← Chapters

ကျွန်းပေါ်ကို ရန်သူတွေ ရောက်လာပြီ

Vol. 13 Ch. 174

ကျွန်းပေါ်ကို ရန်သူတွေ ရောက်လာပြီ

Vol. 13 Ch. 174

ကျွန်းပေါ်သို့ရောက်ရှိလာသူ နှစ်ယောက်က မြေဝိဇ္ဇာအဆင့် ကျင့်ကြံသူများ ဖြစ်နေသောကြောင့် ယဲ့ချန်က အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

ရန်သူများ၏ခွန်အားက မင်ဝူ၏စစ်တပ်ကို ကျော်ဖြတ်၍ အလွယ်တကူဝင်ရောက်လာနိုင်ရန် လုံလောက်သည်ထက် ပိုနေခဲ့သည်။ ထို့ကြောင့် သူက အမွေးပွလေးထံ ဆက်သွယ်လိုက်သည်။ ခြံဝန်းအတွင်း ကျင့်ကြံနေသော အမွေးပွလေးက လျှပ်စီးပမာပျောက်ကွယ်သွားပြီး ယဲ့ချန်ထံ​ ပြေးလာနေခဲ့သည်။

"ဒီမြေဝိဇ္ဇာနှစ်ယောက်က ရွှေခရမ်းနတ်ငါးအတွက် ရောက်လာတာ ဖြစ်ရမယ်"

ယဲ့ချန်က ခပ်တိုးတိုးရေရွတ်၍ သူနှင့် ရင်းနှီးကျွမ်းဝင်သကဲ့သို့ ဖြစ်နေသော လူနှစ်ယောက်ကို ဝိညာဥ်အသိစိတ်ဖြင့် သေချာစွာစစ်ဆေးလိုက်သည်။ ထိုအခါ ဤလူနှစ်ယောက်မှာ ကျောက်စိမ်းမျှော်စင်တွင် သူနှင့်တွေ့ဆုံဖူးသော ထန်ရှင်းတောင်ဂိုဏ်း၏ အကြီးအကဲများဖြစ်သည့် ရှီးယန်နှင့်ရှီးလီတို့ဖြစ်ကြောင်း သိလိုက်ရသည်။

ရှီးယန်နှင့်ရှီးလီက အလယ်အဆင့် မြေဝိဇ္ဇာများဖြစ်သောကြောင့် ယဲ့ချန်အနေဖြင့် အစီအစဥ်ကောင်းကောင်းဆွဲ၍ ရင်ဆိုင်ရမည် ဖြစ်သည်။

အမွေးပွလေးက ယဲ့ချန်၏ပခုံးပေါ်သို့ ရောက်ရှိလာချိန်တွင် သူက အမှောင်ကိုအားပြု၍ ရန်သူနှစ်ယောက်နှင့် မီတာခြောက်ရာအကွာအဝေးတွင် ပုန်းအောင်းနေခဲ့သည်။ ဝိညာဥ်အသိစိတ်ကြောင့် ကျူးကျော်သူနှစ်ယောက်က ကမ်းစပ်မှတက်လာကြပြီး သစ်တောအတွင်း ဝင်ရောက်လာသည်ကို သိမြင်နေခဲ့သည်။

ထိုအချိန်တွင် ရွှမ်းအဆောင်အတွင်းမှ လေ့ရီ၊

ဟောင်ဖုန်းနှင့် ရန်ချန်းတို့ထွက်လာသည်ကို ယဲ့ချန်က အာရုံခံမိလိုက်သည်။ ထိုသုံးယောက်က ဆရာဖြစ်သူကိုသစ္စာ​ဖောက်၍ ထန်ရှင်းတောင်ဂိုဏ်းနှင့် ဆက်သွယ်ခြင်းဖြစ်သည်။

ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေကာ လေတိုက်သံခပ်တိုးတိုးသာ ထွက်ပေါ်နေသည်။

"ဘယ်သူတွေလဲ"

လေ့ရီက ခပ်တိုးတိုးမေးသည်။

"ထန်ရှင်းတောင်ဂိုဏ်းရဲ့ ရှီးယန်နဲ့ ရှီးလီ"

ကျူးကျော်သူနှစ်ယောက်က ရှေ့သို့ တိုးကပ်လာကြသည်။

"အကြီးအကဲတို့"

