လေထန်သော လမိုက်ညတစ်ည
Vol. 69 Ch. 956
“ကောင်းတယ်…ကောင်းတယ်”
ကျန့်ချန်ကန်းသည် မိုဝူကျိ အလွန်ရင့်ကျက်ပုံအား ကြားသောအခါ သူက ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်၏။ သူ၏ မိုဝူကျိအပေါ် နဂိုထင်မြင်ချက်အရ သူက မိုဝူကျိအား နောက်ဆုတ်ပေးလိုက်ဖို့ တောင်းဆိုလျှင်တောင် မိုဝူကျိက လုပ်လိမ့်မည်မဟုတ်ပေ။ စောစောတုန်းကကဲ့သို့ သူ ပြောလိုက်ရသည့် အကြောင်းရင်းမှာ စည်းကမ်းရေးရာခန်းမ၏ ခန်းမသခင်ဟော်ရှန့်နှင့် အကြီးအကျယ် အငြင်းပွားမှုကြီး မဖြစ်စေလို၍ ဖြစ်သည်။
ကိစ္စများသည် အထင်နှင့်မတူ တစ်မျိုးပြောင်းသွားကာ မိုဝူကျိက အရှုံးပေးလိုက်မည်ဟု မည်သူကများ သိမည်နည်း။ အရှုံးပေးလိုက်ရုံတင် မကပေ။ သူက ဤကဲ့သို့ လိုက်လျောမှု အကြီးကြီး ပေးလိုက်သေးသည်။
ကောင်းတယ်ဟူ၍ အကြိမ်ရေအနည်းငယ် ထပ်တလဲလဲပြောပြီးသည့်နောက် ကျန့်ချန်ကန်းက မေးလိုက်သည်။
“မိုဝူကျိ… မင်းက နှင်းစက်စိမ်း ဆန်စိုက်တဲ့နေရာမှာ အရမ်းထူးချွန်တာပဲ။ မင်းမှာ တောင်းဆိုချင်တာများ ရှိရင် ပြောပြလို့ရတယ်”
တုံ့ပြန်သည့်အနေဖြင့် မိုဝူကျိက တလေးတစား ဦးညွှတ်လိုက်ရင်း
“ကျေးဇူးတင်ပါတယ် အကြီးအကဲကျန့်… ကျုပ် နှင်းစက်စိမ်းဆန်ကို စိုက်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တဖြည်းဖြည်းချင်း စမ်းသပ်လေ့လာရင်းကနေမှ ဒီလိုအတွေ့အကြုံအဆင့်ကို ရလာတာပါဗျာ။ ကျုပ်ရဲ့ နှင်းစက်စိမ်းဆန်ကို ကာကွယ်ဖို့ အကြီးအကဲက အစီအရင်လေး ခင်းကျင်းပေးနိုင်ဖို့ပဲ ကျုပ် မျှော်လင့်ပါတယ်”
ကျန့်ချန်ကန်းက တစ်ချက်ရယ်လိုက်ကာ
“လုပ်ပေးရမှာပေါ့ဗျာ။ တကယ်တော့ မင်းရဲ့ အဆင့် ၁ ကာကွယ်ရေးအစီအရင်က တော်တော် အဆင်ပြေနေပြီးသားရယ်။ စိတ်မပူနဲ့… ကျုပ် မင်းကို ကာကွယ်ရေးအစီအရင် ကူညီ ခင်းကျင်းပေးမယ်။ တခြားကော ဘာပြောချင်တာ ရှိသေးလဲ။ ဂိုဏ်းချုပ်က ပြန်မလာသေးလို့ရယ်။ သူပြန်လာတာနဲ့ မင်းရဲ့အရည်အချင်းနဲ့သာဆိုရင် ကျုပ်တို့ မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲတစ်ယောက် ဖြစ်လာဖို့ဆိုတာ ခက်ခဲမှာ မဟုတ်ဘူး”
တစ်ချိန်တည်းမှာပင် ဟော်ရှန့်က ရယ်လိုက်ကာ
