ဘာဖြစ်လို့ ခင်ဗျား ကျုပ်ကို ပြဿနာ လာရှာရတာလဲ
Vol. 69 Ch. 9557
မိုးသောက် အာရုဏ်တက်ချိန်တွင် မိုးကောင်းကင်ငယ်ရွာသည် လုံး၀ တိတ်ဆိတ် ငြိမ်သက်နေလေ၏။ နှင်းစက်စိမ်း ဆန်စိုက်သော ကျင့်ကြံသူများမှာ နေ့ဘက်တွင် အပင်များကို ဂရုစိုက်ရသဖြင့် သူတို့သည် ညချိန်ကို ကျင့်ကြံဖို့ အသုံးချလေ့ ရှိကြသည်။ သိပ်သည်းနေသော နတ်ဝိညာဉ်စွမ်းအားတို့က သူတို့အား ရှေ့တစ်ဆင့် တက်လှမ်းနိုင်အောင် ကူညီပေးနိုင်လေမလားဟူသော မျှော်လင့်ချက်တို့ဖြင့် ဖြစ်သည်။
ရွာတွင် စွမ်းအားစုဝေးရေး အစီအရင်တစ်ခု ရှိကာ နတ်ဝိညာဉ်စွမ်းအားတို့မှာ လိုသည်ထက် ပိုနေသော်လည်း မည်သည့် အပြင်လူ ကျင့်ကြံသူမှ ဝင်မလာပေ။ ပထမအချက်မှာ အပြင်လူများကို အထဲ၌ ကျင့်ကြံခြင်းအား တားမြစ်ထားသည်။ ဒုတိယအချက်မှာ အပြင်လူများကို ရွာထဲတွင် ညအိပ်ခွင့် မပြုထားပေ။
တစ်ခုတည်းသော ဖွင့်ထားသည့် အလင်းရောင်မှာ ရွာထဲရှိ ကျောက်တုံးအဆောက်အဦး၏ ၆ ထပ်မြောက်အထပ်သာ ဖြစ်ပေလိမ့်မည်။
ကျောက်တုံး အဆောက်အဦးကို မိုဝူကျိက ဖြတ်လာလိုက်စဉ် သူ့စိတ်စွမ်းအားဖြင့် ကွမ်းကျစ်၏ စိတ်တိုနေသောပုံစံကိုပင် မြင်နိုင်လေသည်။ သို့သော် သူက ကွမ်းကျစ်ကို ချက်ချင်းမသတ်သေးဘဲ ထိုအစား အဆောက်အဦးပတ်လည်ကို တစ်ပတ် ပတ်လိုက်ပြီး မိုးကောင်းကင်ငယ်ရွာ၏ ကာကွယ်ရေး အစီအရင်ဘေးသို့ ဆင်းလိုက်သည်။
ကာကွယ်ရေး အစီအရင်မှာ အဆင့် ၄ နတ်ဘုရားအစီအရင်ဖြစ်ကာ ၎င်းတွင်လည်း တူညီသော အသံပေး စနစ်ပါရှိလေသည်။ အစီအရင်ထဲသို့ တိုးဝင်လာလိုက်သည် ဖြစ်စေ၊ အစီအရင်အား တိုက်ခိုက်လိုက်သည် ဖြစ်စေ၊ အသံပေးခလုတ်ကို ချက်ချင်း ဖွင့်ပြီးသား ဖြစ်သွားပေလိမ့်မည်။ ထိုသို့ ဖြစ်သွားသည်နှင့် မိုးကောင်းကင်ငယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် တတ်နိုင်သမျှ မြန်မြန် ရွာဆီ အပြေးရောက်လာကြမည် ဖြစ်သည်။
အဆင့် ၄ နတ်ဘုရားအစီအရင်မှာ ရွာအတွက် လုံလောက်လေ၏။ ၎င်းကို ဖျက်ဆီးရန် အနိမ့်ဆုံး အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာကို လိုအပ်ပေသည်။