လေ့ရီတို့သုံးယောက်က ချက်ချင်း အရိုအသေပြုလိုက်ကြ၏။

"မင်းက ဗဟိုအင်ပါယာရဲ့ လေ့မျိုးနွယ်က တတိယသခင်လေးဆိုတာပေါ့"

လေ့ရီကြောင့် ရွှေခရမ်းနတ်ငါးကို ယဲ့ချန်ဖမ်းမိခြင်းနှင့် ရွှမ်းယီက လူသားအဆင့်ဆေး ဖော်စပ်မည်ဖြစ်ကြောင်းက အပြင်သို့ သတင်းထွက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရှီးယန်၏အကြည့်က လေ့ရီထံ ချက်ချင်းကျရောက်သွားသည်။

"ဟုတ်တယ်"

လေ့ရီက ခေါင်းညိတ်၍ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် စစ်ဆေးလိုက်သည်။

"သခင်လေးလေ့က နောက်ထပ်ဘယ်သူတွေကို ဖိတ်ခေါ်ထားတာလဲ"

ရှီးလီက အလိုမကျဟန်ဖြင့် အေးစက်စက်မေးလိုက်သည်။

"ခင်ဗျားတို့ရောက်လာမှတော့ အလုပ်အကြောင်းဆွေးနွေးတာ ပိုမကောင်းဘူးလား။

"ထိုက်ရီဓားဂိုဏ်းနဲ့ မြစိမ်းတိမ်ဂိုဏ်းကိုလည်း ဖိတ်ထားပေမယ့် သူတို့က ဘာလို့ရောက်မလာကြတာလဲ"

လေ့ရီက အပြုံးတစ်ခုဖြင့် ဖြေလိုက်သည်။ သူ၏စိတ်ထဲတွင် ကျန်ဂိုဏ်းနှစ်ခု ပေါ်မလာသည့်အတွက် မတင်မကျဖြစ်သွားသည်။

"ဆေးဆရာရွှမ်းယီက မြေဝိဇ္ဇာအဆင့် ထိပ်ဆုံးကျင့်ကြံသူဖြစ်တယ်။ သူ့လက်အောက်မှာလည်း မြေဝိဇ္ဇာခုနစ်ယောက်ရှိပြီး ဧကရာဇ်မင်ဝူရဲ့တပ်သားတွေလည်း အများကြီးရှိနေတယ်။ သခင်လေးလေ့ရဲ့အမြင်အရ ငါတို့က ဆေးလုံးကို ဘယ်လိုလုယူရမှာလဲ"

ရှီးယန်က ညှိုနှိုင်းရန် လွယ်ကူမည်မထင်သော လေ့ရီကို စိုက်ကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။

"ဆရာရွှမ်းက ဘယ်အချိန်မှာ ဆေးလုံးကို ပြီးမယ်ဆိုတာရော မင်း သိထားလား"

ရှီးလီက မျက်မှောင်ကြုတ်၍ ဝင်မေးလိုက်ပြန်သည်။ အကယ်၍ ဆေးလုံးမပြီးခင် ဝင်ရောက်လုယူမိပါက ရုတ်ရုတ်သဲသဲဖြစ်သွားမည်မှလွဲ၍ အကျိုးမရှိပေ။ ထို့အပြင် သူတို့က နောက်ကျသွားပြီး လူသားအဆင့်ဆေးလုံးကို ရွှမ်းယီနှင့်မင်ဝူ ခွဲဝေပြီးသွားလျှင်လည်း ပြန်လည်လုယူရန် အလွန်ခဲယဥ်းသွားပေလိမ့်မည်။

"ဆရာ ဆေးလုံးဖော်စပ်ပြီးရင် ကျုပ် သိလိမ့်မယ်။ကျုပ်က အခြေအနေကို လှုပ်လှုပ်ရှားရှားဖြစ်အောင် တာဝန်ယူပြီး အကြီးအကဲနှစ်ယောက်က ဆေးလုံးကိုလုဖို့ တာဝန်ယူရမယ်။ ဘယ်လိုသဘောရလဲ"

