မိန်ချင်းချင်း၏ ဂုဏ်သတင်း
Vol. 69 Ch. 961
“ဝူကျိ… ကျွန်မ သခင်မလေးကို ကယ်ပါဦး”
မြန့်ဟယ်သည် မိုဝူကျိ၏ အင်မော်တယ်နေအိမ် ဧည့်ခန်းသို့ ဝင်လာပြီးသည့်နောက် မျက်ရည်များ ကျဆင်းလာသည်။
သူမတွင် တခြားရွေးချယ်စရာ မရှိပေ။ အကယ်၍ သူမသာ မိုဝူကျိသည် နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးနိုင်ပြီး ဂိုဏ်းချုပ်၏ အလေးပေးမှုကို ရရှိနေကြောင်းကိုသာ မကြားမိခဲ့ပါက သူမတွင် ဤအသက်ကယ်လမ်းကြောင်းပင် ရှိမည် မဟုတ်ချေ။
“မိန်းကလေး မြန့်ဟယ်… ထိုင်ပြီး ဖြေးဖြေး ပြောပါ။ စိတ်မစောပါနဲ့”
မိုဝူကျိက မြန်မြန် ပြောလိုက်သည်။
ထိုအချိန်မှသာ မြန့်ဟယ်သည် ဂိုဏ်းချုပ်နှင့် အကြီးအကဲရှစ်တို့ ဤအခန်းထဲမှာ ရှိနေမှန်း သတိထားမိသွားသည်။ သူမသည် ကပျာကယာဖြင့် လေးလေးစားစား ဦးညွှတ်လိုက်သည်။
“မြန့်ဟယ်… ဘာဖြစ်လို့လဲ”
ရှီလင်ယုက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ မိုးကောင်းကင် ရေကန်ငယ်တောင်သည် ဂိုဏ်းထဲတွင် အထင်သေးခံနေရမှန်း သူပင် သိသည်။ သို့သော် မိန်ချင်းချင်း၏ ခင်ပွန်းသည်ဖြစ်သူ ယိုကျော ကို မိန်ချင်းချင်းအား ဂရုစိုက်စောင့်ရှောက်ပေးပါ့မည်ဟု သူ ကတိပေးထား၏။ သို့ဖြစ်ရာ သူသည် သူမအား ဤအတောအတွင်း၌ စောင့်ရှောက်ပေးခဲ့သည်။ ယိုကျော ထားရစ်ခဲ့သော မိုးကောင်းကင် ရေကန်ငယ်တောင်ကိုပင် သူမအား ပေးခဲ့သည်။
ဂိုဏ်းချုပ်လည်း မိုဝူကျိ၏ နေရာတွင် ရှိနေသည်ကို မြင်သောအခါ မြန့်ဟယ်မှာ အနည်းငယ် ပို၍ အားတက်သွားသည်။
“ကျင့်ဝေ့က အစ်မမိန်လုနဲ့ အစ်မချိုးလင်တို့ကို သတ်ပစ်ပြီး သခင်မလေးကိုလည်း သေအောင် ရိုက်သေးတယ်။ သူက သခင်မလေးကို ဖမ်းချုပ်ထားပြီးတော့ သခင်မလေးကို…”
မြန့်ဟယ်က ဆက်လက် မပြောပြတော့သော်လည်း သူမ၏ မျက်ရည်များမှ မိန်ချင်းချင်းမှာ အန္တရာယ်ရှိနေပြီဖြစ်ကြောင်း မိုဝူကျိက သိလိုက်သည်။
သူတို့၏စကား အသွားအလာများကို ကြားသောအခါ ရှီလင်ယု၏ မျက်နှာအမူအယာမှာ ကြည့်ရဆိုးလာလေသည်။ ထို့အပြင် ဤကိစ္စနှင့်ပတ်သက်၍ ဆက်လက် မဆွေးနွေးချင်တော့သဖြင့် သူက ချက်ချင်း ပြောလိုက်သည်။
“ကျုပ် သိပြီ။ အရင်ပြန်နှင့်လိုက်… ကျုပ် ပြန်ရောက်တဲ့ အချိန်ကျတော့ ဒီကိစ္စကို ဖြေရှင်းပေးမယ်”
