အတွေ့အကြုံအမှတ် ၆၀၀,၀၀၀
Vol. 1 Ch. 4
အခန်း (၄) အတွေ့အကြုံအမှတ် EXP 600,000
သွေးထွက်သံယို လေ့ကျင့်ရေးပြီးနောက်၊ ဟန်ရှောင်းကို အထူးပြန်လည်ထူထောင်ရေး ရေကန်သို့ ခေါ်သွားပြီး ၂နာရီကြာ ရေစိမ်စေသည်။ ဒဏ်ရာများ ပျောက်ကင်းသွားသော်လည်း နာကျင်မှုများကတော့ ရှိနေသေးသည်။’
စခန်းတွင် အသုံးမပြုသည့် စက်ပြင်ခန်းတစ်ခုရှိပြီး၊ ဟန်ရှောင်းသည်လည်း စက်ပစ္စည်းများနှင့် ပက်သက်၍ အရည်အချင်းထုတ်ပြထား၍ သူ့ကို ထိုနေရာတွင် နေထိုင်ရန် စီစဉ်ပေးထားသည်။ ထိုအခန်းထဲတွင် ပစ္စည်းများ၊ ကိရိယာများ နှင့် ယာဉ်ခုံတန်းများကို အသုံးပြုရန် လွတ်လွတ်လပ်လပ် ပေးထားသည်။ နံရံထက်တွင်လည်း စာအုပ်များရှိနေ၏။ စောင့်ကြည့်ကင်မရာတစ်လုံး အခန်းထောင့်တွင် ရှိသော်လည်း ဟန်ရှောင်းက စိတ်ထဲထည့်မထားပေ။ ၂၄/၇ စောင့်ကြည့်ခံရမည်ကို မျှော်လင့်ပြီးသားဖြစ်သည်။
ယခုနှစ် ၆၈၇တွင်၊ ရေပင်လယ်ဂြိုလ်သည် ဂြိုလ်အသစ်တစ်လုံးသာ ဖြစ်သေးသည်။ ခေတ်သစ်သို့ ကူးပြောင်းနေဆဲကာလဖြစ်သည့်အတွက် နည်းပညာရပ်များမှာ သိပ္ပံဂိမ်းများနှင့်ယှဉ်လျှင် များစွာ ခေတ်နောက်ကျနေပြီး ကမ္ဘာမြေနှင့် တန်းတူမျှသာ ရှိသေးသည်။
(Mechanic talents)ယန္တရားဆိုင်ရာအရည်အချင်းများသည် သစ်ပင်ကဲ့သို့ ပုံဖော်ကြည့်လျှင် ကိုင်းခွဲ ၃ခု အနေဖြင့် ခွဲခြားထားသည်။ သစ်ပင်ကိုင်းခွဲ ၁ခုစီတွင် အဆင့်ခွဲ ၂၀ ရှိပြီး၊ အဆင့် ၁ဆင့်ချင်းကို အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်၊ ကျွမ်းကျင်သူနှင့် မာစတာဟူ၍ အဆင့် ၅ဆင့် ထပ်မံ ခွဲခြားနိုင်သည်။ လူတစ်ယောက်၏ (Class)အမျိုးအစားကို သတ်မှတ်ရာတွင် (Talent)အရည်အချင်းများသည် အဓိကကျသည်။
အမျိုးအစားစွမ်းရည်များကို သင်ယူခြင်းဖြင့် ပထမဆုံး (Talent)အရည်အချင်းကို လော့ဖွင့်နိုင်သည်။ (Subsequent talents)နောက်ဆက်တွဲအရည်အချင်းများကို ရရှိနိုင်ရန်အတွက် (Potential points)အလားအလာပွိုင့်များ လိုအပ်သည်။
အလားအလာပွိုင့်များရရှိရန် နည်းလမ်း ၃မျိုးရှိပြီး ၎င်းတို့မှာ အဆင့်တက်ခြင်း၊ အထူး (Quest)စနစ်၏တောင်းဆိုချက်များ ဆောင်ရွက်ခြင်းနှင့် စကေးများကို ကျွမ်းကျင်သည့်အဆင့်ရောက်အောင် လုပ်ဆောင်ခြင်းတို့ ဖြစ်ကြသည်။