“မိုဝူကျိ… မင်း ဒီအတွက် တောင်းဆိုလိုက်တဲ့လူ မှန်သွားပြီ။ အကြီးအကဲကျန့်က ကျုပ်တို့ဂိုဏ်းရဲ့ နတ်ဘုရား အစီအရင်ဆရာပဲ။ သူက အဆင့် ၄ နတ်ဘုရားအစီအရင်တွေတောင် ခင်းကျင်းပေးနိုင်တယ်”
ဟော်ရှန့်အတွက် မိုဝူကျိက သူနှင့် သူ့အကောင်းဆုံး အကူ ကွမ်းထင်တို့၏ ကြားမှ အက်ကြောင်းအား ကြီးမလာအောင် လုပ်ပေးခဲ့လေရာ သူက အတော် ကျေနပ်နေမိသည်။ မနှစ်မြို့စရာကိစ္စ တော်တော်များများအား နောက်ကွယ်မှ ဖြေရှင်းပေးရန် ကွမ်းထင်၏ အကူအညီကို လိုအပ်သည်။ သို့ဖြစ်ရာ ဤလက်ထောက်အကူ၏ အရေးပါမှုမှာ အလုပ်တွင်သာ မဟုတ်ချေ။
ဤစကားကို ကြားလိုက်သည်နှင့် မိုဝူကျိက အံ့သြသွားဟန်ဖြင့် နောက်တစ်ကြိမ် ထပ်မံ၍ ကျေးဇူးစကား ဆိုလိုက်ပြန်သည်။ အဆင့် ၄ ကာကွယ်ရေးအစီအရင်အား သူ့ဘာသာသူ ခင်းကျင်းနိုင်သော်လည်း သူ၏အစီအရင်တာအို ပေါ်သွားမည်စိုးသဖြင့် သူက ထိုသို့ မလုပ်ချေ။ ကျန့်ချန်ကန်းက ကာကွယ်ရေးအစီအရင် ကူညီခင်းကျင်းပေးပြီးသည်နှင့် သူက ပြန်လုပ်လိုက်ရုံသာ ဖြစ်သည်။
ကျန့်ချန်ကန်းက ခေါင်းငြိမ့်ကာ ဆက်ပြောလိုက်သည်။
“မိုဝူကျိ… အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို မင်း ထုတ်လုပ်နိုင်တယ်ဆိုတဲ့ ဒီကိစ္စက အရမ်းအရေးကြီးတယ်။ ဂိုဏ်းရဲ့တရားဝင်အမိန့် မပါရင် မင်း မိုးကောင်းကင်ငယ်ရွာကနေ မထွက်တာ ကောင်းမယ်”
“ဟုတ်ကဲ့ပါ… တပည့် သိပါပြီ”
ကွမ်းထင်ကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူအား အပြစ်လုပ်မိကာ ကွမ်းကျစ်ကို သတ်ရန် ကြံစည်ပြီးသည့်နောက် မိုးကောင်းကင်ငယ်ရွာမှ အဘယ်ကြောင့် သူထင်သလို ထွက်သွားရဲပါ့မည်နည်း။
ကျန့်ချန်ကန်း၏ အကြည့်တို့က ကျန်ရှိနေသေးသော တပည့်အချို့ဆီ ရောက်သွားကာ သူက ခပ်ထန်ထန် ညွှန်ကြားလိုက်သည်။
“ဒီနေ့ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ဘယ်သူမှ ပြောခွင့် မရှိဘူး”
တပည့် ၅ ယောက်စလုံးက မိုဝူကျိအကြောင်း မည်သည့်သတင်းမျှ မပေါက်ကြားစေရန် သစ္စာပြု ကျိန်ဆိုလိုက်ကြပြီးနောက် ထွက်သွားကြလေသည်။
ထိုတပည့်များ အဝေးရောက်သွားသည်နှင့် ကျန့်ချန်ကန်းက မိုဝူကျိအား ပြောလိုက်သည်။
