေလျော့သွား၏။
၁၂နာရီ ကြာသွားပြီးနောက် ဟန်ရှောင်း၏ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး မျက်လုံးများမှာလည်း ခြောက်ကပ်နေပြီဖြစ်သည်။
ဟီလာ အချိန်မှီ ပြန်ရောက်လာသည်။ ဘော့စ်က သူမအား ဟန်ရှောင်းကို ဦးနှောက်ဆေးခြင်းအတွက် တာဝန်ပေးထားခြင်းဖြစ်ရာ အရာအားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြစ်သွားစေရန် သေချာအောင် ပြုလုပ်ရပေမည်။
ဟီလာက ဟန်ရှောင်းကို ကြိုးဖြည်ပေးလိုက်သည်။ ခြေလက်များတွင် ဒဏ်ရာဒဏ်ချက်များ ပေါ်လာ၏။ ဟန်ရှောင်းသည် နာကျင်နေသေးသော်လည်း ရှေ့တည့်တည့်ကြီးသို့ ဟန်ဆောင်၍ တွေတွေကြီးကြည့်နေလေသည်။
ဟီလာက ရုတ်တရက်ဆိုသလို ရှေ့သို့ငုံ့လိုက်၏။ သူမ၏မျက်နှာမှာ ဟန်ရှောင်းနှင့် ၂လက်မခန့်သာ ဝေးတော့သည်။ သူမ၏ အသက်ရှုထုတ်လိုက်သည့် လေငွေ့လေးက ဟန်ရှောင်း၏ နှုတ်ခမ်းများပေါ်သို့ ကျလာ၏။ ဟန်ရှောင်းသည် အာရုံပျံ့လွင့်သွားနိုင်သည့် အနေအထားအတွက် အလွန်အမင်း စိုးရိမ်နေမိသည်။
ရေမွှေးနံ့က ဟန်ရှောင်း၏ နှာခေါင်းအတွင်းသို့ တိုးဝင်လာသည်။ နှာမချေမိစေရန် အတင်းအကြပ် ကြိုးစားလိုက်ရ၏။
"မင်းက ဘယ်သူလဲ။"
ဟီလာက ညင်သာစွာ ညှို့ယူသော အသံဖြင့် မေးလိုက်သည်။
ဟန်ရှောင်းက ပြန်ဖြေမည့်အစား ခေါင်းခါလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။
ဟန်ရှောင်းသည် သရုပ်ဆောင်မတော်သော်လည်း အူကြောင်ကြောင်တစ်ယောက်လို သရုပ်ဆောင်ရန်မူ မခက်ခဲလှချေ။
ရုတ်တရက်၊ ဟီလာက ဟန်ရှောင်းနားသို့ကပ်၍ တီးတိုးပြောလိုက်၏။
သူမ၏ ဆံပင်များက ဟန်ရှောင်း၏ လည်ပင်းကို ကလူကျီဆယ်သလို လာထိနေပြီး နှင်းဖုံးတောင်တန်းလေး ၂ခုက ဟီလာ၏ အင်္ကျီလည်ပင်းပေါက်မှတစ်ဆင့် ဟန်ရှောင်း၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ ဟန်ရှောင်းတစ်ယောက် ဆုတောင်းခြင်းများဖြင့်သာ အားတင်းထားလိုက်ရတော့သည်။
တောင်တန်းများအကြားတွင် နက်ရှိုင်းသော တောင်ကြားလမ်းလေးလည်း ရှိနေလေ၏။
'ဘူးသီး တစ်ရာကျော် မြင်ထားခဲ့ဖူးတဲ့ငါက မင်းရဲ့ထောင်ချောက်ထဲ ကျမှာမဟုတ်ဘူးကွ'
[TL Notes : ဒါ ဟီလာကို ဘူးသီးဆိုဒ်မဟုတ်ဘူးဆိုပြိး သက်သက်နှိမ်လိုက်တာပဲ၊😂]
