← Chapters

မိုဝူကျိ၏ တံခါးဝ၌ ရုတ်ရုတ်သဲသဲ ဖြစ်ခြင်း

Vol. 69 Ch. 960

မိုဝူကျိ၏ တံခါးဝ၌ ရုတ်ရုတ်သဲသဲ ဖြစ်ခြင်း

Vol. 69 Ch. 960

ရှီလင်ယု၏ ပုံစံကို ကြည့်ခြင်းဖြင့် သူဘာကိုဆိုလိုနေမှန်း ချီခွန်းက အဘယ်ကြောင့် နားမလည်ဘဲ နေမည်နည်း။ သို့သော် ချီခွန်းက တစ်ချက်ရယ်ရင်းသာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ရှီ စိတ်ထဲ ထားမနေပါနဲ့။ အခုအခြေအနေက အရမ်း အရေးကြီးနေတယ်။ ဒါပြီးသွားတာနဲ့ မိုးကောင်းကင် နတ်ဘုရားဂိုဏ်းက အပြင်စည်း တပည့်တွေ လက်ခံဖို့ လုပ်ပေးပါလိမ့်မယ်။ မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ ထူးချွန်တဲ့တပည့် တချို့တလေကို မိုးကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ အပြင်ပိုင်း ဌာနခွဲကြီးဆီ ဝင်ခွင့်ပြုပေးမှာပါ”

ရှီလင်ယုက အံကိုကျိတ် လက်သီးကို တင်းတင်းဆုပ်ကာ တုံ့ပြန်လိုက်သည်။

“တာအိုရောင်းရင်းချီ… အရင်က ကျုပ် အရမ်းတစ်ကိုယ်ကောင်း မဆန်သင့်ခဲ့ဘူးဗျာ။ တကယ်တော့ မိုးကောင်းကင်ငယ်ဂိုဏ်းမှာ နှင်းစက်စိမ်း ဆန်စိုက်တဲ့နေရာမှာ အရမ်းထူးချွန်တဲ့ လူတစ်ယောက် ရှိတယ်ဗျ။ လွန်ခဲ့တဲ့လ အနည်းငယ်ကတင် သူက အဆင့်မြင့် နှင်းစက်စိမ်းဆန်တစ်ကွက် ထုတ်လုပ်လိုက်သေးတယ်။ ကြည့်ပါဦး… ဒါ သူ ထုတ်ထားတဲ့ အဆင့်မြင့်ဆန်တွေ”

ပြောပြဖြေရှင်းပြီးသည့်နောက် ရှီလင်ယုက ရွှေရောင်အစင်းများ ပါနေသော စပါးစေ့ရှည်ရှည် လက်တစ်ဆုပ်စာကို ထုတ်ယူလိုက်ပြီး ဘေးစားပွဲပေါ်မှာ တင်ထားလိုက်သည်။ စပါးနံ့သင်းသင်းလေး တစ်ခုက ပျံ့လွင့်လာကာ ရှုမိသူတိုင်း၏ စိတ်အာရုံစူးစိုက်မှုကို မြှင့်တင်ပေးလေသည်။

ဤဆန်များမှာ အကြီးအကဲကျန့်ချန်ကန်းက သူ့ကို ပေးထားသော အဆင့်မြင့် နှင်းစက်စိမ်းဆန်များ ဖြစ်၏။

“ဒါတွေက တကယ့်ကို အဆင့်မြင့် နှင်းစက်စိမ်းဆန်တွေပဲ…”

ချီခွန်းသည် စားပွဲပေါ်မှ စပါးစေ့ ၁၀ စေ့ကို သိမ်းကျုံးယူလိုက်ပြီး သူ့လက်များ တုန်လာသည်အထိ စိတ်လှုပ်ရှားသွားသည်။

စပါးစေ့တိုင်းမှာ အလွန် ဆူဖြိုးနေကာ ရွှေရောင်အစင်းတို့မှာလည်း အလွန် သိပ်သည်းထူထပ်နေသည်။ ဤသည်မှာ  ၎င်းတို့သည် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် ဖြစ်ရန် အင်မတန် နီးစပ်နေပြီဟု ဆိုလိုနေလေသည်။

သူက ချက်ချင်းပင် နှင်းစက်စိမ်း ဆန်တစ်စေ့ကို အခွံနွှာလိုက်ကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ သူ၏ ဝိညာဉ်လမ်းကြောင်းများထဲသို့ တိုးဝင်လာသော အငွေ့အသက်က သူ့မျက်လုံးများအား ချက်ချင်း မှိတ်သွားစေလေသည်။