“ကျုပ် မင်းကို ကာကွယ်ရေးအစီအရင်အပြင် သေမင်းထောက်ချောက်အစီအရင်ကိုပါ နှင်းစက်စိမ်း ဆန်ပေါ် ခင်းကျင်းပေးမယ်။ ဒါက ကျုပ်ရဲ့အတိုး သက်သက်ပဲ”
သက်ပြင်းချလိုက်ရင်း သူက ဆက်ပြောလိုက်သည်။
“မင်း အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်တာ မထူးဆန်းပါဘူး။ အားလုံးက နှလုံးသားမှာပဲ အရင်းခံတယ်။ မင်းရဲ့နှလုံးသားက ဒါတွေအားလုံးရဲ့ အထက်မှာရှိနေတယ်။ ဒီလိုဆိုမှတော့ မင်းကို တတ်နိုင်သမျှ အာဏာများများ လွှဲပေးဖို့ ကျုပ် ဂိုဏ်းကို တောင်းဆိုပေးမယ်”
တုံ့ပြန်သည့်အနေဖြင့် မိုဝူကျိက သူ့ကျေးဇူးစကားကိုသာ ပေးနိုင်လိုက်၏။
ကျန့်ချန်ကန်းက ကာကွယ်ရေးအစီအရင်နှင့် သေမင်းထောင်ချောက် အစီအရင်တို့ကို ခင်းကျင်းနေချိန်တွင် ဟော်ရှန့်က တစ်ဖက်တွင် စောင့်နေလိုက်၏။ တခြားတစ်ဖက်တွင်လည်း ကွမ်းထင်သည် ဆက်လက် ကျန်ရှိနေလောက်ရအောင် မျက်နှာမပြောင်သဖြင့် ကွမ်းကျစ်ကို ခေါ်ကာ ထွက်သွားလိုက်သည်။
……………
“ဦးလေး… ဒီလူ တကယ်ကြီး မှတ်တမ်းတင်ထားတဲ့အထိ အကြံကြီးလိမ့်မယ်လို့ ကျွန်တော် လုံး၀ မထင်ထားဘူး”
မိုဝူကျိ၏ ပိုင်နက်မှ ထွက်လာသည်နှင့် ကွမ်းကျစ်က အံကျိတ်ရင်း ပြောလိုက်သည်။
ကွမ်းထင်၏မျက်နှာမှာ အလွန်ကြည့်ရဆိုးနေကာ သူက ကွမ်းကျစ်အား စူးစူးရှရှ စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မိုဝူကျိက သေကိုသေရမယ်… ဒါပေမဲ့ ခုလောလောဆယ်တော့ သူကို သွားမထိနဲ့ဦး။ သူူ မိုးကောင်းကင်ငယ်ရွာက ထွက်မယ့်အချိန် အခွင့်ကောင်းကို စောင့်ပြီး တစ်ခါတည်း ရှင်းပစ်ရမယ်။ ဒီကောင် ရွာထဲမှာပဲ တစ်သက်လုံး နေသွားမယ်လို့ ငါ မထင်ဘူး”
“ဦးလေး… ကျွန်တော် သိပါပြီ။ ဒီကောင် ကြောက်သွားလို့ အဆင့်မြင့် နှင်းစက်စိမ်းဆန် ၂၀ ကာတီ လာတင်သွင်းတာ ဖြစ်မယ်။ ကျွန်တော် ဆန်တွေကို ဦးလေးဆီ အရင်ပေးထားမယ်”
ကွမ်းကျစ်က ပြောနေရင်း ဆန်အိတ်ကို ထုတ်လိုက်သည်။
ကွမ်းကျစ်၏ ခေါင်းပေါ် ရိုက်ချက်တစ်ချက် ကျရောက်သွားသည်။
