ဂိုဏ်းချုပ်နှစ်ယောက် ရောက်ရှိလာခြင်း
Vol. 13 Ch. 178
"မင်းနဲ့အတူရှိနေတဲ့ မြေခွေးလေးက ဘယ်အဆင့်မှော်သားရဲလဲ"
မင်ဝူ၏အကြည့်က စပ်စုလိုဟန်ဖြင့် ယဲ့ချန်၏ပခုံးပေါ်သို့ ကျရောက်သွားခဲ့သည်။
"ထျန်းချီအဆင့်တစ်ဆယ်ပါ"
ယဲ့ချန်က လိမ်လည်၍ ဖြေလိုက်သည်။ အမှန်တွင် အမွေးပွလေးသည် မြေအဆင့် ကောင်းကင်သားရဲတစ်ကောင်ဖြစ်သည်။ သို့သော် ဧကရာဇ်မင်ဝူက သူမ၏ဖုံးကွယ်ထားသော ဇစ်မြစ်ကို မခန့်မှန်းနိုင်သဖြင့် လိမ်လည်ခြင်းက ပြဿနာမရှိပေ။
"အဆင့်တစ်ဆယ် မှော်သားရဲ"
မင်ဝူက အနည်းငယ်ဆွံ့အသွားသည်။ သူက ဤအဆင့်သို့ရောက်နေသော မှော်သားရဲများတွင် အလွန်သေးငယ်သော မြေခွေးလေးကို ယခုမှမြင်ဖူးခြင်းဖြစ်သည်။ အများအားဖြင့် မြေခွေးများက သာမန်သားရဲများသာဖြစ်သည်။ ကောင်းကင်သားရဲမြေခွေးအနွယ်ဝင်များက ဤအဆင့်ဆိုလျှင် လူယောင်ဆောင်ကာ သွားလာတတ်ပြီး လူသားများရှေ့ထွက်ပေါ်လာခြင်းက အလွန်ရှားပါးသည်။ ဗဟုသုတအတွေ့အကြုံများသော မင်ဝူကိုယ်တိုင်ပင် မိစ္ဆာမြေခွေးဟု ခေါ်သော ကောင်းကင်သားရဲတစ်မျိုးကိုသာ ကြားဖူးလေသည်။
မင်ဝူက အမွေးပွလေးအကြောင်း စပ်စုပြီးနောက် စကားဝိုင်းက ရပ်တန့်သွားခဲ့သည်။ အခြားတစ်ဖက်တွင် ရွှမ်းယီနှင့်လီရှုက လူသားအဆင့်ဆေးလုံးကို အစွမ်းကုန်ဖော်စပ်နေကြသည်။ ယဲ့ချန်နှင့်မင်ဝူက တိတ်တဆိတ်ထိုင်ကာ ကျင့်ကြံနေခြင်းဖြင့် အချိန်က တိတ်ဆိတ်စွာကုန်လွန်သွားခဲ့သည်။
နောက်တစ်နေ့ နံနက်အရောက်တွင် နေမင်းကြီးထွက်ပေါ်လာကာ တောက်ပသော နေရောင်က ဆေးဖော်စပ်ခန်းအတွင်း ကျရောက်လာခဲ့သည်။
"ကောင်းကင်ဝိဇ္ဇာနှစ်ယောက် ဒီကိုလာနေတယ်။ ဆရာ ဆေးလုံးပြီးဖို့ အချိန် ဘယ်လောက်လိုသေးလဲ"
ထိုအချိန်တွင် ယဲ့ချန်၏မျက်လုံးများ ဖြတ်ခနဲပွင့်လာ၍ ရွှမ်းယီကို မေးလိုက်သည်။
"သုံးနာရီကျော် လိုသေးတယ်"
ရွှမ်းယီက ယဲ့ချန်၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
မင်ဝူသည် မည်သည့်ကောင်းကင်ဝိဇ္ဇာကိုမှ အာရုံမခံမိသောကြောင့် ဇဝေဇဝါဖြစ်နေခဲ့သည်။ ယဲ့ချန်က မည်ကဲ့သို့အာရုံခံနိုင်နေသနည်း။ အသက်ရှူချိန်အနည်းငယ်အကြာတွင် မင်ဝူသည် ကောင်းကင်၌ပျံသန်းလာနေသော လူနှစ်ယောက်ကို အာရုံခံမိလိုက်သဖြင့် မျက်နှာပျက်သွားခဲ့သည်။
