ပင်မဂိုဏ်းမှလူများ ရောက်ရှိလာခြင်း
Vol. 69 Ch. 959
အစောပိုင်း၌ အကြီးအကဲတချို့နှင့် အရေးပါသော ဂိုဏ်းသားတချို့က မိုဝူကျိဆီ လာလည်ကြသေးသည်။ သို့သော် သူ့ပုံစံမှာ သိပ်ကြိုဆိုနေပုံ မပေါ်သည်က တစ်ကြောင်း၊ သူ့တွင် အဆင့်မြင့် နှင်းစက်စိမ်းဆန် မကျန်တော့သည်က တစ်ကြောင်း၊ ထိုအကြောင်းတို့ကြောင့် လာလည်သည့် လူအရေအတွက်မှာ တဖြည်းဖြည်းချင်း လျော့နည်းလာလေ၏။ မိုဝူကျိသည် နှင်းစက်စိမ်း ဆန်စိုက်ရာတွင် အလွန်ထူးချွန်သော်လည်း လူအုပ်နှင့် ပျော်ပျော်နေတတ်သူ မဟုတ်ကြောင်း အားလုံးက သဘောပေါက်ကြလေသည်။
တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ် ရှီလင်ယု၏ တင်းကျပ်မှုအောက်တွင် မိုဝူကျိ၏ အဆင့်မြင့်နှင်းစက်စိမ်းဆန် ထုတ်လုပ်နိုင်သည့် အရည်အချင်းသတင်းမှာ ဂိုဏ်းအပြင်ထိ ပျံ့မသွားပေ။
မိုဝူကျိကလည်း စတင်၍ သိုသိုသိပ်သိပ်နေလာသည်။ နှင်းစက်စိမ်း စပါးပင်များအား ပုံမှန်ကိုင်းကူးစိုက်ခြင်းဖြင့် သူက စိတ်ဝင်စရာ အခြေအနေတစ်ရပ်ကို ရှာဖွေတွေ့ရှိထား၏။ နှင်းစက်စိမ်း ဆန်မျိုးစေ့၏ အပိုင်းတစ်ပိုင်းသည် မည်မျှပင် ကိုင်းကူးစိုက်ပါစေ ဓာတ်ကြီးငါးပါး ညီမျှလာခြင်း လုံးလုံး မရှိပေ။
ထိုအကြောင်းကြောင့် ဓာတ်ကြီးငါးပါး မညီသောအပင်များကို တစ်နေရာသို့ ရွေ့ထားကာ ဓာတ်ကြီးငါးပါး ညီသောအပင်များအား တခြားတစ်နေရာသို့ ရွေ့ထားလိုက်ရသည်။
သိပ်သည်းနေသော နတ်ဝိညာဉ်စွမ်းအားအတွင်း နှင်းစက်စိမ်း စပါးပင်များသည် တိုး၍တိုး၍ သန်မာဖွံ့ဖြိုးလာလေရာ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော၏ အသုံးဝင်မှုသည် ဤအချိန်၌ သိသာထင်ရှားလာသည်။
ပထမဆုံးအကြိမ် အပင်စိုက်ပြီးသည့်နောက်တွင် မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ ဘယ်တော့မှ ထပ်မံ မရပ်တန့်နေတော့ပေ။ ကျင့်ကြံခြင်း အရင်းအမြစ်များအတွက်ကား သူ့ခြေထောက်အောက်တွင် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောတစ်ခုလုံး ရှိပေသည်။ ထိုအရာတွေထက် သူက နှင်းစက်စိမ်း ဆန်ကို ရံဖန်ရံခါ ချက်စားသေးလေရာ သူ၏ လက်ရှိ နတ်ဘုရားစွမ်းအင်စုပ်ယူနှုန်းမှာ ကြောက်ခမန်းလိလိ ဖြစ်၏။