“မင်းက ဝက်လား… အားလုံးက ဒီနေ့ မိုဝူကျိ နှင်းစက်စိမ်းဆန် တင်သွင်းလိုက်တာကို သိကြတယ်။ မင်းက ငါ့ကိုပေးမယ် ဟုတ်လား။ ဒါက ဂိုဏ်းဆီ တင်သွင်းရမဲ့ဟာတွေ။ မိုဝူကျိက ကြောက်နေမှတော့ မင်း သူ့ဆီကနေ ဆန်တွေထပ်ရနိုင်မယ့် အချိန်ကောင်းကို ရှာလို့ ရတယ်။ မှတ်ထား… ဒီကောင်ဆီမှာ မင်းအပေါ် သုံးလို့ရမယ့် ဘယ်အရာမှ မရှိစေနဲ့။ သူက မြင်ရသလောက် မရိုးရှင်းဘူးဆိုတာ သေချာတယ်။ ဒီနေ့ မင်းအပေါ်အဆုံးထိ မလုပ်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က သူ မလုပ်ရဲလို့ပဲ… ဘာသဘောကြီးလို့မှ မဟုတ်ဘူး”
“ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ”
ကွမ်းကျစ်က မြန်မြန် တုံ့ပြန်လိုက်သည်။
“ဦးလေး… ဦးလေးကို ကျွန်တော် ပြောပြစရာ တစ်ခုရှိသေးတယ်”
မိုဝူကျိ၏ ရွှေရောင်နှင်းစက်စိမ်းဆန်တို့ဖြင့် ပြည့်နေသော လယ်ကွက်ကို စဉ်းစားမိချိန်တွင် သူ့စိတ်ထဲ၌ သံသယများ တိုးလာသည်။ ထိုလယ်ကွက်ထဲတွင် အနည်းဆုံး နှင်းစက်စိမ်းဆန် ၁၀၀ ကာတီ ရှိမည်ဟု သူက သံသယဝင်မိသည်။
ဤကိစ္စအား ယင်းရှုရှုနှင့်အပေါင်းအပါတို့က လုံးဝမသိကြလောက်သေးချေ။ သူတို့က မိုဝူကျိ၏ လယ်ကွက်တွင် ဆန်အတော်အသင့် ထွက်သည်ကိုသာ သိကြသည်။ မည်မျှလောက်ထိ ထွက်ကြောင်းကား ဤရွာ၏ စီမံရေးမှူးလောက် သေချာပေါက် ရှင်းရှင်းလင်းလင်း သိမည်မဟုတ်ပေ။
“ဘာကိုလဲ”
ကွမ်းထင်က သိချင်စွာ မေးလိုက်သည်။
တစ်ခဏတာမျှ တွေဝေနေပြီးနောက် ကွမ်းကျစ်က ပြောလိုက်သည်။
“မိုဝူကျိရဲ့ လယ်ကွက်ကနေ ဆန်ဘယ်လောက်ထွက်လဲဆိုတဲ့ အကြောင်းပါ။ ကျွန်တော်တောင် ကိုယ့်အထင်ကိုယ် သံသယဝင်နေမိတယ်။ မနက်ဖြန် ဘကြီးကူး ပြန်လာတော့မှ သူ့ကို မေးပြီး သေချာအောင် လုပ်ရမယ်”
အမှန်ပင်… နှင်းစက်စိမ်းဆန် ၁၀၀ ကာတီကျော် ထွက်နိုင်သည့်လယ်ကွက်… ထို့အပြင် အဆင့်မြင့်ဆန်များလည်း ဖြစ်နေသေးသည်။ ဤသည်မှာ ယုံနိုင်ဖွယ်မရှိပေ။ ထို့ကြောင့်လည်း ကွမ်းကျစ်က တွေဝေနေခြင်း ဖြစ်သည်။
ဤစကားက ကွမ်းထင်ဆီမှ မည်သည့် တုံ့ပြန်မှုကိုမျှ မရရှိပေ။ သူက ခေါင်းကိုသာ ငြိမ့်လိုက်ပြီး
“ကောင်းပြီလေ… ပြီးသွားရင် ငါ့ဆီ သတင်းပို့လိုက်ပေါ့”
သူ့ရှုထောင့်မှ ကြည့်ပါက မိုဝူကျိက မည်မျှပင် အထင်ကြီးစရာကောင်းနေပါစေ လယ်တစ်ကွက်ထွက်နိုင်သည့် အများဆုံးကာတီမှာ နှင်းစက်စိမ်းဆန် ၆၀ ကာတီသာ ရှိသည်။ အကယ်၍ ကွမ်းကျစ် ပြောမည့်ကိစ္စမှာ မိုဝူကျိ၏ လယ်ကွက်က ကာတီ ၁၀၀ ကျော်လောက် ထွက်နိုင်ကြောင်းမှန်းသာ သူသိခဲ့ပါက ကွမ်းကျစ်အား ဘကြီးကူးကို ချက်ချင်း သွားရှာခိုင်းမည်ဖြစ်သည်။