သူက ယဲ့ချန်ကို အဓိပ္ပါယ်ပါပါကြည့်လိုက်ပြီး ကောင်းကင်ဝိဇ္ဇာများ၏တည်ရှိမှုကို သူ့အရင်သိရှိခြင်းအား အံ့သြနေခဲ့သည်။ ယဲ့ချန်၏ကျင့်ကြံဆင့်ကို သူက အထင်သေးမိခြင်းလား သို့မဟုတ် လျှို့ဝှက်နည်းစနစ်တစ်ခုလားဟု မင်ဝူ၏စိတ်ထဲတွင် အတွေးနှစ်ခု ဖြစ်ပေါ်လာသည်။
"ငါတို့တွေသွားပြီး တွေ့ဆုံလိုက်ကြမလား"
မင်ဝူက ယဲ့ချန်၏အမြင်ကို မေးမြန်းလိုက်သည်။
"ကျွန်တော်က ကောင်းကင်ဝိဇ္ဇာတွေကိုတော့ မတိုက်ခိုက်နိုင်ဘူး"
ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။ သေရေးရှင်ရေးမဟုတ်လျှင် ဝိညာဥ်စစ်သည်တော်ကို သူက လူမြင်ကွင်း၌ ထုတ်ဖော်မည်မဟုတ်ပေ။ ကျင့်ကြံဆင့်၌ မြေဝိဇ္ဇာစဦးအဆင့်ဖြစ်သော ယဲ့ချန်က မြေဝိဇ္ဇာအလယ်အဆင့်ကို အနိုင်ယူနိုင်သော်လည်း ကောင်းကင်ဝိဇ္ဇာများနှင့်တော့ အဆင့်ချင်းကွာခြားပေသည်။
"အင်း ဒီကလေးပြောတာ မှန်တယ်။ အသက်ဆယ့်ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်က ဘယ်လိုလုပ် ကောင်းကင်ဝိဇ္ဇာအစွမ်းရှိမှာလဲ။ ငါ နည်းနည်းတုံးသွားတယ်"
မင်ဝူက စိတ်ထဲမှ ဤသို့တွေးမိလိုက်သည်။ ကောင်းကင်ဝိဇ္ဇာများကို သူ့အရင်အာရုံခံနိုင်ခြင်းမှာ လျှို့ဝှက်နည်းစနစ်တစ်ခုကြောင့် ဖြစ်နိုင်သည်။ မင်ဝူသည် ယဲ့ချန်၏သားရဲယဥ်းပါးခြင်းစွမ်းရည်ကို တွေ့ရှိပြီးဖြစ်သည်။ ထို့ကြောင့် သူက ယဲ့ချန်သည် အစွမ်းထက်ရှေးဟောင်းဂိုဏ်းတစ်ခုမှဟု သံသယဝင်နေခဲ့သည်။ သူကိုယ်တိုင်ပင် ယဲ့ချန်၏အကြောင်းများကို စုံစမ်းရန် အမိန့်ပေးခဲ့သော်လည်း မြူများဖုံးကွယ်နေသကဲ့သို့ ထင်ထင်ရှားရှား မသိခဲ့ရပေ။
"ဒါဆိုရင် ငါကိုယ်တိုင်သွားပြီး ကိုင်တွယ်လိုက်ပါမယ်"
မင်ဝူက ယဲ့ချန်ကိုခေါင်းညိတ်ပြ၍ ဆေးဖော်စပ်ခန်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။ အချိန်တစ်ခုအကြာတွင် ရွှမ်းယီ၏အဆောင်မှ ကောင်းကင်ဝိဇ္ဇာအရှိန်အဝါတစ်ခုက ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။
"ထိုက်ရီဓားဂိုဏ်းနဲ့ ထန်းရှင်းတောင်ဂိုဏ်းက ဘယ်လိုလုပ် တပြိုင်နက်ရောက်လာကြတာလဲ"
လီရှုက မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
