← Chapters

တိုင်းပြည်အရေးတွင် အကျင့်သိက္ခာက အရေးပါသည်

Vol. 13 Ch. 177

တိုင်းပြည်အရေးတွင် အကျင့်သိက္ခာက အရေးပါသည်

Vol. 13 Ch. 177

ချိုးယင်းသည် ရန်သူတိုင်းပြည်တစ်ခုနှင့် လျှို့ဝှက်ဆက်သွယ်နေသော်လည်း ရှီဝူအင်ပါယာ၏ ဝန်ကြီးချုပ်ပင် ဖြစ်သည်။ အရေးယူရမည်ဆိုလျှင် ဧကရာဇ်မင်ဝူကိုယ်တိုင် ဖြစ်သင့်သည်။ လက်ရှိတွင် ဝန်ကြီးချုပ်လုပ်ကြံခံရခြင်းက မင်ဝူကို ပါးရိုက်လိုက်သကဲ့သို့ဖြစ်ရာ သူဒေါသထွက်လျှင်လည်း အဆန်းမဟုတ်ချေ။ ယဲ့ချန်နှင့်ချိုးယင်းကြားတွင် ပြဿနာတစ်ခုရှိသည်။ ထို့အပြင် ကျွန်းပေါ်တွင် ထွက်ပေါ်လာသော ဆန်းကျယ်သည့် ကောင်းကင်ဝိဇ္ဇာလည်း ပါဝင်ပတ်သက်နေနိုင်သည်။ ယဲ့ချန်က မည်သူ့ကိုမှမသတ်လျှင်တောင် ချိုးယင်း၏အမှုအတွက် အပြစ်တင်ခံရမည်မှာ မလွဲပေ။

ယဲ့ချန်သည် မင်ဝူက တရားခံမှာ မည်သူဖြစ်သည်ကို ခန့်မှန်းနိုင်ခြင်းလားဟု တွေးကာ စိတ်လှုပ်ရှားသွားခဲ့သည်။

အချိန်အနည်းငယ်တွေးပြီးနောက် သူက မည်သည့်သက်သေမှမချန်ခဲ့ကြောင်း သတိရသွားသည်။ ဧကရာဇ်မင်ဝူက ယဲ့မျိုးနွယ်ကို ပစ်မှတ်ထားချင်လျှင်ပင် တောင်တန်းများများအတွင်း ပုန်းကွယ်နေခြင်းကို ရှာတွေ့မည်မဟုတ်ပေ။ ယဲ့ချန်က သေသည်အထိ အရိုက်ခံရလျှင်တောင် ဤကိစ္စကို ဝန်ခံမည် မဟုတ်ပေ။

"အရှင်မင်းကြီး အထင်လွဲနေပါပြီ။ ကျွန်တော်နဲ့ဝန်ကြီးချုပ်ချိုးကြားမှာ ပြဿနာသေးသေးလေးတစ်ခုပဲ ရှိတာပါ။ ဘာကြောင့် စွန့်စွန့်စားစားနဲ့ သူ့အိမ်တော်အထိ သွားသတ်ရမှာလဲ။ ပြီးတော့ ကျွန်တော့်ကျင့်ကြံဆင့်က ဒါမျိုးလုပ်နိုင်ဖို့ မလုံလောက်ဘူး"

ယဲ့ချန်က မင်သေသေမျက်နှာထားဖြင့် ငြင်းဆန်လိုက်သည်။

"​သြော် ဒီလိုလား။ ဒါဆိုရင်လည်း ထားလိုက်တော့။ ဒီကိစ္စ ထပ်မပြောတော့ဘူး"

မင်ဝူက ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်လိုက်သဖြင့် သူက အေးစက်တောင့်တင်းသွားရသည်။ ထို့နောက် မင်ဝူက အနားရှိ လက်ဖက်ရည်ခွက်ကိုယူ၍ တစ်ငုံသောက်လိုက်သည်။

မူလတွင် ယဲ့ချန်သည် မင်ဝူက ဤကိစ္စကို စေ့စေ့စပ်စပ်စစ်ဆေးမည်ဟု ထင်ထားသော်လည်း မမျှော်လင့်စွာဖြင့် အလွယ်တကူ လက်လျှော့လိုက်သည်။

မင်ဝူ၏စကားအသွားအလာအရ ယဲ့မျိုးနွယ်က ဤကိစ္စတွင် တာဝန်ရှိကြောင်း သိနေနိုင်သည်။ သူက ရည်ရွယ်ချက်ရှိရှိ ခွင့်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ယဲ့ချန်သည် ဧကရာဇ်မင်ဝူအပေါ် အကြွေးတင်နေသကဲ့သို့ ခံစားလိုက်ရသည်။