……………
တစ်ချိန်တည်းမှာပင် မိုးကောင်းကင်ငယ်ရွာမှ ထွက်လာသော တပည့် ၅ ယောက်မှာလည်း ပျော်ရွှင်မှုတို့ အပြည့် ဖြစ်နေသည်။ ဤခရီးအတွင်း အဆင့်မြင့် နှင်းစက်စိမ်းဆန် ၅ ကာတီ ရလိုက်၏။ ဤသည်မှာ မိုးပေါ်မှ ဘီစကစ်များ အလကား ကျလာခြင်းသာ ဖြစ်သည်။
“စီနီယာအစ်မ… စီနီယာအစ်ကိုမိုက ကွမ်းကျစ်ကို ချမ်းသာပေးလိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး”
အငယ်ဆုံးဂျူနီယာညီမဖြစ်သူ ကျန့်ကျီက ပြောလိုက်သည်။
သူမစိတ်ထဲတွင် မိုဝူကျိမှာ အလွန် ကိုယ်ကျင့်တရားကောင်းသူ ဖြစ်သည်။ အပေးအယူလုပ်ကာ အလွယ်တကူ အလျှော့ပေးတတ်သည့် လူစားမျိုး မဟုတ်ပေ။ သို့သော် သူ နိုင်နေသည့်အချိန်တွင် အလျှော့ပေးလိမ့်မည်ဟု မည်သူကများ သိမည်နည်း။
ယင်းရှုရှုက အသာ မှတ်ချက်ပေးလိုက်သည်။
“သူ ဉာဏ်ကောင်းသွားတာ။ တကယ်လို့ သူသာ အလျှော့မပေးဘူးဆိုရင်ကော သူက ဘာများလုပ်နိုင်မှာမို့လဲ။ ကွမ်းကျစ်ကို ပြဿနာရှာပြီးတဲ့နောက် သူ မိုးကောင်းကင်ငယ်ရွာမှာ ဆက်နေလို့ ရပါ့မလား”
မိုဝူကျိသည် အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို ထုတ်နိုင်ကာ သူတို့ကိုလည်း အကျိုးအမြတ်ရရှိစေခဲ့၍ နဂိုက ယင်းရှုရှုသည် မိုဝူကျိအပေါ် အကောင်းမြင်နေခဲ့သည်။ သို့သော် သူ့ကို မိန်ချင်းချင်းက မိတ်ဆက်ပေးခဲ့ကြောင်း ကြားလိုက်ချိန်တွင် ထိုအကောင်းမြင်စိတ်မှာ လုံး၀ ပျောက်ကွယ်သွားလေ၏။
ယွဲ့လွင်က ယင်းရှုရှု ဘာတွေးနေမှန်း သိပုံပေါ်သည်။ သူက အပြုံးလေးဖြင့် ပြောလိုက်သည်။
“အဲ့ဒါ ပုံမှန်ပါပဲ။ မိုဝူကျိက တောင်သခင်မိန်နဲ့ သိကျွမ်းခင်မင်မှတော့ သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေလည်း တူနေမှာပေါ့”
ယခင်က မိုဝူကျိ သလင်းကျောက် ထုတ်လိုက်သည်ကို မြင်လိုက်စဉ်တွင် သူသည် မိုဝူကျိအား နည်းနည်း ကြောက်မိသည်။ သို့သော် ယခုတွင်ကား ထိုအရာမှာ အလွန် ရယ်စရာကောင်းသည်ဟု သူခံစားလိုက်ရ၏။ မိုဝူကျိသည် လယ်သမားတစ်ယောက်သာ ဖြစ်လေရာ သူ့ရာထူး သူ့အဆင့်အတန်းအရ မည်သည်ကိုများ ကြောက်နေရမည်နည်း။
…………..