ပုံမှန်အခြေအနေတွင် မိုးကောင်းကင်ငယ်ရွာသည် အဆင့်နိမ့် နှင်းစက်စိမ်းဆန်ကိုသာ ထုတ်လုပ်နိုင်သည်။ ဤသည်မှာ နတ်ဘုရားကုန်းမြေထဲတွင် ပြောပစရာ မရှိချေ။ မည်သည့် နေရာတွင်မဆို ဝယ်ယူရရှိနိုင်လေသည်။
အဆင့် ၄ နတ်ဘုရား အစီအရင်ဆရာတို့တွင်လည်း သူတို့ သုံးရန်အတွက် အလယ်အလတ်အဆင့် နှင်းစက်စိမ်းဆန်များ အလုံအလောက် ရှိလေ၏။ သို့ဖြစ်ရာ မည်သူကများ ဤရွာကို လာ၍ အဆင့်နိမ့် နှင်းစက်စိမ်းဆန်ကို ခိုးယူမည်နည်း။ ထိုအဆင့် ၄ နတ်ဘုရား အစီအရင်ဆရာမှာ အရူးတစ်ယောက် ဖြစ်နေမှသာ ခိုးလိမ့်မည်။ သို့မဟုတ်ပါက အဆင့်နိမ့် နှင်းစက်စိမ်းဆန်တချို့အတွက် ရွာ၏ အဆင့် ၄ ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးရန် မည်သူကမျှ မိုးကောင်းကင်ငယ်ဂိုဏ်းအား အပြစ်ပြုမိမည့်အလုပ်ကို စွန့်စားမည် မဟုတ်ချေ။
မိုဝူကျိ ကိုယ်တိုင်မှာ အဆင့် ၄ နတ်ဘုရား အစီအရင်ဆရာ ဖြစ်လေရာ ဤကာကွယ်ရေး အစီအရင်မှာ သူ့အတွက် အပန်းမကြီးလှချေ။ အမွှေးတိုင်တစ်ဝက်စာ အချိန်အတွင်း သူက ၎င်း၏ ဗဟိုချက်ကို ရှာတွေ့သွားလေ၏။
……………
ကျောက်တုံးအဆောက်အဦး၏ ထိပ်ဆုံးအထပ်၌ ကွမ်းကျစ်က သူ့ရှေ့တွင် ရှိနေသော နှင်းစက်စိမ်းဆန် အပုံလေးကို တအံ့တသြ စိုက်ကြည့်လိုက်၏။
နှင်းစက်စိမ်းဆန် မျိုးစေ့များအားလုံးအနက် တချို့မှာ ရွှေရောင်ဖျော့ဖျော့ သန်းနေလေသည်။ နှစ်ပေါင်းများစွာ နှင်းစက်စိမ်းဆန်အား စီမံခန့်ခွဲခဲ့ရသူ တစ်ယောက်အနေဖြင့် ဤသည်မှာ မည်သည်ကို ဆိုလိုသည်မှန်း အဘယ်ကြောင့် သူ မသိဘဲ နေမည်နည်း။
ဤသည်မှာ မိုဝူကျိ စိုက်ပျိုးလိုက်သော နှင်းစက်စိမ်း ဆန်မျိုးစေ့များသည် ထိပ်တန်းအဆင့်နား နီးနေပြီဟု ဆိုလိုခြင်း ဖြစ်သည်။
သူ မိုဝူကျိအား ပေးလိုက်သည့် မျိုးစေ့များမှာ အဆင့်နိမ့် နှင်းစက်စိမ်းဆန် မျိုးစေ့များသာ ဖြစ်၏။ အကယ်၍ မိုဝူကျိက ထိုမျိုးစေ့များကို သုံးပြီး ထိပ်တန်းအဆင့်နီးပါး နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးနိုင်ပါက ဤသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ကို ထုတ်နိုင်ရန် အနည်းဆုံး အဆင့်မြင့် နှင်းစက်စိမ်းဆန်မျိုးစေ့ လိုအပ်ကြောင်း ကွမ်းကျစ် သိပေသည်။
