← Chapters

ဂိုဏ်းချုပ် ရှီလင်ယု

Vol. 69 Ch. 958

ဂိုဏ်းချုပ် ရှီလင်ယု

Vol. 69 Ch. 958

ကွမ်းကျစ် သေသွားလျှင်လည်း ရှိစေတော့…

သို့သော် အကယ်၍ မိုဝူကျိသည် အမှန်တကယ်ပင် အဆင့်မြင့်နှင်းစက်စိမ်းဆန် ၅၀ ကာတီကျော်ကို လယ်ကွက်တိုင်းတွင် စိုက်ပျိုးထုတ်လုပ်နိုင်လျှင် သူ့တွင် လျို့ဝှက်တချို့ ရှိကို ရှိနေရမည်။ နှင်းစက်စိမ်း ဆန်ကဲ့သို့ အရာမျိုးကို တစ်စုံတစ်ယောက်အား အတင်း စိုက်ပျိုးပြုစုစေ၍ မဖြစ်နိုင်ပေ။ သို့သော် မိုဝူကျိ၏ နည်းလမ်းများအား ထုတ်ပြောပြစေရန် သူ အတင်း လုပ်နိုင်သည်။

ကွမ်းကျစ်မှာ မိုဝူကျိ လက်ချက်ဖြင့် သေဆုံးသွားခြင်း ကိစ္စကိုကား ကွမ်းထင်က လုံးလုံး မစဉ်းစားမိပေ။ မိုဝူကျိတွင် ကွမ်းကျစ်အား သတ်ရန် ရည်ရွက်ချက်ကြီး ရှိနေလျှင်ပင် ဤရည်ရွယ်ချက်မှာ လုပ်ဆောင်နိုင်စွမ်းရှိဦးမှ ဖြစ်နိုင်ပေမည်။ အကယ်၍ မိုဝူကျိသည် သူက ကွမ်းကျစ်အား သတ်လိုက်ပါသည်ဟု ပြောလာလျှင်ပင် ကွမ်းထင်က ယုံမည် မဟုတ်ပေ။

“ဟင်း… ကြည့်ရတာ ငါတို့ မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ ကာကွယ်ရေး အစီအရင်ကို ထပ်ပြီး ခင်းကျင်းရတော့မယ်နဲ့ တူတယ်။ အဆင့် ၄ နဲ့ မလုံလောက်တော့တာ သိသာနေပြီ။ ဂိုဏ်းချုပ် ပြန်လာတာနဲ့ ငါတို့ အဆင့် ၅ ကာကွယ်ရေး အစီအရင် ခင်းကျင်းဖို့ နတ်ဘုရား အစီအရင်ဘုရင်တစ်ယောက် ရှာရမယ်”

ကျန်လူများက ခေါင်းငြိမ့်ကာ ကျန့်ချန်ကန်းကို သဘောတူလိုက်ကြသည်။

ဟော်ရှန့်၏ အကြည့်က သူ့ဘေးရှိ အတွေးလွန်နေသော ကွမ်းထင်ဆီ ရောက်သွားပြီး သူက ခပ်တင်းတင်း ပြောလိုက်သည်။

“ကွမ်းထင်… ကွမ်းကျစ်ရဲ့ လုပ်ကြံမှုကို စုံစမ်းဖို့ မင်းကို အပ်လိုက်မယ်။ ဘယ်သူလုပ်တာလဲဆိုတာ တတ်နိုင်သမျှ မြန်မြန်ရှာရမယ်။ မိုးကောင်းကင်ငယ်ဂိုဏ်းက သူများတွေနဲ့ ပြဿနာ မဖြစ်ချင်ဘူးဆိုရင်တောင် ဒါက ငါတို့ကို ဘယ်သူမဆို လာအနိုင်ကျင့်လို့ရတယ်လို့ မဆိုလိုဘူး”

“ခန်းမသခင်ဟော် ပြောတာ မှန်တယ်။ ကျုပ်ရဲ့မိုးကောင်းကင်ငယ်ဂိုဏ်းက ဘယ်သူမဆို အနိုင်ကျင့်လို့ရတဲ့ ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ဘူး”