“မိုဝူကျိ… မင်း ဒီကာကွယ်ရေးအစီအရင်နဲ့ သေမင်းထောင်ချောက်အစီအရင်ကို သဘောကျမှာပါ”
ကျန့်ချန်ကန်းက မိုဝူကျိဆီ မဟာအစီအရင်အလံတစ်ခု ပေးလိုက်ရင်း ရယ်မောလိုက်သည်။
“ဒီသေမင်းထောင်ချောက်မှာ အသံပေးစနစ် ပါတယ်။ တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်လိုက်တာနဲ့ အသံပေးစနစ်ကို ချက်ချင်း ခလုတ်နှိပ်မိသွားလိမ့်မယ်”
“ကျေးဇူးအများကြီးတင်ပါတယ်… အကြီးအကဲကျန့်။ ဒီသေမင်းထောင်ချောက်ကို ကျုပ် နားမလည်နိုင်ပေမဲ့ ဒီဟာက ကျုပ်အရင် ခင်းကျင်းထားတဲ့အစီအရင်ထက် အဆတစ်သောင်းကျော် ပိုပြီးစွမ်းတယ်ဆိုတာ ကျုပ် ခံစားမိပါတယ်”
မိုဝူကျိက အလျင်အမြန် လေးလေးစားစား ဦးညွှတ်ကာ ကျန့်ချန်ကန်းအား ကျေးဇူးတင်လိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် ဤသေမင်းထောင်ချောက်အစီအရင်ကို သူ့အပိုင်ထက် ပိုကောင်းသည်ဟု မတွေးမိပေ။
ထိုသို့ပြောပြီးနောက် သူက အိတ်တစ်အိတ်ထုတ်လိုက်ကာ အကြီးအကဲကျန့်ဆီ ပေးလိုက်သည်။
“အကြီးအကဲကျန့်… ဒါက ကျုပ် စိုက်ပျိုးထားတဲ့ အဆင့်မြင့် နှင်းစက်စိမ်းဆန်ပါ။ ဂိုဏ်းက တောင်းသလောက် တင်သွင်းပြီးတဲ့နောက် သိပ်မကျန်တော့လို့ ကျုပ် ပေးနိုင်တာ ဒါအကုန်ပါပဲ။ ကျေးဇူးပြု၍ ယူပါဗျာ”
“ကောင်းပါပြီ… အဲ့ဒါဆို ကျုပ် ယူလိုက်ပါ့မယ်”
မိုဝူကျိအား အစီအရင်ကူညီခင်းကျင်းပေးနေစဉ် မိုဝူကျိဆီမှ အဆင့်မြင့် နှင်းစက်စိမ်းဆန် တောင်းဖို့ အတွေးက အဘယ်ကြောင့် အကြီးအကဲကျန့် စိတ်ထဲပေါ်မလာဘဲ နေပါ့မည်နည်း။
မိုဝူကျိတွင် လယ်တစ်ကွက်ပဲ ရှိလေ၏။ ၂၀ ကာတီ တင်သွင်းလိုက်ပြီး တချို့ကို တပည့်တချို့ဆီ ရောင်းလိုက်ပြီးသည့်နောက်တွင် ယခု သူ့ကို နောက်ထပ် ဆန် ၆ ကာတီ ၇ ကာတီလောက် ပေးသေးလေ၏။ ထို့ကြောင့် သူက အလွန်ပင် ကျေနပ်နေမိသည်။
မိုဝူကျိ၏လယ်ကွက်မှ နှင်းစက်စိမ်းဆန် ၁၀၀ ကာတီကျော် ထွက်ကြောင်းနှင့်ပတ်သက်၍ သူ မမြင်မိပေ။ ထိုကိစ္စအကြောင်း ရှင်းရှင်းလင်းလင်းလည်း မသိပေ။ ထို့ထက် သူက မယုံကြည်ပေ။