ယဲ့ချန်အနေဖြင့် တော်ဝင်မျိုးနွယ်များက ရင်ဆိုင်ရန် မလွယ်ကြောင်း စတင်သဘောပေါက်လာသည်။ မင်ဝူကိုယ်တိုင်က ကောင်းကောင်းမွန်မွန်ဆက်ဆံနေသောအခါ သူက အဘယ်ကြောင့် ကောင်းကင်ဝိဇ္ဇာတစ်ယောက်ကို ရန်စမည်နည်း။

"မင်းရဲ့ငါးဖမ်းစွမ်းရည်က တော်တော်ကောင်းတယ်လို့ ငါ ကြားတယ်။ ပထမဆုံးအကြိမ်မှာတင် ရွှေခရမ်းနတ်ငါးကို ဖမ်းမိခဲ့တယ်။ အခွင့်အရေးရရင် ငါနဲ့အတူတူ ငါးဖမ်းသွားပေးနိုင်မလား။ မင်းရဲ့စွမ်းရည်က လူတွေပြောသလောက် ထူးချွန်လားဆိုတာ သိချင်မိတယ်"

မင်ဝူက စကားလမ်းကြောင်းပြောင်းလိုက်ပြီး ညှင်သာစွာ မေးလာခဲ့သည်။

"ကံကောင်းတာထက် မပိုပါဘူးဗျ"

ယဲ့ချန်သည် မင်ဝူ၏ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်လိုက်သဖြင့် မယုတ်မလွန်ဖြေလိုက်သည်။

"ကံကောင်းတယ်လို့တော့ ငါ မထင်ဘူး။ နက်ခရိုရေကန်ကို ရင်းမျိုးနွယ်ဘိုးဘေးတွေ ရှာတွေ့ခဲ့တာ နှစ်ပေါင်းတစ်ထောင်ကျော်ပြီ။ မျိုးဆက်အဆက်အဆက် ငါးတွေဖမ်းမိခဲ့ပေမယ့် အကြီးဆုံးက လက်သုံးချောင်းအရွယ်နဲ့ တန်ဖိုးအရှိဆုံးက သက်တန့်ငါးသာဖြစ်တယ်။ ရွှေခရမ်းနတ်ငါးဆိုတာ ဘယ်တော့မှမမိဖူးဘူး။ အဖိုးတန်ငါးတစ်ကောင်ကို ဖမ်းမိတဲ့သူတိုင်းဟာလည်း ရင်းမျိုးနွယ်ရဲ့ အဖိုးတန်ပါရမီရှင်တွေသာ ဖြစ်တယ်။ ကောင်းကင်ချီက သန့်စင်လေလေ ငါးတွေကိုဆွဲဆောင်နိုင်စွမ်းမြင့်လေလေ ဖြစ်တယ်"

မင်ဝူက တစ်ချက်ပြုံး၍ ခေါင်းယမ်းကာ ရှင်းပြလိုက်သည်။

ရင်းမျိုးနွယ်သည် နက်ခရိုရေကန်ကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်လာသဖြင့် အပြင်လူများထက် ပို၍အသိအမြင်ကြွယ်ဝသည်။ မင်ဝူ၏စကားတွင် ဂုဏ်ယူမှုတစ်စွန်းတစ်စ ထွက်ပေါ်နေခဲ့သည်။

"မင်းက ခရမ်းရွှေနတ်ငါးကိုတောင် ဖမ်းဆီးနိုင်မှတော့ အဖိုးတန်ငါးတွေကို ဖမ်းဆီးနိုင်လိမ့်မယ်။ နက်ခရိုရေကန်က ရင်းမျိုးနွယ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိလို့ ရေကန်ကိုပိတ်ချလိုက်ရင် ဘယ်သူမှငါးဖမ်းနိုင်မှာ မဟုတ်ဘူး။ ဖမ်းမိတဲ့ငါးတွေကို တစ်ဝက်စီခွဲကြမယ်။ မင်း ဘယ်လိုသဘောရလဲ"