ကွမ်းကျစ်က ဒေါသတကြီး လက်သီးများကို ဆုပ်လိုက်ပြီးနောက် ဆောင့်ကြီးအောင့်ကြီး ပြန်ဖြည်လိုက်သည်။ မိုဝူကျိသည် သူရောက်နေသည့် အနေအထားကို ရောင့်ရဲရကောင်းမှန်း မသိပေ။ ကွမ်းကျစ်၏ ဦးလေးအား ကြောက်၍သာ မဟုတ်ပါက ဤငတိက အလျှော့ပေးမည် မဟုတ်လောက်ချေ။
အကယ်၍ ဤလူသာ အခြေအနေကို ပို၍ ကြည့်တတ်ပြီး ကွမ်းကျစ်အတွက် အလုပ်လုပ်ပေးမည်ဆိုပါက… ထိုသို့ဆိုလျှင် သူက…
ထားလိုက်ပါတော့… ဤလူအား သတ်မှရမည်။
မိုဝူကျိသည် အဆင့်နိမ့် နှင်းစက်စိမ်းဆန်မျိုးစေ့ကို သုံးပြီး အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးထုတ်လုပ်နိုင်သည်။ သို့ဖြစ်ရာ မိုဝူကျိ၌ ထိုသို့လုပ်နိုင်သည့် နည်းလမ်းတစ်ခုခု ရှိပေလိမ့်မည်။ မိုဝူကျိအား မသတ်မီ ဤသတင်းကို မိုဝူကျိဆီမှ ရအောင် အတင်းနှိုက်ယူနိုင်သရွေ့ အဆင့်မြင့် နှင်းစက်စိမ်းဆန်တွေ ထုတ်နိုင်သည့်သူမှာ သူ ကွမ်းကျစ် ဖြစ်လာပေလိမ့်မည်။
“ဒီနှင်းစက်စိမ်းဆန်က ကောင်းတယ် မဟုတ်လား”
ရုတ်တရက် ထွက်လာသည့်အသံတစ်သံက ကွမ်းကျစ် နစ်မျောနေသော အဆင့်မြင့် နှင်းစက်စိမ်းဆန် စိတ်ကူးယဉ်အိမ်မက်အား အနှောင့်အယှက် ပေးလိုက်လေ၏။ ကွမ်းကျစ်က ချက်ချင်း ခေါင်းမော့ ကြည့်လိုက်သည်။
အနက်ရောက်ဝတ်စုံနှင့်လူတစ်ယောက်က သူ့ရှေ့တွင် ရပ်နေသည်။ သိသာလှစွာပင် ထိုသူသည် အသံလာရာ ရင်းမြစ် ဖြစ်လေ၏။
“မင်း ဘယ်သူလဲ”
နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် ကွမ်းကျစ်၏ အသံမှာ တင်းမာသွားသည်။
“ဒီနေရာက မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ မိုးကောင်းကင်ငယ်ရွာပဲ။ မင်း တိုက်ခိုက်လိုက်တာနဲ့ မိုးကောင်းကင်ငယ်ဂိုဏ်းက ချက်ချင်း သိသွားကြမှာ”
“နေ့လည်ကတင် ကျုပ် ခင်ဗျားကို ဒီနှင်းစက်စိမ်းဆန်တွေ ပေးလိုက်တာလေ… ခင်ဗျား မေ့သွားပြီလား”
မိုဝူကျိက တစ်ချက်ရယ်လိုက်သည်။ သူက သူ့ရုပ်ရည်ပုံသဏ္ဍာန်အား ပြောင်းထားသော်လည်း အသံကို မပြောင်းထားချေ။
နောက်ဆုံးတွင်တော့ ကွမ်းကျစ်သည် ဘာတွေဖြစ်ပျက်နေသည်ကို နားလည်သွားကာ
“မင်းက မိုဝူကျိပဲ။ မင်း ငါ့ရဲ့ပိုင်နက်ထဲ လာရဲသေးတယ်ပေါ့။ သေချင်နေတာလား”
သူ့ရှေ့မှလူသည် မိုဝူကျိမှန်း သိသွားသောအခါ ကွမ်းကျစ်သည် ချက်ချင်း စိတ်အေးသွား၏။