ဤစကားကို ကြားသည့်အခိုက် မြန့်ဟယ်၏ မျက်နှာမှာ ဖြူဖျော့သွားကာ သူမသည် မိုဝူကျိအား တိုလျိုးတောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ မိုဝူကျိသည် ဂိုဏ်းချုပ်၏ အလေးပေးမှုကြောင့် သူ့ရာထူးကို ပိုင်ဆိုင်ထားကြောင်း သူမ သိသော်လည်း ကြည့်ရသည်မှာ သူမ၏ တောင်းဆိုချက်မှာ အသုံးဝင်ပုံ မပေါ်ပေ။ သို့သော် သူမတွင် တခြားရွေးချယ်စရာ မရှိပေ။
မိုဝူကျိသည် ရှီလင်ယုဘက်သို့ တလေးတစား ဦးညွှတ်လိုက်ပြီး
“ဂိုဏ်းချုပ်… အစ်မမိန်ဆီမှာ ကျုပ် ကျေးဇူးကြွေးတင်နေတာ ရှိပါတယ်။ ဒါကြောင့် ကျုပ် သူမကို တစ်ခါလောက် ပြန်ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်”
ဤသည်က ရှီလင်ယုအား အကျပ်အတည်း ဖြစ်သွားစေလေ၏။ သူ့ညွှန်ကြားချက်များကို ဂရုမစိုက်သော ကျင့်ဝေ့ကိုလည်း အမျက်ထွက်မိသည်။ သို့သော် ကျင့်ဝေ့ကို အရေးယူ၍လည်း မရပြန်ပေ။
မျက်နှာဖုံးပဝါပါးကို ကိုင်၍ ဘေး၌ ရပ်နေသော ယွီလောက ပြောလိုက်သည်။
“အကြောင်းပြချက်မရှိဘဲ ဂိုဏ်းထဲမှာ တပည့်တစ်ယောက်ကို သတ်တယ်။ တကယ်လို့ အသတ်ခံရသူက အစေခံတပည့် ဖြစ်နေမယ်ဆိုရင်တောင် မိုးကောင်းကင် နတ်ဘုရားဂိုဏ်းမှာ လုံး၀ ခွင့်မပြုထားဘူး။ သတ်တဲ့သူက ဂိုဏ်းချုပ် ဖြစ်နေမယ်ဆိုရင်တောင်မှ ခွင့်ပြုမှာ မဟုတ်ဘူး”
ဤတစ်လျှောက်လုံး ယွီလော၏ ကျင့်ကြံဆင့်မှာ ချီခွန်း၏ ကျင့်ကြံဆင့်ထက် များစွာနိမ့်နေသော်လည်း သူမ၏ရာထူးမှာ ချီခွန်း၏ အထက်တွင် ရှိဟန်တူသည်ဟု မိုဝူကျိက တွေးမိသည်။
အမှန်ပင်… ယွီလော စကားပြီးဆုံးသွားပြီးသည့်နောက် ချက်ချင်း ချီခွန်းက မိုဝူကျိဘက် မျက်နှာမူကာ မေးလိုက်သည်။
“ဆေးလုံးဆရာမို… ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ထင်လဲ”
မိုဝူကျိသည် ချီခွန်းအား တလေးတစား ဦးညွှတ်လိုက်ပြီးနောက် ရှီလင်ယုဘက်လှည့်၍လည်း ထိုနည်းတူ ဦးညွှတ်လိုက်ကာ
“ဂိုဏ်းချုပ်… အဖြစ်မှန်ကို သိရအောင် မိန်ချင်းချင်းနဲ့ ကျင့်ဝေ့တို့ကို ဒီကို မေးမြန်းဖို့ ခေါ်ယူသင့်တယ်လို့ ကျုပ် ထင်ပါတယ်”
သူတို့ကို ကူညီဖို့ ကြိုးစားနေသူမှာ ချီခွန်း ဖြစ်သော်လည်း မိုဝူကျိက ချီခွန်းအား ကူညီရန် တိုက်ရိုက် တောင်းဆို၍ မရနိုင်ပေ။ သူသည် ဤမျှအထိ သင့်တော်မှန်ကန်သော အမိန့်အစဉ်အတန်းကို ရှင်းရှင်းကြီး သိလေသည်။