"ဒီနေ့ကစပြီး မင်းရဲ့နာမည်က ဇီးရိုး။ ဂျာမီနယ် အဖွဲ့အစည်းက မင်းရဲ့အိမ်၊ မင်းရဲ့နိုင်ငံ၊ မင်းအတွက် အရာအားလုံးပဲ။ အဖွဲ့အစည်းကို မင်းက အမြဲတမ်း သစ္စာစောင့်သိရမယ်၊ ပြီးတော့ အဖွဲအစည်းရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်ဖို့ အမြဲတမ်း တိုက်ခိုက်ပေးနေရမယ်။ မင်းအနေနဲ့ အဖွဲ့အစည်းကို ဘာမှ မသိုဝှက်ထားရဘူး၊ သစ္စာမဖောက်ရဘူး။ ဒါ့အပြင် လိုအပ်လာရင် ပိုကောင်းမွန်တဲ့အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် စွန့် လွှတ်အနစ်နာခံရမယ်။"
လင်ဝေရှန်းက အရူးတစ်ယောက်လို ရယ်မောလျက်
"မင်းရဲ့ ဘဝကို အဖွဲ့အစည်းက ပိုင်ဆိုင်တယ်။ မင်းကို ပေးအပ်တဲ့ အမိန့်အားလုံးကို လိုက်နာဆောင်ရွက်ရမယ်"
ထပ်ဖြည့်လိုက်သည်။
"မင်းက ဘယ်သူလဲ" ဟီလာက ထပ်မေးလိုက်သည်။
ဤတစ်ကြီမ်တွင်တော့ ပြန်ဖြေရတော့မည်ကို ဟန်ရှောင်းသိ၏။ သို့သော်လည်း၊ ချက်ချင်းတော့ ပြန်မဖြေပေ။ဟီလာက မျက်မှောင်ကြုံ့ပြီး လင်ဝေရှန်းကို ကြည့်လိုက်သည်။
"ငါက လုပ်ငန်းစဉ်အတိုင်းသွားတာပဲ၊ ငါအပြစ်မဟုတ်ဘူး...."
"ငါက ဇီးရိုး"
လင်ဝေရှန်း မျက်လုံးများ အရောင်တောက်သွားသည်။
"ဗယ်ခရီဆေးက ဇီးရိုးရဲ့ သင်ယူမှုစွမ်းရည်ကို တိုးတက်စေပေမယ့် ဘေးထွက်ဆိုးကျိုး အနေနဲ့တော့ စကားပြောတာမှာ သွားပြီး သက်ရောက်နေတာပဲ။"
ဟီလာသည်လည်း ဇီးရိုး၏ အမူအယာများကို ပြန်တွေးကြည့်လိုက်သည်။ အမှန်တကယ်ပင် သူ၏ပတ်ဝန်းကျင်ကို ဖြည်းဖြည်းသာ တုံ့ပြန်နေသည် မဟုတ်လော။
"ရှင်မှားနေပြီ၊ ဒါက ပြီးပြည့်စုံမှုပဲ၊ သူ့မှာ စိတ်ခံစားမှုတွေ မလိုအပ်ဘူး"
".... သူ့ကို ခေါ်သွားပြီး အနားယူခိုင်းလိုက်၊ ငါဘော့စ်ကို ရီပို့တင်လိုက်ဦးမယ်"
'ငါတော့ လုံခြုံသွားပြီဟ'
ဟန်ရှောင်း နောက်ဆုံးမှာတော့ စိတ်သက်သာရာ ရသွားသည်။ အစောင့်များ ပေါ့လျော့သွားစေရန် ဟန်ရှောင်းက သူ၏လှုပ်ရှားမှုများကို နှေးနှေးလေး သရုပ်ဆောင်ရန် ဦးနှောက်ဆေးခံနေရစဉ်အတွင်းက အကြံရခဲ့ခြင်းဖြစ်သည်။
'ကောင်းတဲ့နေရာကို ကူးပြောင်းခံလိုက်ရတာ မဟုတ်ပေမယ့် အချိန်ကတော့ မဆိုးပါဘူး'
ဗယ်ခရီဆေးစမ်းသပ်မှုသည် ရှေ့ပြေးပရောဂျက် တစ်ခုဖြစ်ပြီး နောက်လာမည့် စူပါစစ်သားများ ပရောဂျက်တွင်မူ သစ္စာရှိမှုကို သေချာစေရန် စမ်းသပ်ခံများ၏ ကိုယ်တွင်းတွင် မိုက်ခရိုချစ်ပြားများ ထည့်သွင်းမည်ဖြစ်သည်။