ထိုအခိုက်၌ သိသိသာသာ ပိန်လှီနေသော အညိုရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ဦးက လမ်းလျှောက်ဝင်လာသည်။

ဤလူ ဝင်လာသည်ကို မြင်သည့်အခါ အားလုံးက လေးစားစွာ ဦးညွှတ်လိုက်ကြရင်း

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”

“ကျုပ် ဂိုဏ်းထဲမှာ အဆင့်မြင့်နှင်းစက်စိမ်းဆန် စိုက်နိုင်တဲ့ လူတော်တစ်ယောက် ပေါ်လာတယ်ကြားတာနဲ့ ချက်ချင်း ပြန်လာလိုက်တာ။ ဘယ်သူသိမှာလဲ… ဒီမှာ မှုခင်းလည်း ဖြစ်နေလိမ့်မယ်လို့”

ပိန်လှီနေသောလူက အားလုံးအား ခေါင်းငြိမ့်ပြလိုက်ရင်း အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

ဤသည်မှာ မိုးကောင်းကင်ငယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ရှီလင်ယု ဖြစ်ကာ နတ်ဘုရားဘုရင် အဆင့် ၄ တွင်ရှိသည့် ဂိုဏ်း၏ အားအကောင်းဆုံး ပညာရှင်လည်း ဖြစ်သည်။

“ကွမ်းကျစ်နဲ့မိုဝူကျိ ကြားက ပြဿနာကိုလည်း ကျုပ် ကြားပြီးပြီ။ ဒီလူရဲ့ သေဆုံးမှုက နှမြောနေဖို့ မတန်ပါဘူး။ သူ အသတ်မခံရရင်တောင် ကျုပ်ပြန်ရောက်တာနဲ့ ကျုပ်ကိုယ်တိုင် သတ်ပစ်မလို့။ မိုဝူကျိကော ဘာဖြစ်သွားသေးလဲ”

ရှီလင်ယုက ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ဘဲ တဲ့တိုးသာ ပြောချလိုက်သည်။

“မိုဝူကျိက ဘာမှမဖြစ်ပါဘူး။ ကျုပ်တို့ ခုလေးတင် သူ့ကို သွားကြည့်လာခဲ့တာ”

ကျန့်ချန်ကန်းက မြန်မြန် တုံ့ပြန်လိုက်သည်။ သူက ဂိုဏ်းချုပ်သည် မိုဝူကျိအား အလေးပေးမည်ဟု သိသော်လည်း ဤမျှလောက်အထိ ဖြစ်မည်ဟုတော့ မထင်ခဲ့ချေ။

“ဂိုဏ်းချုပ်… ကျုပ် မိုဝူကျိကို ခုချက်ချင်း လာဖို့ ပြောလိုက်ပါ့မယ်”

ဟော်ရှန့်၏ နောက်ကျောပေါ်တွင် ချွေးစေးများ ထွက်လာသည်။ သူသည် ခန်းမသခင်ရာထူး၌ နှစ်ပေါင်းများစွာ ထိုင်လာခဲ့လေရာ ဂိုဏ်းချုပ်စကားတို့၏ နောက်ကွယ်မှ ဆိုလိုရင်းကို အဘယ်ကြောင့် နားမလည်ဘဲနေပါ့မည်နည်း။ ဤသည်မှာ ဂိုဏ်းချုပ်သည် သူ့အား သဘောမတွေ့တော့ကြောင်း ဆိုလိုနေသည်။

ရှီလင်ယုက အခန်းတစ်ဝိုက် ဝှေ့ကြည့်လိုက်ပြီး အသာပြောလိုက်သည်။

“ကျုပ် ပြောချင်တာ အားလုံးက အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်နိုင်တဲ့ မိုဝူကျိကို လျစ်လျူရှုထားကြတယ်။ ခင်ဗျားတို့က ကွမ်းကျစ်လိုလူဆီ မိုဝူကျိကို အလျော့ပေးခိုင်းရုံတင် မကဘူး… သူ့ကို အန္တရာယ်တွင်းထဲကိုပါ တွန်းပို့လိုက်သေးတယ်”

