စောစောလေးက ကျုပ် မှားထုတ်လိုက်မိတယ်
Vol. 69 Ch. 955
မိုဝူကျိ၏ ပုံရိပ်ယောင် သလင်းကျောက်အား လေထဲသို့ ပစ်လိုက်သည်နှင့် ကွမ်းထင်က ချက်ချင်းပဲ ဆွဲဖမ်းယူလိုက်ကာ အစိတ်စိတ်အမြွှာမြွှာ ခွဲချေပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အော်ပြောလိုက်သည်။
“ခန်းမသခင်နဲ့ အကြီးအကဲတို့က မင်းကို အမှန်တိုင်း ပြောပြဖို့ မေးနေတာ… ဒီလိုမျိုး အောက်တန်းကျတဲ့ နည်းတွေ သုံးဖို့ မဟုတ်ဘူး။ လျို့ဝှက်ပညာရပ် သုံးပြီး ပုံရိပ်အတုအယောင်တွေ ဖန်တီးဖို့လည်း မဟုတ်ဘူးကွ”
ကျန့်ချန်ကန်းက ကွမ်းထင်အား အေးစက်စက် စိုက်ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှ မဆိုပေ။ မှတ်တမ်းသည် လျို့ဝှက်ပညာရပ်ဖြင့် လုပ်ထားသည့် အတုအယောင် ဟုတ်မဟုတ်အား လောကနတ်ဘုရားတစ်ယောက်ဖြစ်သော သူက အဘယ်ကြောင့် မသိမမြင်ဘဲ နေပါ့မည်နည်း။
ဟော်ရှန့်၏ မျက်နှာမှာ အလွန်ပင် မဲမှောင်ပုပ်သိုးနေလေ၏။ မိုဝူကျိ ထုတ်ပြလိုက်သည့် သက်သေသည် ကွမ်းကျစ်အတွက် ထိခိုက်နစ်နာစေနိုင်မည်အား ကွမ်းတန်က ကြောက်နေသည်ကို သူ မသိဘဲ နေပါ့မည်လော။ သို့သော် ကွမ်းထင်သည် သူအားထားရသောလူများထဲမှ တစ်ယောက် ဖြစ်၏။ ထို့ကြောင့် အရေးမပါသူတစ်ယောက်အတွက် ကွမ်းထင်အား ဖော်ထုတ်ရန် ဆန္ဒမရှိပေ။
သို့တိုင် မိုဝူကျိသည် သူ့ရှေ့တွင် ဖြစ်ပျက်နေသည်များအား ဂရုမစိုက်စွာ ပြုံးလိုက်ကာ
“ကျုပ်အခုတော့ နားလည်သွားပြီ။ ဒီတော့ စီမံရေးမှူးကွမ်းကျစ်ရဲ့တစ်ဖက်သတ်အပြောက အမှန်တွေဖြစ်ပြီး ကျုပ် ထုတ်ပြလိုက်တဲ့ သက်သေက မယုံကြည်ရဘူးပဲ ဆိုပါတော့။ တကယ်လို့ မိုးကောင်ကင်ငယ်ဂိုဏ်းက ဒီလိုဂိုဏ်းမျိုးဆိုရင်တော့ ကျုပ်မှာ ပြောစရာ ဘာမှမရှိတော့ပါဘူးဗျာ”
“ကွမ်းထင်… ဒီတစ်ကြိမ်တော့ မင်း အတော်လွန်သွားပြီ”
ဟော်ရှန့် ကြည့်ရသည်မှာ ဆက်လက် သည်းမခံနိုင်တော့ဟန် ရှိသည်။ မိုးကောင်းကင်ငယ်ဂိုဏ်း စည်းကမ်းရေးရာခန်းမတွင် သူက တရားမျှတမှုနှင့် စည်းကမ်းတင်းကျပ်မှုတို့ဖြင့် ဂုဏ်သတင်း ကျော်စောသည်။ သို့ဖြစ်ရာ မည်သူမျှ ရှိမနေပါက ကိစ္စမရှိချေ။ သို့သော် ယနေ့တွင်ကား အကြီးအကဲ ကျန့်ချန်ကန်းသာမက တခြားတပည့် ၅ ယောက်ပါ ရှိနေလေသည်။ သို့ဖြစ်ရာ ကွမ်းထင်၏ ကိစ္စအား မည်ကဲ့သို့ ဆက်လက်ဖုံးဖိထားဖို့ ဖြစ်နိုင်ပါ့မည်နည်း။