ဟန်ရှောင်းသည် သူ၏ အလားအလာပွိုင့် ၂ပွိုင့်ကို သိမ်းထားရန် ဆုံးဖြတ်ထားသည်။ အရည်အချင်းများသည် သူ့အတွက် အဓိက စိတ်ပူရမည့်အရာ မဟုတ်သေးပေ။
ကစားသမားအသစ် အများစုသည် ထိုပွိုင့်များကို ရရချင်းပင် သုံးစွဲပစ်တတ်ကြသည်။ သို့သော်လည်း အလားအလာပွိုင့်များမှာ ဂိမ်း၏ နောက်ပိုင်းအဆင့်များတွင် ရရှိရန် ပိုမိုခက်ခဲလာလေ့ရှိသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ရန် လိုပေသည်။
လေ့ကျင့်ရေးများမှအပ ဟန်ရှောင်းသည် လွတ်လပ်လျက်ရှိရာ စက်ပစ္စည်များနှင့်သာ အချိန်ကုန်လျက် ဤအကျဉ်းထောင်မှ လွတ်မြောက်နိုင်ရန် အတွေ့အကြုံအမှတ်များ စုဆောင်းလျက်ရှိသည်။
…
အချိန်များ အလျင်အမြန် ကုန်ဆုံးသွား၏။
ဟန်ရှောင်းသည် စက်ပစ္စည်းများကို တပ်ဆင်ခြင်းနှင့် မွမ်းမံခြင်းများ ပြုလုပ်နေပြီး အတွေ့အကြုံအမှတ်များ ရရှိနေသည်။ တိုးတက်လာသည်နှင့်အမျှ တပ်ဆင်ရာတွင် ပြီးပြည့်စုံမှုနှုန်းသည်လည်း ၉၀% အထိရောက်လာသည်။ ဤသည်က ဟန်ရှောင်းကို အပိုဆောင်း အတွေ့အကြုံအမှတ်များလည်း ပေး၏။
စက်တစ်မျိုးတည်းကို အကြိမ်ပေါင်းများစွာ တပ်ဆင်ခြင်းဖြင့် ရရှိလာသည့် အတွေ့အကြုံအမှတ်များသည် တဖြည်းဖြည်းချင်း လျော့နည်းလာကာ နောက်ဆုံးတွင် အတွေ့အကြုံအမှတ်များ လုံးဝမရတော့သည်အထိ ဖြစ်လာပေမည်။ သို့သော်လည်း စခန်းရှိ လက်နက်တိုက်သည်ကား ဟန်ရှောင်းအတွက် ရွှေတွင်းကြီးတစ်ခုလို ဖြစ်နေပြီး လိုအပ်သမျှ အရင်းအမြစ်များရရှိနေကာ လိုအပ်နေသော အတွေ့အကြုံအမှတ်များကို တပ်ဆင်ခြင်းဖြင့် ရရှိနေတော့သည်။
ဟန်ရှောင်းသည် နှိမ့်ချကာ သိုသိုသိပ်သိပ် နေထိုင်လျက်ရှိသည်။ တဖြည်းဖြည်းနှင့် အဖွဲ့အစည်းသည်လည်း အနီးကပ် စောင့်ကြည့်နေသည်များကို ရပ်ဆိုင်းလိုက်သည်။
အဖွဲ့အစည်းက ဟန်ရှောင်းအပေါ်၌ ရည်မှန်းချက်မြင့်မြင့် ထားသော်လည်း ထူးချွန်အောင် နေပြနေခြင်းသည် ဆိုးကျိုးကိုသာဖြစ်စေမည်ကို သူကသိ၏။ ထို့ကြောင့် အဆင့်တက်ခြင်းအစား အတွေ့အကြုံအမှတ်များသာ စုဆောင်းရန်သာ ရွေးချယ်ခဲ့တော့သည်။