ဤနေရာအရောက်တွင် ရှီလင်ယု၏ လေသံမှာ ပိုတင်းမာလာပြီး

“ကျုပ်တို့ နတ်ဘုရားကုန်းမြေက နတ်ဘုရားနယ်မြေထက်စာရင် ပိုင်နက် နယ်မြေအရကော မိုးမြေထဲက ဝိညာဉ်စွမ်းအင်ပေါကြွယ်ဝမှုမှာပါ သာနေတာမျိုး ရှိသလား။ မရှိဘူးလေ။ သာနေတာ တစ်ခုမှ မရှိဘူး။ အဲ့ဒီအစား နတ်ဘုရားကုန်းမြေမှာ ကျင့်ကြံသူတွေကို ပိုမြင့်တဲ့ ကျင့်ကြံဆင့်တွေ ရောက်ရှိနိုင်စေတဲ့ နှင်းစက်စိမ်းဆန်တွေ ရှိတယ်။ မိုဝူကျိ ဘယ်က ရောက်လာတာလဲ ကျုပ်မသိဘူး။ ဒါပေမဲ့ သူက အဆင့်မြင့် နှင်းစက်စိမ်းဆန်တွေ စိုက်ထုတ်နိုင်တယ်ဆိုတော့ သူက မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ အဖိုးတန်ရတနာတွေထဲက တစ်ခု ဖြစ်သွားပြီ။ အဲ့ဒါကို ခင်ဗျားတို့အားလုံး မိုဝူကျိကို ဆက်ဆံတဲ့ပုံစံက အရမ်းကို လျစ်လျူရှုထားရာ ကျနေတယ်။

ဟော်ရှန့်… မင်းလုပ်ရမှာက မိုဝူကျိကို ဒီနား ဆင့်ခေါ်ရမှာ မဟုတ်ဘူး… ကျုပ်တို့အားလုံး သူ့ဆီ သွားရမှာ။ ပြီးတော့ နေ့လည်က မိုဝူကျိရဲ့ပြဿနာကို မင်းဖြေရှင်းတာ အရမ်းပေါ့လျော့လွန်းတယ်။ မိုဝူကျိကို ဘယ်လိုမှ မတတ်နိုင်စေဘဲ ကွမ်းကျစ်ကို ချမ်းသာပေးစေခဲ့တဲ့ အထိပဲ။ တကယ်လို့ မိုးကောင်းကင်ငယ်ဂိုဏ်းဟာ ခုလို ဆက်လုပ်နေမယ်ဆိုရင် ကျုပ်တို့ ဘယ်လိုလုပ် အဆင့်မြင့် နတ်ဘုရားမြေဆီကို သွားနိုင်တော့မှာလဲ”

“ဟော်ရှန့် အမှားကို သိပါပြီ”

ဟော်ရှန့်၏ သတ်ဖြတ်ငွေ့မှာ အလွန်ပြင်းထန်နေသော်လည်း ဂိုဏ်းချုပ် ရှီလင်ယုရှေ့တွင်တော့ သူသည် တုပ်တုပ်မျှ မလှုပ်ရဲချေ။

ယခုမှ ရှီလင်ယု၏ လေသံမှာ နွေးထွေးလာကာ ဟော်ရှန့်ကို ဆက်ပြောလိုက်သည်။

“စည်းကမ်းရေးရာခန်းမထဲက အရှုပ်အထွေးတွေအားလုံးကို ကျုပ်သိတယ်။ အဲ့ဒီ မဟုတ်တာတွေ အကုန်လုံးကို ရပ်ပစ်ပြီး စည်းကမ်းရေးရာခန်းမ တစ်ခုလုံးကို ရှင်းပစ်ဖို့ ကျုပ် မင်းကို အချိန်တစ်ခု ပေးမယ်”

“အမိန့်နာခံလျက်ပါ”

ဟော်ရှန့်၏ နောက်ကျောတွင်ကား ချွေးစေးများနှင့် ရွှဲနေလေပြီ။ သူ၏ လုပ်ရပ်သေးသေးလေးများကို ဂိုဏ်းချုပ်က အစောပိုင်းကတည်းက သိနေလျက်နှင့် ဘာမှမပြောဘဲ သူအသိပြန်ဝင်လာမည့် အချိန်ကို စောင့်နေမည်မှန်း လုံးဝ မသိခဲ့ချေ။

