ရှီးယန်ကို သတ်ခြင်း
Vol. 13 Ch. 175
"အဆင့်ငါး မှော်သားရဲတစ်ကောင်က ငါ့ကို ထုတ်ဖော်နိုင်တော့မလို့ပါလား"
ယဲ့ချန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး သတင်းပို့မြေကြွက်၏ အန္တရာယ်အာရုံခံနိုင်စွမ်းကို ချီးကျူးလိုက်သည်။ ၎င်းက မွေးမြူထားရန် ထိုက်တန်ပေသည်။
ရှီးယန်မှာ မျက်လုံးများမှိတ်၍ ပြန်လည်ကျင့်ကြံနေခဲ့သည်။ သာမန်ဆိုလျှင် ယဲ့ချန်သည် အလယ်အဆင့် မြေဝိဇ္ဇာရန်သူတစ်ယောက်ကို ဖြေရှင်းရန် အချိန်ယူမည်ဖြစ်သော်လည်း လက်ရှိတွင် မဖြစ်နိုင်ချေ။ ဤကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံးမဖြေရှင်းနိုင်လျှင် ထန်းရှင်းတောင်ဂိုဏ်းမှ စစ်ကူများ ရောက်ရှိလာနိုင်သည်။ ထို့နောက် ရှီးယန်က ထွက်ခွာသွားနိုင်သဖြင့် ယဲ့ချန်အတွက် လုပ်ကြံရန် ပိုမိုခက်ခဲသွားပေလိမ့်မည်။
ယဲ့ချန်သည် ရှီးယန်ကျင့်ကြံနေသော နေရာအနီးသို့ ဖြည်းဖြည်းချင်းချဥ်းကပ်၍ မီတာတစ်ရာအကွာအဝေးအထိ တိုးလာခဲ့သည်။ သူ၏ကျောဘက်တွင် ဓားတစ်လက် ကိုင်ဆောင်ထားသော ရွှေရောင်ဝိညာဥ်စစ်သည်တော် ရှိနေခဲ့သည်။
"မိစ္ဆာဝိညာဥ်လား သရဲလား"
ထိုအချိန်တွင် အန္တရာယ်ကို မသိစိတ်မှခံစားမိသော ရှီးယန်က မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ မီးများတောက်လောင်နေသော စစ်သည်တော်တစ်ယောက်၏ပုံရိပ်က ဓားကိုင်လျက် သူ့ထံ တဟုန်ထိုးပြေးဝင်လာနေသည်။
"ထန်းရှင်းတောင်လက်ဝါးသိုင်း"
ရှီးယန်သည် ဆေးဆရာရွှမ်းယီက သူ၏တည်ရှိမှုကို သတိပြုမိသွားမည်ကို စိုးရိမ်နေသဖြင့် လက်ဝါးသိုင်းတစ်ခုကို တိုးတိုးတိတ်တိတ် ထုတ်ဖော်လိုက်သည်။ သူ၏လက်ဝါးပတ်လည်တွင် အလင်းများ တောက်ပလာကာ လေများစုစည်းလာသဖြင့် ပတ်ဝန်းကျင်တွင် သစ်ပင်များ လှုပ်ခတ်ကုန်သည်။
ထန်းရှင်းတောင်လက်ဝါးသိုင်းသည် ဂိုဏ်း၏လျှို့ဝှက်သိုင်းတစ်ခုဖြစ်ကာ အဆင့်ခြောက်ကျင့်စဥ်တစ်ခုလည်း ဖြစ်သောကြောင့် အလွန်ရှားပါးသည်။ ၎င်းက ကျင့်ကြံသူ၏စွမ်းအားကို ဆတိုးများပြားလာစေနိုင်သည်။ ရှီးယန်၏ ကျင့်ကြံဆင့်ဖြင့်ဆိုလျှင် ဤလက်ဝါးချက်က အလွန်အမင်းအစွမ်းထက်ပေမည်။ သူက ဝိညာဥ်စစ်သည်တော်၏ခွန်အားကို မခန့်မှန်းနိုင်သောကြောင့် အားစမ်းတိုက်ခိုက်ရမည့်အစား အစွမ်းကုန်ထုတ်သုံးခြင်း ဖြစ်သည်။