သိပ်မကြာမီတွင်၊ သုတေသနအဖွဲ့များ၏ ဟန်ရှောင်းအပေါ် စိတ်ဝင်စားမှုများ ကုန်ခမ်းသွားသည်။ ဟန်ရှောင်းချပြခဲ့သော အရည်အချင်းများမှာ လေ့ကျင့်ထားသော ထောက်ပံ့ပို့ဆောင်ရေးဝန်ထမ်းများပင် အလွယ်တကူ ရရှိနိုင်၏။ ဟန်ရှောင်းသည် သူတို့မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။
မအောင်မြင်သော စမ်းသပ်ခံအဖြစ် မသတ်မှတ်မီ နောက်ထပ်တစ်လ စောင့်ကြည့်ခဲ့ကြသည်။ သူ့အပေါ်တွင် အချိန်ဖြုန်းမည့်အစား၊ အခြားနေရာများတွင်သာ အားစိုက်ရန် ရွေးချယ်ခဲ့ပြီးနောက် ၂၄/၇ စောင့်ကြည့်နေမှုများကို ရပ်ဆိုင်းလိုက်တော့သည်။
ထိုအရာက ဟန်ရှောင်းကို အနည်းငယ် သက်တောင့်သက်သာ ဖြစ်စေသည်။
အဖွဲ့အစည်း၏ အာရုံစိုက်မှုမှ တဖြည်းဖြည်း လွတ်မြောက်လာသော်လည်း လင်ဝေရှန်းနှင့် ဘယ်လ်တာကမူ ဆက်လက်စောင့်ကြည့်နေကြဆဲပင်။
လင်ဝေရှန်း၏ ဟန်ရှောင်းကို ခွဲစိတ်လေ့လာရန် အဆက်မပြတ် တောင်းဆိုမှုမှာ ပယ်ချခံနေရဆဲဖြစ်သော်လည်း၊ လက်ခံရန် အချိန်အနည်းငယ်သာ လိုတော့သည်ကို ဟန်ရှောင်းကိုယ်တိုင်လည်း သိ၏။
ဘယ်လ်တာအတွက်မူကား၊ ဟန်ရှောင်းသည် သူ့၏ ရူးသွပ်မှုအတွက် ပစ်မှတ်ထားစရာတစ်ခု ဖြစ်လာသည်။ ပြန်လည်ကောင်းမွန်စေသော ဆေးများသည်လည်း အလွယ်တကူ ရရှိနိုင်နေသည့်အပြင်၊ သုတေသနသမားများကလည်း နှိပ်စက်ခြင်းဖြင့် ကြီးထွားဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးနိုင်သည်ဟုလည်း ယုံကြည်ကြပေရာ၊ ဘယ်လ်တာ၏ ရက်စက်သောနည်းလမ်းများကို ခွင့်ပြုပေးထားခဲ့သည်။
ဟန်ရှောင်းသည်လည်း နာကျင်မှုကိုပင် သိပ်မသိတော့လောက်အောင် တဖြည်းဖြည်း ထုံကျင်လာတော့သည်။
ဘာမှလည်း လုပ်စရာမရှိ၊ ပြောစရာလူလည်းမရှိသည့် ဟန်ရှောင်းသည် စက်ယန္တရားများကို လေ့လာရန်သာ အာရုံစူးစိုက်ထားသည်။
…
တစ်ရက်တွင်၊ ချပ်ဝတ်အပြည့်အစုံ ဝတ်ထားသော အစောင့်များ ရောက်ရှိလာပြီး ဟန်ရှောင်း၏ အရင်းအမြစ်များမှ အများအပြားကို ယူဆောင်သွားကြသည်။ ဟန်ရှောင်းက တိတ်ဆိတ်စွာ ငေးကြည့်နေစဉ်၊ လူတစ်ယောက် သူ့ဆီသို့ လမ်းလျှောက်လာသည်။
“မင်းက အဖွဲ့အစည်းကို စိတ်ပျက်စေတယ်။ ဒီနေ့ကစပြီး မင်းအရင်းအမြစ်တွေကို ၈၀% ဖြတ်လိုက်ပြီ။”
ဟန်ရှောင်းကို စကားပြောသူမှာ စမ်းသပ်ခံ နံပါတ် (၁) ဖြစ်သည်။