လေ့ရီက တည်တည်ငြိမ်ငြိမ်ပြောလိုက်သော်လည်း သူ၏စိတ်ထဲတွင် မှန်းချက်နှင့်နှမ်းထွက် အတော်လွဲနေပြီဖြစ်သည်။ ဂိုဏ်းကြီးသုံးခုသာ တပြိုင်နက်ရောက်လာပါ သူတို့သုံးယောက်အနေဖြင့် ဆေးလုံးကိုရယူနိုင်ရန် အခွင့်အရေးရှိသည်။ ဂိုဏ်းကြီးသုံးခုက အချင်းချင်းခွဲဝေမည်ဆိုလျှင် သူတို့လည်း ဝေစုရမည်ဖြစ်သည်။ လက်ရှိတွင် ထန်ရှင်းတောင်ဂိုဏ်းတစ်ခုသာ ရောက်လာသောကြောင့် အခြေအနေက ပိုခက်ခဲလာသည်။ လေ့မျိုးနွယ်၏စွမ်းအားက ဂိုဏ်းကြီးသုံးခုထက် သာလွန်သော်လည်း အလွန်ဝေးကွာသည့် ဗဟိုအင်ပါယာတွင် ရှိနေခြင်းဖြစ်သည်။ အကျိုးအမြတ် ကြီးကြီးမားမားမရှိလျှင် လေမျိုးနွယ်က လှုပ်ရှားမည် မဟုတ်သောကြောင့် လေ့ရီမှာ အကျိုးအပြစ်များကို တွက်ချက်နေရသည်။

"ထန်ရှင်းတောင်ဂိုဏ်းတစ်ခုတည်းက ဆေးလုံးတွေကို လုယူဖို့ မလွယ်လောက်ဘူး"

ရန်ချန်းက မနေနိုင်မထိုင်နိုင် ဝင်သတိပေးလိုက်၏။

"ဒါက သခင်လေးရန်ဆိုတာလား။မင်းက ထန်ရှင်းတောင်ဂိုဏ်းကို အထင်သေးနေတာလား"

ရှီးယန်က နှာခေါင်းရှုံ့လိုက်သည်။

"ဆရာတူညီလေးရန်က အပြောအဆိုမတတ်လို့ ဗွေမယူပါနဲ့ဗျာ"

လက်ရှိတွင် သူတို့၏ခွန်အားက နိမ့်ကျနေသောကြောင့် လေ့ရီသည် ရန်ချန်းကို နောက်သို့ ပြန်ဆွဲထားလိုက်သည်။

"သခင်လေးလေ့အတွက် လက်ဆောင်ပါလာတယ်။ ဒီဆေးတွေကိုစားလိုက်မိရင် ကောင်းကင်ချီကို အသုံးပြုနိုင်မှာ မဟုတ်ဘူး။ ဒါကို ထန်ရှင်းတောင်ဂိုဏ်းရဲ့ လျှို့ဝှက်ပညာနဲ့ လုပ်ထားတာဖြစ်လို့ ရွှမ်းယီတောင် အာရုံခံနိုင်မယ်မထင်ဘူး။ ရွှမ်းယီက ဆေးလုံးကို အောင်မြင်အောင်ဖော်စပ်ပြီးရင် ဆေးခတ်လိုက်ပါ။ ဒါဆိုရင် လူသားအဆင့်ဆေးလုံးကို သေချာပေါက်ရယူနိုင်ပြီ"

ရှီးယန်က ပြောပြောဆိုဆိုနှင့် အိတ်အချို့ကို လေ့ရီထံ ကမ်းပေးလိုက်သည်။

"မဖြစ်နိုင်ဘူး။ ဆရာက သူ ဆေးဖော်နေပြီဆိုရင် ပြင်ပအစားအစာတွေကို လက်မခံ..."

လေ့ရီ၏မျက်နှာက မည်းနက်သွားကာ မြေဝိဇ္ဇာအဆင့်တစ်ယောက်ကို အဆိပ်ခတ်ရမည့် အလုပ်ကို မလုပ်ရဲပေ။

"သခင်လေးလေ့က ဆရာရွှမ်းယီရဲ့ အချစ်ဆုံးတပည့်ဆိုတော့ သေချာပေါက်လုပ်နိုင်မှာပါ။ အစားအစာထဲမဟုတ်ရင်တောင် သောက်စရာတစ်ခုခုနဲ့ ကြိုးစားကြည့်ပေါ့"

သို့သော် သူ၏စကားမဆုံးခင် ရှီးလီ ဖြတ်ပြောခြင်းကို ခံလိုက်ရသည်။ လေ့ရီမှာ ငြင်းဆန်ရန် မဖြစ်နိုင်သောကြောင့် အဆိပ်အိတ်များကို လက်ခံခဲ့ရ၏။

