မြေဝိဇ္ဇာအဆင့်သို့ တက်ရောက်ခြင်း
Vol. 13 Ch. 173
ယဲ့ချန်သည် စုပ်ယူလိုက်သော ကောင်းကင်ချီများ၏ဖိညှစ်မှုကြောင့် သူ၏ဒန်တန် ဖောင်းကားလာကြောင်းကို ဖြည်းညှင်းစွာခံစားနေရသည်။ နောက်ဆုံးတွင် အက်ကြောင်းတစ်ခုက ကျင့်ကြံဆင့်အကန့်အသတ်ပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။ ပထမဆုံးအက်ကြောင်းမှစတင်၍ ၎င်းက အက်ရာလိုက်လာပြီး ပင့်ကူအိမ်သဏ္ဍာန် အက်ကြောင်းများဖြစ်ပေါ်လာကာ အချိန်တစ်ခုအကြာတွင် အပိုင်းပိုင်းအစစ ကွဲထွက်သွားခဲ့သည်။
ကောင်းကင်ချီများက မူလထက် လေးငါးဆ ပိုမိုကျယ်ပြန့်လာသော ဒန်တန်အတွင်း ရေကြီးသကဲ့သို့ စီးဝင်လာကြကာ ၎င်း၏အကျယ်အဝန်းကို မဖြည့်တင်းနိုင်ခဲ့ပေ။ ထိုအခိုက်တွင် ပီရှို့က ချက်ချင်းတုန်ခါလာပြီး များစွာသော သန့်စင်သည့် ကောင်းကင်ချီများကို ယဲ့ချန်၏ဒန်တန်အတွင်း လျင်မြန်စွာဖြည့်တင်းပေးခဲ့သည်။
"အဆင့်တက်ပြီ"
ယဲ့ချန်က ပျော်ရွှင်စွာ အော်ဟစ်ကြုံးဝါးလိုက်ပြီး သူ၏ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းစွမ်းအားမျိုး သယ်ဆောင်ထားသကဲ့သို့ ခံစားနေရသည်။ သူ၏စိတ်နှင့်ခန္ဓာက ပတ်ဝန်းကျင်လောကနှင့် ပိုမိုနီးစပ်လာကာ အတွေးများက ပိုမိုနက်ရှိုင်းလာ၏။ သူ၏စိတ်ထဲတွင် ဉာဏ်အလင်းပွင့်မှုတစ်ခုက သဘာဝတရားထံ ခေါ်ဆောင်သွားလေသည်။
ယဲ့ချန်သည် အင်္ကျီစကို လှုပ်ယမ်းလိုက်ရုံဖြင့် ဆင်အကောင်တစ်ရာ၏ခွန်အားမျိုး ထွက်ပေါ်လာနိုင်သည်ဟု ခံစားနေရသည်။ သူ၏မျက်လုံးများက အဆင့်တက်နိုင်ခဲ့သည့်အတွက် အလင်းရောင်များ တောက်ပလင်းလက်နေသည်။ ထျန်းချီအဆင့်တစ်ဆယ်နှင့် မြေဝိဇ္ဇာအဆင့်ဆိုသည်ကား အလွန်တရာကွာခြားသော်လည်း ယဲ့ချန်သည် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့သည်။
မြေဝိဇ္ဇာအဆင့်သို့ တက်ပြီးနောက် ယဲ့ချန်၏ဝိညာဥ်အသိစိတ်ကလည်း ပြောင်းလဲတိုးတက်လာသည်။ ထန်တိုက်လင်၏လက်ချက်ဖြင့် ရရှိခဲ့သော ဒဏ်ရာများက ချက်ချင်းပျောက်ကင်းသွားသည်။ သူ၏ဝိညာဥ်အသိစိတ်သည်လည်း အဆင့်သစ်တစ်ခုသို့ ပြောင်းလဲတိုးတက်သွားခဲ့သည်။
ယဲ့ချန်သည် တင်ပျဥ်ခွေထိုင်၍ ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်လိုက်သောအခါ လေထဲတွင် ရွှေသံချပ်ဝတ်ဝိညာဥ်စစ်သည်တော်က ခရမ်းရောင်မီးတောက်များ ခြံရံထွက်ပေါ်လာသည်။
"တိုက်ခိုက်စမ်း"