“ဟုတ်ပါတယ် ခန်းမသခင်… ကျွန်တော် တကယ်ပဲ စည်းကမ်းကိုင်တစ်ယောက်အနေနဲ့ ကိုယ့်နေရာကို မေ့ပြီး စည်းကမ်းရေးရာခန်းမရဲ့ စည်းကမ်းတွေကို ချိုးဖောက်မိပါတယ်။ ကျွန်တော့်ရဲ့ အပြုအမူတွေအတွက် ပြစ်ဒဏ်ခံယူဖို့ ဆန္ဒရှိပါတယ်”
ကွမ်းထင် ကြည့်ရသည်မှာ ယခင်က သူမှားယွင်းခဲ့သည်ကို နားလည်သွားပုံပေါ်ကာ တောင်းပန်ရန် မြန်မြန် ဦးညွတ်လိုက်လေ၏။
ကျန့်ချန်ကန်းက အသာ တုံ့ပြန်လိုက်သည်။
“မင်းက တရားစီရင်ခန်းမရဲ့ စည်းကမ်းကိုင် တစ်ယောက်အဖြစ် ဆက်လက်တည်ရှိနေဖို့ မသင့်တော်တော့ဘူး။ မင်းရဲ့ အစောပိုင်း အပြစ်တွေကိုတော့ ခန်းမသခင်ဟော် ကိုယ်တိုင် စီရင်လိမ့်မယ်။ အကြီးအကဲခန်းမဆီအထိ ငါ ဒီကိစ္စကို တင်ပြမနေတော့ဘူး”
ဟော်ရှန့်သည် ကျန့်ချန်ကန်း၏ စကားများကို ကြားသောအခါ သူက တလေးတစား ဦးညွှတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“အကြံပေးတဲ့အတွက် အစ်ကိုကျန့်ကို ကျေးဇူးတင်ပါတယ်ဗျာ။ ကွမ်းထင်… အခုကစပြီး မင်း ပြင်ပတာဝန်တွေ ထမ်းဆောင်ဖို့ စည်းကမ်းရေးရာခန်းမကို သွားရမယ်”
ရာထူးအရ ကျန့်ချန်ကန်းသည် ဟော်ရှန့်လောက် မမြင့်ပေ။ သို့သော် ကျန့်ချန်ကန်း၏ စကားများသည် ဟော်ရှန့်၏ နာမည်ကောင်းကို ထိန်းသိမ်းရန် ကူညီပေးခဲ့သည်။ သို့မဟုတ်ပါက ဤပြဿနာသည် သူအတွက် အမည်းစက်တစ်စက်အဖြစ် ကျန်ရစ်သွားပေလိမ့်မည်။
“အမိန့်နာခံလျက်ပါ…ကျေးဇူးတင်ပါတယ်…ခန်းမသခင်…ကျေးဇူးတင်ပါတယ် အကြီးအကဲကျန့်”
ကွမ်းထင်က လေးစားစွာ အလျင်အမြန် ဦးညွှတ်လိုက်၏။
စိတ်ထဲတွင်ကား သူသည် အလေးမထားပေ။ ပြင်ပတာဝန်များ ထမ်းဆောင်ခြင်းသည် ခန်းမသခင်က သူ့ကိုပေးသော အသက်ကယ်ကြိုး ဖြစ်၏။ သူလုပ်ရမည်မှာ တာဝန်ပြီးမြောက်ရန် ဂိုဏ်းမှ ထွက်သွားရုံသာ ဖြစ်သည်။ သူ ပြန်ရောက်လာသည့်အချိန်တွင် စည်းကမ်းရေးရာခန်းမမှူး ဖြစ်သည့် သူ့ရာထူးအား နောက်တစ်ကြိမ် ပြန်ရမည် ဖြစ်ပေသည်။
ကျန့်ချန်ကန်းက မိုဝူကျိဘက် မျက်နှာမူကာ မေးလိုက်သည်။
“မင်းမှာ တခြားသက်သေတွေများ ရှိသေးလား။ မရှိတော့ဘူးဆိုရင် စုံစမ်းမှုကို ကူညီပေးဖို့ မင်းနဲ့ ခန်းမသခင်ဟော်တို့ စည်းကမ်းရေးရာခန်းမဆီ အတူပြန်ဖို့ လိုလိမ့်မယ်”