ကံကောင်းစွာပင် ဤနေရာမှာ မိုးကောင်းကင်ငယ်ရွာထဲတွင် ဖြစ်နေသည်။ ထို့အပြင် ဂိုဏ်းချုပ် ရှီလင်ယုက အဆင့် ၅ နတ်ဘုရားအစီအရင်ဘုရင်ကို ဖိတ်ကြားကာ ခင်းကျင်းစေခဲ့သော အဆင့် ၅ ကာကွယ်ရေး အစီအရင်လည်း ရှိနေသည်။ သို့မဟုတ်ပါက မိုဝူကျိ၏ အဆင့် ၄ ကာကွယ်ရေး အစီအရင်၏ အပြင်ဘက်ရှိ နတ်ဝိညာဉ်စွမ်းအား ဝဲကတော့ပုံစံတစ်ခုကို တစ်ယောက်ယောက်၏ စိတ်စွမ်းအားက သတိပြုမိသွားနိုင်ပေသည်။
မိုးကောင်းကင်ငယ်ရွာအား စောင့်ကြပ်ရသော အကြီးအကဲဖြစ်သူ အကြီးအကဲရှစ်ယီသည်ကား ဤဝဲကတော့ပုံစံ နတ်ဘုရားဝိညာဉ်စွမ်းအားကို မြင်နေရသည်မှာ ရိုးတောင်နေပြီ ဖြစ်၏။ ထူးထူးခြားခြား ဖြစ်စဉ်ဟူ၍ မရှိပါက အဆင့်မြင့်နှင်းစက်စိမ်းဆန်ကို မည်ကဲ့သို့ စိုက်ပျိုးနိုင်ပါ့မည်နည်း။
သူ၏ နှလုံးအခြေအနေအတွက် မည်သည့်ပိတ်ဆို့မှုမျှမရှိဘဲ ဤကဲ့သို့ ကျင့်ကြံရန် အကောင်းဆုံး အနေအထားများနှင့် လအနည်းငယ် အချိန်တိုအတွင်း၌ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ ကနဦးနတ်ဘုရား အဆင့် ၄ မှ အဆင့် ၅ သို့ တိုးတက်သွားလေသည်။ သူ့ကျင့်ကြံဆင့် တိုးတက်လာစဉ် တာ့ဟွမ်သည်လည်း ကနဦးနတ်ဘုရား အဆင့် ၅ သို့ ရောက်ရှိကာ ရွိုက်ကောက ကနဦးနတ်ဘုရား အဆင့် ၃ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားလေ၏။
ဤအချိန်၌ သူ၏ နှင်းစက်စိမ်းဆန် ဒုတိယမြောက် အသုတ်သည်လည်း ကောက်ရိတ်ရန် အသင့် ဖြစ်နေလေပြီ။
ရွှေရောင်စစ်စစ် စပါးစေ့များအား ကောက်ရိတ်သိမ်းလိုက်ချိန်တွင်ကား မိုဝူကျိသည် သူ့ဒုတိယမြောက်အသုတ်တွင် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်မျိုးစေ့များကို ထုတ်လုပ်လိုက်နိုင်ကြောင်း သိလိုက်သည်။
ဓာတ်ကြီးငါးပါး မညီမျှသော အပင်များသည် မိုဝူကျိ ခန့်မှန်းထားသကဲ့သို့ အဆင့်မြင့် နှင်းစက်စိမ်း ဆန်မျိုးစေ့များကိုသာ ထုတ်လုပ်နိုင်သည်။
ဤနှင်းစက်စိမ်းဆန် ဒုတိယမြောက်အသုတ်အား စိုက်ပျိုးခြင်းဖြင့် မိုဝူကျိသည် အတွေ့အကြုံတချို့ ရရှိလိုက်သည်။ အကယ်၍ သူက ဤထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်မျိုးစေ့များကို သုံး၍ တတိယအသုတ်ကို စိုက်ပျိုးလိုက်ပါက သူ့အပင်များသည် အရည်အသွေး ပိုကောင်းလာပေလိမ့်မည်။ ဤဖြစ်စဉ်တွင် သူက စပါးပင်များ၏ မကောင်းသောဗီဇများကို ဖယ်ရှားပစ်ကာ ကောင်းသော ဗီဇများကိုသာ လွှမ်းမိုးအောင်နိုင်စေမည်။