"ဒီဓားချက်ကို ခံစားကြည့်စမ်း"
ယဲ့ချန်၏အမိန့်ဖြင့် ဝိညာဥ်စစ်သည်တော်က ဓားကိုမြှောက်ကာ ရန်သူအား ခုတ်ချလိုက်သည်။ ၎င်းက ကောင်းကင်မှဆင်းသက်လာသော စစ်နတ်ဘုရားတစ်ပါးသဖွယ် အဆုံးမဲ့စွမ်းအင်များကို ထုတ်ဖော်ထားသည်။
အလွန်ပြင်းထန်သော ဖိအားတစ်ခုက ရှီးယန်ထံ ကျရောက်လာသည်။ သူက ဤဖိအားကြောင့် မြေကြီးနှင့်ကပ်သွားသယောင် ခံစားလိုက်ရပြီး ကြောက်စိတ်ကြောင့် ဖြူရော်သွားခဲ့သည်။ ဝိညာဥ်စစ်သည်တော်၏ ဖိအားက တောင်ကြီးတစ်လုံးပမာ သူ့ကို ဖိထားခဲ့သည်။
"ဒါက ဘာကြီးလဲ။ ဘာလို့ ဒီလောက်အစွမ်းထက်နေရတာလဲ"
ရှီးယန်က စိတ်ထဲတွင် ကြောက်လန့်တကြား ရေရွတ်လိုက်သည်။ ထန်းရှင်းတောင်လက်ဝါးသိုင်းတွင် ကောင်းကင်ချီများ ထပ်မံပေါင်းစပ်၍ သူက ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်သည်။
"ဘုန်း"
ပေါက်ကွဲသံတစ်ခုက တိတ်ဆိတ်သော ညတွင် ကျယ်လောင်စွာထွက်ပေါ်လာသည်။ ငါးမီတာကျော်ရှည်သော ဓားရာကြီးတစ်ခုက မြေပြင်ကို ကွဲထွက်သွားစေခဲ့သည်။
တွင်းကြီးအတွင်း၌ အဝတ်အစားများ စုတ်ပြဲနေသော ရှီးယန် လဲကျနေခဲ့သည်။ သူ၏အတွင်းသံချပ်ဝတ်က အပိုင်းပိုင်းအစစ ပေါက်ကွဲနေပြီး ဒဏ်ရာများမှ သွေးများ တရစပ်စီးထွက်နေသည်။ သူ၏အတွင်းအင်္ဂါများသည်လည်း ဓားချက်၏ ပြင်းထန်မှုကြောင့် ထိခိုက်နေပြီဖြစ်သည်။
ရှီးယန်သည် မြေဝိဇ္ဇာအဆင့်သို့ ရောက်ပြီးနောက် ဤမျှဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ဖူးပေ။ သူ့အတွက် အကြောက်ရဆုံးမှာ ယခုတိုင် ရန်သူက မည်သည့်အရာဖြစ်သည်ကို မခွဲခြားနိုင်ခြင်းဖြစ်သည်။
"ငါက ဒီအတိုင်း သေရတော့မှာလား"
ရှီးယန်က ကြောက်လန့်တကြား မော့ကြည့်လိုက်သောအခါ ဗလာဖြစ်နေသော ပတ်ဝန်းကျင်တွင် ဝိညာဥ်စစ်သည်တော်ကို မြင်လိုက်ရ၏။
"ပြေးမယ်"
ရှီးယန်က ပြတ်သားစွာဆုံးဖြတ်၍ ဆေးတစ်လုံး သောက်သုံးကာ လဲကျနေရာမှ ချက်ချင်းထပြေးလိုက်၏။