“မင်းက ငါ့ရဲ့ ရှေ့လူလို့ ကြားတယ်။ ဒီလောက်အရင်းအမြစ်တွေ အများကြီးနဲ့ မင်းလုပ်နိုင်တာက ဒီလို အမှိုက်တွေပဲလား။”
“မင်းက အရှုံးသမားပဲ၊ မင်းကို အစားထိုးဖို့ ငါ့က ရွေးချယ်ခံရတာပဲ။”
အချို့အကြောင်းပြချက်များကြောင့်၊ ဟန်ရှောင်း၏ ပုံရိပ်သည် နံပါတ် (၁)ကို ဒေါသထွက်စေခဲ့သည်။
ဟန်ရှောင်း နှုတ်ဆိတ်၍သာ နေနေသည်။
အဖွဲ့အစည်းသည် ရလဒ်ကိုသာ ဦးစားပေးခြင်းဖြစ်သည်။ ဟန်ရှောင်းက သူတို့လိုချင်သော ရလဒ်ကို မပေးစွမ်းနိုင်သောကြောင့် ရရှိထားသော အခွင့်အရေးများသည်လည်း လျှော့ချခြင်းခံရလေသည်။ သူတို့၏ အရင်းအမြစ်များကို ပို၍ အလားအလာကောင်းသော နံပါတ် (၁)တွင်သာ အသုံးချတော့ရန် စီစဉ်ထားကြသည်။
သုတေသနအခန်းတွင် စက်ပစ္စည်းများအတွက် ပြုပြင်ထိန်းသိမ်းရေးသမား မရှိသည့်အတွက်၊ ဟန်ရှောင်းက စက်ပြင်ခန်းတွင် ဆက်လက်နေထိုင်ခွင့် ရခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးနှင့် ပြင်ဆင်ရေးများကို တာဝန်ယူရသည်။
“ကျွတ် ကျွတ်၊ သနားစရာ ဓါတ်ခွဲခန်းကြွက်လေးတွေ...”
ဟန်ရှောင်းတို့ ၂ယောက်ကို မြင်သည့် အစောင့်တွေက အချင်းချင်းပြောနေကြ၏။
“ဦးနှောက်ဆေးခံထားရတဲ့ စမ်းသပ်ခံကြွက်လေးတွေ၊ အနစ်နာခံဖို့ သတ်မှတ်ထားပြီးသားပဲ။”
“ဒီလိုဘဝမျိုး နေမယ့်အစား၊ သေပဲ သေလိုက်မယ်။”
“ရှူး၊ သူတို့ကြားသွားဦးမယ်။”
“ဘာမှမဖြစ်ပါဘူး၊ ဦးနှောက်ဆေးခံထားပြီးသားလူတွေပဲ။”
သူတို့အတွက် စမ်းသပ်ခံများသည် တိရစ္ဆာန်ထက်ပင် နိမ့်ကျသေးသည်။
ဟန်ရှောင်း ဘာမှမပြောဘဲ တိတ်တဆိတ်သာ ထွက်သွားလိုက်သည်။
…
နှစ်ဝက်ကြာပြီးနောက်၊
ဟန်ရှောင်းသည် စခန်းတစ်ခုလုံး၏ ဖွဲ့စည်းပြင်ဆင်ပုံနှင့် ဝန်ထမ်းများ၏ အချိန်ဇယားများကို ဖော်ထုတ်နိုင်ခဲ့သည်။
ဗယ်ခရီဓါတ်ခွဲခန်းသည် ဟီလာက အုပ်ချုပ်လျက်ရှိသည့် မြေအောက်တွင်ရှိသည့် စခန်းတစ်ခုဖြစ်ပြီး အထပ် ၃ထပ် ပါရှိသည်။ လျှို့ဝှက်စခန်းဖြစ်သည်နှင့်အညီ စခန်းမှာ ကြီးမားကျယ်ပြန့်ခြင်းမရှိဘဲ လူသူအရောက်အပေါက်နည်းသည့် တောနက်ကြီးထဲတွင် တည်ဆောက်ထားသည်။ ရိက္ခာနှင့် အထောက်အပံ့များကို လေထီးဖြင့် ချပေး၏။