မင်ဝူကဲ့သို့ ဧကရာဇ်တစ်ပါးအနေဖြင့် ဤသို့တောင်းဆိုရန် အလွန်နှိမ့်ချခဲ့ရသည်။ နက်ခရိုရေကန်၏ပိုင်ရှင်ဖြစ်သော်လည်း ကံဆိုးစွာဖြင့် အကျိုးအမြတ်များစွာ မရရှိခဲ့ပေ။ ရင်းမျိုးနွယ်၏အဖြစ်မှာ ရတနာပုံပေါ် တက်ထိုင်နေပြီး သုံးစွဲခွင့်မရသူကဲ့သို့ ဖြစ်သည်။

"ကျွန်တော်နားမလည်တာ တစ်ခုရှိပါတယ်။ နက်ခရိုရေကန်က ရေကန်တစ်ခုပဲဆိုတော့ ရေတွေကိုဖောက်ချလိုက်လို့ မဖြစ်ဘူးလား။ ဒါဆိုရင် မင်းကြီးလိုချင်တဲ့ ငါးမှန်သမျှကို ဖမ်းလို့ရပြီ၊ မျှားစရာ မလိုတော့ဘူး"

ယဲ့ချန်က မင်ဝူ၏တောင်းဆိုချက်ကို လက်မခံသေးဘဲ ပြန်မေးလိုက်သည်။

"ရင်းမျိုးနွယ်ရဲ့ဘိုးဘေးတွေက မင်းပြောသလို စမ်းသပ်ဖူးတယ်။ နက်ခရိုရေကန်ထဲမှာ မြေအောက်ရေစီးကြောင်းတစ်ခုရှိတယ်။ ရေတွေကိုဖောက်ချလိုက်ရင်တောင် ဒါက ခြောက်ခမ်းသွားမှာမဟုတ်ဘူး။ ပြီးတော့ ငါးတွေကလည်း ဉာဏ်ရည်မြင့်တဲ့အတွက် ပုန်းနေကြလိမ့်မယ်။ အဖိုးမတန်တဲ့ ငါးလေးတစ်ကောင်နှစ်ကောင်လောက်ပဲ ဖမ်းမိမှာဆိုတော့ လုပ်ရကိုင်ရတာနဲ့ မတန်ဘူး။ ကောလဟာလတွေအရ ရေကန်ထဲမှာ ရှေးဟောင်းရတနာတွေလည်း ရှိတယ်တဲ့။ မင်း​ပြောသလိုသာ လုပ်နိုင်ရင် ငါလုပ်ပြီးတာ အတော်ကြာပြီ"

မင်ဝူက ခေါင်းယမ်း၍ ရှင်းပြလိုက်သည်။ မင်ဝူသည် နက်ခရိုရေကန်၏ အဖိုးတန်ငါးများအတွက် ငါးဆယ်၊ငါးဆယ်ဟူသော ကမ်းလှမ်းချက်ကို တောင်းဆိုခဲ့ခြင်းသည် နှိမ့်ချမှုတစ်ခုပင် ဖြစ်သည်။

"ရှေးဟောင်းရတနာတွေ ရှိတာလား"

ယဲ့ချန်က နှလုံးခုန်မြန်သွားသော်လည်း သူ၏ဝိညာဥ်စစ်သည်တော်ပင် ရေကန်အတွင်း မဝင်နိုင်ကြောင်း သတိရသွားသည်။ ရေအောက်တွင် ရတနာများရှိနိုင်သော်လည်း ယူရန် မဖြစ်နိုင်ပေ။

ဆေးဆရာရွှမ်းယီနှင့် ဧကရာဇ်မင်ဝူကြားတွင် နက်ခရိုရေကန်နှင့်ပတ်သက်၍ သသဘောတူညီချက်တစ်ခုရှိသည်။ ရွှမ်းယီနှင့်တပည့်များငါးမျှား၍ ဖမ်းမိသမျှကို ယူဆောင်ခွင့်ရှိသောကြောင့် ယဲ့ချန်အနေဖြင့် အကျိုးအမြတ်ကို တစ်ဝက်ခွဲရန် မလိုချေ။ သို့သော် မင်ဝူ၏တောင်းဆိုချက်ကို လက်ခံခြင်းဖြင့် ဆက်ဆံရေးကောင်းမွန်လာနိုင်သောကြောင့် သိပ်မဆိုးပေ။ အနာဂတ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ခဲ့လျှင် သူက ကောင်းကင်ဝိဇ္ဇာတစ်ယောက်၏ အကူအညီကို ရနိုင်သည်။