တစ်ခဏမျှကြာပြီးနောက် ချီခွန်းက စိတ်လှုပ်ရှားစွာ မျက်လုံးများ ပြန်ဖွင့်လာပြီး တအံ့တသြပြောလိုက်သည်။

“ဂိုဏ်းချုပ်ရှီ… ဒီပညာရှင်နဲ့တွေ့ဖို့ ကျွန်တော့်ကို မြန်မြန်သာ ခေါ်သွားပေးပါ။ အားလုံး ကျွန်တော့်အမှားတွေပဲ… ခင်ဗျားကို ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကို အစကတည်းက ပြောပြခဲ့သင့်တာ…”

ချီခွန်းအတွက် ဤနှင်းစက်စိမ်းဆန်ကို လွန်ခဲ့သည့် တစ်နှစ်တောင်မရှိသေးခင်က ထုတ်လုပ်ခဲ့သည်ဆိုသည့်အကြောင်းက သူ့အား ပို၍ အံ့အားသင့်စေသည်။ နတ်ဘုရားကုန်းမြေပေါ်တွင် တစ်နှစ်အတွင်း စိုက်ပျိုးရရှိသည့် အဆင့်မြင့် နှင်းစက်စိမ်းဆန်များမှာ တဖြည်းဖြည်းချင်း နည်းသည်ထက် နည်းလာသည်။ အကြောင်းမှာ ဆန်အများစုမှာ ကြိမ်ဖန်များစွာ အရောင်းခံရလိုက် ပြန်ရောင်းလိုက်နှင့် ဖြစ်နေသောကြောင့်ဖြစ်သည်။

ချီခွန်းဘေးတွင် လိုက်လာလေ့ရှိသော အမြဲငြိမ်နေတတ်သည့် အမျိုးသမီးပင်လျှင် ရုတ်တရက် သူမ မျက်လုံးထဲတွင် စိတ်လှုပ်ရှားဟန်များ ပေါ်လာသည်။ သူမက ဆန်ကို မစားလိုက်သော်လည်း ချီခွန်း စပါးခွံနွှာပြီး အနံ့လေးမွှေးလာသည့် ဖြစ်စဉ်တစ်ခုလုံးကို တွေ့လိုက်ရသေးသည်။ အဆင့်မြင့် နှင်းစက်စိမ်းများကိုကား သူမအပြင် ပိုစားဖူးသည့်လူ သိပ်မရှိချေ။

သူ့ထုတ်ပြန်ချက်က သိပ်မပြည့်စုံသေးဘူးဟု ခံစားရသဖြင့် ချီခွန်းက ထပ်ထည့်လိုက်သည်။

“ဂိုဏ်းချုပ်ရှီ… စိတ်မပူပါနဲ့။ အဲ့ဒီလယ်သမားက အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို ထုတ်လုပ်နိုင်တာ သေချာသရွေ့ မိုးကောင်းကင်ငယ်ဂိုဏ်း တစ်ခုလုံးကိုတောင် နတ်ဘုရားမြေမြင့်များဆီကို ပြောင်းရွေ့ဖို့ဆိုတာ ဖြစ်နိုင်ကောင်း ဖြစ်နိုင်တယ်”

ဤသည်ကား ရှီလင်ယု စောင့်မျှော်နေသော စကားလုံးများပင်တည်း။ ထို့နောက် သူက မြန်မြန် တုံ့ပြန်လိုက်သည်။

“ကျုပ်ရဲ့အထူး တမန်တော်နှစ်ဦး… ကျေးဇူးပြု၍ ကျုပ်နောက်ကို လိုက်ခဲ့ပါ”

………………

ရှီလင်ယုက ချီခွန်းနှင့် ယွီလောအား မိုးကောင်းကင်ငယ်ရွာသို့ ခေါ်လာသည့်အခါ သူတို့သည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့သြသွားကြသည်။

မိုဝူကျိ၏ (ဃ)၇၉ လယ်ကွက်မှာ လူများဖြင့် ပြည့်နေကာ လူအများစု၏ လက်ထဲတွင် နံပါတ်ပြား တစ်ခုစီ ရှိကြသည်။