အယောက် ၆၀ရှိသော ကျည်ကာဝတ် အစောင့်တပ်သားများက ကင်းလှည့်လျက် ရှိကြသည်။ အချိန်တစ်ခုကြာတိုင်း၊ အဖွဲ့အစည်းက စမ်းသပ်ခံတစ်ဖွဲ့ပြီးတစ်ဖွဲ့ကို စေလွှတ်ကာ မှတ်ဉာဏ်များ ဖျက်စီးပစ်ပြီး စမ်းသပ်မှုများ လုပ်ဆောင်လေ့ရှိသည်။
ဗယ်ခရီဓါတ်ခွဲခန်း တစ်ဒါဇင်ခန့်ရှိသော်လည်း ဤစခန်းသည် ပင်မစခန်းဖြစ်သည်။ ဟန်ရှောင်းနှင့် နံပါတ် (၁)တို့နောက်တွင် ဂျာမီနယ် အဖွဲ့အစည်းသည် စမ်းသပ်ခံ ၇၆ယောက်ကို ထုတ်လုပ်နိုင်ခဲ့သည်။
ထို၇၆ယောက်ထဲမှ အများစုကို အခြားစခန်းများသို့ ပြောင်းရွှေ့ခဲ့ပြီး၊ နံပါတ် (၁)နှင့် အခြား ၉ယောက်ကို တပ်ဖွဲ့တစ်ခုဖွဲ့ရန် ရွေးချယ်ခဲ့ကာ၊ ဤစခန်းတွင် အမိန့်စောင့်ဆိုင်းစေခဲ့သည်။
ဟန်ရှောင်းသည် ဤနေရာနှင့် အကျွမ်းတဝင် ဖြစ်လာနေသည်။ လေ့ကျင့်ရေးများမှအပ သူ၏အချိန်အားလုံးကို စက်ပစ္စည်းများနှင့်သာ ကုန်ဆုံးစေခဲ့ပြီး ထိုစက်ပြင်ခန်းသည် သူ၏ ကောင်းကင်ဘုံအလားပင်။
အစောင့်များသည်လည်း ဟန်ရှောင်းကို စတင်လျစ်လျူရှုလာကြပြီး ဘေးမှ ဖြတ်သွားလျင်ပင် တစ်ချက်မျှသာ ကြည့်လိုက်ကြပြီး သူ့ကို မမြင်သကဲ့သို့ပင် ဖြစ်လာကြသည်။
ဤအခြေအနေသည် အတွေ့အကြုံအမှတ်များ ကြိုးစားကာ ရှာဖွေနေသော ဟန်ရှောင်းအတွက် အလွန်အကျိုးရှိသော အနေအထားဖြစ်သည်။ ဟန်ရှောင်သည် ရနိုင်သမျှ စက်ပစ္စည်း ယန္တရားများ၏ အသေးစိတ်ပုံစံများကိုလည်း အလွတ်ရအောင် မှတ်သားနေသည်။
တပ်ဆင်ခြင်းနှင့် မွမ်းမံခြင်းတွင် ရရှိသည့် အတွေ့အကြုံအမှတ်သည် သီးခြားစီဖြစ်၏။ တပ်ဆင်ခြင်းမှ အတွေ့အကြုံအမှတ်များ ထပ်မရနိုင်တော့သောအခါ ဟန်ရှောင်းသည် မွမ်းမံခြင်းကို ဆက်လက်လုပ်ဆောင်တော့သည်။ သို့သော်၊ သူ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် ယန္တရားတစ်ခုကို မွမ်းမံပြီးသည့်အခါတိုင်း ထိုစက်၏ မူလအခြေအနေသို့ရောက်အောင် ပြန်လည်ထားရှိရန် ဂရုစိုက်ခဲ့လေ့ရှိသည်။
နာရီပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးနောက်၊ ဟန်ရှောင်းသည် [အခြေခံ တိုက်ခိုက်ရေး] နှင့် [အခြေခံ ပစ်ခတ်ရေး]တို့တွင် ကျွမ်းကျင်လာခဲ့သည်။ ထို့ပြင် မျှော်လင့်မထားဘဲ [Grinder] [ဂရိုင်ဒါ]ဟုခေါ်သည့် Passive စွမ်းရည်တစ်မျိုးလည်း ရရှိခဲ့ပြီး ထိုစွမ်းရည်သည် သူ့အား သွေးအမှတ် +100 ပေးနိုင်၏။