"မနေ့တုန်းက ဆရာဟာ ဧကရာဇ်မင်ဝူကို အကာအကွယ်အဖြစ် ခေါ်ဆောင်ခဲ့တယ်။ ဘယ်သူဖြစ်ဖြစ် ဆေးလုံးတွေပြီးတော့မယ်ဆိုတာကို ခန့်မှန်းနိုင်ကြလိမ့်မယ်။ ဒီကျွန်းပေါ်က အတွင်းလူတွေဟာမဟုတ်ရင် ဒီသတင်းကို ဖြန့်နိုင်မယ် မထင်ဘူး"
ယဲ့ချန်က အခြေအနေကို နားလည်သွားသဖြင့် အချက်ကျကျ သုံးသပ်ပြလိုက်သည်။
"ဒီသစ္စာဖောက်တပည့်တွေ"
ရွှမ်းယီမှာ လေ့ရီတို့သုံးယောက်၏လုပ်ရပ်ကြောင့် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ယင်နေသည်။ ယဲ့ချန်က ထိုအချိန်တွင် ဝိညာဥ်အသိစိတ်ဖြင့် အပြင်ပတ်ဝန်းကျင်ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။
ကောင်းကင်ဝိဇ္ဇာသုံးယောက်က ကောင်းကင်ထက်တွင် တွေ့ဆုံနေကြပြီဖြစ်သည်။
"ထိုက်ရီဓားဂိုဏ်းချုပ် ရန်ရှုံးနဲ့ ထန်းရှင်းတောင်ဂိုဏ်းချုပ် ရန်ဖုန်းချန်ပါလား။ တွေ့ရတာဝမ်းသာပါတယ်"
မင်ဝူ၏ရွှေသံချပ်ဝတ်ထံမှ ပြင်းထန်ထက်ရှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မင်ဝူ မင်းနဲ့ရွှမ်းယီက ရွှေခရမ်းနတ်ငါးတစ်ကောင်ဖမ်းမိတယ်လို့ ကြားတယ်။ အဲ့ဒီငါးက သုံးဆယ်ကတ်တီ အလေးချိန်ရှိတယ်ဆိုတော့ ဆေးလုံးဖော်စပ်လိုက်ရင် အနည်းဆုံး ရာချီထွက်လာလိမ့်မယ်။ ငါတို့က မိတ်ဆွေဟောင်းတွေပဲ။ နည်းနည်းလောက် မမျှဝေချင်ဘူးလား"
စကားပြောလိုက်သူက အညိုရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူ၏ပိန်ပိန်ပါးပါးခန္ဓာကိုယ်ထက်တွင် နှင်းဖြူရောင်ဆံပင်ရှည်များ ဝဲကျနေခဲ့သည်။ မျက်နှာထက်တွင် အရေးအကြောင်းများ ပြည့်နှက်နေပြီး ပြုံးလိုက်သောအခါ မျက်လုံးများက ကျဥ်းမြောင်းသွားတတ်သည်။ လက်ထဲတွင် ရွှေရောင်ဓားတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ထိုက်ရီဓားဂိုဏ်းချုပ် ရန်ရှုံး ဖြစ်လေသည်။
ရန်ရှုံးသည် အသက်ငါးဆယ်အရွယ်တွင် မြေဝိဇ္ဇာတစ်ယောက်ဖြစ်လာ၍ အသက်ခုနစ်ဆယ်အရွယ်၌ ကောင်းကင်ဝိဇ္ဇာအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ လက်ရှိအသက်ခုနစ်ဆယ့်ငါးနှစ်တွင် ရန်ရှုံးသည် အလယ်အဆင့်ကောင်းကင်ဝိဇ္ဇာဖြစ်လာပြီး ထိပ်ဆုံးအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူက အဆင့်တက်ရန် ခက်ခဲနေပြီးနောက် ထိုက်ရီဓားဂိုဏ်းကို ပိုမိုအစွမ်းထက်လာစေရန် ဦးဆောင်ခဲ့သည်။ ရန်ရှုံးသည်လည်း သူ၏မျိုးဆက်တွင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