ယွီလော ပြောသကဲ့သို့ပင် ကျင့်ဝေ့သည် ဂိုဏ်းထဲတွင် စိတ်ကူးပေါက်သလို လူသတ်လေ့ ရှိသည်။ ထို့ကြောင့် သူသည် လူကောင်း မဟုတ်မှန်း သိသာလှပေသည်။ အကုန်လုံးကို မေးမြန်ရန် ခေါ်လိုက်သည်နှင့် ကျင့်ဝေ့၏ ရာထူးနေရာ မည်မျှပင် မြင့်မားနေပါစေ မိန်ချင်းချင်းအား ရိုက်နှက်ခံရသည်အထိ ဆိုးဝါးသောအခြေအနေ ရောက်စေနိုင်မည် မဟုတ်ပေ။
အခက်တွေ့သွားပုံပေါ်ကာ ရှီလင်ယုက ပြောလိုက်သည်။
“ဝူကျိ… ကျင့်ဝေ့ကို ဖယ်ထားလိုက်ပြီး ကျုပ်တို့ မိန်ချင်းချင်းကိုပဲ ဆင့်ခေါ်လိုက်ရင်ကော…”
သို့သော် မိုဝူကျိက တုပ်တုပ်မလှုပ်ပေ။ သို့ဖြစ်ရာ သူ မည်သို့ ဆက်လုပ်သင့်သနည်း။ မိန်ချင်းချင်းအား ကျင့်ဝေ့ကို လွှတ်ပေးဖို့ ကူညီပြောဆိုရန်မှာလည်း လုပ်ဖို့ မသင့်တော် မထိုက်တန်သော အရာဖြစ်နေပြန်သည်။
တစ်ဖက်တွင် ချီခွန်းက သက်ပြင်းချလိုက်ကာ
“ဂိုဏ်းချုပ်ရှီ… ခင်ဗျားရဲ့ ကျင့်ကြံဆင့်နဲ့အမြော်အမြင်ကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ ဂိုဏ်းတွင်းပြဿနာတွေကို ခင်ဗျား ကိုင်တွယ်ဖြေရှင်းပုံက ဒီလိုမျိုးဆိုရင်တော့ နတ်ဘုရားမြေမြင့်များဆီ သွားလည်း ဘာမှသိပ်ထူးလာမဲ့ ပုံမပေါ်ပါဘူး”
အကယ်၍ မိုဝူကျိနှင့်မတွေ့ခင်က ဤသို့ဖြစ်ခဲ့ပါလျှင် ချီခွန်းသည် ဤကဲ့သို့ ပြောရဲလိမ့်မည် မဟုတ်ချေ။ သူ့လို အတွေ့အကြုံ ရင့်နေပြီဖြစ်သော လူတစ်ယောက်အတွက် မိုဝူကျိနှင့်ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်မှာ အဓိကကျမှန်း အဘယ်ကြောင့် မသိဘဲ နေပါ့မည်နည်း။ အကယ်၍ မိုဝူကျိနှင့်ရှီလင်ယုတို့ကြား အဆင်မပြေဖြစ်ကာ မိုဝူကျိသာ သူ့အပေါ်တွင် အမြင်ကောင်း ရှိသွားပါက ညှိနှိုင်းရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။
ဤစကားများက ရှီလင်ယု၏ ရင်ဘက်ကို တုန်ခါသွားစေလေသည်။ ဂိုဏ်းချုပ် တစ်ယောက်အနေနှင့် ချီခွန်း မည်သည်ကို ဆိုလိုမှန်း အဘယ်ကြောင့် သူ နားမလည်နိုင်ဘဲ နေပါ့မည်နည်း။ မိုဝူကျိသာ သူနှင့် ခွာပြဲပြီး ချီခွန်းနှင့် ထွက်သွားလိုက်သည်နှင့် သူ့မိုးကောင်းကင်ငယ်ဂိုဏ်းမှာ ဘာမှရရှိနိုင်လိုက်မည် မဟုတ်ပေ။