ထိုအချိန်ကာလသို့သာ ကူးပြောင်းမိခဲ့ပါက ပိုမိုဆိုးဝါးမည်ဖြစ်ပြီး ဟန်ရှောင်းသည် မိုက်ခရိုချစ်ပြားကြောင့် အချိန်မရွေး ဖောက်ခွဲခံရနိုင်ခြေရှိ၏။
'အနည်းဆုံးတော့ ကံကြမ္မာနတ်သမီးက ငါ့ကိုတစ်ခါလောက်တော့ ပြုံးပြသားပဲ'
လျှို့ဝှက်လိုင်းမှတစ်ဆင့် ဟီလာဖုန်းခေါ်လိုက်သည်။
"ဘော့စ် အခြေအနေ တည်ငြိမ်သွားပါပြီ။"
"ဦးနှောက်ဆေးတာ ပြီးသွားပြီလား။"
အက်ကွဲသော အသံနှင့် ယောက်ျားတစ်ဦးက မေးလိုက်သည်။
"ကျွန်မကိုယ်တိုင် လုပ်ငန်းစဉ်ကို သေချာစောင့်ကြည့်ခဲ့ပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ဇီးရိုးကို ဘာလုပ်မယ်လို့ စီစဉ်ထားပါသလဲ။"
"ဗယ်ခရီဆေးစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်က စစ်သားတွေ မွေးထုတ်ဖို့ပဲ၊ သူ့ကို လေ့ကျင့်ပေးလိုက်။"
"ကျွန်မရဲ့ ညီမလေး ဘယ်လိုနေလဲ။"
"ငါတို့ရဲ့ အပေးအယူကို မမေ့နဲ့၊ ငါနင့်ကို ၂လ ၁ကြိမ် တွေ့ခွင့်ပေးထားတယ်။ စည်းကျော်မလာနဲ့" လူကြီးက သတိပေးလိုက်သည်။
ဟီလာ လက်သီးဆုပ်လိုက်မိ၏။
မြေအောက်တွင် ရှိနေသည့် ဗယ်ခရီစမ်းသပ်ခန်း၏ အတွင်းပိုင်းသည် အဖြူရောင်ချည်းသာဖြစ်ပြီး အစောင့်များကလည်း စဉ်ဆက်မပြတ် စောင့်ကြပ်နေကြသည်။
တစ်ညတာ အနားယူစေပြီးနောက် ဟန်ရှောင်းကို ဟီလာစောင့်နေသည့် လေ့ကျင့်ရေးကွင်းသို့ ခေါ်လာခဲ့သည်။
အဖွဲ့အစည်းအနေဖြင့် သူ့အတွက် ဘာတွေစီစဉ်ထားလဲဆိုတာ မသိသော်လည်း သူ့၏ သင်ယူမှုစွမ်းရည်ကို တန်ဖိုးထားကြမည်မှာ သေချာပေသည်။ အဓိပ္ပါယ်မှာ သူ၏ယန္တရားစွမ်းရည်မှာ အဆင့်တက်လာရန် အခွင့်အရေးရဦးမည် ဖြစ်သည်။
ဤကဲ့သို တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေကြသော ခံတပ်မှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် ဟန်ရှောင်းသည် အချိန်ကြာကြာ တောင့်ခံထားရပေလိမ့်မည်။
"ဇီးရိုး၊ ဒီနေ့ကစပြီး တိုက်ခိုက်ရေးနဲ့ သေနတ်ပစ်သင်တန်းကို နင်နေ့တိုင်း လေ့ကျင့်ရမယ်။"
ဟီလာက ဝတ်စုံတစ်ထည် ပစ်ပေးရင်းပြောလိုက်သည်။
"ဝတ်ထားလိုက်။"
ဟန်ရှောင်း အလျှင်အမြန် ဝတ်လိုက်၏။
ဝတ်စုံဝတ်ပြီးသည်နှင့် ဟီလာက ရင်ဘတ်ကို ကန်ချက်ပြင်းပြင်းကန်၍ တိုက်ခိုက်လိုက်သည်။
ဘန်း
အရမ်းမြန်လွန်းတယ်။