ဝိညာဥ်စစ်သည်တော်ဖြင့် တိုက်ခိုက်ပြီးနောက် ယဲ့ချန်၏ဝိညာဥ်အသိစိတ်က တုန်ခါလာသဖြင့် ချက်ချင်းပြန်သိမ်းလိုက်ရသည်။ သူ၏ဝိညာဥ်စစ်သည်တော်က အပြည့်အဝ အကောင်အထည်ပေါ်ခြင်းမရှိသောအခါ ဤသို့တိုက်ပွဲမျိုးတွင် ဆက်တိုက်အသုံးမပြုနိုင်ချေ။ သို့သော် ဝိညာဥ်စစ်သည်တော်၏ခွန်အားက ယဲ့ချန်ကို အလွန်ကျေနပ်စေခဲ့သည်။
ထိုအချိန်၌ တိုက်ပွဲ၏အသံကြောင့် ရွှမ်းအဆောင်အတွင်းမှ လူသုံးယောက် ပြေးထွက်လာကြသည်။ သူတို့က ရွှမ်းယီ၏လက်အောက်တွင်ရှိသော မြေဝိဇ္ဇာခုနစ်ယောက်အတွင်းမှ ဖြစ်သည်။ထို့ကြောင့် တိုက်ပွဲကို အမြန်အဆုံးသတ်ချင်သော ယဲ့ချန်က နေရာမှခုန်ထ၍ ရှီးယန်နောက်သို့ ထပ်ကြပ်မကွာ ပြေးလိုက်သွားသည်။
ရှီးယန်သည် ရင်ဘတ်မှ နှလုံးတစ်ခုလုံး ပြုတ်ကျခါနီးသည်အထိ အသဲအသန်ထွက်ပြေးနေခဲ့သည်။ သူက အပြင်းအထန်ဒဏ်ရာရထားသဖြင့် မြေဝိဇ္ဇာတစ်ယောက်၏ ဂုဏ်သိက္ခာကိုပင် မထောက်နိုင်တော့ချေ။
ယဲ့ချန်သည် ရှီးယန်နှင့် ခြောက်မီတာအကွာသို့ ရောက်သောအခါ ညာလက်ကို ယမ်းလိုက်သည်။ ဝှစ်ခနဲလေတိုးသံနှင့်အတူ ဓားပျံတစ်လက်က ရှီးယန်ထံ ချက်ချင်းပြေးဝင်သွားခဲ့သည်။
ရှီးယန်သည် နောက်ကျောမလုံသဖြင့် လှည့်ကြည့်လိုက်မိသောအခါ အဖြူရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ သူက အင်္ကျီလက်စကိုဝှေ့ယမ်း၍ ဆူးချွန်လက်နက်ပုန်းများဖြင့် ၎င်းကို ပစ်ခတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ယဲ့ချန်ကိုမြင်သောအခါ အလွန်အံ့သြသွားခဲ့သည်။
"မင်းပါလား"
ကျောက်စိမ်းမျှော်စင်တွင် လက်မောင်းကာရတနာ ခိုးယူခံရချိန်တွင် ရှီးယန်သည် ယဲ့ချန်ကိုမြင်ဖူးခဲ့သည်။ နောက်တစ်ကြိမ်ပြန်တွေ့လျှင် သူက ယဲ့ချန်ကိုသတ်ပြီး ရတနာအား ပြန်ယူမည်ဟု ဆုံးဖြတ်ထားသည်။ သို့သော် သူ့ကို အလစ်ချောင်းတိုက်ခိုက်သူမှာ ယဲ့ချန်ဖြစ်နေမည်ဟု မျှော်လင့်ထားခြင်းမရှိပေ။ အတိတ်တွင် ယဲ့ချန်သည် မှုစရာမရှိသော အဆင့်တစ်ဆယ်ကျင့်ကြံသူလေးသာ ဖြစ်သည်။
ယဲ့ချန်သည်လည်း ကျောက်စိမ်းမျှော်စင်မှ ရန်စကို မမေ့ချေ။ သူသာ ဉာဏ်ရည်ထက်ခြင်းမရှိလျှင် ထန်းရှင်းတောင်ဂိုဏ်းလက်ချက်ဖြင့် အသက်ထွက်နေမည်ဖြစ်သည်။ ထို့ကြောင့် ရှီးယန်ကို အဘယ်ကြောင့် အလွတ်ပေးရပါမည်နည်း။