ထို့ထက် အဘယ်ကြောင့် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်အား ပုံမှန်အားဖြင့် ထုတ်လုပ်၍ မရနိုင်ကြောင်းကိုလည်း သူ သိသွားသည်။ အကယ်၍ သူ့၌ ဝိညာဉ်ကြောများရှိနေပါက သူသည် ထိပ်တန်းအဆင့်ဆန်ကို စိုက်ပျိုးနိုင်မည် မဟုတ်ချေ။
ဝိညာဉ်ကြောရှိသည့် လူဘယ်လောက် များများကများ သူ့လို လိုက်လုပ်နိုင်ကာ နှင်းစက်စိမ်းစပါးပင်၏ ရိုးတံသည် ဓာတ်ကြီးငါးပါးမှ မည်သည့်ဓာတ် ချို့တဲ့နေသည်ကို အထိတစ်ချက်ဖြင့် အာရုံခံနိုင်မည်နည်း။ သို့ဖြစ်ရာ ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် ထုတ်မည့်အကြောင်း ပြောနေစရာ မလိုတော့ပေ။
ဝိညာဉ်ကြော မရှိသော လူသားများအတွက်မူ သူတို့သည် သူ လုပ်နိုင်သလို ဓာတ်ကြီးငါးပါးအား အာရုံခံနိုင်မည် မဟုတ်ပေ။
ဤအတွင်းသဘောများမှာ မိုဝူကျိ စိုက်ပျိုးသော နှင်းစက်စိမ်းဆန် နှစ်သုတ်မှ ရရှိလာခြင်းဖြစ်သည်။ ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ထက် ပိုအဆင့်မြင့်သော နှင်းစက်စိမ်းဆန် အမျိုးအစားရှိမည်ဟုလည်း သူက သံသယဝင်မိသည်။ ဤသည်ကား မိုးမြေမူလ အရင်းခံ စည်းမျဉ်းအမျိုးအစားအစုံပါသော နှင်းစက်စိမ်းဆန်ပင် ဖြစ်၏။ သို့သော် ထိုအရာမှာ သူ၏ လက်ရှိအခြေအနေမှ အင်မတန် အလှမ်းဝေးနေသေးသည်။
ဤသည်မှာ နှင်းစက်စိမ်း ဆန်အပေါ် မိုဝူကျိ ရရှိသော အတွင်းသဘောသာ ရှိသေးသည်။ စပါးစိုက်ရင်းဖြင့် သူ့နှလုံးအခြေအနေမှာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာကာ သူ့ထာဝရကမ္ဘာငယ်၏ ပြဿနာဖြစ်သည့် တခြား တာအိုစည်းမျဉ်းတစ်ခုကို သူ အာရုံခံမိနိုင်လာသည်။ ဤပြဿနာမှာ သူ့ထာဝရကမ္ဘာငယ်က မူလဓာတ်လုံးငါးမျိုး အကုန်လုံးကို မစုစည်းနိုင်၍ မဟုတ်ဘဲ တခြားကိစ္စတစ်ခုကြောင့် ဖြစ်လေသည်။
ဤပြဿနာသည် သူ့အနာဂတ် အလားအလာကိုပင် ကန့်သတ်ထား၏။ အကယ်၍ ဤအရာကို မြန်မြန် မဖြေရှင်းပါက သူ့အမြင့်ဆုံး အောင်မြင်မှုမှာ နတ်ဘုရားဘုရင်ထက် အနည်းငယ်လေးသာ ကျော်နိုင်ပေလိမ့်မည်။
စိတ်မကောင်းစရာပင် သူ၏ နှင်းစက်စိမ်းဆန်သည် အလွန်လျင်မြန်စွာ ကြီးထွားလာသည်။ ထို့ကြောင့် သူ့ထာဝရကမ္ဘာလေး ဘာမှားနေသည်အား အပြည့်အဝ နားလည်ရန် အချိန်မရလိုက်ချေ။