ယဲ့ချန်က စိတ်ဖြင့် အမိန့်ပေးလိုက်သည်။ ဝိညာဥ်စစ်သည်တော်က မီတာနှစ်ရာအဝေးတွင်ရှိသော သစ်တောထံ တဟုန်ထိုးပြေးဝင်သွားပြီး လူသုံးယောက်ဖက်စာခန့်ရှိသော သစ်ပင် ပင်စည်တစ်ခုကို ထိုးချလိုက်သည်။ ဘန်းခနဲမြည်သံနှင့်အတူ ၎င်းက ထက်ပိုင်းကျိုးကျသွားပြီး ဝိညာဥ်စစ်သည်တော်၏လက်သီး ကျရောက်သွားသည့်နေရာတွင် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်သည်။
ဤအရာက ဝိညာဥ်စစ်သည်တော်၏ စွမ်းအားအကုန်မဟုတ်ဘဲ ရာနှုန်းပြည့်သာဆိုလျှင် ရွှမ်သံနက်ကိုပင် လက်ဝါးတစ်ချက်တည်းဖြင့် ထိုးဖောက်နိုင်ပေမည်။ ၎င်း၏အစွမ်းက သာမန်မြေဝိဇ္ဇာများထက်ပင် သာလွန်နေခဲ့သည်။
ယဲ့ချန်၏ ဝိညာဥ်စစ်သည်တော်သည် လက်ရှိတွင် ပုံရိပ်ယောင်ကဲ့သို့ဖြစ်ကာ အပြည့်အဝအကောင်အထည်မပေါ်သေးပေ။ ဤအရာက ထိုအဆင့်သို့ရောက်ရန် ဝေးကွာနေဆဲဖြစ်ပြီး လက်ရှိထုတ်ဖော်နိုင်သည့် စွမ်းအားက တစ်ရာခိုင်နှုန်းသာဖြစ်သည်။ သို့သော် ဤတစ်ရာခိုင်နှုန်းကပင် မြေဝိဇ္ဇာများ၏ခွန်အားထက် သာလွန်နေပြီး ကောင်းကင်ဝိဇ္ဇာစဦးအဆင့်ဖြင့် ကောင်းကောင်းယှဥ်နိုင်နေသည်။
ဝိညာဥ်စစ်သည်တော်သာ ရုပ်သွင် ဖြစ်တည်လာလျှင် ကောင်းကင်ဝိဇ္ဇာပြိုင်ဘက်တစ်ရာကိုပင် ယှဥ်တိုက်နိုင်ပေလိမ့်မည်။
ဝိညာဥ်စစ်သည်တော်၏အစွမ်းကို တွက်ချက်ပြီးနောက် ယဲ့ချန်သည် ၎င်းက မီတာရာချီအကွာအဝေးအတွင်း၌သာ လျင်မြန်စွာလှုပ်ရှားနိုင်ကြောင်း သိရှိလိုက်ရသည်။ စွမ်းအားကြီးလေလေ အားနည်းချက်ရှိလေလေ ဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ဝိညာဥ်စစ်သည်တော်အား အသုံးပြုနေချိန်၌ ယဲ့ချန်၏မူရင်းခန္ဓာ တိုက်ခိုက်ခံရနိုင်ချေလည်း ရှိနေသည်။
အလွန်ကြီးမားသော သစ်ပင်ကြီးကို လက်သီးတစ်ချက်တည်းဖြင့် ထိုးဖောက်လိုက်သော ဝိညာဥ်စစ်သည်တော်၏ခွန်အားက ယဲ့ချန်အတွက် နောက်ထပ်ဝှက်ဖဲတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် သူက ၎င်းကို လျင်မြန်စွာပြန်သိမ်းလိုက်သည်။
ယဲ့ချန်တစ်ယောက်တည်းတွင်သာ ပြောင်းလဲမှုများ ဖြစ်နေသည်မဟုတ်ဘဲ အမွေးပွလေးသည်လည်း ပြောင်းလဲတိုးတက်နေသည်။ ခြောက်ခုမြောက်အမြှီးက အခြားအမြှီးများကဲ့သို့ သိသာစွာရှည်ထွက်လာသည်။ ၎င်း၏သားမွေးများကလည်း တဖိတ်ဖိတ်တောက်နေသော အဖြူရောင်ကျောက်စိမ်းအလား တောက်ပနူးညံလာခဲ့သည်။ ၎င်း၏ဝိညာဥ်ကလည်း သာမန်ကောင်းကင်သားရဲများထက် ပိုမိုကြီးမားလာသည်။ အမွေးပွလေး၏ဝိညာဥ်က ပုံသဏ္ဍာန် ဖြစ်တည်လာသော်လည်း မှိန်ဖျော့နေသဖြင့် ယဲ့ချန်က ပြတ်သားစွာ မမြင်နိုင်ခဲ့ချေ။