"ဘန်း ဘန်း ဘန်း"
"ရွှစ်"
"ဘယ်လိုဖြစ်နိုင်မှာလဲ"
ရှီးယန်၏ ဆူးချွန်လက်နက်များက ဓားပျံနှင့်အတွေ့တွင် ချက်ချင်းပေါက်ကွဲကုန်သည်။ သူက အဖြူရောင်အလင်းမှာ ဓားပျံတစ်စင်းဖြစ်ကြောင်း သတိထားမိချိန်တွင် ၎င်းက
သူ၏ညာဘက်ရင်ဘတ်ကို ထိုးဖောက်သွားပြီဖြစ်သည်။ ဓားပျံသည် ထိုးဖောက်သွားရုံသာမက ညာဘက်ရင်ဘတ်ရှိ သွေးကြောများကိုပါ ဖျက်ဆီးသွားသောကြောင့် ရှီးယန်မှာ သွေးတစ်လုတ် အန်ချလိုက်ရသည်။
"ကြောက်စရာတော်တော်ကောင်းတဲ့ ဓားပျံပါလား"
ရှီးယန်မှာ ဤသို့မပီမသရေရွတ်ရင်း မြေပြင်တွင် လဲကျသွားခဲ့သည်။
"ငါက ထန်းရှင်းတောင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ကွ။ မင်း ငါ့ကိုသတ်ရင် ထန်းရှင်းတောင်ဂိုဏ်းက လက်စားချေလိမ့်မယ်"
ရှီးယန်သည် သူ့ထံ တစ်လှမ်းချင်းလျှောက်လာနေသော ယဲ့ချန်ကို နောက်ခံဖြင့်ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။
"ငါသာ ထန်းရှင်းတောင်ဂိုဏ်းကို ကြောက်နေရင် မင်းကိုသတ်ဖို့ လုပ်မနေဘုးလေ"
သေမင်းတစ်ယောက်နှင့်တူညီသော ယဲ့ချန်က အေးစက်စက်ရယ်မောလိုက်သည်။ မြေဝိဇ္ဇာအဆင့် ကျင့်ကြံသူတစ်ယောက်က ဤမျှကြောက်တတ်မည်ဟု သူ မထင်ထားခဲ့ပေ။
ယဲ့ချန်သည် သူ၏ဝိညာဥ်စစ်သည်တော်နှင့် ကောင်းကင်ဓားပျံကို အထင်သေးမိခဲ့သည်။ ကောင်းကင်ဓားပျံ၏ လက်ကျန်စွမ်းအင်များက ရှီးယန်၏ကိုယ်ထဲတွင် ရှိနေကြောင်းကိုပင် သူက ခံစားနေရသည်။
"ငါ့ကိုမသတ်ပါနဲ့။ အသက်ချမ်းသာပေးရင် မင်းကို ဘာဖြစ်ဖြစ်ပေးပါမယ်"
ရှီးယန်သည် သေခြင်းကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ရန် သတ္တိမရှိခဲ့ပေ။
"အမွေးပွလေး သွားကြစို့။ ဆရာရဲ့အစောင့်တွေ လာနေကြပြီ"
ယဲ့ချန်က ဤသို့ပြောလိုက်သောအခါ အမွေးပွလေးသည် ရှီးယန်၏သိုလှောင်အိတ်ကို လုယူပြီး သူ၏ပခုံးပေါ် ခုန်တက်လာခဲ့သည်။ ထို့နောက် ယဲ့ချန်က မှောင်မည်းနေသော သစ်တောအတွင်း လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ယဲ့ချန်ထွက်ခွာသွားချိန်တွင် အကြောက်လွန်နေသော