ရှီလင်ယုက ကွမ်းထင်ဘက် မျက်နှာမူလိုက်ပြီး ထပ်ပြောလိုက်သည်။

“မင်းကတော့ ဂိုဏ်းအပြင်နယ်မြေကို သွားပြီး အဲ့ဒီ့က ကျုပ်တို့ရဲ့စီးပွားရေး လုပ်ငန်းတွေမှာ သွားအလုပ်လုပ်ရမယ်။ နောက်နောင်လည်း ဂိုဏ်းနဲ့ပတ်သက်တဲ့ ဘယ်ကိစ္စကိုမှ မင်းဝင်ပါစရာ မလိုတော့ဘူး။ ကွမ်းကျစ်ရဲ့ အသတ်ခံရမှုနဲ့ပတ်သက်ပြီး သူက သေသင့်ပေမဲ့လည်း ဂိုဏ်းကတော့ စုံစမ်းဖို့ လူလွှတ်ပေးမှာပါ”

“အမိန့်နာခံလျက်ပါ”

ကွမ်းထင်၏ ရင်ထဲတွင် အတော်လေး အေးခဲသွား၏။ စည်းကမ်းရေးရာခန်းမဆီ ပြန်လာရန်အတွက် သူ့မှာ မျှော်လင့်ချက် လုံးလုံး မရှိတော့မှန်း သူသိလိုက်သည်။ ပြင်ပနယ်မြေများရှိ စီးပွားရေးလုပ်ငန်းများတွင် လုပ်ရန် အပြစ်ပေးခံရခြင်းမှာ ဂိုဏ်းတွင် ကိစ္စကြီးကြီးမားမား မဖြစ်ပွားပါက သူသည် ထိုနယ်မြေတွင်သာ ဆက်လက် နေထိုင်သွားရတော့မည်ဟု ဆိုလိုပေသည်။

“အကြီးအကဲရှစ်၊ အကြီးအကဲကျန့်နဲ့ ကျုပ်က မိုဝူကျိကို အတူသွားကြည့်ကြတာပေါ့။ ခန်းမသခင်ဟော်နဲ့ အကြီးအကဲမင်… ခင်ဗျားတို့နှစ်ယောက်က လူတစ်စုခေါ်ပြီး ကွမ်းကျစ်ရဲ့အသတ်ခံရမှုကို စုံစမ်းဖို့ ချက်ချင်း လုပ်ပါ”

ရှီလင်ယုက အားလုံးကို အချက်ကျကျ စီမံညွှန်ကြားလိုက်သည်။

………………

ဤပြဿနာကို သူ့ဆီ ခြေရာခံတွေ့နိုင်မည်လောဟု မိုဝူကျိက စဉ်းစားသုံးသပ်နေစဉ်၌ သူ၏ကာကွယ်ရေး အစီအရင်မှာ နောက်တစ်ကြိမ် အထိခံလိုက်ရပြန်သည်။ ဤသည်က သူ့အား စိတ်ပူသွားစေ၏။ နည်းလမ်းကျကျ ဆိုရလျှင် သူ့အစီအစဉ်မှာ စိတ်ချရသည်ဖြစ်ရာ အဘယ်ကြောင့်များ အကြီးအကဲရှန့်က လာနေသေးသနည်း။

ကာကွယ်ရေးအစီအရင်ကို ဖွင့်ပေးပြီးနောက် မိုဝူကျိသည် ဟော်ရှန့်ကို မမြင်မိသဖြင့် အနည်းငယ် စိတ်အေးသွားသည်။ ဟော်ရှန့် ရှိမနေသည်က သူ အဆင်ပြေနေသေးသည်ဟု ဆိုလိုပေသည်။

“မိုဝူကျိ… ဒါက မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”