ယဲ့ချန်၏စွမ်းအားက အားနည်းနေဆဲပင်ဖြစ်ပြီး ကောင်းကင်ဝိဇ္ဇာအဆင့်သို့မရောက်ခင် နောက်ခံကောင်းကောင်း လိုအပ်နေသည်။ မဟုတ်လျှင် ပတ်ချာလည်ဝိုင်းနေသော အန္တရာယ်များကြားတွင် အသက်ပျောက်သွားနိုင်သည်။

"ဆရာရွှမ်းယီဆေးဖော်စပ်ပြီးရင် အတူတူ ငါးမျှားသွားကြတာပေါ့"

နောက်ဆုံးတွင် ယဲ့ချန်သည် မင်ဝူ၏တောင်းဆိုချက်ကို လက်ခံလိုက်သည်။

ဧကရာဇ်မင်ဝူက နှစ်ပေါင်းများစွာ ဘုရင်ဖြစ်လာသောကြောင့် တည်ငြိမ်သော စိတ်ထားတစ်ခုရှိသည်။ ယဲ့ချန်က သဘောတူခဲ့သော်လည်း အပျော်လွန်နေသော အမူအရာကို ထုတ်မပြခဲ့ပေ။ ယဲ့ချန်က သဘောတူလိုက်သဖြင့် မင်ဝူနှင့်မိတ်ဆွေဆက်ဆံရေးက တစ်ဆင့် ပို၍နီးကပ်လာခဲ့သည်။

မင်ဝူသည် ယဲ့ချန်ကိုထောက်ပံ့ပေးနိုင်ပြီး လေ့ရီတို့ကဲ့သို့ အကောက်ဉာဏ်များသူ မဟုတ်ပေ။ ထို့ကြောင့် ယဲ့ချန်က ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မင်ဝူသာ ယုတ်မာကောက်ကျစ်သော လူတစ်ယောက်ဆိုလျှင် ပိုမိုများပြားသော ခွဲတမ်းရမည်ဆိုလျှင်တောင် ယဲ့ချန်က ဂရုစိုက်မည်မဟုတ်ပေ။ တစ်ဖက်လူက ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်ဖြစ်နေလျှင်ပင် အသုံးမဝင်ချေ။

စကားဝိုင်းက ပိုမိုအဆင်ပြေလာပြီး ယဲ့ချန်၏စိုးရိမ်စိတ်များက ဖြည်းဖြည်းချင်း ပျောက်ကွယ်စပြုလာသည်။ ထန်းရှင်းတောင်ဂိုဏ်းရောက်ရှိလာလျှင် ဧကရာဇ်မင်ဝူက သေချာပေါက် ဘေးထွက်ထိုင်နေမည် မဟုတ်ပေ။ ထန်းရှင်းတောင်ဂိုဏ်းချုပ်က ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်သော်လည်း မင်ဝူထက် အနည်းငယ် ပို၍အားနည်းပေသည်။

ထို့နောက် မင်ဝူနှင့်ယဲ့ချန်က သိုင်းအသိအကြောင်း ဆွေးနွေးလိုက်ကြသည်။ ယဲ့ချန်သည် တာအိုကမူလဖြစ်သည်ဟူသော အသိကို အမြဲစွဲကိုင်ထားခဲ့သည်။ သို့သော် သိုင်းအသိရရှိခြင်းအဆင့်သို့ ရောက်သောအခါ သူက အခြားအစွမ်းထက်ကျင့်ကြံသူများနှင့်ယှဥ်လျှင် အနည်းငယ်လစ်ဟာနေခဲ့သည်။ သိုင်းအသိအပေါ်နားလည်မှုသည် အတွေ့အကြံနှင့်အသက်အရွယ်အပေါ်တွင်လည်း မူတည်သည်​ဖြစ်ရာ အသက်၁၇နှစ်အရွယ် ယဲ့ချန်က လိုအပ်နေသည်။ မင်ဝူ၏ စစ်ပွဲအောင်နိုင်ခြင်း သိုင်းအသိအကြောင်းကို နားထောင်ခြင်းဖြင့် သူက များစွာသင်ယူခဲ့ရသည်။

"မင်းလည်း သိုင်းအသိကိုဆုပ်ကိုင်နိုင်နေပြီလို့ ငါ ထင်တယ်။ မင်းက ဘာကိုနားလည်ထားသလဲဆိုတာ သိချင်မိတယ်"