“အကြီးအကဲရှစ်… ပတ်သက်နေတဲ့သူတွေအကုန် မြန်မြန် ခေါ်လာခဲ့လိုက်”
ရှီလင်ယုသည် ပြဿနာတစ်ရပ်လုံးအား သေချာစဉ်းစားပြီးသည့်နောက် တုန့်ဆိုင်းခြင်းမရှိဘဲ အမိန့်ပေးလိုက်သည်။
ထို့အပြင် သူသည် အလွန်တိကျ ပြတ်သားလေသည်။ ကျင့်ဝေ့ကို ခေါ်ယူခိုင်းသည်သာမက ကျန်သည့် ပါဝင်ပတ်သက်နေသူအားလုံးကိုပါ ဆင့်ခေါ်လိုက်လေသည်။
“အမိန့်နာခံလျက်ပါ”
အကြီးအကဲရှစ်သည် ဖျက်ခနဲ ချက်ချင်း ပျောက်ကွယ်သွားသည်။
မိုးကောင်းကင်ငယ်ရွာထဲတွင် ကွမ်းကျစ် အသတ်ခံရသည့် အခေါက်ကစ၍ မိုးကောင်းကင်ငယ်ရွာနှင့် မိုးကောင်းကင်ငယ်ဂိုဏ်းအကြား ကူးပြောင်းအစီအရင်များ ခင်းကျင်းထားလေသည်။ မြန့်ဟယ်သည် ဤသို့ ရောက်ရန် လွတ်မြောက်အစီအရင် ကိုသုံးဖို့လိုအပ်သော်လည်း အကြီးအကဲရှစ်က ဂိုဏ်းသို့ ပြန်ရန် အစီအရင်ကို စတင်လိုက်ရုံသာ လိုအပ်လေသည်။
အကြီးအကဲရှစ်ယီ ထွက်သွားသည့်အချိန်တွင် မိုဝူကျိက ရှီလင်ယုအား ပြောလိုက်သည်။
“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်”
ထို့နောက် သူက ချီခွန်းနှင့် ယွီလောတို့ကိုလည်း ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် ရွိုက်ကောအား ပြောလိုက်သည်။
“ရွိုက်ကော… အပြင်ဘက်လူတွေအားလုံးကို ပြောလိုက်ပါ။ ဒီနေ့အဖို့ ဆေးလုံးဖော်ခြင်း ပြီးသွားပြီလို့။ ဆေးလုံး တောင်းချင်တဲ့သူတွေက နောက်ထပ် အသိပေးချက်အထိ စောင့်ရမယ်လို့”
“ဆေးလုံးဆရာမိုက တကယ့်ကို တိကျပါပေတယ်”
ချီခွန်းက ဘေးမှ အားရပါးရ ရယ်လိုက်သည်။
မိုဝူကျိသည် ဤလူများမှာ သူ့ဆီမှ တစ်စုံတစ်ရာ တောင်းဆိုစရာရှိသဖြင့် ရောက်လာကြောင်း ခန့်မှန်းမိသည်။ သို့မဟုတ်ပါက အဘယ်ကြောင့် သူတို့က သူ့ကို ကူညီမည်နည်း။ သို့သော် ယခုမူ သူတို့၏ အကူအညီကို ယူပြီးပြီဖြစ်ရာ သူတို့ ၏တောင်းဆိုချက်ကို ပွင့်ပွင့်လင်းလင်း ငြင်းဆို၍ မရတော့ချေ။
သူက စကား ထပ်ပြောလိုက်ပြန်သည်။
“ဂိုဏ်းချုပ်… ကိုယ့်အိမ်ကိုယ်ယာလို သဘောထားပြီး နေပါဗျာ။ ကျုပ် ခဏလောက် မြန့်ဟယ်နဲ့ စကားနည်းနည်းလေး ပြောချင်လို့ပါ”
ချီခွန်းက ရယ်ရင်း
“နတ်ဆေးလုံးဆရာမို လုပ်စရာရှိတာ လုပ်ပါဗျာ။ ဒီမှာ နတ်ဝိညာဉ်စွမ်းအားက အရမ်းသိပ်သည်းလွန်းလို့ နောက်နေ့အထိ ဒီမှာ ထိုင်ရမယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး”