ရှီလင်ယုက မျက်မှောင်ကျုံ့လိုက်၏။ ဤနေရာ၌ ဘာတွေများ ဖြစ်ပျက်နေသနည်း။ မိုဝူကျိအား အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်နိုင်သည့်အကြောင်းအား ထုတ်မပြောပြရန် သူ မှာကြားခဲ့သည် မဟုတ်ပါလော။ အကယ်၍ မိုဝူကျိက အရောင်းအဝယ် တချို့လုပ်မည်ဆိုပါက ရောင်းရန် နှင်းစက်စိမ်းဆန် အများကြီးကို သူ မည်သည့်နေရာမှ ရလာသနည်း။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်… တာအိုရောင်းရင်းချီခွန်းနဲ့ တာအိုရောင်းရင်း ယွီလောတို့ကို ဂါရဝပြုပါတယ်”

တစ်ဖက်တွင် စောင့်ကြပ်ကြည့်ရှုနေသော အကြီးအကဲရှစ်ယီသည် ဂိုဏ်းချုပ်က မိုးကောင်းကင်နတ်ဘုရားဂိုဏ်းမှ တမန်တော် နှစ်ဦးကို ခေါ်ဆောင်လာသည်အား မြင်သဖြင့် သက်ပြင်း အသာချလိုက်သည်။ မိုဝူကျိက အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်သည့် သတင်းမှာ ပေါက်ကြားသွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။

သူ့ရင်တွင်းထဲ၌ သူသည် တကယ့်ကို မိုဝူကျိအား မိုးကောင်းကင်ငယ်ဂိုဏ်းမှ ထွက်မသွားစေလိုပေ။ ဤနေရာကို သူ စောင့်ကြပ်နေစဉ်၌ မိုဝူကျိ၏ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ဝန်းကျင်ရှိ နတ်ဝိညာဉ်စွမ်းအားကို ခံစားနိုင်သည်သာမက မိုဝူကျိက သူ့အား တစ်ခါတစ်ရံ အဆင့်မြင့် နှင်းစက်စိမ်းဆန် ကာတီအနည်းငယ် ပေးသေးသည်။

ဤ လေးငါးလအကြာ အချိန်တိုလေးအတွင်း မိုဝူကျိက သူ့အား စုစုပေါင်း ဆန် ၅ ကာတီ ပေးပြီးသွားပြီ ဖြစ်ကာ အားလုံးမှာ အဆင့်မြင့် ဆန်များ ဖြစ်သည်။ မိုဝူကျိ ရိတ်သိမ်းနိုင်သော အဆင့်မြင့် နှင်းစက်စိမ်းဆန်ပမာဏ တိုးလာသည်နှင့်အမျှ သူရရှိမည့် ပမာဏမှာလည်း တိုးလာမည်ဖြစ်ကြောင်း စိတ်ကူးယဉ်ကြည့်၍ ရပေသည်။

“ဘာတွေဖြစ်နေတာလဲ။ တကယ်လို့ ဝူကျိက အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို စိုက်နိုင်တယ်ဆိုရင်တောင်မှ အဲ့လောက် အများကြီး ထုတ်လုပ်နိုင်စရာ အကြောင်းမရှိဘူး။ ဘာဖြစ်လို့ သူနဲ့ အရောင်းအဝယ်လုပ်ဖို့ ဒီလောက်လူတွေ အများကြီး ရှိနေရတာလဲ။ ဘာဖြစ်လို့ အပြင်တပည့်တွေတောင် လာဝယ်နေကြတာတုန်း”

ရှီလင်ယု၏ မျက်နှာအမူအယာမှာ အနည်းငယ် ကြည့်ရဆိုးသွားသည်။ သူက ရှစ်ယီအား ဤနေရာ၌ နေစေသည်မှာ မိုဝူကျိအား ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ ဤမျှလောက် လူတွေဝိုင်းနေသည်မှာ မည်ကဲ့သို့ ကာကွယ်ပေးမှုမျိုးနည်း။

ရှစ်ယီသည် သူ့ဂိုဏ်းချုပ် မည်သည်ကို ဆိုလိုသည်မှန်း နားလည်သော်လည်း သူလည်း ဘာမှ မတတ်နိုင်ချေ။ ဤသည်မှာ မိုဝူကျိ တောင်းဆိုထားသည့်ကိစ္စ ဖြစ်ကာ မိုဝူကျိအား အပြစ်ပြုရန်လည်း သူ ဘယ်တတ်နိုင်ပါ့မည်နည်း။