ဒုတိယမြောက် ရိတ်သိမ်းမှုတွင် မိုဝူကျိသည် ၁၆၀ ကာတီ စုဆောင်းမိသည်။ ထိုထဲမှ ၉၀ ကာတီမှာ ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် မျိုးစေ့များဖြစ်ကာ ၇၀ ကာတီမှာ အဆင့်မြင့် နှင်းစက်စိမ်းဆန်မျိုးစေ့များဖြစ်သည်။ အလယ်အလတ်နှင့် အဆင့်နိမ့် နှင်းစက်စိမ်းဆန်မျိုးစေ့မှာ သုည ကာတီ ဖြစ်၏။
ထိပ်တန်းအဆင့် နှင်းစက်စိမ်း ဆန်မျိုးစေ့ ၉၀ ကာတီအား ချိပ်ပိတ်ကာ ထာဝရကမ္ဘာထဲ ထားလိုက်သည်။ အဆင့်မြင့် နှင်းစက်စိမ်းဆန်မျိုးစေ့ ၇၀ ကာတီကိုကား မိုဝူကျိသည် ၂၀ ကာတီကို မိုးကောင်းကင်ငယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ရှီလင်ယုအား ပေးရန် စီစဉ်ထားသည်။ ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်မျိုးစေ့များကိုကား ထုတ်လုပ်နိုင်လိုက်သော်လည်း ရှီလင်ယုအား ပေးရန် အချိန်မကျသေးဟု မိုဝူကျိက ခံစားမိသည်။
နှင်းစက်စိမ်းဆန် ဒုတိယမြောက်အသုတ် ပြီးသွားသည်နှင့် မိုးကောင်းကင်ငယ်ဂိုဏ်း၏ အထက်လူကြီးများသည် ချက်ချင်းလိုလို သတင်းရသွားကြကာ မိုဝူကျိနှင့် တွေ့နိုင်ရန် တောင်းဆိုမှုများကို စတင်ပို့လာလေသည်။
ထိုတောင်းဆိုမှုများအား မိုဝူကျိက ငြင်းဆိုလိုက်သည်။ သူက သူတို့အား ယခုမှစ၍ အဆင့်မြင့် နှင်းစက်စိမ်းဆန်အား လဲလှယ်ရန် နတ်ဆေးဖက်ဝင်အပင်များ သုံးရန်နှင့် အတိုင်းအတာ ယူနစ်မှာလည်း တေး ဖြစ်သွားပြီ ဖြစ်ကြောင်း ပြောလိုက်သည်။ သူ ရောင်းနိုင်သော နှင်းစက်စိမ်း ဆန်ပမာဏမှာ ကာတီအနည်းငယ်မျှသာ ဖြစ်ရာ ယခင်ကဲ့သို့ ကာတီလိုက် ရောင်းမည်ဆိုပါက သုံးရက်အတွင်းပင် အကုန်ရောင်းထွက်သွားပေလိမ့်မည်။
ယခု၌ အဆင့်မြင့် နှင်းစက်စိမ်းဆန်၏ လူကြိုက်များမှုမှာ လုံးဝဥဿုံ ထင်ရှားလာလေ၏။
မျိုးစုံသော နတ်ဆေးဖက်ဝင်အပင်များ မိုဝူကျိဆီ ရောက်လာကြသည်။ မိုဝူကျိသည် ဆန်တတိယမြောက် အသုတ်အား စိုက်ရန် မဆုံးဖြတ်ဘဲ ထိုအစား လက်ဝယ်ရှိ နတ်ဆေးဖက်ဝင်အပင်များနှင့် ဆေးလုံးဖော်ခြင်းကို စတင်လေ့လာရန် ရွေးချယ်လိုက်သည်။