အမွေးပွလေးသည်လည်း ယဲ့ချန်၏အဆင့်တက်မှုကြောင့် တိုးတက်လာခဲ့သည်။ သူတို့နှစ်ယောက်က အချင်းချင်း ချိတ်ဆက်ထားသောကြောင့် အတူတကွအဆင့်တက်ခဲ့ခြင်းပင်။
အမွေးပွလေးသည် ထျန်းချီအဆင့်တစ်ဆယ် ကောင်းကင်သားရဲအဖြစ်မှ မြေအဆင့်ကောင်းကင်သားရဲဖြစ်လာသည်။ ၎င်းက ကောင်းကင်ချီကို မကျင့်ကြံသောကြောင့် ချီစီးဆင်းမှုကို အရိပ်အယောင်ပင် မမြင်ရပေ။ သို့သော် ၎င်း၏ဝိညာဥ်က အလယ်အဆင့် မြေကောင်းကင်သားရဲများ၏ ဝိညာဥ်များနှင့် တန်းတူယှဥ်နိုင်လာပြီ ဖြစ်သည်။
အမွေးပွလေးသည် စွမ်းအင်များနှင့် ဝိညာဥ်က ခုန်ပေါက်တိုးတက်လာသောကြောင့် ပျော်ရွှင်စွာဖြင့် တကွိကွိအော်မြည်လိုက်သည်။
ယဲ့ချန်က တစ်ချက်ပြုံး၍ ၎င်း၏ကျောပြင်ကို သပ်လိုက်သောအခါ မိန်းကလေးတစ်ယောက်၏ အသားအရေကဲ့သို့ နူးညံ့ချောမွေ့လာသည်ကို သိခဲ့ရသည်။ ယနေ့တွင် ယဲ့ချန်ရော အမွေးပွလေးပါ အဆင့်တက်ခြင်းဖြင့် အကျိုးများစွာရရှိခဲ့သည်။ စွမ်းအားကိုယ်စီ တိုးတက်လာသောကြောင့် သာမန်အန္တရာယ်များကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပြီဖြစ်သည်။
လက်ရှိတွင် ယဲ့ချန်သည် သူ့ကိုယ်သူ အသစ်ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားနေရသည်။ သူက အတွေးတစ်ချက်ဖြင့် ညာလက်ကို ယမ်းလိုက်သောအခါ ကောင်းကင်ချီများ စုစည်းလာပြီး ပီရှို့နှင့်သဏ္ဍာန်တူ ဓားပျံတစ်စင်း ဖြစ်တည်လာသည်။
လက်ရှိ ယဲ့ချန်ဖန်တီးလိုက်သော ဓားပျံက ပထမဆုံးအကြိမ်နှင့် များစွာခြားနားနေခဲ့သည်။ ပထမဆုံးအကြိမ်တွင် ယဲ့ချန်သည် ဓားပျံက အသက်မဲ့နေသယောင် ခံစားခဲ့ရသည်။ လက်ရှိဓားပျံကမူ အစွမ်းထက်အရှိန်အဝါတစ်ခုနှင့် ပြင်းထန်သော သတ်ဖြတ်ခြင်းကို ထင်ဟပ်ပြသနေသည်။
ပီရှို့၏ပုံစံတူ ဓားပျံ ဖြစ်တည်လာသောအခါ လက်မောင်းကာ၊ ပုလဲနက်နှင့် ငရဲဖြိုခွဲဓား၏ ရတနာဝိညာဥ်များက ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုကို ခံစားမိဟန်ဖြင့် တုန်ခါနေကြသည်။ ၎င်းတို့အားလုံးက ဓားပျံကို အညံ့ခံနေသယောင်ပင်ဖြစ်သည်။