"ဒါကို သတင်းပို့မြေကြွက်လို့ ခေါ်တယ်။ ဒီကောင်ကို သတင်းတွေ ပို့ဆောင်ဆက်သွယ်ဖို့ ငါတို့ဂိုဏ်းက အထူးလေ့ကျင့်ပေးထားတယ်။ ငါက ဂိုဏ်းချုပ်ဆီကိုပြန်ပြီး သတင်းပို့ရမယ်။ ကျွန်းပေါ်မှာ အစ်ကိုယန်က စောင့်နေလိမ့်မယ်။ သခင်လေးလေ့ဆီက သတင်းကောင်းကို စောင့်နေပါတယ်"

ထို့နောက် ရှီးလီက အညိုရောင်ကြွက်တစ်ကောင်ကို ရှီးယန်၏ခြေထောက်နားတွင် ချထားလိုက်သည်။ ထို့နောက်သူက မည်းနက်နေသော လေ့ရီတို့သုံးယောက်၏ မျက်နှာထားကို လျစ်လျူရှုကာ ရေကန်အတွင်း ခုန်ချပျောက်ကွယ်သွားသည်။ ရှီးယန်က သစ်တောအတွင်း ကျန်ရစ်နေခဲ့ပြီး လေ့ရီတို့သုံးယောက်က ရွှမ်းအဆောင်ထံ ပြန်သွားခဲ့သည်။

"ဆရာတူအစ်ကိုလဲ့ ကျုပ်တို့ ဘာလုပ်ကြမလဲ။ ထိုက်ရီဓားဂိုဏ်းနဲ့မြစိမ်းတိမ်ဂိုဏ်းက ဘာကြောင့်ရောက်မလာရတာလဲ"

ယဲ့ချန်က လေ့ရီတို့သုံးယောက်ကို ဝိညာဥ်အသိစိတ်ဖြင့် ဆက်လက်ထောက်လှမ်းနေစဥ် ရန်ချန်းက စကားစလိုက်သည်။

"အလောင်းအစား လုပ်ရမှာပေါ့။မြစိမ်းတိမ်ဂိုဏ်းမလာရင်တောင် မြို့တော်ထဲကို ထိုက်ရီဓားဂိုဏ်း ရောက်နေတယ်။ငါတို့ရဲ့သတင်းပို့သိမ်းငှက်က သူတို့ဆီကို ရောက်မသွားဘူးလား"

လေ့ရီက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ထန်ရှင်းတောင်ဂိုဏ်းကကောင်တွေ ရူးနေပြီလား။ ဆေးလေးနည်းနည်းလေးနဲ့ ဆရာ့ကို ဘယ်လိုလုပ်ကြံနိုင်မှာလဲ။ ဟောင်ဖုန်း သတင်းပို့သိမ်းငှက်နှစ်ကောင် ထပ်လွှတ်လိုက်။ ဟောင်မျိုးနွယ်ကို ထိုက်ရီဓားဂိုဏ်းနဲ့ဆက်သွယ်ဖို့ အမိန့်ပေးလိုက်စမ်း"

လေ့ရီ၏အတွေးတွင် ထန်ရှင်းတောင်ဂိုဏ်းတစ်ခုတည်းနှင့်သာ ပူးပေါင်းလျှင် သူတို့သုံးယောက်က အရိုးပင်ရမည်မဟုတ်ချေ။ ထို့ကြောင့် ထိုက်ရီဓားဂိုဏ်းကိုပါ ဤကိစ္စအတွင်း ဆွဲသွင်းကာ သားရဲနှစ်ကောင် ကိုက်သည့်ကြားမှ အကျိုးအမြတ်ရရန် ကြိုးစားလိုခြင်းဖြစ်သည်။

လေ့ရီတို့သုံးယောက်၏ ဆွေးနွေးစကားများကိုကြားသောအခါ ယဲ့ချန်၏မျက်နှာတွင် အေးစက်စက်အပြုံးတစ်ခု ဖြစ်တည်လာသည်။ ရှီဝူအင်ပါယာတွင် နှစ်ပေါင်းများစွာ တည်ရှိနေသော ဂိုဏ်းကြီးသုံးခုက လေ့ရီ၏အကြံကို မည်ကဲ့သို့ မရိပ်မိဘဲ နေပါမည်နည်း။ အချိန်ဖြုန်းခြင်းသာဖြစ်သော လေ့ရီကို သူက အထင်သေးစွာကြည့်လိုက်မိသည်။