“ဂိုဏ်းချုပ်ကို အစီအရင်ခံပါတယ်… တကယ်တော့ ဒီလူတွေက မိုဝူကျိဆီက နှင်းစက်စိမ်းဆန်ဝယ်ဖို့ ဒီရောက်နေတာ မဟုတ်ပါဘူး။ သူတို့က ဆေးလုံးတွေ တောင်းဆိုဖို့ ရောက်နေတာပါ”

“ဆေးလုံးတွေ တောင်းဖို့တဲ့လား”

ရှီလင်ယုက ရှစ်ယီအား ဖြတ်ပြောလိုက်သည်။

“သူတို့က ဆေးလုံးတွေ တောင်းဆိုဖို့ ဒီကို လာတာလား”

ရှစ်ယီက ဆက်လက်၍သာ ရှင်းပြလိုက်သည်။

“ဂိုဏ်းချုပ် မသိသေးလို့ပါ… ဝူကျိက ထိပ်တန်း အဆင့် ၃ နတ်ဆေးလုံးဖော်စပ်သူ တစ်ယောက်ပါ။ သူက အဆင့် ၄ နတ်ဆေးလုံးကိုတောင် ဖော်စပ်နိုင်နေပြီ။ ဝူကျိ ထုတ်လိုက်တဲ့ ဆေးလုံးတွေက အရမ်းကို အရည်အသွေးမြင့်တယ်။ ဒါကြောင့် ဒီလူတွေအားလုံးက နတ်ဆေးလုံးတွေ တောင်းဆိုဖို့ ဒီရောက်နေကြတာပါ။ တခြားဂိုဏ်းတွေက လူအများကြီးက ဒီနေရာကို ဝင်လို့ မရပါဘူး။ အဲ့ဒါကြောင့်မို့ သူတို့က သူတို့အစား ဝယ်ပေးဖို့ ကျွန်တော်တို့ မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ အတွင်းတပည့်တွေနဲ့ အပြင်တပည့်တွေကို အကူအညီတောင်းဖို့ပဲ တတ်နိုင်ကြပါတယ်။ ဒီလိုနဲ့ ဒီမှာ လူတွေအများကြီးကို တွေ့နေရတာပါ”

“ဝူကျိက အဆင့် ၄ နတ်ဆေးလုံးဆရာလည်း ဖြစ်နေတယ်လား”

ရှီလင်ယုမှာ မှင်သက်သွား၏။

အဆင့် ၃ နှင့်အောက်အဆင့် နတ်ဆေးလုံးများ ပြုလုပ်နိုင်သူများမှာ နတ်ဆေးလုံးဖော်စပ်သူများ ဖြစ်သည်။ အဆင့် ၄ နတ်ဆေးလုံးများ ဖော်စပ်နိုင်သူများမှာ နတ်ဆေးလုံးဆရာများ ဖြစ်ကာ သူတို့ကို နတ်ဆေးလုံးဘုရင်တပိုင်းအဆင့်များ ဟုလည်း သတ်မှတ်ကြသည်။ အဆင့် ၅ နတ်ဆေးလုံးများကို ဖော်စပ်နိုင်သူများကိုသာ နတ်ဆေးလုံးဘုရင်များဟု ခေါ်ဆိုနိုင်ပေသည်။

သူ့ရင်ထဲ၌ ရှီလင်ယုမှာ စတင်၍ နောင်တရလာလေသည်။ အဆင့် ၄ နတ်ဆေးလုံး ဆရာတစ်ယောက်သည် ဂိုဏ်းအတွက် မည်မျှ အဖိုးတန်လိုက်လေသနည်း။ မိုးကောင်းကင်ငယ်ဂိုဏ်းတစ်ခုလုံးတွင် အရည်အသွေးမြင့်သည့် ဆေးလုံးများအား ဖော်စပ်နိုင်သူမဆိုနှင့် အဆင့် ၄ နတ်ဆေးလုံးဆရာဟူ၍ပင် တစ်ယောက်မျှ မရှိပေ။

ထို့အပြင် မိုဝူကျိသည် ဤနယ်ပယ်တွင် အရည်အချင်းကို ပြသနိုင်လေရာ အနာဂတ်၌ သူသည် အဆင့် ၅ နတ်ဆေးလုံးဘုရင်အဆင့်သို့ပင် တက်လှမ်းကောင်း တက်လှမ်းနိုင်ပေလိမ့်မည်။

“အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို သူ စိုက်ပျိုးနိုင်တာ မထူးဆန်းပါဘူး။ သူက တကယ်တော့ နတ်ဆေးလုံး ဆရာတစ်ယောက်ကိုး”

ချီခွန်းက အံ့အားသင့်စွာ ပြောလိုက်ရင်း သူသည် ဤမိုဝူကျိဆိုသည့်လူမှာ မည်သူများ ဖြစ်သနည်းဟု ပို၍ သိချင်လာမိသည်။

အဆင့်မြင့် နှင်းစက်စိမ်းဆန်လည်း စိုက်ပျိုးနိုင်သော နတ်ဆေးလုံးဆရာတစ်ယောက်… ဤကဲ့သို့လူမျိုးမှ ဂိုဏ်းသို့ ကူညီထောက်ပံ့မှုများမှာ ပြိုင်ဘက်ကင်း ဖြစ်ပေလိမ့်မည်။

ရှီလင်ယု၏ စိတ်ခံစားချက်ကို အာရုံခံမိသည့်အလား ချီခွန်းက အမြန် နှစ်သိမ့်လိုက်သည်။

“ဂိုဏ်းချုပ်ရှီ… စိတ်မပူပါနဲ့။ မိုဝူကျိက အဆင့်မြင့် နှင်းစက်စိမ်းဆန်ကို တကယ် စိုက်ပျိုးနိုင်သရွေ့ မိုးကောင်းကင်ငယ်ဂိုဏ်းလည်း နတ်ဘုရားမြေမြင့်များဆီကို ပြောင်းရွေ့ဖို့ လုံးဝဖြစ်လာစေရမယ်”

ဤအဆင့်ထိရောက်နေပြီးမှ ရှီလင်ယုမှာ ဘာများပြောနိုင်ဦးမည်နည်း။ သူ့စကားသူ ပြန်ရုတ်သိမ်းဖို့လည်း အရမ်းနောက်ကျသွားလေပြီ။

ယခုမူ ချီခွန်းသည် ရှီလင်ယု၏ မိတ်ဆက်ပေးမှုကို စောင့်ဖို့ စိတ်မရှိတော့ဘဲ လူထုရှေ့သို့ သူ့ဘာသာသူ တိုးဝှေ့သွားလိုက်သည်။

အကယ်၍ ချီခွန်းသာ ယခုလို အားကောင်းမနေပါက မကျေမနပ်ဖြင့် တိုင်ကြားမည့်သူများ ရှိလာပေလိမ့်မည်။

“ခဏနေဦး… မင်း ဘယ်သူလဲ။ လူတန်းထဲ ပြန်ဝင်ပါ… ဟိုးနောက်ကနေ စပြီးတန်းစီရမှာ…”

ရွိုက်ကောသည် ချီခွန်းက အရှေ့သို့ ဇွတ်တိုးဝင်လာသည်ကို မြင်သောကြောင့် အော်လိုက်သည်။

တာ့ဟွမ်သည် ကျင့်ကြံခြင်းတွင် အာရုံနှစ်မြှုပ်နေသည်။ မိုဝူကျိက ဆေးလုံးဖော်ခြင်း၊ နတ်ဘုရားကျောက်များနှင့် နတ်ဆေးဖက်ဝင်အပင်များ ကောက်ယူခြင်းတို့ဖြင့် အလုပ်ရှုပ်နေသဖြင့် ဤကိစ္စများကို ရွိုက်ကောဆီ လွှဲထားလိုက်ရသည်။ ဤအလုပ်သည် ရွိုက်ကော အကြိုက်နှင့်လည်း ကိုက်နေလေ၏။

“အိုး… နတ်သားရဲတစ်ကောင်ပဲ”

ယခုအချိန်အထိ ငြိမ်နေခဲ့သော ယွီလောသည် ရွိုက်ကောကို မြင်သောအခါ မျက်လုံးများက အရောင်တောက်လာပြီး တအံ့တသြရေရွတ်လိုက်သည်။

နတ်သားရဲများမှာ အင်မော်တယ်လောကလောက် နတ်ဘုရားကုန်းမြေပေါ်တွင် မရှားပါးသော်လည်း လူတိုင်း၌ နတ်သားရဲတစ်ကောင် ရှိနေသည်မျိုးလည်း မဟုတ်ချေ။ အလားတူပင် နတ်ဘုရားကုန်းမြေပေါ်မှ မိစ္ဆာသားရဲတိုင်းကိုလည်း နတ်သားရဲဟူ၍ မသတ်မှတ်နိုင်ပေ။