"မင်ဝူ ဆေးလုံးတွေကို ခွဲပေးမယ်ဆိုရင် ငါတို့ဂိုဏ်းနှစ်ခုက မင်းရဲ့တိုင်းပြည်ကို မနှောင့်ယှက်တော့ဘူး။ နန်မန်တိုင်းပြည်ကိုလည်း ကူညီရင်ဆိုင်ပေးမယ်။ ဘယ်လိုသဘောရလဲ"
ရန်ရှုံး၏ဘေးတွင် ကြယ်ခုနစ်ပွင့်ရေးထိုးထားသည့် ဝတ်ရုံကို ဆင်မြန်းထားသော ထန်းရှင်းတောင်ဂိုဏ်းချုပ် ရန်ဖုန်းချန် ရှိနေခဲ့သည်။ သူ၏လက်ထဲတွင် ရှည်လျားသော အညိုရောင်ကျိုင်းတစ်ခုကို လက်နက်အဖြစ် ကိုင်ဆောင်ထားသည်။ လွန်ခဲ့သော၂နှစ်က ရန်ဖုန်းချန်သည် ထိပ်ဆုံးအဆင့် ကောင်းကင်ဝိဇ္ဇာဖြစ်လာသောကြောင့် ရန်ရှုံးထက် ပို၍သန်မာကာ ပို၍မောက်မာလေသည်။
"မင်းတို့နှစ်ယောက်က လူသားအဆင့် ဆေးလုံးအနည်းငယ်အတွက် အလောတကြီးရောက်လာမယ်လို့ မထင်ထားဘူး။ ငါသာငြင်းလိုက်ရင် အားနာစရာတွေ ဖြစ်ကုန်မှာပေါ့။ ဒီလိုဆိုမှတော့ ဆေးလုံးကို ဘယ်လိုခွဲဝေကြမလဲ"
မင်ဝူက ဂိုဏ်းချုပ်နှစ်ယောက်ကို တစ်ချက်ပြုံးပြ၍ မေးလိုက်သည်။
"သုံးပိုင်းအညီအမျှပိုင်းပြီး တစ်ယောက်တစ်ပိုင်းစီ ယူမယ်"
ရန်ဖုန်းချန်က အေးစက်စက်ဖြေလိုက်သည်။
"ဒါဆိုရင် မင်းတို့နှစ်ယောက်က သုံးဆယ်ရာခိုင်နှုန်းအထိ လိုချင်နေတာပေါ့။ ဒီရွှေခရမ်းနတ်ငါးကို ကလေးတစ်ယောက်က ပိုင်ဆိုင်တယ်။ သူက ဆေးဆရာရွှမ်းယီကိုယုံကြည်လို့ ဆေးဖော်စပ်ခိုင်းတယ်။ ငါ့ကိုယုံကြည်လို့ စောင့်ကြပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ငါနဲ့ရွှမ်းယီတောင် ဆယ်ရာခိုင်နှုန်းစီပဲရမှာကို မင်းတို့က လောဘကြီးလွန်းတယ်။ ဒီလိုလုပ်ရင် မကောင်းဘူးလား။ ငါရမယ့်ဆယ်ရာခိုင်နှုန်းကို မိတ်ဆွေဖြစ်တဲ့ မင်းတို့နှစ်ယောက်နဲ့ ခွဲယူကြတာပေါ့ "
မင်ဝူက တည်တည်ငြိမ်ငြိမ် ငြင်းပယ်လိုက်သည်။
"မင်ဝူ မင်း ငါတို့ကို ဟာသလုပ်နေတာလား။ဆယ်ရာခိုင်နှုန်းကို သုံးယောက်ခွဲယူရမယ်ပေါ့။ နည်းလွန်းတယ်"
မင်ဝူ၏စကားကြောင့် ရန်ရှုံးနှင့်ရန်ဖုန်းချန်၏ မျက်နှာများက ချက်ချင်းမည်းနက်ကုန်သည်။