[အေးဂျင့်]၏ အမျိုးအစားခွဲ တစ်ခုလည်း ထပ်၍ လော့ပွင့်ခဲ့ပြီး ယခုအချိန်တွင် အဆင့် ၄ သို့ ရောက်နေပြီဖြစ်သည်။
သူ၏ တောက်လျှောက်ကြိုးစားမှုများကြောင့် [အခြေခံတပ်ဆင်မှု] နှင့် [[အခြေခံမွမ်းမံမှု] တို့တွင် အဆင့် ၄ သို့ ရောက်လာသည်။ [အခြေခံ တိုက်ခိုက်ရေး] နှင့် [အခြေခံ ပစ်ခတ်ရေး]တို့မှာ အဆင့် ၂ ရောက်နေပြီဖြစ်သည်။
ယန္တရားပညာရှင်များသည် တိုးတက်နိုင်ရန်အတွက် အရင်းအမြစ်နှင့် ငွေကြေးများစွာ လိုအပ်ပြီး၊ ပုံမှန်အားဖြင့်ဆိုလျှင် အတန်းအစားအရ ကန့်သတ်ထားခြင်း ခံရပေသည်။ ဟန်ရှောင်းမှာမူ အဖွဲ့အစည်း၏ ကုန်ကြမ်းပစ္စည်းများကို အသုံးပြုခွင့် ရရှိခဲ့သည်။
ဟန်ရှောင်းသည် လက်နက်တိုက်အတွင်းရှိ စက်ပစ္စည်း ယန္တရားများ၏ ၉၀%ခန့်ကို အသုံးပြုခဲ့ပြီးနောက် အတွေ့အကြုံအမှတ်ပေါင်း ၆၀၀,၀၀၀ စုဆောင်းနိုင်ခဲ့သည်။
မွန်းစတားများနှင့် မစ်ရှင်များမရှိဘဲ၊ ယန္တရားပညာရှင်များသည်သာလျှင် အချိန်တိုအတွင်း ထိုမျှ များပြားလှသည့် အတွေ့အကြုံအမှတ်ကို ရရှိနိုင်ပေသည်။
…
“လင်ဝေရှန်းကို မီးစိမ်းပြလိုက်။ သူက ခဏခဏ တောင်းဆိုနေတာ။ ဇီးရိုးကို ခွဲစိတ်ခွင့် ပြုလိုက်တော့”
ဘော့စ်က လိုင်းပေါ်မှ အမိန့်ပေးလိုက်သည်။
ဟီလာ မျက်မှောင်ကြုံ့သွားသည်။
“မင်း ခဏခဏ ငြင်းခဲ့တာပါ...”
“အဖွဲ့အစည်းက သူ့အပေါ် ရင်းနှီးထားတာ များနေပြီ၊ ငါတို့ တစ်ခုခုတော့ ပြန်ရမှ ဖြစ်မယ်။”
ဘော့စ်က ရှင်းရှင်းလင်းလင်းပြော၏။
“အဲ့ဒီ အမှိုက်ကောင်ကို ပြန်လည်အဖတ်ဆယ်တာကပဲ အသုံးဝင်လိမ့်မယ်။ ဒါက ဇီးရိုးရဲ့ ကံတရားပဲ။”
ဟီလာက နှုတ်ခမ်းကို ကိုက်လိုက်ပြီး
“နားလည်ပါပြီ။”
“နံပါတ် (၁)နဲ့ သူ့အဖွဲ့ရဲ့ လေ့ကျင့်ရေးတွေကရော”
ဘော့စ်က ဆက်မေးသည်။
“အရမ်းကို အလားအလာ ရှိတယ်။ သူတို့ရဲ့ အလားအလာတွေကို တွေ့နေရတယ်။”
“ကောင်းတယ်၊ သူတို့ကို ညဇီးကွက်စခန်းကို လေ့ကျင့်ရေးဆင်းဖို့ လွှတ်လိုက်၊ သူတို့ကို လာကြိုဖို့ ညဇီးကွက်တပ်ဖွဲ့ကို လွှတ်ထားပြီးသွားပြီ။ ၂ရက် ၃ရက်အတွင်း ရောက်လာလိ
မ့်မယ်။”
“အဲ့ဒီနေ့က ကျွန်မရဲ့ ညီမဆီ သွားလည်မယ့်နေ့”
“မင်းသူတို့နောက် လိုက်စရာမလိုပါဘူး”
“ကောင်းပြီ။”
အခန်း (၄) ပြီး၏။
လင်းဆက်