ကျင့်ကြံဆင့် မြန်မြန် တိုးတက်လာရသည့် အကြောင်းအရင်းမှာ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်နှင့် ၁၀၈ ခုသော ချီသွေးကြောတို့အပြင် သူ၏ ဆေးလုံးတာအိုတွင် ကျွမ်းကျင်မှုကြောင့်လည်း ဖြစ်ပေသည်။ ယခု သူသည် ကနဦးနတ်ဘုရား အဆင့် ၅ သို့ ရောက်ပြီဖြစ်လေရာ သူ့ဆေးလုံးတာအိုမှာလည်း တတ်နိုင်သမျှ မြန်မြန် တိုးတက်လာသင့်ပေသည်။
နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း၏ အမွေခံ ကျောက်စိမ်းပြားနှင့် မိုဝူကျိ၏ ဆေးလုံးတာအိုအပေါ် ထိုးထွင်းသိမြင်နိုင်မှုတို့ပေါင်းကာ သူ့ဆေးလုံးဖော်ပညာရည်မှာ တဟုန်ထိုး တိုးတက်လာလေသည်။
သုံးရက်ထဲနှင့် အဆင့် ၁ နတ်ဆေးလုံးကို အလွယ်တကူ ဖော်စပ်နိုင်လိုက်သည်။ လဝက်အကြာတွင် အဆင့် ၂ နတ်ဆေးလုံးများကို ဖော်စပ်နိုင်ကာ တစ်လအကြာတွင်ကား မိုဝူကျိသည် အဆင့် ၃ နတ်ဆေးလုံးဆရာ ဖြစ်သွားလေပြီ။
မိုဝူကျိအား နားမလည်နိုင်စေသည်မှာ ရှီလင်ယု အလည်အပတ် ရောက်မလာခြင်းပင် ဖြစ်သည်။
ရှီလင်ယုသည် သူ့အပေါ် ကောင်းကောင်း ဆက်ဆံသည်။ ရှီလင်ယုက သူ့အတွက် ထိပ်တန်းအဆင့် နတ်ဘုရားဝိညာဉ်သွေးကြောကို မြုပ်ပေးရုံသာမက မြေကွက်ကို စောင့်ရှောက်ရန် အကြီးအကဲအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပါ ပို့ပေးထား၏။ အပေါ်ယံတွင် အကြီးအကဲအား ရွာကို စောင့်ကြပ်ရန် ညွှန်ကြားထားသော်လည်း အမှန်တကယ်တွင် မိုဝူကျိအား စောင့်ကြပ်ကြည့်ရှုရန် ဖြစ်ကြောင်း မိုဝူကျိက သိသည်။
မိုဝူကျိ၏ အမြင်အရ ရှီလင်ယု ဤသို့လုပ်ပေးသည်မှာ နှင်းစက်စိမ်း ဆန်လိုချင်၍ ဖြစ်သည်။ နည်းလမ်းကျကျဆိုရလျှင် သူ ဒုတိယမြောက်ဆန် အသုတ်ကို ရိတ်သိမ်းပြီးနောက်တွင် ရှီလင်ယု ရောက်လာရမည် ဖြစ်သည်။ သို့သော် ယခုမူ တစ်လသာ ကြာသွားသည်။ ရှီလင်ယု၏ အရိပ်ကိုပင် မမြင်ရသေးပေ။
………………
အမှန်တကယ်၌ ရှီလင်ယုသည် မိုဝူကျိ၏ လယ်ကွက်ဆီသို့ သွားချင်နေသည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော် သူ့အလုပ်များအား ပစ်ထားခဲ့၍ မရဘဲ ဖြစ်နေသည်။ အကြောင်းမှာ လတ်တလောတွင် မိုးကောင်းကင်ငယ်ဂိုဏ်း၌ အရေးကြီးကိစ္စ ပေါ်ပေါက်လာသောကြောင့် ဖြစ်သည်။ သူတို့အား လျစ်လျူရှုခဲ့သည်မှာ ကြာပြီဖြစ်သော မိုးကောင်းကင်နတ်ဘုရားဂိုဏ်းက နောက်ဆုံးတွင်တော့ လူလွှတ်လိုက်လေပြီ။