ဟော်ရှန့်၏ မနာလိုမျက်လုံးများရှေ့တွင် ကျန့်ချန်ကန်းက နှင်းစက်စိမ်းဆန်ကို သိမ်းလိုက်ပြီး မိုဝူကျိအား ကျောက်စိမ်းတံဆိပ်ပြား တစ်ခု ပေးလိုက်သည်။
“ဒါက ကျုပ်ရဲ့ တံဆိပ်ပြား။ နောက်တစ်ခါ ဂိုဏ်းထဲမှာ မင်းလိုအပ်တာရှိလာခဲ့ရင် ဒါကို အသုံးပြုနိုင်တယ်။ မင်းရဲ့လယ်ကွက်နဲ့ပတ်သက်ပြီး ပြောင်းချင်တာတွေ အရွယ်အစား ကြီးချင်တာတွေ ရှိလာခဲ့ရင် ဒီတံဆိပ်ပြားကိုယူပြီး ကွမ်းကျစ်ကို ရှာလိုက်။ မင်းလုပ်ရမှာက သူ့ကို အဲ့ဒါတွေ ကူညီဖြေရှင်းခိုင်းဖို့ပဲ”
မိုဝူကျိက မငြင်းပေ။ တံဆိပ်ပြားကို သိမ်းပြီးသည့်နောက် သူက နောက်ထပ်ဆန်တစ်အိတ်ကို ထုတ်ကာ ဟော်ရှန့်အား ပေးလိုက်သည်။
“ခန်းမသခင်ဟော်… ဒီထဲမှာ ခန်းမသခင်အတွက် နှင်းစက်စိမ်းဆန် ကာတီတချို့ ပါပါတယ်။ ကျုပ်ရဲ့ပြဿနာအတွက် ဒီထိ လူကိုယ်တိုင် ရောက်လာပေးလို့ ခန်းမသခင်ကို ကျေးဇူးတင်ပါတယ်ဗျာ”
ဟော်ရှန့်မှာ အနည်းငယ် အိုးတိုးအန်းတန်း ခံစားမိသော်လည်း ဤအဆင့်မြင့် နှင်းစက်စိမ်းဆန်မှာ လက်လွှတ်လိုက်ဖို့ရာ အလွန်အဖိုးတန်နေသည်။
“ဒါဆို ကျုပ်လည်း အားနာနာနဲ့ လက်ခံလိုက်ပါ့မယ်”
ဟော်ရှန့်ကလည်း ဆန်ကို သိမ်းလိုက်ပြီး မိုဝူကျိကို ကျောက်စိမ်းတံဆိပ်ပြားတစ်ခု ထုတ်ပေးလိုက်၏။
“မိုဝူကျိ… ဒါက စည်းကမ်းရေးရာခန်းမရဲ့အပြစ်ကင်း တံဆိပ်ပြားပဲ။ ဂိုဏ်းကို ကြီးကြီးမားမား ပျက်စီးစေတဲ့အရာတွေကို မလုပ်သရွေ့ ဒီတံဆိပ်ပြားကို သုံးလို့ရတယ်။ ဒါနဲ့ အဆင့်မြင့် နှင်းစက်စိမ်းဆန်တွေကို စိုက်ပျိုးထုတ်လုပ်တာက အရမ်းကြီးမားတဲ့ ကိစ္စပဲ။ ဂိုဏ်းက ပိုနေတဲ့ဆန်တွေကို မင်းဘယ်လို အပေးအယူလုပ်လုပ် ဝင်စွက်ဖက်မှာမဟုတ်ပေမဲ့ အဲ့ကိစ္စနဲ့ပတ်သက်ပြီး မင်း ပိုပြီးတော့ ဂရုစိုက်သင့်တယ်”
ဟော်ရှန့် စကား၏ နောက်ကွယ်မှ ဆိုလိုရင်းမှာ အလွန်ရှင်း၏။ နှင်းစက်စိမ်းဆန်ကို ဖြစ်သလို မရောင်းပစ်ရန် ဖြစ်သည်။ ဤစကားများမှာ လျှောက်နေပြောခြင်းသာ ဖြစ်သည်။ သိသာလှစွာပင် ဂိုဏ်း၏ စည်းကမ်းဘောင်ကို မကျော်သရွေ့ သူစိုက်သည့်ဆန်များကို သူ့စိတ်ကြိုက် ရောင်းဝယ်နိုင်လေ၏။