ထို့နောက် ယဲ့ချန်သည် ရွှမ်းအဆောင်သို့ ပြန်ဝင်သွားသော သစ္စာဖောက်သုံးယောက်ကို လျစ်လျူရှုလိုက်သည်။ သစ်တောအတွင်းပုန်းအောင်းနေသော ရှီးယန်ထံ ဝိညာဥ်အသိစိတ်ကို ပို့လွှတ်လိုက်ပြန်သည်။ လက်ရှိတွင် သူက အဆင့်တက်ပြီးခါစ ဖြစ်သောကြောင့် အလယ်အဆင့် မြေဝိဇ္ဇာရန်သူကို အနိုင်ယူနိုင်မည်ဟု မသေချာပေ။

"ငါ ဆရာ့ကို အသိပေးလိုက်ရမလား"

ယဲ့ချန်သည် ရွှမ်းယီကို ဤအကြောင်းသတိပေးရန် စဥ်းစားလိုက်သည်။ သို့သော် ရွှမ်းယီသည် ကျွန်းပေါ်သို့ ရှီးယန်ရောက်နေကြောင်း သိလျှင် အများဆုံးနှင်ထုတ်ရုံသာ တတ်နိုင်ပေလိမ့်မည်။ ရှီးယန်ကို ရွှမ်းယီက သတ်လိုက်ကြောင်း သတင်းများပျံ့နှံ့သွားပါက ထန်ရှင်းတောင်ဂိုဏ်းနှင့် ဆက်ဆံရေး ပျက်စီးသွားမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဆရာရွှမ်းယီသည် မည်သည့်ကိစ္စတွင်မှဝင်မပါဘဲ ဂိုဏ်းများနှင့် လွတ်လွတ်ကင်းကင်းနေသူတစ်ယောက် ဖြစ်လေသည်။

ထို့နောက် ယဲ့ချန်သည် တစ်စုံတစ်ခု ဆုံးဖြတ်လိုက်ဟန်ဖြင့် နေရာတွင်ထိုင်ချကာ ညသန်းခေါင်ရောက်စေရန် စောင့်ဆိုင်းလိုက်သည်။ သူ၏ဘေးတွင် ကောင်းကင်ချီဖြင့် ဖန်တီးထားသော ဓားပျံတစ်လက် ပျံသန်းနေကာ ၎င်းကိုထိန်းချုပ်ခြင်းက မကျွမ်းကျင်သေးပေ။

သစ်တောအတွင်း ကျင့်ကြံဆင့် အခြေတည်စေရန် ဆောင်ရွက်ပြီး ယဲ့ချန်၏မျက်လုံးများ ပွင့်လာချိန်တွင် အချိန်က ညသန်းခေါင်ကျော်လေပြီ။ သူ၏စိတ်က ရိုးသားကာ အားနည်းသူများအတွက်ဆိုလျှင် နူးညံ့သိမ်မွေ့သည်။ သို့သော် လက်တွင် အသက်ပေါင်းများစွာ စွန်းထင်းနေသော ရှီးယန်ကဲ့သို့လူမျိုးအတွက် သူ၏နှလုံးသားက သံထက်ပင် မာကျောလေသည်။

ပုံမှန်ဆိုလျှင် မြေဝိဇ္ဇာစဦးအဆင့်ဖြစ်သော ယဲ့ချန်က စတင်လှုပ်ရှားရဲမည် မဟုတ်ပေ။ သို့သော် လက်ရှိတွင် အစွမ်းထက်ဝိညာဥ်စစ်သည်တော်၊ မြေအဆင့်ကောင်းကင်သားရဲ အမွေးပွလေးနှင့် ကောင်းကင်ဓားပျံတို့ ရှိနေသောကြောင့် သတ္တိများ ဖြစ်ပေါ်လာသည်။

ထန်ရှင်းတောင်ဂိုဏ်းတွင် ကောင်းကင်ဝိဇ္ဇာအဆင့် ကျင့်ကြံသူတစ်ဦးသာ ရှိသည်။ သို့သော် ထိုလူကလည်း ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့် ဧကရာဇ်မင်ဝူကို နိုင်မည်မဟုတ်ပေ။ ရွှမ်းယီနှင့်မင်ဝူကြားရှိ ဆက်ဆံရေးအရ ထန်ရှင်းတောင်ဂိုဏ်းသည် ကျွန်းပေါ်သို့ ပေါ်တင်လာရောက်တိုက်ခိုက်နိုင်ချေက အလွန်နည်းပါးသည်။