ရောက်လာသည့်သူမှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်ကာ သူတို့သည် မိုးကောင်းကင်နတ်ဘုရားဂိုဏ်း၏ အရေးပါသော ဂိုဏ်းသားများဖြစ်သည်ဟု ကောလာဟလ ရှိသည်။ အမျိုးသားမှာ ချီခွန်းဟု အမည်ရကာ သူသည် အရပ်အလွန်ရှည်ပြီး လောကနတ်ဘုရား အဆင့် ၄ ကျင့်ကြံသူ ဖြစ်၏။ အမျိုးသမီးမှာ ကောင်းကင်နတ်ဘုရားအဆင့် ၇ တွင်ရှိကာ မျက်နှာဖုံးပဝါကို အမြဲဝတ်ထားလျက် စကားသိပ်မပြောပေ။ ရှီလင်ယု တစ်ယောက်တည်းကသာ သူမသည် ယွီလော အမည်ရှိသော ဆက်ခံသူ တပည့်ဂိုဏ်းသားဖြစ်ကြောင်း သိထားသည်။
မိုးကောင်းကင်ငယ်ဂိုဏ်းသည် သူတို့ကိုယ်သူတို့ နတ်ဘုရားမြေမြင့်များမှ မိုးကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခွဲအဖြစ် အမြဲမှတ်ယူထားသည်။ သို့သော် မိုးကောင်းကင်နတ်ဘုရားဂိုဏ်းသည် သူတို့အား ဘယ်သောအခါကမှ လုံးလုံးဂရုမစိုက်ခဲ့ချေ။ သို့ဖြစ်ရာ ဤသည်မှာ တစ်ဖက်သတ် အချစ်ကဲ့သို့ ဖြစ်နေလေသည်။ ယခုမူ စောင့်နေသည်မှာ ကြာပြီဖြစ်သော မိုးကောင်းကင်နတ်ဘုရားဂိုဏ်းမှ အလည်လာခြင်း ဖြစ်ပေါ်ခဲ့လေသည်။ ထို့ကြောင့် မိုးကောင်းကင်ငယ်ဂိုဏ်းမှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တက်ကြွနေလေသည်။
သူတို့နှစ်ယောက်စလုံး၏ ကျင့်ကြံဆင့်များမှာ ရှီလင်ယုအောက် အများကြီး နိမ့်နေသော်လည်း မိုးကောင်းကင်ငယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ထိုတမန်တော်နှစ်ဦး နတ်ဘုရားမြေနိမ့်တစ်ခွင်လုံးကို လေ့လာကြည့်ရှုရာတွင် အဖော်ပြုပေးရန် လုပ်လက်စအလုပ်များ အကုန်ချပစ်လိုက်သေးသည်။
ကံမကောင်းစွာပင် ထိုတမန်တော်နှစ်ဦးသည် သူတို့ ရောက်ရှိလာရသည့် အကြောင်းရင်းကိုလည်း မပြောပြသလို မိုးကောင်းကင်ငယ်ဂိုဏ်းကို ထောက်ပံ့ပေးမည်ဟုလည်း မပြောပေ။ သူတို့က ရှီလင်ယုကို ခေါ်ကာ နတ်ဘုရားမြေနိမ့်တစ်ခွင်လုံးကိုသာ ဦးတည်ရာမရှိ လည့်ပတ်နေလေသည်။ ရှီလင်ယုက မည်သို့မေးမေး သူတို့က တစ်ခွန်းမျှ မဟသဖြင့် ရှီလင်ယုမှာ ဘာမှမတတ်နိုင်ချေ။ သူတတ်နိုင်သည်မှာ တမန်တော်နှစ်ဦးနှင့်အတူ ဈေးတန်းများ၊ ဈေးဆိုင်များနှင့် ဂိုဏ်းကြီးမျိုးစုံတို့ဆီ လည့်ပတ်ကြည့်ရှုရုံသာ ဖြစ်၏။