ဓားပျံသည် ကောင်းကင်ချီဖြင့် ဖန်တီးထားခြင်းဖြစ်ကာ ယဲ့ချန်၏စိတ်ထဲမှ အစစ်အမှန်ပီရှို့ပင် မဟုတ်ခဲ့ပေ။ ယဲ့ချန်သည်လည်း ဤအဖြစ်ကြောင့် အံ့သြသွားကာ ၎င်း၏တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်လိုခဲ့သည်။
"အမွေးပွလေး ဆက်ပြီးကျင့်ကြံနေနော်။ ငါ အပြင်သွားဦးမယ်"
သူက ဤသို့မှာကြားကာ စိတ်လှုပ်ရှားစွာဖြင့် အခန်းအပြင်ဘက်ရှိသစ်တောထံ ပြေးဝင်သွားခဲ့သည်။ ရေကန်၏အလယ်ရှိကျွန်းက ကြီးမားပြီး ရွှမ်းယီ၏အဆောင်က နေရာအနည်းငယ်ကိုသာ ယူထားသောကြောင့် ရှစ်ဆယ်ရာခိုင်နှုန်းသော ဧရိယာတွင် သစ်တောများ ပြည့်နှက်နေသည်။
ဝိညာဥ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်တွင် လူမရှိကြောင်း စစ်ဆေးပြီးသောအခါ ယဲ့ချန်သည် ကောင်းကင်ချီဓားပျံကို စိတ်ဖြင့် အမိန့်ပေးပစ်ခတ်လိုက်သည်။
"ဝှစ်"
ဓားပျံက လေကိုခွဲကာ တဟုန်ထိုးပြေးထွက်သွားပြီး သစ်ပင်ကြီးတစ်ပင်၏ပင်စည်ကို ထိုးဖောက်သွားခဲ့သည်။ သစ်ပင်က ဓားပျံကြောင့် အလွယ်တကူထိုးဖောက်ခံလိုက်ရသဖြင့် ၎င်းက သင်တုန်းဓားပမာ ထက်ရှကြောင်း သိသာပေသည်။
ငါးမီတာခန့်အရောက်တွင် ဓားပျံက စွမ်းအင်ကုန်ခမ်းသွားဟန်ဖြင့် လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ချန်က ဓားပျံဖြင့် ထိုးဖောက်ခံလိုက်ရသော သစ်ပင်၏ပင်စည်ကို စစ်ဆေးရန် ရှေ့တက်လာသည်။ ဓားဒဏ်ရာတစ်ခုက ပင်စည်တွင် ချောမွေ့စွာတည်ရှိနေပြီး အနီးကပ်ကြည့်လိုက်သောအခါ သူ့ကို အံ့သြသွားစေသည်။ ဓားပျံက သာမန်ထိုးဖောက်သွားခြင်းမဟုတ်ဘဲ ပင်စည်ရှိ ရေကြောနှင့်အစာကြောများကိုပင် တိတိရိရိ ဖျက်ဆီးသွားသောကြောင့်ပင်။
၎င်း၏လုပ်ဆောင်နိုင်စွမ်းကြောင့် သွေးကြောများ ပြည့်နှက်နေသည့် လူသားခန္ဓာကိုယ်ကိုသာ ထိုးဖောက်လိုက်လျှင် ပစ်မှတ်မှာ အရေးကြီးသွေးကြောများ ထိခိုက်သွားပြီး ချက်ချင်းသေဆုံးနိုင်ချေ ရှိသည်။
"ဒီဓားပျံပုံတူက တကယ်အစွမ်းထက်တယ်"
ပီရှို့၏ပုံစံတူ ဓားပျံက ဤမျှအထိအစွမ်းထက်နေလျှင် ပီရှို့အစစ်အမှန်၏အစွမ်းကို ယဲ့ချန်ကိုယ်တိုင်ပင် မစဥ်းစားတတ်တော့ချေ။
သို့သော် လက်ရှိတွင် ဓားပျံက နှေးကွေးနေသောကြောင့် ရန်သူများက အလွယ်တကူရှောင်တိမ်းနိုင်စွမ်းရှိနေသည်။ ယဲ့ချန်သာ ၎င်း၏အရှိန်ကို မြှင့်တင်ပေးနိုင်ပါက အစွမ်းထက်ဝှက်ဖဲတစ်ချပ် ထပ်ရမည် ဖြစ်သည်။