……………
“အစ်မမြန့်ဟယ်… အစ်မမိန်က မိုးကောင်းကင်ရေကန်ငယ်တောင်ရဲ့ တောင်သခင် မဟုတ်ဘူးလား။ ဘာဖြစ်လို့ လူအများကြီးက အစ်မမိန်ကို သဘောမကျကြဘူးလို့ ကျုပ် ခံစားနေရတာလဲ။ ပြီးတော့ တောင်သခင်ရဲ့လူတွေက ဘယ်လိုလုပ် အဲ့ဒီကျင့်ဝေ့ရဲ့ ရမ်းရမ်းသမ်းသမ်း အသတ်ခံရတာလဲ။ အစ်မမိန် ကိုယ်တိုင်တောင် အသေအရိုက်ခံရသေးတယ် ဟုတ်လား။ ဘာတွေဖြစ်နေတာလဲ”
မြန့်ဟယ်ကို အခန်းတစ်ခန်းထဲသို့ ခေါ်လာပြီးနောက် မိုဝူကျိက ချက်ချင်း မေးလိုက်သည်။
မိုဝူကျိသည် စပ်စုတတ်သောသူမျိုး မဟုတ်ပေ။ မိန်ချင်းချင်းကို ကူညီချင်ပါက ဤကိစ္စများကို နားလည်မှ ဖြစ်မည်။
ဤအခြေအနေထိတိုင် မြန့်ဟယ်မှာ မိုဝူကျိသည် သူမသခင်မလေးနှင့် ကျင့်ဝေ့တို့ကို အတူသွားခေါ်ရန် အကြီးအကဲရှစ်အား အလွယ်တကူ တောင်းဆိုလိုက်သည့် အဖြစ်ကို မယုံကြည်နိုင်သေးပေ။ သူ့လေသံအရ ကျင့်ဝေ့အား ဤနေရာသို့ ဆင့်ခေါ်ခြင်းမှာ ကျင့်ဝေ့ကို ကူညီရန်မဟုတ်ဘဲ အရေးယူရန် ဖြစ်ပေလိမ့်မည်။
မိုဝူကျိက သူမကို စတင်မေးမြန်းသည့်အခါမှသာ သူမ စိတ်ပြန်လည်လာလေသည်။ သူမက ကပျာကယာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဝူကျိရယ်… ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မသခင်မလေးတော့…”
မိုဝူကျိက လက်အသာ ဝှေ့ရမ်းလိုက်ကာ
“အစ်မမိန်က ကျုပ်ကို အလုပ်ကူရှာပေးထားတာလေ… ကျုပ် ပြန်ကူညီတာ ဖြစ်သင့်တဲ့ကိစ္စပါ။ ဒါပေမဲ့ အဲ့ဒါမတိုင်ခင် ခင်ဗျား ကျုပ်ကို အစ်မမိန်ရဲ့အကြောင်းတွေ ထပ်ပြောပြဖို့လိုတယ်”
သက်ပြင်းတစ်ချက်ချလိုက်ရင်း မြန့်ဟယ်က ရှင်းပြလိုက်သည်။
“ရှင် မိန်မျိုးနွယ် အိမ်တော်ကို ရောက်ဖူးမှာပါ။ အဲ့ဒီတုန်းက အိမ်တော်မှာ ကျွန်မရဲ့ သခင်မလေးက အဖိုးထိုက် ရတနာတစ်ပါးပဲ။ ဒါပေမဲ့ တစ်နေ့ကျ အိမ်တော်ထဲမှာ ရုတ်တရက် အကြီးအကျယ် သတ်ဖြတ်မှုကြီးတစ်ခု ဖြစ်သွားတယ်။ လူတချို့က အဆင့်မြင့် ရတနာတချို့ အိမ်တော်ထဲမှာ ပေါ်လာလို့ အဲ့ဒီဟာတွေအတွက် ဝင်အတိုက်ခံရတယ်လို့ ထင်ကြတယ်။ အိမ်တော်ထဲမှာ ရှိတဲ့ လူတိုင်းလိုလို အသတ်ခံလိုက်ရတယ်။ ကြမ်းခင်းမြေကြီးကိုလည်း အနည်းဆုံး ၃ လက်မအနက်အထိ တူးသွားကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘာထူးခြားတာ တစ်ခုမှ ရှာမတွေ့ခဲ့ဘူး။