တော်သေးသည်မှာ မိုးကောင်းကင်ငယ်ဂိုဏ်းအား နတ်ဘုရားမြေနိမ့်၏ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းဟု သတ်မှတ်နိုင်သေးသဖြင့် မိုးကောင်းကင်နတ်ဘုရားဂိုဏ်းမှ တမန်တော်များနှင့်အတူ သူတို့ မည်သည့်နေရာသွားသွား ရောက်သည့်နေရာတိုင်းတွင် သူတို့အား လှိုက်လှိုက်လဲလဲ ကြိုဆိုကြလေသည်။
ကျော်လွန်သွားသည့် တစ်လအတွင်း ရှီလင်ယုသည် တမန်တော်နှစ်ဦး ရောက်လာရသည့် အကြောင်းရင်းကို အကြမ်းဖျင်း အာရုံခံမိလာသည်။ သူတို့ ကြည့်ရသည်မှာ နှင်းစက်စိမ်းဆန်အား အလွန်စိတ်ဝင်စားပုံ ပေါ်သည်။ အလယ်အလတ်အဆင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်သည့် မည်သည့်ဂိုဏ်း၊ မည်သည့်အဖွဲ့အစည်း မဆို အကြိမ်ရေများစွာ သွားရောက်လည်ပတ်လေသည်။
မိုးကောင်းကင်နတ်ဘုရားဂိုဏ်းသားများက နှင်းစက်စိမ်းဆန်အတွက် ဤသို့ ရောက်ရှိလာမှန်း သိရှိသွားပြီးသည့်နောက် ရှီလင်ယုသည် သူတို့အား မေးမြန်းခြင်းကို လုံး၀ လက်လျော့လိုက်သည်။
မိုးကောင်းကင်ငယ်ဂိုဏ်း၏ မိုဝူကျိကိုတော့ သူ့အနေနှင့် ပေးပစ်ရန် လုံးဝမလိုက်လျောနိုင်ပေ။
မိုဝူကျိသည် အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးနိုင်သည်။ သူ၏ များပြားသော အထောက်အပံ့များနှင့် နောင်အနာဂတ်တွင် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်ကိုပင် စိုက်ပျိုးနိုင်ကောင်း စိုက်ပျိုးနိုင်လာလောက်သည်။
မိုးကောင်းကင်နတ်ဘုရားဂိုဏ်း ရောက်လာလျှင်ပင် ဤကဲ့သို့ ပညာရှင်မျိုးကို ပေးမပစ်ချင်ပေ။
နတ်ဘုရားမြေနိမ့်သို့ ရောက်ပြီး လေးလအကြာတွင် မိုးကောင်းကင်နတ်ဘုရားဂိုဏ်း၏ တမန်တော်နှစ်ဦးသည် လှည့်လည်သွားခြင်းကို နောက်ဆုံးတွင်တော့ ရပ်လိုက်ကာ မိုးကောင်းကင်ငယ်ဂိုဏ်းသို့ ရှီလင်ယုနောက်မှ လိုက်လာကြသည်။
“ဂိုဏ်းချုပ်ရှီ… ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ခင်ဗျား ခန့်မှန်းမိလောက်ပါပြီ။ ကျွန်တော်တို့ ခင်ဗျားကို အရင်က မပြောပြခဲ့တာ ခင်ဗျား အရမ်း အတွေးလွန်သွားမှာစိုးလို့ပဲ။ ကျွန်တော်တို့ ဒီတစ်ခေါက် နတ်ဘုရားမြေနိမ့်ဆီ လာတာ မိုးကောင်းကင်ငယ်ဂိုဏ်းကို လာကြည့်ဖို့ထက် နှင်းစက်စိမ်း ဆန်စိုက်နိုင်တဲ့ လူတစ်ယောက်ကို ရှာပြီး မိုးကောင်းကင်နတ်ဘုရားဂိုဏ်းဆီ ခေါ်ယူဖို့အတွက်က အဓိကပဲ”