မင်ဝူက မေးခွန်းထုတ်လိုက်သည်။ ကျင့်ကြံသူတစ်ယောက်၏သိုင်းအသိက အဆင့်မြင့်လေလကျင့်ကြံဆင့်က ပို၍တိုးတက်လေလေဖြစ်သည်။ ယဲ့ချန်မှာ အသက်ငယ်ငယ်နှင့် ကျင့်ကြံဆင့်မြင့်နေသောကြောင့် သိုင်းအသိကလည်း သေချာပေါက်အဆင့်မြင့်ပေလိမ့်မည်။

"ကျွန်တော်နားလည်ထားတာက လောကရဲ့လမ်းစဥ်ပါ။ သက်ရှိတွေ ဖြစ်တည်လာချိန်ကစလို့ ပြောင်းလဲမှုတွေ အမြဲတမ်းဖြစ်နေတယ်"

မင်ဝူ၏သဘောထားကို သိရပြီးနောက် ယဲ့ချန်က အမှန်အတိုင်းပြောရန် ဝန်လေးမနေတော့ပေ။

"လောကလမ်းစဥ်"

ဤအရာက စစ်ပွဲအောင်နိုင်ခြင်းထက် ပို၍အဆင့်မြင့်သော သိုင်းအသိဖြစ်ရမည်ဟု မင်ဝူက ကောက်ချက်ချလိုက်သည်။ အတိတ်တွင် သူ၏သိုင်းအသိအ​ကြောင်းကို ရှီဝူအင်ပါယာမှလူတိုင်း သိကြသည်။ လူတိုင်းက သူ့ကို တစ်သန်းတွင်တစ်ယောက်သာ ထွက်ပေါ်သော ပါရမီရှင်ဟု သတ်မှတ်ခဲ့ကြသည်။ ဆေးများ၊ရတနာများကို သုံးစွဲပြီးနောက် အသက်နှစ်ဆယ်အရွယ်၌ မင်ဝူက ထျန်းချီအဆင့်တစ်ဆယ်သို့ တက်ရောက်နိုင်ခဲ့သည်။ တုန်းလင်ပြည်နယ်၏ သေးငယ်သော ယဲ့မျိုးနွယ်လေးမှ သူ့ထက် ပို၍ကျင့်ကြံဆင့်ပိုမြန်သော ပါရမီရှင် ထွက်ပေါ်လာမည်ဟု လုံးဝထင်မထားခဲ့ပေ။ တစ်တောင်ထက်မြင့်သော နောက်တစ်တောင်က အမှန်တကယ်ရှိနေခဲ့လေသည်။

ယဲ့ချန်နှင့်ယဲ့မျိုးနွယ်က မင်ဝူ၏စိတ်ထဲတွင် အဆင့်မြင့်တက်လာခဲ့သည်။ လက်ရှိတွင် ရှီဝူအင်ပါယာကခက်ခဲနေပြီး အတွင်းအပြင်ပြဿနာများကို ရင်ဆိုင်နေရသည်။ နန်မန်တိုင်းပြည်နှင့် စီးချင်းတိုက်ပွဲများတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ သေကြေပျက်စီးခဲ့ရသည်။ ဤသို့ဆက်လက်ဖြစ်ပွားနေပါက ရှီဝူအင်ပါယာ ကျဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် မင်ဝူသည် တိုင်းပြည်ပိုင်နက်အတွင်းရှိ ကျင့်ကြံသူတိုင်းကို အလေးထားသည်။ သို့သော် သူတို့အားလုံးက ယဲ့ချန်နှင့်ယှဥ်လိုက်လျှင် မှေးမှိန်သွားပြီဖြစ်သည်။

"ရှီဝူအင်ပါယာမှာ မျိုးနွယ်တွေ အများကြီးရှိတယ်။ ဂိုဏ်းကြီးသုံးဂိုဏ်းကလည်း တော်ဝင်မျိုးနွယ်ကို ခြိမ်းခြောက်နေကြတယ်။ ယဲ့ချန် အိမ်နဲ့တိုင်းပြည်ဆိုတဲ့ စကားလုံးနှစ်ခုကို ဘယ်လိုသဘောပေါက်ထားလဲ"

မင်ဝူက လေးလေးနက်နက် မေးလိုက်ခြင်းဖြစ်သည်။

"တိုင်းပြည်မရှိရင် အိမ်လည်း မရှိဘူး။ အရေပြားမရှိရင် အမွေးက ဘယ်လိုပေါက်လာနိုင်မှာလဲ"