အမှန်တကယ် လာရောက်တိုက်ခိုက်မည်ဆိုလျှင်လည်း ယဲ့ချန်အနေဖြင့် ကောင်းကင်ဝိဇ္ဇာအဆင့်များကြားမှ တိုက်ပွဲတစ်ခုကို အတွေ့အကြုံရမည်ဖြစ်သည်။ သို့သော် လက်ရှိတွင် သူက ဝိညာဥ်စစ်သည်တော်နှင့်ပူးပေါင်းလျှင်ပင် ကောင်းကင်ဝိဇ္ဇာအဆင့်ကို မယှဥ်နိုင်သဖြင့် အတွေးကိုဖျက်သိမ်းလိုက်ရ၏။

ညအချိန်တွင် လေက ဖြည်းဖြည်းချင်း တိုက်ခတ်နေပြီး ရေကန်၏မျက်နှာပြင်ထက်တွင် လရောင် ဖြာကျနေသည်။

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် သစ်တောအတွင်း ရုပ်တုတစ်ခုပမာ ငြိမ်သက်စွာကျင့်ကြံနေသော ရှီးယန်အား ထောက်လှမ်းရင်း ချဥ်းကပ်သွားနေသည်။

"အမွေးပွလေး လာခဲ့"

လက်ရှိတွင် ရှောင်ရိသည် ရွှေခရမ်းနတ်ငါးကိုစားပြီးနောက် ဆက်တိုက်အိပ်မောကျနေခဲ့သည်။ သူ၏လက်ရှိအစွမ်းဖြင့် အမွှေးပွလေးပါ ပူးပေါင်းလိုက်လျှင် ရှီးယန်အား ရင်ဆိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရှောင်ရိကိုမလိုအပ်ဟု ယဲ့ချန်က ဆုံးဖြတ်လိုက်သည်။

ရှီးယန်၏ခြေထောက်နားတွင် သတင်းပို့ကြွက်က မြေကြီးအတွင်း တစ်ခုခုကို တူးဆွလိုက်သည်။ ထို့နောက် ၎င်းက လက်သည်းများဖြင့် ကိုက်ဖြဲစားသောက်သည်။ ကြွက်က နောက်ခြေနှစ်ချောင်းဖြင့် ရုတ်တရက်ထရပ်လိုက်ပြီး အနက်ရောင်မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုနေသည်။

မြေကြွက်၏အမူအရာက မူမမှန်သဖြင့် ကျင့်ကြံနေသော ရှီးယန်က ချက်ချင်းသတိထားမိလိုက်သည်။ မြေကြွက်သည် အဆင့်ငါးမှော်သားရဲတစ်ကောင်သာ ဖြစ်သော်လည်း လူများကဲ့သို့ အသိဉာဏ်ရှိသည်။ ထန်ရှင်းတောင်ဂိုဏ်း၏ လေ့ကျင့်မှုအပြီးတွင် ၎င်းတို့က သတင်းပို့သိမ်းငှက်များထက် ပို၍အသုံးဝင်လာသည့်အပြင် အန္တရာယ်ကို အာရုံခံနိုင်စွမ်းပါ မြင့်တက်လာကြသည်။

ရှီးယန်က ပတ်ဝန်းကျင်ကို သတိကြီးကြီးဖြင့် ကြည့်လိုက်သော်လည်း မည်းနက်နေသော သစ်တောမှလွဲ၍ မည်သည်ကိုမှ မမြင်ခဲ့ပေ။

ထိုအချိန်တွင် မြေကြွက်သည် မြေကြီးကို ပြန်လည်တူးဆွကာ အစာရှာနေပြီဖြစ်သည်။ မြေကြွက်၏အမူအရာသည် မှားယွင်းသော သတိပေးချက်တစ်ခုဖြစ်ကြောင်း ရှီးယန်က ဆုံးဖြတ်ကာ စိတ်အေးသွားခဲ့သည်။

သို့သော် ရှီးယန်မသိသည်မှာ မြေကြွက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားခြင်းသည် မူမမှန်ခြင်းပေ။ အကြောင်းမှာ ယဲ့ချန်သည် ဤသတင်းပို့မြေကြွက်ကို ထိန်းချုပ်လိုက်သောကြောင့် ဖြစ်လေသည်။

All Chapters