အကယ်၍ တခြားလူစိမ်းတစ်ယောက် ဆိုပါက သူ ကြောက်မိမည် ဖြစ်သော်လည်း မိုဝူကျိကိုတော့ သူ မကြောက်ပေ။ သူ့ဦးလေးက မိုဝူကျိသည် အလွန်ဆုံးရှိလှ ကနဦးနတ်ဘုရား အစောပိုင်းအဆင့်တွင်သာ ရှိမည်ဟု သူကို ပြောဖူးသည်။ အကယ်၍ သူ့ဦးလေးက မှားနေကာ မိုဝူကျိက ကနဦးနတ်ဘုရား အလယ်အလတ်အဆင့်တွင် ရှိနေလျှင်ပင် သူက မကြောက်သေးပေ။ သူ ကွမ်းကျစ်က မည်မျှပင် အသုံးမကျနေစေကာမူ သူ့ ကျင့်ကြံဆင့်သည် အနည်းဆုံးတော့ ကနဦးနတ်ဘုရား အဆင့် ၇ တွင် ရှိလေသည်။ ကနဦးနတ်ဘုရား အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ကြားတွင် ကွာခြားချက် အကြီးကြီး ရှိနေသေး၏။
ကွမ်းကျစ်မှာ စိတ်အေးသွားသော်လည်း သူ့စိတ်စွမ်းအားကို ဆက်လက် ဖြန့်ကျက်လိုက်သည်။ သူက မိုဝူကျိအား မကြောက်သော်လည်း မိုဝူကျိက စစ်ကူများ ခေါ်လာမည်ကိုကား ကြောက်မိ၏။
တော်သေးသည်မှာ သူ့စိတ်စွမ်းအားသည် မည်သည့်တခြားလူ၏ အစအနကိုမျှ ခြေရာ မကောက်မိချေ။ ဤသည်က သူ့အား သက်ပြင်းမောကြီး ချစေနိုင်လိုက်၏။
“မင်းရောက်လာပြီဆိုမှတော့ မပြန်နဲ့တော့”
ကွမ်းကျစ်က မိုဝူကျိအား ဖမ်းဆွဲရန် လှမ်းလိုက်သည်။
သို့သော် သူ ခြေတစ်လှမ်းသာ ထုတ်ရသေးသည့်အချိန်တွင် ဝဲကတော့ စွမ်းအားစက်ကွင်းတစ်ခုက သူ့ဆီ လွှမ်းမိုးသွားသယောင် ခံစားလိုက်ရသည်။ သူ၏ စက်ကွင်းမှာကား မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းနှင့်စာလျှင် စက္ကူပါးတစ်ရွက်သကဲ့သို့ ဖြစ်ကာ တစ်ခဏလေးအတွင်း ဆုတ်ပြဲပျက်စီးသွားလေ၏။
မကောင်းတော့ဘူး…
မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သေချာပေါက် ကနဦးနတ်ဘုရား အစောပိုင်းအဆင့်တွင် မရှိချေ။ ဤသည်မှာ အနည်းဆုံး ကောင်းကင်နတ်ဘုရားအဆင့်တွင် ရှိ၏။ ကွမ်းကျစ်မှာ အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်လာကာ ထွက်ပြေးချင်မိသွား၏။ သို့သော် မကြာမီပင် သူ့ပတ်ဝန်းကျင်ရှိ တည်နေရာတစ်ခုလုံးမှာ ပိတ်လှောင်ခံထားရကြောင်း သူ တွေ့ရှိသွားသည်။
ချက်ချင်းလိုလိုပင် မိုဝူကျိ၏ လက်က သူ့ဆီ ဆန့်ထွက်လာကာ သူ့လည်ပင်းအား တခဏအတွင်း ဖမ်းဆုပ်ရစ်ပတ်လိုက်သည်။ ထို့နောက် သူ့ကို ကြက်ကလေး ငှက်ကလေး ဖမ်းသကဲ့သို့ ဆွဲမလိုက်၏။