ဤစကားကိုကြားလိုက်သည်နှင့် မူရွှမ်းက မိုဝူကျိထံ တိုးတိုးလေး ပြောလိုက်သည်။
“ဂျူနီယာမောင်လေးမို… ရှင် ဘယ်လိုအကြောင်းကြောင့်မှ စည်းကမ်းရေးရာခန်းမဆီ သွားလို့မဖြစ်ဘူး။ ရှင်သွားလိုက်တာနဲ့ သေချာပေါက် ကွပ်မျက်ခန်းမထဲမှာ ခြွင်းချက်မရှိ သေရလိမ့်မယ်”
ဟော်ရှန့်သည် မူရွှမ်း၏ တီးတိုးစကားသံကို ကြားနိုင်နေသေးသည်ဖြစ်ရာ သူမအား အေးစက်စက် စိုက်ကြည့်လိုက်သည်။ ထိုအခါ မူရွှမ်းမှာ ကြောက်လွန်းသဖြင့် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး ခေါင်းငုံ့လိုက်၏။
မူရွှမ်း၏ သတိပေးစကားမှာ မိုဝူကျိအတွက် မလိုအပ်ပေ။ သူက သူတို့နှင့် လုံးဝလိုက်သွားမည် မဟုတ်ပေ။ ဟော်ရှန့်သည် သွေးဆာအရှိန်အဝါဖြင့် ပြည့်နေသည် ဖြစ်ရာ သူ သတ်ဖြတ်ခဲ့သည့်လူ မည်မျှလောက်တောင် ရှိနေကြောင်း မည်သူမျှ မသိနိုင်ပေ။ သူနှင့်အတူ သွားလိုက်ခြင်းဖြင့် မည်သည့် ကောင်းကျိုးမျှ ရှိလာမည် မဟုတ်ပေ။ အကယ်၍ သူက ကွမ်းထင်အား တကယ် ကာကွယ်လိုပါက မိုဝူကျိအနေဖြင့် ထွက်ပြေးလိုက်ရုံသာ ရှိသည်။
သူ၏လက်ရှိထွက်ပြေးနိုင်သော စွမ်းဆောင်ရည်များအရ ဟော်ရှန့်က ကြိုးစားခဲ့လျှင်ပင် သူ့အား ဖမ်းနိုင်လိမ့်မည် မဟုတ်ချေ။
မိုဝူကျိသည် အကြီးအကဲကျန့်ချန်ကန်းက သူ့အား ကူညီပေးနေမှန်း သိလိုက်သည်။ ထို့ကြောင့် သူက ဦးညွှတ်လိုက်ကာ တင်ပြလိုက်သည်။
“ကျုပ်ဆီမှာ သလင်းကျောက် တစ်တုံးရှိသေးတယ်… ဒီမှာ ကျေးဇူးပြု၍ ကြည့်ရှုပေးကြပါ”
ပြောပြီးသည်နှင့် မိုဝူကျိက နောက်ထပ် သလင်းကျောက်တစ်တုံးကို ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက မှင်သက်နေသော ကွမ်းထင်အား ပြောလိုက်သည်။
“စီမံရေးမှူးကွမ်း… ခုနက ခင်ဗျားချေပစ်လိုက်တဲ့ သလင်းကျောက်ကြောင့် ကျုပ်ရဲ့ အဆင့်နိမ့် နတ်ဘုရားသလင်းကျောက် တစ်တုံး ဆုံးရှုံးလိုက်ရတယ်။ ဒီတစ်ခုတော့ မချေပစ်လိုက်ပါနဲ့ဗျာ… ကျုပ်က အရမ်းကို ဆင်းရဲပါတယ်။ အဲ့ဒါကြောင့် ခင်ဗျား နောက်ထပ်သာ ချေမွပစ်နေဦးမယ်ဆိုရင် ကျုပ်တကယ့်ကို မွဲပြာကျသွားပါလိမ့်မယ်။ ဒါနဲ့ ခုနတုန်းက ကျုပ် မှားထုတ်လိုက်မိတာ... ဒီဟာကမှ တကယ့် သလင်းကျောက်အစစ်”