"ငါက မင်းတို့လိုဂိုဏ်းချုပ်ကြီးတွေကို မနောက်ပြောင်ဝံ့ပါဘူး။ မင်းတို့ကို ဒီလောက်ရက်ရောပေးနေတာတောင် မကျေနပ်ဘူးလား"
မင်ဝူ၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး ရေခဲပမာအေးစက်လာကာ သတ်ဖြတ်လိုစိတ်တစ်ခု ဖြစ်ပေါ်လာ၏။
"ငါတို့အချိန်ကိုဖြုန်းနေတာ ရပ်စမ်း။ မင်းသဘောမတူဘူးဆိုရင် ငါတို့က တိုက်ပွဲစလိုက်မယ်"
ရန်ရှုံးက နှာခေါင်းရှုံ့၍ ဒေါသတကြီး ခြိမ်းခြောက်လာသည်။
"ကလေးတစ်ယောက်ဆီကပစ္စည်းကို ဓားပြလာတိုက်တဲ့ မင်းတို့ကိုယ်မင်းတို့ မှန်ကန်ချင်ယောင်ဆောင်မနေနဲ့။ အသက်ကြီးပြီး အချိန်မစီးတဲ့ကောင်တွေ ငါကိုယ်တော်မြတ်က မင်းတို့တိုက်ခိုက်မှာကို ကြောက်မယ် ထင်နေတာလား"
မင်ဝူက ပြောပြောဆိုဆိုနှင့် သိုလှောင်အိတ်အတွင်းမှ ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ဓားထွက်ပေါ်လာချိန်တွင် ရွှီးဟူသော မြည်သံတစ်ခုက ပတ်ဝန်းကျင်၌ အချိန်ကြာမြင့်စွာ မြည်ဟီးနေခဲ့သည်။
ထိုအသံကိုကြားသောအခါ ဂိုဏ်းချုပ်နှစ်ယောက်က မျက်လုံးပြူးသွားကြသည်။ အကြောင်းမှာ မင်ဝူ၏ဓားက အဆင့်သုံးအထက်ဖြစ်နိုင်သော ဝိညာဥ်လက်နက် ဖြစ်နေသောကြောင့်ပင်။
"ကြည့်ရတာ ဒီကိစ္စကို အတူတူဖြေရှင်းရမယ်"
ရန်ရှုံးနှင့်ရန်ဖုန်းချန်က အကြည့်ချင်းဖလှယ်လိုက်သည်။ တစ်ယောက်ချင်းတိုက်ခိုက်လျှင် သူတို့က မင်ဝူ၏ပြိုင်ဘက် မဟုတ်သောကြောင့် ပူးပေါင်းရမည်ဖြစ်သည်။
ထိုအချိန်၌ ရေကန်၏နံဘေးတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။ ဂိုဏ်းကြီးနှစ်ခုမှ ထျန်းချီအဆင့်တစ်ဆယ်ကျင့်ကြံသူများနှင့် မြေဝိဇ္ဇာများက မင်ဝူ၏ ရွှေသံချပ်စစ်တပ်ကို ဝင်ရောက်ခိုက်နေကြခြင်းဖြစ်သည်။ မင်ဝူ၏စစ်သည်တော်များက ရေကန်အတွင်း ထိုလူများမဝင်ရောက်နိုင်စေရန် ခံစစ်ဖြင့် ကာကွယ်တိုက်ခိုက်နေကြသည်။
"မင်ဝူ ရှီဝူအင်ပါယာရဲ့ကျင့်ကြံသူတွေက နည်းနေပြီ မဟုတ်လား။ နန်းမန်တိုင်းပြည်ကလည်း စောင့်ကြည့်နေတယ်။ မင်းက ငါတို့ဂိုဏ်းနှစ်ခုနဲ့စစ်ပွဲစရင် ဖြစ်လာမယ့်အကျိုးဆက်ကို သိမယ်ထင်တယ်။ မင်း အခုနောက်ဆုတ်လိုက်မယ်ဆိုရင် ငါတို့က ဒီပြဿနာကို မေ့ပစ်လိုက်မယ်"
ကောက်ကျစ်သော ရန်ရှုံးက မင်ဝူ၏အားနည်းချက်ကို ဆုပ်ကိုင်ကာ သတိပေးလိုက်သည်။