မိုဝူကျိကို မြင်သည်နှင့် ကျန့်ချန်ကန်းက ချက်ချင်း မိတ်ဆက်ပေးလိုက်၏။

မိုဝူကျိ တုံ့ပြန်သည်ကို စောင့်မနေတော့ဘဲ ရှီလင်ယုက ပြုံးကာပြောလိုက်သည်။

“မိုဝူကျိ… မင်းက မိုးကောင်းကင်ငယ်ဂိုဏ်းထဲ မဝင်ရသေးပေမဲ့ ကျုပ်မျက်လုံးထဲမှာတော့ မင်းက ကျုပ်တို့ ဂိုဏ်းသား ဖြစ်နေပါပြီ။ မင်းသာ ဆန္ဒရှိမယ်ဆို မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ အကြီးအကဲတောင် ချက်ချင်း လုပ်လို့ရတယ်။ ကျုပ်နာမည်က ရှီလင်ယု။ မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ပေါ့ကွာ။ အရင်တုန်းက ကျုပ် ကိစ္စတစ်ချို့ ဖြေရှင်းစရာရှိလို့ နတ်ဘုရားကုန်းမြေရဲ့ အပြင်ဘက်ကို ရောက်နေတာ။ ဒါကြောင့် မင်းသတင်းတွေကြားပြီး ကျုပ်ပြန်လာတဲ့အချိန်ကျတော့ ကျုပ် နည်းနည်းလေး နောက်ကျသွားတယ်”

ထိုစကားများကို ကြားသောအခါ မိုဝူကျိ၏ စိတ်ထဲတွင် အံ့သြမိသွားသည်။ ကောင်းကင်လူသားဂိုဏ်းမှာတုန်းက ဘိုးဘေးသည် အလွန် ချဉ်းကပ်ရလွယ်ကူသည်ဟု ခံစားမိခဲ့သည်။ သို့သော် ယခု ဤရှီလင်ယုသည်ကား ကောင်းကင်လူသားဂိုဏ်း၏ ဘိုးဘေးထက်ပင် ပို၍နွေးထွေးစွာ ပြောဆိုနေကာ မိုဝူကျိကို သူနှင့်တန်းတူထား ဆက်ဆံနေလေသည်။

“လယ်သမား မိုဝူကျိက  ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”

ရှီလင်ယုက သူ့အပေါ် အလွန်ပျူငှာနေသော်လည်း မိုဝူကျိသည် သူနှင့် အရမ်းကြီးရင်းနှီးတဝင် မဆက်ဆံဝံ့ပေ။

ရှီလင်ယုက လက်သာ ခါပြလိုက်ကာ

“ခုနက ကျုပ်ပြောတာကို မင်းဘယ်လိုသဘောရလဲ”

မိုဝူကျိသည် မိုးကောင်းကင်ငယ်ဂိုဏ်းထဲ ဝင်ဖို့ တစ်ခါမျှ မစဉ်းစားဖူးပေ။ ထို့ကြောင့် သူက မြန်မြန် ပြန်ဖြေလိုက်သည်။

“ဂိုဏ်းချုပ်ရဲ့ချီးမြောက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့အနှစ်သက်ဆုံးအလုပ်က နှင်းစက်စိမ်း ဆန်စိုက်တာပါ။ ဒါကြောင့်မို့လို့ ကျုပ် တခြားကိစ္စတွေကို စိတ်မဝင်စားပါဘူး။ ဂိုဏ်းအကြီးအကဲလည်း လုပ်ဖို့ စိတ်မဝင်စားပါဘူးဗျာ။ ကျုပ်ရဲ့အချိန်တွေအားလုံးကို နှင်းစက်စိမ်းဆန်ကို ဘယ်လိုစိုက်ပျိုးရမလဲဆိုတာ သုတေသနလုပ်ခြင်းနဲ့ ကျင့်ကြံခြင်းတို့အပေါ်မှာပဲ ပုံအောထားတာပါ”

စိတ်ပျက်သွားသော အကြည့်တစ်ချက်က ရှီလင်ယု၏ မျက်လုံးများတွင် ဖြတ်ပြေးသွားကာ သူက ပြောလိုက်သည်။

“ဝူကျိ… မင်းရဲ့ပါရမီက ထူးခြားတယ်။ မင်းရဲ့သတင်းတွေ ပျံ့သွားတာနဲ့ လူတချို့က မင်းကို ပြဿနာလာရှာမှာ ကျုပ်စိုးရိမ်မိတယ်”