ယဲ့ချန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

ဤစကားက အလွန်အဓိပ္ပါယ်ရှိပေသည်။ နန်မန်တိုင်းပြည်သာ ရှီဝူအင်ပါယာကို ကျူးကျော်လာလျှင် ယဲ့မျိုးနွယ်သည်လည်း ကပ်ဘေးတစ်ခုကို ခံစားရမည်ဖြစ်သည်။ နန်မန်တိုင်းပြည်မှစစ်သည်များက သူ့အဖေကို လုပ်ကြံခဲ့ခြင်းကို ယဲ့ချန်က အမြဲအမှတ်ရနေသည်။ တိုင်းပြည်နှစ်ခု၏စစ်ပွဲကြားတွင် မပါဝင်ချင်လျှင်ပင် ဤအရာကို သူ ထိန်းချုပ်နိုင်စွမ်း မရှိပေ။

"ကောင်းတယ်။ ကောင်းတယ်။ ရှီဝူအင်ပါယာအတွက် မျှော်လင့်ချက်ရှိတယ်"

ယဲ့ချန်၏စကားကို ကြားသောအခါ မင်ဝူက သဘောကျနှစ်ခြိုက်စွာ ရယ်မောလိုက်သည်။

"ကျွန်တော်က ရင်းမျိုးနွယ်ကို မထောက်ခံပေမယ့် ရှီဝူအင်ပါယာအရေးကို ဂရုစိုက်ပါတယ်"

ယဲ့ချန်က မင်ဝူကိုစိုက်ကြည့်၍ သတ္တိရှိရှိ ပြောလိုက်သည်။

သူ၏စကားကို ကြားသောအခါ မင်ဝူမှာ နေရာတွင် အချိန်ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။ တော်ဝင်ဝန်ကြီးချုပ်များသာ ဤစကားမျိုးပြောလာခဲ့လျှင် သူက နေရာ၌ပင် ကွပ်မျက်ပြီးဖြစ်သည်။ သို့သော် ပြောသူက ယဲ့ချန်ဖြစ်နေသောအခါ မင်ဝူက စိတ်မဆိုးခဲ့ပေ။

"ငါနားလည်ပြီ။ ရှီဝူအင်ပါယာကို နန်မန်တိုင်းပြည်က သိမ်းပိုက်လိုက်ရင် ရင်းမျိုးနွယ်ဟာလည်း တိုင်းပြည်မရှိတဲ့အိမ်တစ်ခု ဖြစ်သွားလိမ့်မယ်။ တိုင်းပြည်အရေးနဲ့ ပတ်သက်လာရင် အရည်အချင်းနဲ့စွမ်းရည်ကို ဂရုစိုက်ရမယ်။ ရှီဝူအင်ပါယာကျဆုံးသွားရင် ပြည်သူတွေအားလုံး ဒုက္ခရောက်သွားမှာ သေချာတယ်"

မင်ဝူက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

ယဲ့ချန်သည် မင်ဝူ၏ပွင့်လင်းသော စိတ်ထား​ကြောင့် အံ့သြသွားခဲ့သည်။

လက်ရှိတွင် သူက မင်ဝူကို အမြင်သစ်တစ်မျိုးဖြင့် ကြည့်နေပြီဖြစ်သည်။ ယဲ့ချန်၏စကားက မင်ဝူကို ဒေါသူပုန်ထစေနိုင်သော်လည်း သူက ဤသို့တုံ့ပြန်လာမည်ဟု ထင်မထားပေ။ မင်ဝူသည် ပြည်သူပြည်သားများအပေါ် စိုးရိမ်ပေးနေသဖြင့် မင်းကောင်းမင်းမြတ်တစ်ပါးဟုပင် ခေါ်ဆိုနိုင်သည်။

"တိုင်းရေးပြည်ရေးမှာ အကျင့်သိက္ခာကလည်း အရေးပါပါတယ် မင်းကြီး"

ယဲ့ချန်က တစ်လုံးချင်း ပြောလိုက်သည်။

"အကျင့်သိက္ခာက အရေးပါတယ်"

မင်ဝူက ခေါင်းယမ်း၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

မင်ဝူ၏အပြုအမူအရ သူ၏စိတ်ထားကို ယဲ့ချန်က ခန့်မှန်းမိသော်လည်း စကားတစ်လုံးမှ မပြောခဲ့ပေ။ ယဲ့ချန်အနေဖြင့် မင်ဝူ၏သဘောထားကို ပြောင်းလဲရန်မလိုသောကြောင့် စကားဝိုင်း၏ခေါင်းစဥ်က နောက်တစ်မျိုး ပြောင်းသွားခဲ့လေသည်။

All Chapters