ချီခွန်းက သွားများပေါ်သည်အထိ ပြုံးရယ်လိုက်ရင်း

“တကယ်တော့ ဒီငှက်က အဲ့လောက် မရိုးရှင်းဘူး။ သူက သန္ဓေပြောင်း သတ္တဝါတစ်ကောင် ဖြစ်မယ် ထင်တယ်။ ဒါပေမဲ့ သူ့ရဲ့သွေးမျိုးဆက်က အရမ်းအားပျော့လွန်းလို့ ပျောက်လုပျောက်ခင် ဖြစ်နေပြီ”

ထိုအချိန်၌ ရှီလင်ယုသည်လည်း လျှောက်လှမ်းလာနေပြီ ဖြစ်သည်။ သူသည် ဂိုဏ်းချုပ်ဖြစ်လေရာ သူ့မျက်နှာကို ဖော်ပြလိုက်သည်နှင့် လူထုမှာ အလိုအလျောက် သူ့အတွက် လမ်းကြောင်းတစ်ခု ဖယ်ပေးလိုက်ကြသည်။ ရှီလင်ယုက ရွိုက်ကောကို သိသဖြင့် သူက စ၍ ရွိုက်ကောကို စကားပြောလိုက်သည်။

“ဒီလူနှစ်ယောက်က မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ အရေးကြီးဧည့်သည်တွေပါ… ဒါကြောင့် မင်းသခင် ဝူကျိဆီ အကြောင်းကြားပေးပါဦးကွာ”

“လက်စသတ်တော့ ဂိုဏ်းချုပ်က ကျုပ်တို့ဆီကို မျက်နှာပြ ကြွရောက်လာတာကိုး။ ကျုပ် အခုပဲ သခင့်ကို အကြောင်းကြားလိုက်ပါ့မယ်”

ရွိုက်ကောကလည်း ရှီလင်ယုကို မှတ်မိလေသည်။ ထို့အပြင် ဤလူမှာ မိုးကောင်းကင်ငယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေလေရာ သူ့ကို သွားတန်းစီဖို့ မပြောရဲပေ။

………………

မိုဝူကျိသည် အဆင့်မြင့် ဆတိုးမိုး ဆေးလုံးတစ်သုတ်ကို ကျောက်စိမ်းပုလင်းတစ်ခုထဲသို့ ထည့်လိုက်သည်။ ဤဆေးလုံးတစ်သုတ်သည် သူ့အတွက် အမွှေးတိုင်တစ်တိုင်စာ အချိန်သာ ကြာစေလေသည်။ အကယ်၍ သူသာ သူတို့အပေါ် အနည်းငယ်လောက် ပို၍အချိန်ကုန်ခံလိုက်ပါက ပြိုင်ဘက်ကင်းအဆင့် ဆတိုးမိုး ဆေးလုံးတစ်သုတ်ကို ဖော်စပ်နိုင်ပေလိမ့်မည်ဖြစ်သည်။

ဆတိုးမိုးဆေးလုံးများမှာ အဆင့် ၃ အဆိပ်ဖြေ နတ်ဆေးလုံးများဖြစ်ကာ အဆင့် ၃ ပြိုင်ဘက်ကင်းအဆင့် နတ်ဆေးလုံးများကို ပြုလုပ်နိုင်ခြင်းမှာ မိုဝူကျိသည် နတ်ဆေးလုံး ဆရာတစ်ယောက် ဖြစ်နေပြီဟု ဆိုလိုနေပေသည်။