ရှီးယန်က မြေပြင်တွင် ပက်လက်လန်သွားခဲ့သည်။သူက သေပြီဟု ထင်မှတ်ထားသော်လည်း ယဲ့ချန်က အလွတ်ပေးခဲ့သည်။ သို့သော် ညာဘက်ရင်ဘတ်ရှိ သွေးကြောများနှင့် အတွင်းအင်္ဂါများ၏ဒဏ်ရာက အလွန်ပြင်းထန်သည်။ ဆေးဆရာများဖြင့် ကုသလျှင်တောင် နှစ်ဝက်ခန့် ကျင့်ကြံနိုင်မည် မဟုတ်ပေ။ ရှီးယန်၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ထင်ဟပ်နေကာ အနာဂတ်တွင် ယဲ့ချန်အား အပိုင်းပိုင်းဖြစ်အောင် ခုတ်သတ်မည်ဟု တေးထားလိုက်သည်။
"ပေါက်ကွဲစေ"
ယဲ့ချန်၏နှုတ်ခမ်းများ လှုပ်သွားသည်နှင့် တပြိုင်နက် ရှီးယန်၏ကိုယ်ထဲတွင် ဓားပျံ၏ လက်ကျန်စွမ်းအင်က ပေါက်ကွဲသွားလေသည်။
ထန်းရှင်းတောင်ဂိုဏ်း၏ အကြီးအကဲ မြေဝိဇ္ဇာအဆင့် ရှီးယန်မှာ ယဲ့ချန်၏လက်ချက်ဖြင့် မရဏလမ်းသို့ ပြူးကျယ်သော မျက်လုံးအစုံနှင့် ရောက်ရှိသွားခဲ့သည်။
"ဒီမှာ တိုက်ပွဲတစ်ခု ဖြစ်ပွားသွားပြီး လူတစ်ယောက် ဒဏ်ရာရသွားတယ်"
ထိုအချိန်တွင် ရွှမ်းယီ၏ နောက်လိုက်သုံးယောက်က ထိုနေရာသို့ ရောက်ရှိလာကြသည်။ ခရမ်းရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက်က ဝိညာဥ်စစ်သည်တော်၏ ဓားချက်ကြောင့် ဖြစ်ပေါ်လာသော တွင်းကြီးအတွင်း ခုန်ချလိုက်သည်။ ထိုနေရာတွင် မြေကြီးအောက်ရှိ ကျောက်စိုင်ကျောက်ခဲများပင် အမှုန့်ဖြစ်နေသောကြောင့် သူ၏ရင်ထဲတွင် ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။
"ဒီလိုတွင်းတစ်ခု ဖြစ်ပေါ်လာဖို့ဆိုရင် ဓားနဲ့တိုက်ခိုက်တာ ဖြစ်ရမယ်။ ကောင်းကင်ဝိဇ္ဇာအဆင့် ကျင့်ကြံသူတစ်ယောက်မှသာ ငါးမီတာကျော်ရှည်တဲ့ ဓားရာမျိုးဖြစ်လာအောင် စွမ်းဆောင်နိုင်မှာ"
နောက်တစ်ယောက်က သဲလွန်စများကို ကြည့်ရှု၍ ကောက်ချက်ချလိုက်သည်။
"အဘိုးကြီးငါး အဘိုးကြီးခြောက် ဒီမှာ အလောင်းတစ်ခုရှိနေတယ်"
သုံးယောက်မြောက်လူက ပတ်ဝန်းကျင်ကို လေ့လာနေသဖြင့် ရှီးယန်၏အလောင်းကို လျင်မြန်စွာရှာတွေ့ခဲ့သည်။
"ဒီလူက ဘယ်သူလဲ။ ဘယ်လိုလုပ် ဒီကျွန်းပေါ်မှာ လာသေနေရတာလဲ"