ကနဦးနတ်ဘုရား အဆင့် ၇ ကွမ်းကျစ်သည် ကနဦးနတ်ဘုရား အဆင့် ၄ မိုဝူကျိနှင့် ယှဉ်ပါက လက်တစ်ချောင်းပင် မ မလိုက်နိုင်ပေ။
“ခင်ဗျားက ခင်ဗျားရဲ့ကျက်သရေမရှိတဲ့ ဦးလေးနဲ့ ကျုပ်ကို ဒုက္ခပေးဦးမလို့ ကြံစည်နေတာမလား။ နှမြောစရာပဲ… ခင်ဗျားကို အဲ့လို ထပ်လုပ်ဖို့ ကျုပ်က အခွင့်ပေးတော့မှာ မဟုတ်ဘူး။ ပြီးတော့ ဒီနှင်းစက်စိမ်းဆန်က နဂိုကတည်းက ကျုပ် ပိုင်တာ… အဲ့တော့ ဒီနေ့ ဒါကို ကျုပ် ပြန်ယူသွားမယ်”
ပြောပြီးသည့်နောက် ကွမ်းကျစ် ထုတ်ကြည့်နေသော အဆင့်မြင့်နှင်းစက်စိမ်းဆန် ၂၀ ကာတီကို မိုဝူကျိက သိမ်းယူလိုက်သည်။ တစ်ချိန်တည်းမှာပင် ကွမ်းကျစ်၏ လက်စွပ်ကိုလည်း ယူသွားလိုက်၏။
“မိုဝူကျိ… မင်း ငါ့ကို ထိလို့မရဘူး… ငါ့ ဦးလေးက…”
ကွမ်းကျစ်က စကားအနည်းငယ်သာ ပြောနိုင်လိုက်ပြီးနောက် သူ့လည်ပင်းတစ်ဝိုက်ရှိ လက်က တင်းကျပ်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက်တွင်ကား သူ ဘာမှထပ်မပြောနိုင်တော့ချေ။
မိုဝူကျိက သက်ပြင်းချလိုက်ကာ
“ပြောနေလည်း ဘာထူးမှာလဲ။ ကျုပ် ဘယ်တုန်းကများ ခင်ဗျားကို ရန်စမိလို့လဲ… ကျုပ်က ဒီမှာ အချိန်ကာလတစ်ခုလောက် အေးအေးချမ်းချမ်း ဖြတ်သန်းချင်ရုံပဲ။ ခင်ဗျားကကော ဘာဖြစ်လို့ ကျုပ်ကို ပြဿနာ လာရှာရတာလဲ”
နောက်ဆုံးစကားနှစ်ခွန်းနှင့်အတူ မိုဝူကျိ၏ စိတ်စွမ်းအားက တဟုန်ထိုး ထွက်သွားကာ ကွမ်းကျစ်၏ အသိစိတ်ပင်လယ်အား ချေမွပစ်လိုက်သည်။ ထို့အပြင် သူ၏ ကမ္ဘာဦးစိတ်ဝိညာဉ် ထွက်မပြေးနိုင်ခင် မီးလုံးတစ်လုံးက သူ့ကိုယ်ပေါ် ကျရောက်သွားသည်။
အသက်ရှိုက်စာ အနည်းငယ်အတွင်း ကွမ်းကျစ်သည် ပြာပုံတစ်ပုံ ဖြစ်သွားကာ မိုဝူကျိ၏ လက်အဝှေ့တစ်ချက်တွင် ထိုပြာများ အပြီးအပိုင် ပျောက်ကွယ်သွားလေသည်။
ကွမ်းကျစ်အား သတ်ပြီးသည့်နောက် မိုဝူကျိသည် သူ့လယ်ကွက်သို့ ပြန်မသွားသေးဘဲ သူဝင်လာသည့် ကာကွယ်ရေး အစီအရင်၏ အစီအရင်ဗဟိုချက်မှ ထွက်လိုက်သည်။ ထို့နောက် နေရာပြောင်းကာ ကာကွယ်ရေး အစီအရင်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
ကာကွယ်ရေး အစီအရင်အပေါ် သူ၏ပထမ ရိုက်ချက်အပြီး စူးစူးရှရှ အချက်ပေးသံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