လက်တွေ့၌လည်း ထိုသို့ ဖြစ်လေ၏။ ယခု မိုဝူကျိသည် အဆင့် ၄ နတ်ဆေးလုံးများကို ဖော်စပ်နိုင်လေပြီ။ သူက သူများတွေကို အဆင့် ၄ ဆေးလုံးများအား အောင်အောင်မြင်မြင် ဖော်စပ်နိုင်ချေမှာ အရမ်းနည်းကြောင်း ပြောထားကာ အများကြီးမဖော်စပ်ဘဲ နေနေသည့်အကြောင်းရင်းမှာ ဆေးလုံးလာတောင်းသည့် သူများထဲတွင် အလွန့်အလွန်နည်းသော လူနည်းစုကသာ သူစိတ်ကျေနပ်လောက်သည့် အဖိုးအခကို ပေးနိုင်သောကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ မိုဝူကျိသည် သူများတွေကို သူ့အဆင့် ၄ နတ်ဆေးလုံးဖော်စပ်ခြင်း၏ အောင်မြင်မှုရာခိုင်နှုန်းမှာ နည်းသည်ဟု ပြောထားလိုက်၏။ အကယ်၍ တစ်ယောက်ယောက်ကသာ အဆင့် ၄ နတ်ဆေးလုံးကို လိုချင်ပါက လုံလောက်သည့်အဖိုးအခ ပေးလျှင်ပေး၊ မဟုတ်ပါက နတ်ဘုရားကျောက်များ ပေးရမည့်အပြင် အနည်းဆုံး သူ့ကို နတ်ဆေးလုံးတစ်သုတ်စာ လိုအပ်သည့် နတ်ဆေးဖက်ဝင်အပင်များ သုံးစုံတိတိ ပေးရမည် ဖြစ်သည်။

“သခင်ကြီး… ဂိုဏ်းချုပ်ရှီ ရောက်နေတယ်”

ဆေးလုံးများ စုစည်းနေသော မိုဝူကျိကို မြင်သဖြင့် ရွိုက်ကောက မြန်မြန် တင်ပြလိုက်သည်။

မိုဝူကျိက ထိုင်ရာမှ ထလိုက်ပြီး တုံ့ပြန်လိုက်သည်။

“သွား… မြန်မြန်… ဂိုဏ်းချုပ်ရှီကို အထဲ မြန်မြန် ဖိတ်ခေါ်လိုက်”

“ဟားဟား… ဝူကျိ… ကျုပ် မမျှော်လင့်ဘဲ ရောက်လာတာက မင်းအတွက် အနှောင့်အယှက် ဖြစ်သွားပြီလား”

ရှီလင်ယု၏ ကျယ်လောင်သော အသံကြီးက အိမ်တစ်လျှောက်လုံး ပဲ့တင်ထပ်သွားသည်။

“မဖြစ်ပါဘူးဗျာ… ဂိုဏ်းချုပ်အလာကို ကျုပ်က မျှော်နေတာဗျ”

မိုဝူကျိက သူ့တံခါးမှ ကန့်သတ်ချက်ကို ဖွင့်လိုက်ပြီး ဆေးလုံးဖော်ခန်းမှ ထွက်လာလိုက်စဉ် ရှီလင်ယုက လူနှစ်ယောက်ကို အင်မော်တယ်နေအိမ်ထဲသို့ ခေါ်ဆောင်လာလေသည်။

ရှီလင်ယုက အလိုအလျောက် မိတ်ဆက်ပေးလိုက်သည်။

“ဝူကျိ… ကျုပ် မိတ်ဆက်ပေးရဦးမယ်။ ဒီနှစ်ယောက်ကတော့ နတ်ဘုရားမြေမြင့်ဆီက မိုးကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တာအိုရောင်းရင်းချီခွန်းနဲ့ တာအိုရောင်းရင်းယွီလောတို့ပဲ”

မိုဝူကျိတွင် သံသယများ ရှိနေသော်လည်း သူက နှုတ်ဆက်သည့်အနေဖြင့် တလေးတစား ဦးညွှတ်လိုက်လေသည်။

ချီခွန်းက အပြုံးတစ်ခုနှင့် တုံ့ပြန်လိုက်ကာ

“ဆေးလုံးဆရာမိုကို ဂါရဝပြုပါတယ်… တာအိုရောင်းရင်းမိုကို နတ်ဆေးလုံးဆရာ တကယ်ဖြစ်နေလိမ့်မယ်လို့ ကျုပ် လုံးဝမထင်ထားမိဘူး”

ယခုမူ သူသည် ယခင်ကထက်ပင် ပို၍ အံ့သြနေမိသည်။ မိုဝူကျိ၏ ဝိညာဉ်စွမ်းအားမှာ မရှိသလောက်နီးပါးဖြစ်နေလေရာ ဤသည်မှာ မိုဝူကျိသည် အလွန် ပါရမီနည်းသည်ဟု ဆိုလိုနေသည်။ ပါရမီမရှိသည့်လူတစ်ယောက်က လယ်သမားကောင်းတစ်ယောက် ဖြစ်လာသည်မှာ မထူးဆန်းပေ။ သို့သော် အံ့သြစရာကောင်းစွာ မိုဝူကျိသည် သူ့ပါရမီအဆင့်နှင့် နတ်ဆေးလုံးဆရာတစ်ယောက် အမှန်တကယ် ဖြစ်လာနိုင်သေးသည်။ ဤသည်ကား အင်မတန်ကို မယုံကြည်နိုင်စရာ ကောင်းလွန်းလှပေ၏။