အဘိုးကြီးငါးက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ငါသတိရပြီ။ သူက ရှီးယန်လို့ခေါ်တဲ့ အလယ်အဆင့်မြေဝိဇ္ဇာတစ်ယောက်ပဲ။ ထန်းရှင်းတောင်ဂိုဏ်းရဲ့ အကြီးအကဲလည်း ဖြစ်တယ်"
အဘိုးကြီးခြောက်၏ စကားများက ကျန်နှစ်ယောက်၏စိတ်ကို တုန်လှုပ်သွားစေခဲ့သည်။
"ထန်းရှင်းတောင်ဂိုဏ်းရဲ့လူက ဒီမှာ ဘာလို့လာသေနေရတာလဲ။ ဘယ်သူသတ်တာလဲ"
"ငါတို့က ဒီကို ပေါက်ကွဲသံကြားကြားချင်း ရောက်လာတာဆိုတော့ တရားခံက ရှီးယန်ကိုသတ်ဖို့ အချိန်ခဏသာရမယ်။ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေနဲ့ မင်ဝူက သံယဝင်စရာပဲ"
အဘိုးကြီးငါးက အခြေအနေကို သုံးသပ်ပြလိုက်သည်။
"သေချာကြည့်ကြ။ အလောင်းရဲ့ကိုယ်ထဲမှာ တစ်စုံတစ်ခုပေါက်ကွဲထားပြီး အတွင်းအင်္ဂါတွေ ပျက်စီးနေတယ်။ အပေါ်ယံမှာတော့ လက်နက်နဲ့ထိခိုက်ထားတဲ့ ဒဏ်ရာတစ်ခုတည်း ရှိတယ်။ ရှီးယန်ကိုသတ်သွားတဲ့လူဟာ လွယ်လွယ်နဲ့ သွားရှုပ်လို့မရဘူး။ ဂိုဏ်းချုပ်သုံးယောက်နဲ့ မင်ဝူမဖြစ်နိုင်ပေမယ့် သူတို့အောက် အားမနည်းဘူး။ ရှီဝူအင်ပါယာမှာ ငါးယောက်မြောက် ကောင်းကင်ဝိဇ္ဇာ ထွက်ပေါ်လာပြီလား"
ရှီးယန်၏အလောင်းကို ကောင်းကင်ချီဖြင့် စစ်ဆေးနေသော အဘိုးကြီးခြောက်က ခေါင်းယမ်း၍ အဘိုးကြီးငါး၏စကားကို ကန့်ကွက်လိုက်သည်။
"သူက ဘာကိုလိုချင်တာလဲ။ ရှီးယန်ကို ဒီမှာသတ်ပြီး ဆရာရွှမ်းယီနဲ့ ထန်းရှင်းတောင်ဂိုဏ်းကို ရန်တိုက်ပေးချင်နေတာလား"
အဘိုးကြီးငါးက တွေးတွေးဆဆ ပြောလိုက်သည်။
"ဆရာရွှမ်းယီ ဖော်စပ်နေတဲ့ဆေးလုံးကြောင့် အချင်းချင်းကိုက်နေကြတာ ဖြစ်ရမယ်။ အရင်ဆုံး ဒီကိစ္စကို ဆရာရွှမ်းယီဆီ သတင်းပို့ကြတာပေါ့"
အဘိုးကြီးခြောက်က လက်ဝါးတစ်ချက်ဖြင့် တွင်းတစ်ခုတူးလိုက်ပြီး ရှီးယန်၏အလောင်းကို မြုပ်လိုက်သည်။ ထို့နောက် တိုက်ပွဲ၏သဲလွန်စများကို ဖျက်ဆီးပြီး ကျန်နှစ်ယောက်နှင့်အတူ ရွှမ်းအဆောင်သို့ ချက်ချင်းပြန်သွားခဲ့သည်။
ဆန်းကျယ်သော ကောင်းကင်ဝိဇ္ဇာသာ ကျွန်းပေါ်တွင် ဆက်ရှိနေလျှင် သူတို့ခုနစ်ယောက် ပူးပေါင်းမှ ယှဥ်ပြိုင်နိုင်ပေလိမ့်မည်။ တစ်ယောက်ချင်းစီ လူကွဲနေပါက သေချာပေါက် ဒုက္ခရောက်သွားမည်ဖြစ်သောကြောင့် ဖြစ်လေသည်။