မိုဝူကျိက နားမလည်နိုင်သောပုံစံဖြင့် ပြန်ပြောလိုက်သည်။

“ကျုပ်က အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်တာက ကျုပ်မှာ ဒီအတွက် မွေးရာပါ ဆဌမအာရုံ ပါလာလို့လေ။ ဘယ်အချိန် မြေသြဇာထည့်ရမလဲ၊ ဘယ်အချိန် နတ်ဝိညာဉ်စွမ်းအားကို ပိုတိုးပေးရမလဲ၊ ဘယ်အချိန် နှင်းစက်စိမ်းစပါးရိုးတံကို တခြားနေရာ ရွေ့ပြောင်းစိုက်ရမလဲ၊ အဲ့ဒါတွေကို ကျုပ်သိတယ်။ ဒီအရည်အချင်းတွေက မွေးရာပါတွေလေ။ အဲ့ဒီတော့ သူတို့တွေ ကျုပ်ကို တစ်ခုခု လုပ်မယ်ဆိုရင်တောင် သူတို့တွေအတွက် ဘာအကျိုးမှရမှာ မဟုတ်ပါဘူး”

“နှင်းစက်စိမ်း စပါးပင်တွေက ရွေ့ပြောင်း စိုက်ရသေးတယ်လား”

ရှီလင်ယုက အံ့သြသွားကာ မေးလိုက်သည်။

မိုဝူကျိက အလွန်လေးနက်စွာ ဖြေကြားလိုက်သည်။

“ဟုတ်ပါတယ်… ဒါပေမဲ့ သူတို့တွေကို ဘယ်အချိန်မှာ ရွေ့ပြောင်းစိုက်ရမလဲဆိုတာနဲ့ ဘယ်အပင်တွေက ရွေ့ပြောင်းဖို့လိုအပ်နေတာလဲဆိုတာရဲ့ နောက်မှာ နည်းပညာ ရှိတယ်။ ကျုပ်တောင် အာရုံခံမိတဲ့အတိုင်း လိုက်လုပ်ရတာ”

“သြော်… ဒါကြောင့်ကိုး… မထူးဆန်းပါဘူး…”

ရှီလင်ယုက အံ့အားသင့်စွာ ပြောလိုက်သည်။ သူက မိုဝူကျိ ပြောပြသည်များကို သံသယမဝင်ပေ။ မိုဝူကျိ၏ သီအိုရီမှာ ယုံချင်စရာ အတော်ကောင်းနေသောကြောင့် ဖြစ်သည်။

ခဏတာ ငြိမ်နေပြီးမှ ရှီလင်ယုက ဆက်ပြောလိုက်သည်။

“ဝူကျိ… ကျုပ် မိုးကောင်းကင်ငယ်ရွာရဲ့ ကာကွယ်ရေးအစီအရင်ကို ထပ်မံခင်းကျင်းဖို့ အဆင့် ၅ နတ်ဘုရား အစီအရင်ဆရာကို ဖိတ်မလို့။ တစ်ချိန်တည်းမှာပဲ နောက်ထပ် နတ်ဝိညာဉ်သွေးကြောကို ထပ်ထည့်ပြီး အကြီးအကဲတစ်ယောက်ကို ဒီနေရာမှာ စောင့်ကြည့်ခိုင်းမယ်။ မင်းမှာ ပြဿနာတစ်စုံတစ်ရာ ရှိလာရင် အကူအညီတောင်းဖို့ အကြီးအကဲဆီ တိုက်ရိုက် ချဉ်းကပ်နိုင်တယ်”

“ကျေးဇူးအများကြီးတင်ပါတယ်… ဂိုဏ်းချုပ်”

ဤဂိုဏ်းချုပ်သည် အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို အလွန် အရေးထားကြောင်း မိုဝူကျိက ကြားထားသည်။ ထို့ကြောင့် ဤအတိုင်းအတာတို့က သူ့အတွက် တကယ် အကျိုးရှိစေ၏။ သူ့လုံခြုံရေးအတွက် ဤနေရာ၌ အချိန်ကာလတို တစ်ခုစာလောက် နေထိုင်ခြင်းက ပိုကောင်းပေလိမ့်မည်။