မိုးကောင်းကင်ငယ်ရွာတစ်ရွာလုံး အလန့်တကြား ဖြစ်သွားကြသော်လည်း မည်သူကမျှ ဘာတွေဖြစ်ပျက်နေသည်ကို ကြည့်ရန် ထွက်မလာကြချေ။ ရွာထဲမှ စပါးစိုက်ကြသော လူအားလုံးသည် အဆင့်နိမ့် ကျင့်ကြံဆင့်နှင့်သူများ ဖြစ်လျှင်ဖြစ် မဟုတ်လျှင် ပါရမီနည်းသော ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သူတို့သည် မျှော်လင့်ချက် ငွေရောင်တန်းလေး တစ်ခုအတွက် သူတို့၏ ဘဝများကို ရင်းထားကြရသည်ဖြစ်ရာ အချက်ပေး အသံတစ်သံကြောင့်ဖြင့် မည်သူကမျှ သေတွင်းထဲ ခုန်မချလိုပေ။
အမွှေးတိုင်တစ်ဝက်စာခန့် အချိန်အတွင်း မိုဝူကျိသည် မိုးကောင်းကင်ငယ်ရွာ၏ ကာကွယ်ရေးအစီအရင်ကို ဖွင့်ဖောက် ဖျက်ဆီးပြီးလေပြီ။ ထို့နောက် သူက လေလွတ်မြောက်ရေး နည်းစနစ်ကို သုံးပြီး သူ့ (ဃ)၇၉ လယ်ကွက်ဆီ ပြန်သွားလိုက်၏။
……………
မိုဝူကျိ ထွက်သွားပြီးနောက် အမွှေးတိုင်တစ်ဝက်စာပင် မရှိသေးခင် လူ ၁၀ ယောက်ကျော်က မိုးကောင်းကင်ငယ်ရွာထဲသို့ အပြေးဝင်ရောက်လာကြသည်။ ထို့နောက် ကွမ်းကျစ် နေသော အဆောက်အဦး၏ ၆ ထပ်မြောက်အထပ်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။
“ကွမ်းကျစ် အသတ်ခံလိုက်ရတယ်။ ဒီနားမှာ ကွမ်းကျစ် အသတ်ခံလိုက်ရတဲ့ အငွေ့အသက်တွေ ရှိနေတယ်”
ပြောလိုက်သူမှာ နေ့လည်ကတင် လာခဲ့သော စတုတ္ထမြောက်အကြီးအကဲ ကျန့်ချန်ကန်း ဖြစ်သည်။
“ဖြစ်နိုင်တာက အဆင့်မြင့် နှင်းစက်စိမ်းဆန် ၂၀ ကာတီကြောင့်ပဲ နေမှာ။ ဆန်ရဲ့သတင်း ပေါက်ကြားသွားပြီ”
နောက်ထပ် အကြီးအကဲတစ်ယောက်က မှတ်ချက်ချလိုက်သည်။
တခြားသူများက မည်သည့် တုံ့ပြန်စကားမျှ မဆိုချေ။ သိသာလှစွာပင် အားလုံးသည် ဤအကြီးအကဲ ပြောသည်မှာ မှန်သည်ဟု တွေးလိုက်ကြသည်။ မိုဝူကျိ အဆင့်မြင့် နှင်းစက်စိမ်းဆန်တစ်ကွက် ထုတ်လုပ်နိုင်လိုက်သည့် သတင်းမှာ အချိန်တိုလေးအတွင်း မိုးကောင်းကင်ငယ်ဂိုဏ်း တစ်ခုလုံးအနှံ့ ရောက်ရှိသွားလေပြီ။ အကြီးအကဲ တချို့သည်ပင် နေ့ခင်းဘက်တွင် မိုဝူကျိဆီ လာရန် စီစဉ်ထားကြသည်။ နေ့ပင်မကူးသေးခင် မိုးကောင်းကင်ငယ်ရွာ၏ စီမံရေးမှူး တစ်ခုခု ဖြစ်သွားလိမ့်မည်ဟု မည်သူကများ သိပါ့မည်နည်း။
“မကောင်းတော့ဘူး… မိုဝူကျိကော တစ်ခုခု ဖြစ်သွားနိုင်မလား”