အဲ့ဒီအဖြစ်အပျက်ကြီး ပြီးသွားပြီးနောက် အိမ်တော်ထဲ ဝင်လာတဲ့သူတိုင်းနီးပါးရဲ့ ဝိညာဉ်လမ်းကြောင်းတွေနဲ့ ဝိညာဉ်ကြောတွေ စပြီး လျော့ပါးပျက်စီးလာကြတယ်။ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်တွေပါ လွင့်စင်ပပျောက်ကုန်တယ်။ အဲ့ဒီနောက်ပိုင်း မိန်မျိုးနွယ်အိမ်တော်က ကန့်သတ်နယ်မြေ ဖြစ်လာတယ်။ ဘယ်သူကမှ အထဲကို ခြေမချရဲတော့ဘူး။ သိပ်မကြာခင်မှာပဲ တခြားလူတွေက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မိန်ချင်းချင်းနဲ့ မိန်ဖုန်းအာတို့ကပဲ မိန်မျိုးနွယ်အိမ်တော်ထဲကို ဘေးမသီရန်မခဘဲ ဝင်နိုင်တာကို သိသွားကြတယ်…”
မိုဝူကျိက လက်ခါလိုက်ရင်း
“ဒါတွေက နောက်မှ ပြောလို့ရတယ်။ လိုရင်းကို အရင်ပြောပြ။ အစ်မမိန်ရဲ့ရာထူးက မိုးကောင်းကင်ငယ်ဂိုဏ်းထဲမှာ ဘာဖြစ်လို့ အရမ်းနိမ့်နေရတာလဲ။ ထားလိုက်ဦး… ဒါလည်း စောင့်နိုင်သေးတယ်။ အစ်မမိန်နဲ့တခြားသူတွေ ရောက်လာကြပြီ… လာ အရင်ဆုံး အပြင်ထွက်ကြည့်ရအောင်”
“သခင်မလေး…”
မြန့်ဟယ်သည် မိန်ချင်းချင်းကို မြင်သည်နှင့် သူမထံသို့ အပြေးသွားကာ ခပ်တင်းတင်း ပွေ့ဖက်ထားလိုက်ရင်း ငိုလိုက်လေသည်။
မိန်ချင်းချင်းမှာ ဆံပင်များ ဖရိုဖရဲဖြစ်နေကာ သူမ မျက်နှာမှာ သွေးစွန်းသွေးစများ ပေကျံနေသည်။ သူမမျက်လုံးများမှာ မျှော်လင့်ချက်မဲ့နေဟန် ပေါ်နေလေသည်။ သူမ၏ အရှိန်အဝါအရ သူမသည် မကြာသေးမီကတင် အတော်လေး ထိခိုက်ဒဏ်ရာရရှိထားကြောင်း မိုဝူကျိက အာရုံခံနိုင်လိုက်သည်။ ထို့အပြင် သူမ၏ အဝတ်အစားများမှာလည်း စုတ်ဖြဲခံထားရသည်။ ကြည့်ရသည်မှာ အရှက်ခွဲခံထားရပုံလည်း ပေါ်လေသည်။
မိန်ချင်းချင်းအပြင် မိုဝူကျိသည် အကြီးအကဲရှစ်နှင့် အကြီးအကဲကျန့်တို့ကိုပါ တစ်ပြိုင်နက်တည်း တွေ့လိုက်ရသည်။ ထို့ထက် မိုဝူကျိ မသိသော လောကနတ်ဘုရားအဆင့်တွင် ရှိလောက်မည့် တခြားအကြီးအကဲတစ်ယောက်ကိုလည်း တွေ့ရသည်။ ဤအကြီးအကဲသုံးယောက်ရှေ့၌ အနီရောင်ဝတ်အမျိုးသားတစ်ယောက်က ရှီလင်ယုအား တည်ငြိမ်စွာ ဦးညွှတ်လိုက်ကာ