ထို့ကြောင့် ယဲ့ချန်သည် ဓားပျံ၏အလျင်ကို ပိုမိုမြန်ဆန်လာစေနိုင်ရန် အကြံထုတ်လျက်ရှိသည်။ သူက နောက်ထပ်ဓားပျံတစ်ချောင်း ဖန်တီး၍ အာရုံစူးစိုက်လိုက်သောအခါ ၎င်းနှင့်သူ့ကြားတွင် အပ်ချည်မျှင်ပမာ သေးငယ်သော ဆက်သွယ်မှုလေးတစ်ခု ရှိသည်ကို သတိထားမိလိုက်သည်။
"သွားစမ်း"
"ဝှစ်"
ဓားပျံက ယခုတစ်ခေါက်တွင် ပိုမိုမြန်ဆန်စွာ ပြေးထွက်သွားသဖြင့် ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။
"ဝှစ် ဝှစ် ဝှစ်"
ဤသို့ဖြင့် သူသည် ဓားပျံများ ဆက်တိုက်ဖန်တီးကာ ၎င်း၏အလျင်နှင့်တိကျမှုကို တိုးမြှင့်ပေးနိုင်ရန် လေ့ကျင့်လိုက်သည်။ လက်ရှိတွင် သူ၏ဓားပျံက ခြောက်မီတာအကွာအထိ ပစ်ခတ်နိုင်သည်။ သူ၏ပစ်မှတ်ကသာ ဤစက်ကွင်းအတွင်းရှိလျှင် တစ်စင်မီတာပင် မလွဲအောင် ပစ်ခတ်နိုင်လာသည်။ အလျင်ကမူ တိုးတက်လာသော်လည်း နှေးနေဆဲပင်ဖြစ်သည်။
လက်ရှိအလျင်ထက် နှစ်ဆတိုးသွားလျှင် ယဲ့ချန်၏ဓားပျံကို မြေဝိဇ္ဇာစဦးအဆင့် ကျင့်ကြံသူများ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ဓားပျံပစ်ခတ်လေ့ကျင့်ခြင်းက ယဲ့ချန်၏စိတ်ကိုလည်း တိုးတက်စေခဲ့ပြီး အချိန်တစ်ခုအကြာတွင် ၎င်းက မူလထက် ငါးဆယ်ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာပြီဖြစ်သည်။
ယဲ့ချန်၏ဓားပျံများတွင် မည်သည့်လက်နက်မှ မယှဥ်ပြိုင်နိုင်သော အားသာချက်ရှိသည်။ ထို့ကြောင့် သူကသာ လျင်လျင်မြန်မြန် တိတိကျကျ ပစ်ခတ်နိုင်မည်ဆိုလျှင် ရန်သူများကို အလစ်တိုက်ခိုက် သတ်ဖြတ်နိုင်ပေလိမ့်မည်။
နှစ်နာရီအကြာ လေကျင့်အပြီးတွင် ယဲ့ချန်က စတင်ပင်ပန်းလာပြီး စွမ်းအင်များစွာ ကုန်ခမ်းနေကြောင်း အသိစိတ်မှ သတိပေးလာခဲ့သည်။ မရပ်မနားဆက်လက် လေ့ကျင့်မည်ဆိုလျှင် ကိုယ်တွင်းရှိ ကောင်းကင်ချီများ ထိခိုက်နိုင်သောကြောင့် အနားယူရမည်ဖြစ်သည်။ သို့မှသာ သူ၏စိတ်တည်ငြိမ်မှုက ပိုမိုတိုးတက်လာပေလိမ့်မည်။
ဓားပျံ၏အသုံးဝင်မှုကို တွေ့လိုက်ရသော ယဲ့ချန်သည် အနားယူရန်အတွက် မြေပြင်တွင် စိတ်လှုပ်ရှားစွာထိုင်ချလိုက်သည်။ သို့သော် ထိုအချိန်တွင် သူ၏ဝိညာဥ်အသိစိတ်က မူမမှန်မှုတစ်ခုကို ခံစားလိုက်ရသည်။ ရေကန်အတွင်းမှ အနက်ရောင်ကိုယ်စီ ဝတ်ဆင်ထားသော ပုံရိပ်နှစ်ခု ခိုးကြောင်ခိုးဝှက် ထွက်ပေါ်လာသည်ကို ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် တွေ့ခဲ့လေသည်။