ဟော်ရှန့်သည် နှင်းစက်စိမ်းဆန်ကို မိုဝူကျိ စိုက်ပျိုးထုတ်လုပ်လိုက်ကြောင်းအား ရုတ်တရက် ပြန်တွေးမိသွားသည်။ ဆန် ၂၀ ကာတီအတွက် ကွမ်းကျစ်မှာ အသတ်ခံခဲ့ရသည်ဖြစ်ရာ မိုဝူကျိကော အဆင်ပြေမည်လော။
ကျန့်ချန်ကန်းက ခေါင်းခါလိုက်ပြီး
“မဖြစ်နိုင်ဘူး… မိုဝူကျိရဲ့ကာကွယ်ရေး အစီအရင်ကို ကျုပ်ကိုယ်တိုင် ခင်းကျင်းပေးထားတာ။ ပြီးတော့ အချက်ပေးသံကို မကြားရသေးဘူး”
ထိုသို့ဆိုလျှင်မူ အကြီးအကဲများသည် မိုဝူကျိနေထိုင်ရာ (ဃ) ၇၉ လယ်ကွက်ဆီ အမြန်ဆုံးအရှိန်ဖြင့် အပြေးသွားနေပြီ ဖြစ်သည်။
ကာကွယ်ရေး အစီအရင်အား အထိခံရချိန်တွင် မိုဝူကျိသည် နားမလည်နိုင်သောပုံစံလေးဖြင့် ဖွင့်ပေးလိုက်သည်။ ဟော်ရှန့်၊ ကျန့်ချန်ကန်း နှင့် တခြားအကြီးအကဲများကို မြင်လိုက်သည်နှင့် သူက တလေးတစား ဦးညွှတ်လိုက်ရင်း မေးလိုက်သည်။
“ခန်းမသခင်ဟော်… အကြီးအကဲကျန့်… အကြီးအကဲတို့က…”
ကျန့်ချန်ကန်းက လက်ခါလိုက်ရင်း ပြန်ဖြေလိုက်သည်။
“ဘာရယ်မဟုတ်ပါဘူး။ နောင်ကျရင် ကာကွယ်ရေး အစီအရင်ကို တိုက်ခိုက်ခံရတာနဲ့ ချက်ချင်း အချက်ပေး ခလုတ်ဖွင့်ဖို့ သတိရပါ”
မိုဝူကျိ၏ မျက်နှာပေါ်တွင် နားမလည်သေးဟန်ပေါ်နေသော်လည်း အကြီးအကဲကျန့် ပြောနေသည်ကို သဘောပေါက်ကြောင်း အသိအမှတ်ပြုရန် သူက ရိုရိုသေသေ ထပ်မံ ဦးညွှတ်လိုက်လေသည်။
“ကဲ… ပြန်ကြရအောင်… ကျုပ်တို့ ကွမ်းကျစ်ရဲ့အခန်းကို သွားစစ်ဆေးကြည့်ကြရအောင်”
မိုဝူကျိကို သတိပေးပြီးသည့်နောက် ကျန့်ချန်ကန်းက ကျန်လူများအား ပြောလိုက်သည်။
လူအုပ်ကြီးသည် ကွမ်းကျစ် နေခဲ့သည့် အခန်းထဲသို့ နောက်တစ်ကြိမ် ဆင်းသက်လိုက်ကြပြန်သည်။ နောက်မှ လိုက်လာနေသော ကွမ်းထင်က မနေနိုင်ဘဲ ပြောလိုက်သည်။
“ကွမ်းကျစ်က အဆင့်မြင့် နှင်းစက်စိမ်းဆန် ၂၀ ကာတီကြောင့် အသတ်ခံရတယ်။ တစ်ကွက်လုံး စိုက်ထားတဲ့ မိုဝူကျိကျတော့ ဘာလို့ ဘာမှမဖြစ်တာလဲ”
ကျန့်ချန်ကန်းသည် ကွမ်းထင်ဘက်သို့လှည့်ကာ အသာပြောလိုက်သည်။