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်… ဂိုဏ်းချုပ် ကျွန်တော့်ကို ဘာလို့ဒီကို ဆင့်ခေါ်ရတာလဲ မသိဘူး... အော်… ကျွန်တော် သိပြီ…”
အနီရောင်ဝတ်အမျိုးသား၏ အကြည့်မှာ မိုဝူကျိပေါ် ကျရောက်လာသည်။ ဤနေရာ၌ မိုဝူကျိ၏ ဝိညာဉ်စွမ်းအင်မှာ မထင်ရှားပေ။ ဤကဲ့သို့လူမျိုးကသာလျှင် နှင်းစက်စိမ်းဆန် စိုက်ပေလိမ့်မည်။
“ခင်ဗျားက မိုဝူကျိ မလား။ ခင်ဗျား တကယ်ပဲ အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်နိုင်တယ်ပေါ့”
အနီရောင်ဝတ် လူရွယ်မှာ သူနှင့် မိန်ချင်းချင်းအား ဂိုဏ်းချုပ်က ဆင့်ခေါ်ထားသည့်အချက်ကို ဂရုပင်မစိုက်ချေ။ ပြောရမည်ဆိုလျှင် ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
“မင်းက ကျင့်ဝေ့လား”
မိုဝူကျိသည် အနီရောင်ဝတ်လူရွယ်၏ အမေးကို ပြန်မဖြေချေ။ ထို့အစား လူရွယ်မှာ မသိဟန်ဆောင်နေသည်ဟု ခံစားမိသဖြင့် လူရွယ်အား အကဲဖြတ်နေလိုက်သည်။
“မင်း ဘာပြောလိုက်တယ်… မင်းကများ ဂိုဏ်းချုပ်ငယ်ကို နာမည်တပ်ခေါ်စရာလား”
မိုဝူကျိ မသိသော အကြီးအကဲက ကျယ်လောင်စွာ အပြစ်ဆိုလိုက်သည်။
ဂိုဏ်းချုပ်ငယ်တဲ့လား… မိုဝူကျိက ရှီလင်ယုအား တအံ့တသြ စိုက်ကြည့်လိုက်သည်။ အကယ်၍ ကျင့်ဝေ့သည် ရှီလင်ယု၏သား ဖြစ်နေပါက ဤလူကို အရေးယူဖို့ အင်မတန် ခက်ခဲသွားပေလိမ့်မည်။
မဟုတ်သေးပေ… အကယ်၍ ထိုသို့ဆိုပါလျှင် ကျင့်ဝေ့အား ရှီဝေ့ဟု ခေါ်မည် ဖြစ်သည်။
မိုဝူကျိ၏ မျက်လုံးများမှ အကြည့်သည် မည်သည်ကို ဆိုလိုနေမှန်း အဘယ်ကြောင့် ရှီလင်ယုက နားမလည်ဘဲ နေပါ့မည်နည်း။ သူက ခါးသက်စွာ ပြုံးလိုက်ရင်း မိုဝူကျိဆီ အမှာစကား ပို့လွှတ်လိုက်သည်။
“ဂိုဏ်းချုပ်ငယ် ကျင့်ဝေ့က အရင်ဂိုဏ်းချုပ် ကျင့်ထျန်းရဲ့ တစ်ဦးတည်းသော သားပဲ။ မိုးကောင်းကင်ငယ်ဂိုဏ်းက လက်ရှိအနေအထားကို ရောက်လာတာ ပြောရမယ်ဆိုရင် အဓိကက ကျင့်ထျန်းကြောင့်မို့လို့ပဲ”
ထို့ထက်ပိုပြီး ရှင်းပြစရာ မလိုတော့ပေ။ မိုဝူကျိက နားလည်သွားပြီ ဖြစ်သည်။ ကျင့်ဝေ့သည် ဂိုဏ်းထဲတွင် ထောက်ခံသူအုပ်စုကြီးရှိကာ ရှီလင်ယုပင် သူ့ကို ကြောက်ရသည်မှာ မေးနေစရာပင် မလိုချေ။ ရှီလင်ယုက ကျင့်ဝေ့အား စိတ်ထင်တိုင်း လုပ်ခွင့်ပြုထားသည်မှာ ကျင့်ထျန်းအပေါ်ထားရှိသော လေးစားမှုကြောင့်လည်း ဖြစ်နိုင်ပေသည်။