မိုဝူကျိက ပြောနေရင်း စိတ်ထဲ၌ ကျိတ်ရယ်နေသည်။ သူ ရှင်သန်နေထိုင်ခဲ့သည်နေရာမှာ မည်သည့်စကားကိုမဆို သက်သေနှင့် ထောက်ခံစရာ လိုအပ်သော ကမ္ဘာမြေ ဖြစ်သည်။ ကွမ်းကျစ် တစ်ယောက်လောက်ကများ သူ့အပေါ် ညစ်ကွက်သုံးရဲသည်မှာ သေကြောင်းရှာနေခြင်းပင် ဖြစ်သည်။
သလင်းကျောက်အားချေမွပစ်ခြင်း… ဟီးဟီး…
ကွမ်းထင်က သလင်းကျောက်များအား မည်မျှပင် ချေမွပစ်ပါစေ မိုဝူကျိဆီတွင် နောက်ထပ်ရှိသေးသည်။ ရှေ့နေတစ်ယောက်နှင့် အချေအတင် ပြောဆိုနေစဉ် မည်သူကများ သက်သေအစစ်ကို ထုတ်ပြပါမည်နည်း။ မိုဝူကျိတွင် မိတ္တူများ အများကြီး ရှိသေး၏။ ထို့ကြောင့် ကွမ်းထင်က စိတ်ကြိုက်ချေမွပစ်လည်း ကိစ္စမရှိပေ။
မိုဝူကျိက နောက်ထပ် သလင်းကျောက်တစ်တုံး ထပ်ထုတ်လိုက်သည်ကို မြင်သောအခါ ကွမ်းထင်မှာ ဆွံ့အသွားသည်။ သူသည် မိုဝူကျိက သလင်းကျောက်အမှားကို ထုတ်လိုက်မိကြောင်းအား မယုံကြည်ပေ။ သူက သလင်းကျောက် နှစ်ခုစလုံးမှာ မိုဝူကျိလုပ်ထားသော မိတ္တူများ ဖြစ်မည်ဟု သေချာသိသည်။
သူက သဘောထား သိမ်ဖျင်းသူ ဖြစ်ခဲ့ရသည်။ လယ်သမားတစ်ယောက်၏ လှောင်ပြောင်ခြင်းကို ခံလိုက်ရသည်။ ထို့အပြင် ဘာမှပြောင်းလဲသွားခြင်းမရှိဘဲ ခန်းမသခင်၏ အပြစ်ပေးခြင်းကို ခံလိုက်ရသည်။ ထိုအတွေးတို့က ကွမ်းထင်အား သုန်မှုန်သွားစေ၏။ သူ့စိတ်ထဲတွင် သတ်ဖြတ်ငွေ့တို့ ကြီးထွားလာသည်။ မိုးကောင်းကင်ငယ်ရွာမှ မိုဝူကျိ ထွက်သွားရဲသည်နှင့် သူသည် မိုဝူကျိအား ကြိမ်းသေ သတ်ပစ်မည် ဖြစ်သည်။
ကွမ်းထင်၏ မျက်နှာအမူအယာကို မြင်လိုက်သည်နှင့် မိုဝူကျိသည် ကွမ်းထင် စဉ်းစားနေသည့်အရာကို သိလိုက်၏။ သို့သော် သူက မကြောက်ပေ။
မိုဝူကျိအား လိုက်ဖမ်းနေသောသူအားလုံးမှာ နတ်ဘုရားဘုရင်များဖြစ်ရာ အဘယ်ကြောင့် နတ်ဘုရားအုပ်စိုးသူ တစ်ယောက်လောက်အား ကြောက်နေရမည်နည်း။
ဤတစ်ကြိမ်တွင်ကား သလင်းကျောက်အား မည်သူကမျှ မဖျက်ဆီးတော့သဖြင့် လေထုထဲတွင် ဗီဒီယိုသည် ထင်ရှားပြတ်သားစွာ ပြသနေလေ၏။
မြန့်ဟယ်က ကွမ်းကျစ်၏ နေအိမ်ထဲသို့ မိုဝူကျိအား ခေါ်လာသည်။ ကွမ်းကျစ်က သူတို့အား အလေးမထားပေ။ ထို့နောက် ကွမ်းကျစ်က မိုဝူကျိအား လယ်တစ်ကွက်သာ ပေးသည်။ အဆင့်နိမ့် နှင်းစက်စိမ်းဆန်မျိုးစေ့ အစေ့ ၆၀ ကို လဲလှယ်ရန်အတွက် မိုဝူကျိအား အဆင့်မြင့် နတ်ဘုရားကျောက် အတုံး ၆၀ သုံးစေခဲ့သည်။ ထို့နောက် မိုဝူကျိနှင့် ကွမ်းကျစ်တို့၏ စကားအပြန်အလှန် ပြောဆိုမှုများကိုလည်း အမှားအယွင်းမရှိ ရှင်းရှင်းလင်းလင်း ပြသနေလေသည်။