ကျန့်ချန်ကန်းက မိုဝူကျိ၏ လုပ်ပုံကိုင်ပုံကို အလွန်ပင် သဘောကျနေမိသည်။ ထို့ကြောင့် သူက မိုဝူကျိ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။
“ကျုပ် အရင်သွားနှင့်လိုက်မယ်။ ဂိုဏ်းချုပ် ပြန်ရောက်ရင် မင်းရဲ့ကိစ္စကို ကျုပ် သူ့ဆီ တင်ပြပေးမယ်။ ပြီးတော့…”
ခဏရပ်လိုက်ပြီး ကျန့်ချန်ကန်းက ဆက်ပြောလိုက်သည်။
“မိုဝူကျိ… မိုးကောင်းကင်ငယ်ဂိုဏ်းထဲမှာ မင်းရဲ့အနာဂတ်က အလားအလာကောင်းတယ်။ ဒါကြောင့် မိုးကောင်းကင်ရေကန်ငယ်တောင်နဲ့ သိပ်မပတ်သက်တာ အကောင်းဆုံးပဲ”
ဤအကြိမ်တွင်တော့ မိုဝူကျိက တလေးတစား ဦးသာညွှတ်လိုက်ကာ မတုံ့ပြန်ချေ။
ဤနေရာတွင် နှင်းစက်စိမ်းဆန် စိုက်နိုင်သည်မှာ မိန်ချင်းချင်း၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။ လူတစ်ယောက်သည် သူ၏ဘဝစစ်မြစ်ကို မမေ့သင့်ပေ။ မိန်ချင်းချင်း ဘာတွေလုပ်ခဲ့သည်ကို သူမသိသော်လည်း သူမဆီမှာ သူအကြွေးတင်နေကြောင်းတော့ သူ ကောင်းကောင်းသိသည်။
အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးရိတ်သိမ်းခြင်းက တစ်ကိစ္စဖြစ်ကာ ပို၍အရေးကြီးသည်မှာ သူ့နှလုံးအခြေအနေနှင့် ပတ်သက်၍ ဘာမှားနေသည်ကို မထင်မှတ်ဘဲ သူရှာတွေ့လိုက်၏။ သို့မဟုတ်ပါက သူ၏ ယခင် ကျင့်ကြံဆင့်ကို မည်ကဲ့သို့ ကျော်လွန်ရမည်အား သူ သိလောက်ဦးမည် မဟုတ်ပေ။
……………
မိုးကောင်းကင်ငယ်ရွာ၏ ညချိန်မှာ အငြိမ်သက်ဆုံး ဖြစ်၏။ လူအများစုမှာ ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့၏ တစ်နေ့တာအချိန်ကို နှင်းစက်စိမ်းဆန် စိုက်သည့်နေရာတွင် အသုံးချကြကာ ညရောက်လျှင် စောစောစီးစီး စတင်တရားထိုင် ကျင့်ကြံကြလေ့ ရှိသည်။ သူတို့သည် သူတို့၏ ရသလောက် အချိန်လေးကို သူတို့၏ ကျင့်ကြံဆင့် တိုးတက်လာစေရန် အသုံးပြုကြလေသည်။
အနားယူမနေသည့် တစ်ဦးတည်းသောသူမှာ မိုဝူကျိသာ ဖြစ်လိမ့်မည်။ သူက အဆင့်နိမ့် နတ်ဘုရားအဆင့် ကိုယ်ပျောက်သံချပ်ကာကို ဝတ်ဆင်လိုက်ကာ လေလွတ်မြောက်ရေး နည်းစနစ်ကို သုံး၍ သူ၏ (ဃ)၇၉ လယ်ကွက်မှ ပျောက်ကွယ်သွားလေသည်။
လူသတ် မီးရှို့ရန်အတွက် အကောင်းဆုံးဖြစ်သည့် လေထန်သော လမိုက်ညတစ်ညပင်တည်း။
***