မိုးကောင်းကင်ငယ်ဂိုဏ်းထဲ ပြန်ရောက်ပြီးသည့်နောက်တွင် ချီခွန်းက သူတို့ရည်ရွယ်ချက်ကို ဖွင့်ဟကြေညာလိုက်သည်။
ရှီလင်ယုက အလွန် ဖော်ရွေဟန်ဖြင့်
“မိုးကောင်းကင်ငယ်ဂိုဏ်းက နတ်ဘုရားမြေနိမ့်မှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျုပ်တို့ဘာသာ နာမည်တစ်လုံးနဲ့ဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့တယ်။ ပင်မဂိုဏ်းက ဘယ်တောင်းဆိုချက်မဆို ကျုပ် ရှီလင်ယုက အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်”
ချီခွန်းက ခေါင်းငြိမ့်ကာ
“ဒီတစ်ခေါက် ကျုပ် မျက်စိကျနေမိတဲ့လူ နှစ်ယောက် ရှိတယ်။ တစ်ယောက်က အစိမ်းရောင်သခင် ကုန်သည်အိမ်တော်ရဲ့ အိမ်တော်သခင်။ နတ်ဘုရားမြေနိမ့် တစ်လျှောက် အကြာကြီး သွားလာနေပြီးနောက် သူက အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ ဖြစ်လိမ့်မယ်။ ခရမ်းရောင် ဓားနတ်လမ်းရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲ ဟယ်ဖူလည်း ရှိသေးတယ်။ သူက ထိပ်တန်းအရည်အသွေးရှိတဲ့ အလယ်အလတ်အဆင့် နှင်းစက်စိမ်းဆန်ကို စိုက်နိုင်နေပြီ။
ဒီပုဂ္ဂိုလ်နှစ်ယောက်ကို ကူညီဖိတ်ခေါ်ပေးပါ။ တစ်ချိန်တည်းမှာပဲ သူတို့ဂိုဏ်းနဲ့ ကုန်သည်အိမ်တော်ကို ကတိပေးလိုက်ပါ။ မိုးကောင်းကင်နတ်ဘုရားဂိုဏ်းကို နှစ်နှစ်တိတိ ကူညီဖို့ သွားပေးသရွေ့ နတ်ဘုရားမြေမြင့်ထဲက နတ်ဝိညာဉ်စွမ်းအင် မြေနေရာတစ်ခုကို ပိုင်ဆိုင်စေနိုင်ရမယ်လို့။ ပြီးတော့ မိုးကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ကာကွယ်မှုအောက်မှာ သွားလို့ ရမယ်လို့”
“ဘာရယ်”
ရှီလင်ယုက ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်လေသည်။ ထို့နောက် သူက အနည်းငယ် တွေဝေသွား၏။ မိုးကောင်းကင်ငယ်ဂိုဏ်းမှာ နတ်ဘုရားမြေမြင့်သို့ သွားသော မိုးကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခွဲ တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲတည်ရှိခဲ့သည်။ သို့သော် စိတ်မကောင်းစရာပင် နတ်ဘုရားမြေမြင့်ထဲက မြေလွတ်မြေရိုင်းများသည်ပင် ပိုင်ရှင် ရှိပြီးသားများ ဖြစ်နေသည်။
ချီခွန်း ကတိပေးလိုက်သည့်အရာမှာ အထူးသဖြင့် သူ ရှီလင်ယု အမြဲတစေ အိမ်မက်ခဲ့ရသည့်အရာ ဖြစ်နေလေသည်။
***