ကွမ်းကျစ်က မိုဝူကျိအား တစ်နှစ်လျှင် နှင်းစက်စိမ်း ဆန် ၂၀ ကာတီသာ တင်သွင်းရန် ပြောခဲ့ကာ ဤလယ်ကွက်ထဲတွင် စိုက်ပျိုးသည့် တခြားမည်သည့်အရာကို မဆို မိုဝူကျိ အပိုင်အဖြစ် ယူခွင့်ပြုခဲ့သည်။ ထို့အပြင် ဤသလင်းကျောက် ပြီးသွားသည့်နောက် မိုဝူကျိက နောက်တစ်တုံး ထပ်ထုတ်လိုက်သည်။ ထိုထဲတွင် မိုဝူကျိက အဆင့်နိမ့် နှင်းစက်စိမ်းဆန် ၂၀ ကာတီကို တင်သွင်းသည့် မှတ်တမ်းအတိအကျနှင့် ကွမ်းကျစ်က ထိုအရာကို ငြင်းဆို၍ မောက်မောက်မာမာဖြင့် မင်းကဘာများလုပ်နိုင်လို့လဲဟု မေးလိုက်သည့် မှတ်တမ်းအတိအကျတို့ ပါရှိသည်။
ဤစကားကပင် ကွမ်းကျစ်အား အကြိမ်ကြိမ် သေမိန့်ချရန် လုံလောက်နေလေပြီ။
မိုဝူကျိက သလင်းကျောက်ကို ထုတ်လိုက်သည့်အချိန်တွင် ယင်းရှုရှု အပါအဝင်အားလုံးမှာ ကျောထဲစိမ့်သွားလေသည်။ ဤမိုဝူကျိသည် ပါရမီ သိပ်မရှိသော်လည်း သူ့လုပ်ဆောင်ပုံ လုပ်ဆောင်နည်းတို့မှာ အထင်ကြီး ချီးကျူးစရာကောင်းလေ၏။ ဒုတိယ သလင်းကျောက်ထဲမှ မှတ်တမ်းတင်ထားသော ပြဿနာကို သူတို့တွေ မြင်တွေ့ခဲ့ကြသော်လည်း မည်သူကမျှ မိုဝူကျိသည် ထိုအရာကို မှတ်တမ်းတင်ထားလိမ့်မည်ဟု မတွေးမိခဲ့ကြပေ။ ထိုစဉ်က သူ အလွန်ပျူငှာနေသည်မှာ မထူးဆန်းချေ။
ယွဲ့လွန်က မိုဝူကျိအား အလိုလို ကြည့်မိလျက်သား ဖြစ်သွား၏။ ဤလူမှာ နှင်းစက်စိမ်း ဆန်စိုက်ပျိုးသောသူ တစ်ယောက်သာ ဖြစ်လင့်ကစား သူက အနည်းငယ် ကြောက်ရွံမိသွားသည်။ သူတို့တွေ မိုဝူကျိအပေါ် အခွင့်ကောင်းယူကာ အဆင့်မြင့် နှင်းစက်စိမ်းဆန် ၅ ကာတီ ယူခဲ့ကြသည့်အဖြစ်ကိုလည်း မိုဝူကျိက မှတ်တမ်းတင်ထားလေမလားဟု သူက တွေးလိုက်မိသည်။
“မဖြစ်နိုင်ဘူး … ဒါ မဖြစ်နိုင်ဘူး…”
ကွမ်းကျစ်သည် သလင်းကျောက်ထဲမှ ပုံရိပ်များကို စိုက်ကြည့်ရင်း သူ့အသံမှာ တုန်ရီလာလေသည်။
မိုဝူကျိသည် အဖြစ်အပျက်များကို မှတ်တမ်းတင်ရန် သလင်းကျောက် မထုတ်လိုက်မှန်း သူသေချာသည်။ သို့ဖြစ်ရာ ဤတစ်ခုမှာ ဘယ်က ရောက်လာလေသနည်း။ အကယ်၍ မိုဝူကျိတွင် စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းရှိကာ ဟိုအရင်ကတည်းက ကြိမ်ဖန်များစွာ သလင်းကျောက်များကိုသုံး၍ မှတ်တမ်းများ တိတ်တဆိတ် ပြုလုပ်ဖူးသည်ကိုသာ ကွမ်းကျစ် သိခဲ့ပါက ထိုမျှလောက် အံ့သြတော့မည်မဟုတ်ချေ။