“ကွမ်းထင်… မင်း ဘာကို ဆိုလိုချင်နေလဲဆိုတာ ငါသိတယ်။ ကွမ်းကျစ်ဆီမှာ အဆင့်မြင့် နှင်းစက်စိမ်းဆန် ၂၀ ကာတီရှိတယ်ဆိုတဲ့ သတင်းက ပေါက်ကြားသွားလို့ ကွမ်းကျစ် သေသွားရတယ်။ ဒီအချက်တစ်ခုတည်းနဲ့တင် ငါတို့အားလုံးက သံသယရှိသူတွေ ဖြစ်ကုန်ပြီ။ ငါတို့တွေပဲ ဒီသတင်းကို သိကြတာမို့လို့ပဲ။ တစ်ဖက်မှာလည်း မိုဝူကျိက အဆင့်မြင့် နှင်းစက်စိမ်းဆန်တစ်ကွက်လုံး ထုတ်လုပ်လိုက်တယ်ဆိုတာကို သိတဲ့သူ ဘယ်လောက်လောက် ရှိမလဲ။ ဒါ့အပြင် သူ့ဆီမှာ အဆင့်မြင့် နှင်းစက်စိမ်းဆန် သိပ်မကျန်လောက်တော့ဘူးလို့ ငါပြောရဲတယ်။
မိုဝူကျိက လယ်တစ်ကွက်ပဲ စိုက်ပျိုးပြုစုရတာ။ တစ်ကွက်လုံးက အဆင့်မြင့် နှင်းစက်စိမ်းဆန်တွေနဲ့ ပြည့်နေတယ်ဆိုရင်တောင် ဘယ်လောက်များ ရိတ်သိမ်းနိုင်မှာမို့လဲ။ ငါ့စုံစမ်းချက်အရတော့ သူက ဂိုဏ်းထဲက တပည့်တွေဆီ ၂၅ ကာတီ ရောင်းလိုက်တယ်။ ကွမ်းကျစ်ဆီ ၂၀ ကာတီ တင်သွင်းလိုက်တယ်။ ပြီးတော့ ဟော်ရှန့်နဲ့ငါက သူ့ဆီကနေ ၅ ကာတီစီ ရထားတယ်။ ဒါတွေအားလုံးပေါင်းကြည့်လိုက်ရင် ၅၀ ကာတီကျော်နေပြီ။ ကွမ်းထင်… လယ်တစ်ကွက်က နှင်းစက်စိမ်းဆန် ဘယ်လောက်လောက် ထွက်နိုင်မယ်လို့ မင်းထင်လဲ”
နောက်ထပ် အကြီးအကဲတစ်ယောက်က ဝင်ပြောလိုက်သည်။
“အကြီးအကဲကျန့် ပြောတာ ကျုပ်တော့ သဘောတူတယ်။ တကယ်လို့ တစ်ယောက်ယောက်က မိုဝူကျိ နှင်းစက်စိမ်း ဆန်စိုက်နိုင်တာ သိသွားရင်တောင် သူက မိုဝူကျိကို ထိမှာ မဟုတ်ဘူး။ ပထမအချက်က သူက ကွမ်းကျစ်ဆီက ဆန် ၂၀ ကာတီ အရင် ခိုးလိုက်တာကြောင့်မို့လို့ မိုဝူကျိရဲ့ကာကွယ်ရေး အစီအရင်ကို ချိုးဖောက်ဖို့ အချိန်မလောက်တော့လို့။ ဒုတိယအချက်က မိုဝူကျိဆီမှာ နှင်းစက်စိမ်းဆန်တွေ ကျန်နေသေးရင်တောင် သိပ်မများလောက်ဘူးလို့ သူက မှန်းမိလို့ပဲ”
သို့သော် ကွမ်းထင်၏ စိတ်ထဲတွင် အတွေးတစ်ချက် လက်ခနဲဖြစ်သွားသည်။ သူက ကွမ်းကျစ်နှင့်သူ၏ စကားများကို ပြန်စဉ်းစားမိသွားသည်။ ကွမ်းကျစ်သည် သူကိုယ်တိုင်ပင် မယုံနိုင်လောက်သည်အထိ မိုဝူကျိ၏ လယ်ကွက်တွင် ကြောက်ခမန်းလိလိ ထွက်နိုင်စွမ်းရှိသည်ဟု သံသယဝင်မိသည်။ သို့သော် ထိုစဉ်က ကွမ်းထင်သည် သေချာ သတိမပြုမိလိုက်ပေ။ ကွမ်းကျစ် မယုံနိုင်ဖြစ်လောက်သည်အထိ ဆိုလေရာ မည်မျှလောက်များ ဖြစ်နိုင်လေမည်နည်း။ အကယ်၍ မိုဝူကျိ၏ လယ်ကွက်သည် ၅၀ ကာတီထက် အများကြီး ပိုပြီး ထွက်နိုင်စွမ်း ရှိနေပါက မည်သို့ ဖြစ်သွားမည်နည်း။
***