နောက်တခဏချက်ချင်းပင် ကျင့်ဝေ့သည် သူ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေသနည်းအား နားလည်သွားဟန်ဖြင့် အလွန်လေးနက်လာပုံပေါ်ကာ ထိုအကြီးအကဲအား လက်ခါလိုက်ပြီး
“အကြီးအကဲဟောင်… မိုဝူကျိက လယ်သမားတစ်ယောက်ပဲလေ… ဒါကြောင့် သူ့ကို လိုက်ပြောနေစရာ မလိုပါဘူး။ ခင်ဗျားက ကျွန်တော့်ကို ဒီကို ဆင့်ခေါ်ဖို့ ဂိုဏ်းချုပ်ကို တောင်းဆိုလိုက်တဲ့သူပဲ ဖြစ်ရမယ်… ဟုတ်တယ်မလား။ ကျွန်တော်တို့ နှင်းစက်စိမ်းဆန်အကြောင်း မရောက်ခင် ခင်ဗျားတို့ကို ဒီမိန်ချင်းချင်းက ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်တော် ပြောပြပါရစေ။
သူမက မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ မိုးကောင်းကင်ရေကန်ငယ်တောင်ရဲ့ တောင်သခင် ယိုကျောကို လက်ထပ်ထားတယ်။ ပြီးတော့ သူမရဲ့ ပြိုင်ဘက်ကင်း ကိုယ်ခန္ဓာအရည်အသွေးကို အသုံးချပြီး နေရာတိုင်းမှာ ပြဿနာဖြစ်စေခဲ့တယ်။ ခင်ဗျားတို့ မေးကြည့်နိုင်တယ်… ဂိုဏ်းရဲ့အကြီးအကဲ တော်တော်များများဟာ သူမရဲ့ဆွဲဆောင်ဖြားယောင်းမှုကို ခံရဖူးတယ်။
အော် ပြီးတော့… တောင်သခင် ယိုကျောက သူမနဲ့ သူမချစ်သူရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတာ။ ဘာဖြစ်လို့လဲဆိုတော့ မိုးကောင်းကင် ရေကန်ငယ်တောင်ဆီ သူမ ချစ်သူကို ပျော်ပါးဖို့ ခေါ်လာတဲ့ တစ်ခေါက်မှာ တောင်သခင်က သူတို့နှစ်ယောက်ကို အတူတူ လက်ပူးလက်ကြပ်မိသွားလို့ပဲ။ နောက်ဆုံးမှာတော့ သူမက တောင်သခင် ယိုကျောကို လုပ်ကြံပြီးတဲ့နောက်မှာတောင် မိုးကောင်းကင် ရေကန်ငယ်တောင်မှာ ဆက်နေရဲသေးတယ်။ သူမက မိန်မျိုးနွယ်အိမ်တော်ထဲကို ဝင်နိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်နေလို့ မိုးကောင်းကင်ငယ်ဂိုဏ်းက သူမကို အခုချိန်အထိ သည်းခံနေခဲ့တာ”
ကျင့်ဝေ့ ပြောပြသည်များကို ကြားလိုက်ရသည့်အခိုက် ဘေးတွင်ရှိနေသော ချီခွန်းနှင့်ယွီလောပင်လျှင် အံ့သြသွားသော အမူအယာတို့ဖြင့် မိန်ချင်းချင်းအား ကြည့်လိုက်ကြသည်။ အကယ်၍ ဤသည်မှာ တကယ့် အဖြစ်မှန် ဖြစ်နေခဲ့ပါက ဤမိန်းမအား အခါတစ်ရာသတ်လျှင်ပင် လုံလောက်ဦးမည် မဟုတ်ပေ။
***