သလင်းကျောက်ထဲရှိ အကြောင်းအရာများကို စစ်ဆေးပြီးသည့်နောက် ကျန့်ချန်ကန်းက အသာ မှတ်ချက်ချလိုက်သည်။
“သလင်းကျောက်ထဲက အကြောင်းအရာတွေက အစစ်အမှန်တွေပဲ … လျို့ဝှက်ပညာရပ်နဲ့လုပ်ထားတဲ့ အတုအယောင်တွေ မဟုတ်ဘူး”
ဟော်ရှန့်သည် မှတ်တမ်းများမှာ အစစ်အမှန်တွေ ဖြစ်ကြောင်း အဘယ်ကြောင့် မသိဘဲ နေမည်နည်း။ ထို့ကြောင့် သူ့မျက်နှာကြီးမှာ ချက်ချင်း မည်းမှောင်သွားလေ၏။ အကယ်၍ အခြားတစ်ယောက်ယောက်သာ ဖြစ်ပါက ဤစည်းကမ်းရေးရာခန်းမသခင်သည် ထိုသူ့အား အစိတ်စိတ်ကွဲအောင် ချေမှုန်းပစ်လိုက်မည် ဖြစ်သည်။ သို့သော် ကွမ်းကျစ်ကို သူ သတ်လိုက်ပြီးသည့်နောက် ကွမ်းထင်မှာ သူ့အတွက် စိတ်ပါလက်ပါ ဆက်လက် အလုပ်လုပ်ပေးတော့မည် မဟုတ်ပေ။
သိသာလှစွာပင် ဟော်ရှန့် တွေ့ကြုံနေသော ဒွိဟကို ကျန့်ချန်ကန်းက မြင်နိုင်သည်ဖြစ်ရာ သူက မိုဝူကျိအား မေးလိုက်သည်။
“မိုဝူကျိ… မင်းက အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးနိုင်မှတော့ ဂိုဏ်းထဲမှာ နေရာတစ်နေရာ ရလိမ့်မယ်။ ကွမ်းကျစ်က ဂိုဏ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး အထက်လူကြီးတွေကို လိမ်လည်တယ်။ လက်အောက်ငယ်သားတွေအပေါ် အနိုင်ကျင့်ဖိနှိပ်ပြီး အဖြူနဲ့အမည်းကို ပြောင်းပြန်လှန်တယ်။ ဒါကြောင့် စည်းကမ်းရေးရာခန်းမရဲ့ အပြစ်ပေးခြင်းကို ခံယူသင့်တယ်။ မင်းကော ဘယ်လိုထင်လဲ”
ကျန့်ချန်ကန်း၏ ရည်ရွယ်ချက်အား မိုဝူကျိက အဘယ်ကြောင့် နားမလည်ဘဲနေပါ့မည်နည်း။ ကျန့်ချန်ကန်းသည် သူ့အား ကွမ်းကျစ်ကို လွှတ်ပေးဖို့ အခွင့်အရေး ပေးနေခြင်း ဖြစ်သည်။ ဟော်ရှန့်အား သူတောင်းဆိုလိုက်ပါက ဟော်ရှန့်သည် မိုဝူကျိအပေါ် အကြွေးတင်သွားမည် ဖြစ်သည်။
စိတ်ထဲ၌ အေးစက်စွာ ရယ်မောလိုက်၏။ မိုဝူကျိသည်ကား ရန်ငြိုးကို မေတ္တာနှင့် တုန့်ပြန်တတ်သည့်လူစားမျိုး မဟုတ်ပေ။ ကွမ်းကျစ်က သူ့အား သေမိန့်ကျစေရန် ကြိုးစားခဲ့လေရာ ကွမ်းကျစ် မသေသေးသရွေ့ သူလည်း နေလို့ကောင်းမည် မဟုတ်ပေ။