ဟန်ရှောင်း ပြန်၍မတုန့်ပြန်နိုင်ခင်မှာပင် ကန်ချက်က ရင်ဘတ်အကာအကွယ်ကို ဖြတ်၍ နံရိုးကို အက်သွားစေသည်။ ခြေလှမ်းတစ်ဒါဇင်ခန့် နောက်သို့ ဒယိမ်းဒယိုင် ရွေ့သွားပြီး ချောင်းဆိုးရင်း ရင်ဘတ်ကို ဆုပ်ကိုင်ထားရသည်။
'စူပါလူသားဆိုတဲ့အတိုင်းပဲ'
ဟီလာက အားကုန်ထုတ်ထားခြင်း မဟုတ်သော်လည်း သာမန်လူတစ်ယောက်ထက်တော့ အဆပေါင်းများစွာ ပိုမိုလျှင်မြန်နေသေးသည်။
"စက္ကန့်၃၀နားမယ်" ဟီလာက ခပ်တင်းတင်းပြောလိုက်သည်။
တိုက်ခိုက်ရေး လေ့ကျင့်မှုသည် ခက်ခဲသော်လည်း ရိုးရှင်း၏။ နှစ်ယောက်အကြားတွင် မည်သည့်စကားမှ ပြောခြင်းမရှိပေ။
ထိုကဲ့သို့ ၂နာရီကြာအောင် လေ့ကျင့်ပြီးနောက် ဟန်ရှောင်းသည် လုံးဝခြေကုန်လက်ပန်းကျနေပြီး ဒဏ်ရာများနှင့် ပြည့်နှက်လျက်ရှိသည်။
ဟီလာသည် သူတစ်ပါးကို နာကျင်အောင်လုပ်ရတာကို ကြိုက်နှစ်သက်သည့် စိတ်သဘောထားများ ရှိနေသည်ဟုပင် သူ သံသယဖြစ်မိသည်။
'ရေခဲဘုရင်မတွေအားလုံးက ဒီလိုပုံစံတွေပဲလား'
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟီလာ (အဆင့် ၃၀) က သင့်ကို [အခြေခံတိုက်ခိုက်ရေး] သင်ကြားခဲ့သည်။
တိုးတက်မှုနှုန်း : ၅%
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟီလာက စကားတစ်ခွန်းမှ မဆိုဘဲ ပြန်ထွက်သွားသည်။
တောင့်တင်းပြီး ထွားကြိုင်းသော လူကြီးတစ်ဦးသည် ဟန်ရှောင်အား ပစ်မှတ်လေ့ကျင့်ကွင်းသို့ ဆွဲခေါ်ရန် ရောက်ရှိလာသည်။
"ငါက ဘယ်လ်တာ၊ မင်းရဲ့ သေနတ်ပစ် သင်တန်းဆရာပဲ၊ ပြီးတော့ ဒီခံတပ်ရဲ့ ဒုတိယ မန်နေဂျာလည်း ဟုတ်တယ်။"
နဖူးပေါ်တွင် ဓါးဒဏ်ရာနှင့် ကြောက်စရာကောင်းသည့်ပုံစံနှင့် လူကြီးက မိတ်ဆက်သည်။
သူက 73-WASP သေနတ်ကို ဟန်ရှောင်း၏ လက်အတွင်း ထိုးပေးလိုက်ရင်း
"ဒီမှာ ကျည်ဆံ၁၀တောင့်ရှိတယ်၊ စက်ကွင်းဗဟိုကို ၁၀တောင့်လုံးနဲ့ ထိအောင်ပစ်လိုက်..."
ဟန်ရှောင်း မျက်မှောင်ကြုံ့သွားသည်။ တစ်သက်လုံး သေနတ်ကို တစ်ခါမှ မကိုင်ခဲ့ဖူးတဲ့သူတစ်ယောက်က ဘယ်လိုလုပ် ဗဟိုကို ထိနိုင်မှာလဲ။
ပြီးတော့ ပစ်မှတ်တွေက မီတာ ၃၀အကွာမှာ ရွေ့နေသေးသည်။
‘ငါက အိုလံပစ် ချန်ပီယံမှ မဟုတ်တာ!’
ဟန်ရှောင်းက ပခုံးတွန့်လိုက်ပြီး သူ၏နာကျင်နေဆဲဖြစ်သောလက်နှင့် သေနတ်ကို မြှောက်လိုက်သည်။
ဒိုင်း ဒိုင်း ဒိုင်း...