ယွီလောလည်း မိုဝူကျိအား နှုတ်ဆက်စဉ်တွင် တလေးတစား ဦးညွှတ်လိုက်သည်။ သူမသည်လည်း စိတ်ထဲ၌ အလွန် အံ့သြနေမိသည်။ မိုဝူကျိသည် ကျင့်ကြံခြင်းတွင် ပါရမီမရှိသော်လည်း ဆေးလုံးဖော်ခြင်းအတွက်မူ ပါရမီရှိနေပြန်သည်။ အဘယ်ကြောင့်များ ဤကဲ့သို့ အဖြစ်မျိုး ဖြစ်လာသနည်း။

မိုဝူကျိက ပြုံးရင်း တုံ့ပြန်လိုက်သည်။

“ကျုပ်ရဲ့ပါရမီက သာမန်ပဲ ရှိတယ်။ ဒါနဲ့ ကျုပ်က ကျုပ်ရဲ့အချိန်တွေအားလုံးကို နှင်းစက်စိမ်း ဆန်စိုက်ခြင်းနဲ့ ဆေးလုံးဖော်ခြင်းတို့မှာ ကုန်ဆုံးစေခဲ့တယ်။ ဒီလောက် နှစ်တွေအများကြီးကြာပြီးတဲ့အချိန်မှာ အနည်းဆုံးတော့ ရလဒ်တချို့ ပေါ်လာခဲ့ပြီပေါ့ဗျာ”

ရှီလင်ယုက အသာရယ်လိုက်ကာ

“ဝူကျိ… တကယ်လို့ ဒီဟာကို ရလဒ်တချို့ လို့သတ်မှတ်မယ်ဆိုရင် ဒီနှစ်တွေမှာ ကျုပ်တို့တွေ ကျုပ်တို့ရဲ့ဘဝအချိန်တွေကို အလကား ဖြစ်စေခဲ့ပြီပဲ”

မိုဝူကျိသည် ဤစကားလမ်းကြောင်းကို ဆက်မသွားလိုပေ။ ထို့ကြောင့် သူက တည့်တိုး မေးလိုက်သည်။

“ဂိုဏ်းချုပ် ကျုပ်ဆီ ဘာကိစ္စကြောင့် ရောက်လာတာလဲဗျ”

ရှီလင်ယုက မချိတချိ ပြုံးကာ ဖြေတော့မည်ဆဲဆဲတွင် အပြင်ဘက်မှ ရုတ်တရက် ရုတ်ရုတ်သဲသဲတစ်ခု ထဖြစ်လေသည်။

မိုဝူကျိ၏ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်နှင့် သူက ချက်ချင်းပင် ရင်းနှီးသည့် မျက်နှာတစ်ခုက သူ့ဆီသို့ ဦးတည်လာနေသည်ကို တွေ့လိုက်သည်။ သို့သော် လူများစွာက လမ်းပိတ်တားဆီးထားကြကာ သူမအား ဝင်ခွင့်မပြုပေ။ လူတိုင်းမှာ တန်းစီနေကာ အားကောင်းသည့်သူများ၏ တန်းဝင်ဖြတ်ခြင်းကို မည်သူကမျှ ဂရုမစိုက်ချေ။ သို့သော် ယခုမူ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ကပင် တန်းဝင်ဖြတ်ရဲလေ၏။ ဤသည်က လူတိုင်းအတွက် မနှစ်မြို့စရာ ဖြစ်သွားလေသည်။

“ရွိုက်ကော… အစ်မမြန့်ဟယ်ကို အထဲ ခေါ်လာခဲ့လိုက်”

မိုဝူကျိက တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။

သူသည် မြန့်ဟယ်အပေါ် ကျေးဇူးကြွေးတင်နေသည်။ ယခု သူမက ထိတ်ထိတ်ပျာပျာနှင့် အပြေးရောက်လာလေရာ ကိစ္စတစ်ခုခု ရှိနေ၍သာ ဖြစ်မည်။

***

All Chapters