သို့သော် မိုဝူကျိသည် ကွမ်းကျစ်အား သတ်ရန် ဟော်ရှန့်ကို အသုံးချမည့် စိတ်လိုက်မာန်ပါလုပ်တတ်သူ တစ်ယောက် မဟုတ်ချေ။ အကယ်၍ သူသာ ကွမ်းကျစ်ကို သတ်မည်ဆိုပါက လူ့ကျင့်ဝတ် အကြောင်းပြချက်ကောင်းကောင်းဖြင့် ဟော်ရှန့်အား ကွမ်းကျစ်ကိုသတ်ရန် ဖိအားပေးမည့်အစား သူ့လက်ဖြင့် သူကိုယ်တိုင်သတ်မည် ဖြစ်သည်။
“အကြီးအကဲကျန့်… ခန်းမသခင်ဟော်… စီမံရေးမှူးကွမ်းမှာ စီမံခန့်ခွဲစရာ လယ်ကွက်တွေ အများကြီးရှိနေတော့ သူ နည်းနည်းလေး စိတ်ကသိကအောက် ဖြစ်သွားတာနေမှာပါ။ ဒီတာဝန်ကိုယူရတဲ့ ဘယ်သူမဆို ဒီလိုအမှားမျိုး လုပ်မိကြမယ်လို့ ကျုပ်ယုံကြည်တယ်။ အဲ့ဒါကြောင့် ကျုပ်တို့ သူ့ကို အမှားပြင်ခွင့်လေး ပေးလိုက်ကြရအောင်ပါလား”
မိုဝူကျိက အပြုံးကြီး ပြုံးကာ ပြောလိုက်သည်။
ကွမ်းကျစ်ပင်လျှင် မိုဝူကျိကို ကြည့်ရင်း အံ့အားသင့်ကာ တုန်ရီခြင်း ရပ်သွားလေ၏။ ဤတစ်ကြိမ်တွင် မိုဝူကျိက သူ့အား ချမ်းသာပေးလိမ့်မည်ဟု သူပင် မယုံကြည်ပေ။
အမှန်အားဖြင့် ကိစ္စများမှာ ဤအဆင့်ထိ ရောက်နေပြီဖြစ်လေရာ မိုဝူကျိကသာ ထုံးစံအတိုင်း စည်းကမ်းရေးရာခန်းမအား တောင်းဆိုလိုက်ပါက ကွမ်းကျစ်မှာ သေလိမ့်မည် ဖြစ်သည်။
ဤသည်ကို ကြားပြီးနောက် ဟော်ရှန့်က သက်ပြင်းမောကြီးကို ချလိုက်ကာ သူ့မျက်နှာထားမှာလည်း တဖြည်းဖြည်း လျော့လာသည်။ သူက မိုဝူကျိအား ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ကွမ်းကျစ်ကို ပြောလိုက်သည်။
“မင်းက မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်တယ်။ ဒီ့အတွက်ကြောင့် မင်းရဲ့စီမံရေးမှူးရာထူးအတွက် တစ်လတာ အစမ်း စောင့်ကြည့်ခံရမယ်။ ဒီတစ်လအတွင်း တူညီတဲ့ အပြစ်မျိုး နောက်ထပ်ကျူးလွန်ဦးမယ်ဆိုရင်တော့ မင်းကို ချမ်းသာပေးတော့မှာ မဟုတ်ဘူး”
“အမိန့်နာခံလျက်ပါ… ကျွန်တော့်ကို အခွင့်အရေးပေးတဲ့အတွက် ခန်းမသခင်ကို ကွမ်းကျစ် ကျေးဇူးတင်ပါတယ်။ ပြီးတော့ မိုးကောင်းကင်ငယ်ဂိုဏ်းအတွက် မိုးကောင်းကင်ငယ်ရွာကို ကျွန်တော် သေချာ စီမံအုပ်ချုပ်ပါ့မယ်”
သူက ဟော်ရှန့်အား ကျေးဇူးတင်ရန် မြေကြီးပေါ်သို့ မြန်မြန် ဒူးထောက်လိုက်သည်။ မိုဝူကျိက အဘယ်ကြောင့် သူ့ကို အခွင့်အရေးပေးကြောင်း ကွမ်းကျစ် မသိပေ။