“ဆရာမို… ခင်ဗျားက အဆင့်မြင့် နှင်းစက်စိမ်းဆန်တစ်ကွက် စိုက်ပျိုးထုတ်လုပ်နိုင်တယ်ဆိုတော့ အဲ့ဒီ့ထက်ပိုပြီးကော စိုက်ပျိုးနိုင်သလား”

ဂိုဏ်းချုပ်နှင့်အတူ လိုက်လာသော အကြီးအကဲရှစ်က မိုဝူကျိအား “ဆရာမို” ဟု ချက်ချင်း ခေါ်ဝေါ်လိုက်လေသည်။

ဂိုဏ်းချုပ်က မိုဝူကျိအား မည်မျှ အလေးထားကြောင်း သူ ကောင်းကောင်း သိသွားလေရာ သူတို့ကြားမှ ဆက်ဆံရေး ပိုမိုကောင်းမွန်လာအောင် လုပ်သင့်သည့် အချိန်အခါ ဖြစ်ပေသည်။

“ဒါကတော့ မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ ပဉ္စမမြောက်အကြီးအကဲ ရှစ်ယီလေ”

ရင်းနှီးနေနှင့်ပြီးသား ကျန့်ချန်ကန်းက နောက်တစ်ကြိမ် ထပ်မံ၍ မိတ်ဆက်ပေးလိုက်ပြန်သည်။

သိသိသာသာ အတော်လေး အနေခက်စွာ မိုဝူကျိက တုံ့ပြန်လိုက်သည်။

“အကြီးအကဲရှစ်ကို ဂါရဝပြုပါတယ်။ ကျုပ်ရဲ့လက်ရှိအရည်အချင်းနဲ့ လယ်တစ်ကွက်ကတင် တော်တော်များနေပါပြီ။ လယ်မြေတွေ ထပ်ပေးမယ်ဆိုရင်တောင် ကျုပ် ဆန်တွေ ပိုစိုက်နိုင်မှာ မဟုတ်ပါဘူး”

မိုဝူကျိအတွက် သူ ဤနေရာ၌ နေနေသည်မှာ နှင်းစက်စိမ်းဆန် စိုက်ရန် သက်သက် မဟုတ်ချေ။ သူ့ကျင့်ကြံဆင့်ကိုလည်း တိုးတက်ချင်သေးသည်။

ရှီလင်ယုက လက်ခါလိုက်ကာ

“ဝူကျိရဲ့ သဘောအတိုင်းပဲ လုပ်ကြရအောင်ပါ။ ကျုပ်တို့ သူ့ကို ဖြည့်ဆည်းပေးနိုင်တာရှိရင် ဖြည့်ဆည်းပေးလိုက်မယ်။ ဝူကျိ… လောလောဆယ်တော့ ဂိုဏ်းဆီ အဆင့်မြင့် နှင်းစက်စိမ်းဆန် တင်သွင်းဖို့ ဖိအားတွေ မင်းကို မပေးသေးဘူး။ မင်းရဲ့အချိန်တွေ အားလုံးကို ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ကို သုတေသနလုပ်ဖို့ သုံးနိုင်တယ်။ မင်း ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် စိုက်နိုင်သွားတာနဲ့ ကျုပ်ကို ချက်ချင်း သတင်းပို့ပါ”

“တပည့် မှတ်ထားပါ့မယ်”

ဤဂိုဏ်းချုပ်သည် အမှန်ပင် အလွန်ရက်ရောလှသည်ဟု မိုဝူကျိက တွေးလိုက်သည်။

“စောစောနားတော့။ မင်းရဲ့ခွင့်ပြုချက် မပါဘဲ ဘယ်သူမှ မင်းကို လာတွေ့ခွင့်မရှိဘူးလို့ အမိန့်ပေးထားလိုက်မယ်”