၁၀ချက်ပစ်ပြီးနောက်၊ အမှတ်စာရင်းကို ကြည့်လိုက်သည်။ ထင်ထားသလိုပင်၊ တစ်ချက်မှမထိ ကျရှုံးသည်။
ရုတ်တရက်၊ သူ့နောက်ကျောတွင် တစ်ခုခုဖြင့် ထိုးသွင်းခံရသလို နာကျင်သွားသည်။ မအော်ဟစ်မိအောင် ကြိုးစားထိန်းလိုက်ပြီး နောက်လှည့်ကြည့်လိုက်သောအခါ စစ်သုံးဓါးမြောင်မှ သွေးများကိုလျက်နေသည့် ရူးသွပ်သည့်မျက်နှာပေးနှင့် ဘယ်လ်တာကို တွေ့လိုက်ရသည်။
"ဆက်လုပ်၊ တစ်ချက်လွဲရင် တစ်ချက်ထိုးမယ်။ ဒီနေ့ မင်းရဲ့ သွေးဘယ်လောက်ထွက်မလဲ ကြည့်ရအောင်"
ဟန်ရှောင်း ကျောကို စမ်းကြည့်လိုက်သည်။ သွေးများ စိုနေ၏။
"ခွေးမသားကြီး"
ဟန်ရှောင်း ကြိတ်ပြီး ဆဲလိုက်သည်။
အခန်းတွင်းမှ မှန်မျက်နှာပြင်တစ်ခုသည် တစ်ဖက်ကြည့်မှန်ဖြစ်သည်။ ဟီလာနှင့် လင်ဝေရှန်းက အခြားတစ်ဖက်မှ စောင့်ကြည့်နေကြသည်။
"ဘယ်လ်တာက ငါ့ရဲ့တန်ဖိုးရှိတဲ့ စမ်းသပ်ခံလေးကို ဘယ်လိုဂရုမစိုက် လုပ်နေတာလဲ။ ငါ့ကိုလည်း ဟန်ရှောင်းကို ခွဲစိတ်ခွင့် ပေးပါလား။"
လင်ဝေရှန်းက ညည်းညူရင်း ပြော၏။
ဟီလာက မျက်နှာသေနှင့် တစ်ချက်ကြည့်လိုက်ပြီး
"အဖွဲ့အစည်းက မင်းတောင်းဆိုတာကို ခွင့်ပြုမှာ မဟုတ်ဘူး။"
လင်ဝေရှန်းက အေးစက်စက်ရယ်မောရင်း
"အနှေးနဲ့ အမြန်ဆိုသလို ရမှာပဲ။ သူ့ကို ငါဖန်တီးထားတာ၊ သူက ငါ့ဟာပဲ။"
ဟီလာက ဆိတ်ဆိတ်သာ နေလိုက်သည်။
...
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဘယ်လ်တာက သင့်ကို [အခြေခံ ပစ်ခတ်နည်း] သင်ကြားခဲ့သည်။
တိုးတက်မှုနှုန်း : ၅%
[အေးဂျင့်] အသက်မွေးဝမ်းကြောင်းမှု ဖွင့်ရန် : ၁%
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်းသည် တစ်ကြိမ်ပြီး တစ်ကြိမ် ဓါးထိုးခံနေရသည်။ ထိုးချက်များမှာ မနက်သော်လည်း အကြိမ်ပေါင်းများစွာ အထိုးခံရပြီးနောက် အဝတ်အစားများမှာ သွေးများ ရွှဲစိုနေတော့သည်။
ဘယ်လ်တာက အားလျော့လာသည့် ဟန်ရှောင်းကို ပြုံးပြုံးကြီး ကြည့်နေသည်။ သူက လတ်ဆတ်သော သွေးနံ့များကို သဘောကျနေခြင်းဖြစ်သည်။
"မင်းဘာလို့ မအော်တာလဲ။ ကောင်းတဲ့အရုပ်လေးတွေက အော်တယ်ကွ"
သူက မေးလိုက်၏။
‘ဒီခွေးမသားကြီးတော့ကွာ @#%^%&*’
ဟန်ရှောင်းအသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်သည်။
သူက ဘယ်လ်တာကို ထိုးကြိတ်ပစ်ချင်နေသော်လည်း၊ မဆင်မခြင် လုပ်၍မရကြောင်းတော့ သိနေသည်။
ဤသည်မှာ "LOL - League of Legends" ဂိမ်းနှင့် အနည်းငယ် ဆင်တူသည် - ရှုံးနိမ့်နေသော်လည်း အမှိုက်စကားပြောသည့်အခါ၊ ပို၍ ကြီးကြီးမားမား ကျဆုံးခြင်းအတွက် ပြင်ဆင်နေခြင်းပင်ဖြစ်သည်။
ယခုအချိန်တွင်တော့၊ သူလုပ်နိုင်သည်မှာ ကြိတ်မှိတ်သည်းခံရန်သာဖြစ်သည်။
'ရယ်နိုင်တုန်း ရယ်ထားဦးပေါ့ကွာ...'
ဟန်ရှောင်း အံကြိတ်ပြီး ကြုံးဝါးလိုက်သည်။
အခန်း (၃) ပြီး၏။
လင်းဆက်
+++++