မိုဝူကျိ၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ ပေါ်မလာချေ။ ဤသည်မှာ သူမှန်းထားသည့် ရလဒ် ဖြစ်၏။ ဤကဲ့သို့ အမှားမျိုး ပြုလုပ်ပြီးသည့်နောက်တွင် ကွမ်းကျစ်သည် စီမံရေးမှူးအဖြစ် ခံဝန်ချုပ်ဖြင့် ဆက်လက် ရပ်တည်နေနိုင်သေးသည်။ ကြည့်ရသည်မှာ ကွမ်းကျစ်၏ ဦးလေးဖြစ်သူသည် ဟော်ရှန့်မျက်လုံးထဲတွင် အတော် အရေးပါသူ ဖြစ်ရမည်။
မိုဝူကျိက ကွမ်းကျစ်အား လွှတ်ပေးလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ ကွမ်းထင်ကလည်း အလွန်အံ့သြမိသည်။ သို့သော် သူက ဘာမှမပြောချေ။ ဤသည်က မိုဝူကျိအား လုပ်ကြံမည့်ကိစ္စကို အနည်းငယ်သာ နောက်ဆုတ်သွားစေ၏။ မိုဝူကျိအား သတ်မှဖြစ်မည်။ သို့သော် ယခုတော့ မဟုတ်သေးပေ။
“မိုဝူကျိ… သဘောထားကြီးပေးလို့ ကျေးဇူးပါကွာ။ ငါ့ရဲ့လုပ်ရပ်ကို ငါပြန်ဆင်ခြင်ပါ့မယ်”
ကွမ်းကျစ်က မိုဝူကျိအား ကျေးဇူးတင်ရန် သူဘက်က စပြီး မိုဝူကျိရှေ့ သွားလိုက်သည်။
တစ်ချက်ရယ်လိုက်ကာ မိုဝူကျိက တုန့်ပြန်လိုက်သည်။
“စီမံရေးမှူးကွမ်း… နောင်ကျရင်လည်း ကျုပ်ကို ဂရုစိုက်ပေးပါဦးဗျာ။ အော် ဒါနဲ့… ဒီမှာ အဆင့်မြင့် နှင်းစက်စိမ်းဆန် ၂၀ ကာတီ… ကျုပ် ခင်ဗျားဆီ တင်သွင်းလိုက်ပြီနော်”
ပြောပြီးသည်နှင့် မိုဝူကျိက ကွမ်းကျစ်ဆီ အိတ်တစ်အိတ် ပေးလိုက်သည်။
ဤလုပ်ရပ်က ကွမ်းကျစ်အား မှင်သက်သွားစေ၏။ အနိုင်ရရှိပြီးသည့်နောက်တွင် အဘယ်ကြောင့်များ မိုဝူကျိက သူ့အား နှင်းစက်စိမ်းဆန် ၂၀ ကာတီ ပေးနေသေးသည်ကို သူ နားမလည်နိုင်တော့ပေ။
“အစက အဆင့်နိမ့် နှင်းစက်စိမ်းဆန် ၂၀ ကာတီ တင်သွင်းဖို့ ကျုပ်တို့ သဘောတူညီချက်ထားခဲ့ပေမဲ့ သေချာပြန်စဉ်းစားကြည့်လိုက်တော့ ကျုပ်က ဒီမှာ ဂိုဏ်းအတွက် နှင်းစက်စိမ်းဆန် စိုက်ဖို့ ရောက်နေတာပဲဆိုတာ သဘောပေါက်သွားတယ်။ ဒီတော့ အကောင်းဆုံးဆန်ကို တင်သွင်းသင့်တာ ပုံမှန်ပါပဲ။ ခင်ဗျားဆီကို တင်သွင်းတာက ခင်ဗျားရဲ့စောင့်ရှောက်မှုအောက်ကို ယာယီအပ်ထားတဲ့ သဘောပဲဟာ”
မိုဝူကျိက လက်ခါလိုက်ရင်း ပြောလိုက်ပြီးသည့်နောက်မှ ရှင်းသွားတော့သည်။
မိုဝူကျိက သူ့ဘာသာသူ တွေးလိုက်သည်။
“ဒါပေါ့… ဒါက ယာယီသက်သက်ပဲ။ ဒီညမှ မင်းကိုမသတ်သေးဘဲ နှင်းစက်စိမ်းဆန်ကိုမယူဘူးဆိုရင် ငါ အသက်ရှင်ခဲ့တာတွေ အလကား ဖြစ်သွားမှာပေါ့”
***