ရှီလင်ယုက ဤစကားကို သုံး၍ မိုဝူကျိ၏ ရာထူးကို အတည်ပြုလိုက်လေ၏။

……………

အားလုံးက ဂိုဏ်းချုပ် ပြောသည့်အတိုင်း လိုက်နာကြသဖြင့် မိုဝူကျိ၏ လယ်ကွက်မှာ အတော်လေး ငြိမ်းချမ်းတိတ်ဆိတ်သွား၏။ အကယ်၍ အကြီးအကဲများက သူ့အား တွေ့ချင်ပါက ကြိုတင်အသိပေးရန် လိုလေသည်။ ယင်းရှုရှုနှင့်အပေါင်းအပါများကဲ့သို့ ယခင်က သူနှင့်တွေ့ခဲ့ဖူးသော တခြားလူများသည်လည်း သူူ့ပိုင်နက်နယ်မြေထဲသို့ ယခင်လို အသာလေး ဝင်လာ၍ မရတော့ပေ။

လဝက်ကြာပြီးနောက် ဂိုဏ်းချုပ်ရှီလင်ယု ပြောသည့် ထပ်တိုး နတ်ဝိညာဉ်သွေးကြော ထပ်ထည့်မည့် ကိစ္စမှာ မည်သည်ကို ဆိုလိုမှန်း မိုဝူကျိ နားလည်သွားလေသည်။ နတ်ဝိညာဉ်သွေးကြောအား သူ့ (ဃ) ၇၉ လယ်ကွက်အောက်တည့်တည့်တွင် ထားထားကာ ထိုသွေးကြောကို မိုဝူကျိ တစ်ကိုယ်ရည် အသုံးပြုရန်အတွက် ထားပေးထားခြင်း ဖြစ်လေသည်။ အင်မတန်သိပ်သည်းသော နတ်ဝိညာဉ်စွမ်းအားတို့က အောက်မှ ထိုးထွက်လာကြကာ ဤသည်မှာ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ဖြစ်ကြောင်း မိုဝူကျိက အတပ် သိလိုက်သည်။

ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင်မှ သူ ကြိုးကြိုးစားစား မကျင့်ကြံပါက သူ့ကိုယ်သူ စိတ်ပျက်စေမိလိမ့်မည်။

နှင်းစက်စိမ်းဆန် တစ်ကွက်စာ စိုက်ပျိုးပြီးသည့်နောက် မိုဝူကျိသည် အပင်များကို ဂရုစိုက်နေရင်း တစ်ဖက်၌လည်း စိတ်ကောကိုယ်ပါ အားသွန်ခွန်စိုက် ကျင့်ကြံနေလေသည်။

ဤတစ်ကြိမ်တွင်ကား နှစ်သန်းတစ်ထောင် အင်မော်တယ် သစ်သားအဆီအနှစ်တို့ကို မသုံးတော့ချေ။ ထိုအစား အဆင့်မြင့် နှင်းစက်စိမ်းဆန်မျိုးစေ့များကို သုံးကာ ၎င်းတို့ကို အရည်အသွေး ပိုကောင်းသော အရွက်ငါးလွှာမြက်တွင် ကိုင်းကူး ဆက်လိုက်သည်။

အောက်တည့်တည့်တွင် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောတစ်ခု ရှိနေလေရာ စွမ်းအားစုဝေးရေး အစီအရင် စက်ဝိုင်းပြားများကို သုံးစရာ မလိုတော့ချေ။ နှင်းစက်စိမ်းစပါးပင်များအား ရွေ့ပြောင်းသည့်အကြိမ်အရေမှာလည်း ပိုမိုများပြားလာလေ၏။

လိုအပ်နေသည့် သဘာဝဓာတ် အမျိုးအစားရှိလာသရွေ့ သူက နှင်းစက်စိမ်း စပါးရိုးတံကို ကိုင်းကူးလိုက်ပြီး သာမန် သဘာဝစွမ်းအား စုဝေးရေးအစီအရင်တစ်ခု ခင်းကျင်းလိုက်သည်။ ရှီလင်ယုသည် သူ့အပေါ် ကောင်းကောင်း ဆက်ဆံသောကြောင့် မိုဝူကျိသည် ရှီလင်ယုအတွက် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် ကူစိုက်ပေးသည်မှ ဖြစ်သင့်သည်ဟု ခံစားမိသည်။

***

All Chapters