"မင်းတို့လိုလူပြက်တွေက လုပ်ရဲသလား။ မင်းတို့ရဲ့ဂိုဏ်းနှစ်ခုတည်းနဲ့ ရှီဝူအင်ပါယာရဲ့အုတ်မြစ်ကို ထိခိုက်နိုင်မယ် ထင်နေတာလား"
မင်ဝူက သူ၏လက်ထဲရှိဓားကို မြှောက်ပြလိုက်သောအခါ မြေဝိဇ္ဇာအဆင့်ကျင့်ကြံသူများ ထွက်ပေါ်လာကြသည်။ မင်ဝူ၏မြေဝိဇ္ဇာများက ဂိုဏ်းကြီးနှစ်ခု၏ကျင့်ကြံသူများထံ တဟုန်ထိုးဝင်ရောက်သွားကြသည်။
"ထန် ထန် ထန်"
လက်နက်ချင်းထိခတ်သံများနှင့်အတူ မင်ရေကန်နံဘေးတွင် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။
ရွှမ်းယီ၏လက်အောက်တွင် မြေဝိဇ္ဇာခုနစ်ယောက်ရှိသော်လည်း သူတို့က ဆေးဖော်စပ်ခန်းကို စောင့်ကြပ်နေရပြီး ခြေတစ်လှမ်းပင် ခွာ၍မရချေ။ ထို့ကြောင့် တိုက်ပွဲတွင် မည်သည့်ဘက်မှအနိုင်ရမည်ကို မှန်းဆရန် အလွန်ခက်ခဲပေသည်။
"မင်ဝူကိုအနိုင်ယူပြီးမှ ဆေးလုံးကိစ္စ ဆက်လုပ်ကြတာပေါ့"
ရန်ချန်ဖုန်းက ရန်ရှုံးကို ပြောလိုက်သည်။
အခြေအနေကို ဝိညာဥ်အသိစိတ်ဖြင့် အကဲခတ်နေသော ယဲ့ချန်က မျက်မှောင်ကြုတ်နေခဲ့သည်။ ကျင့်ကြံဆင့်နှင့်ပါရမီအရ မင်ဝူသည် ဂိုဏ်းချုပ်နှစ်ယောက်ထက် ပိုမိုသာလွန်သည်။ သို့သော် ထိုနှစ်ယောက်က အသက်ပိုကြီးသော မြေခွေးအိုကြီးများဖြစ်ကြ၍ နှစ်ယောက်ပူးပေါင်းလိုက်လျှင် မင်ဝူအတွက် အလွန်ခက်ခဲပေလိမ့်မည်။
"မင်ဝူ မင်းရဲ့အောင်နိုင်ခြင်းလမ်းစဥ်ကို စမ်းသပ်ကြည့်ရသေးတာပေါ့။ မင်းက ဘယ်လိုမျိုးကျင့်ကြံထားလဲ ပြစမ်း"
ရန်ရှုံးနှင့်ရန်ဖုန်းချန်က လက်ဦးမှုယူကာ စတင်တိုက်ခိုက်လိုက်ကြသည်။ ရန်ဖုန်းချန်၏လက်ထဲရှိ ကျိုင်းတုတ်ထံမှ ရေခဲချီများ ထွက်ပေါ်လာသဖြင့် ပတ်ဝန်းကျင်အပူချိန်က ချက်ချင်းကျဆင်းသွားရသည်။
"သုံးပေရေခဲတံဆိပ်တော်"
လေထုပင်လျှင် အေးခဲသွားကာ ကောင်းကင်ထက်မှ နှင်းများ ကျဆင်းလာသည်။
"ထိုက်ရီဓားသိုင်း ကောင်းကင်ရွှေဓားချက်"
ရန်ရှုံးက သူ၏ဓားကိုမြှောက်၍ ပိုင်းချလိုက်သောအခါ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ ထိုအလင်းများက သတ္တုချီများမှ ဖြစ်လာသောကြောင့် သာမန်သတ္တုများကိုပင် နှစ်ပိုင်းဖြတ်နိုင်လောက်အောင် အစွမ်းထက်ပေသည်။
"တော်ဝင်ဓားသိုင်း စစ်တပ်ဖြိုခွဲဓားချက်"
မင်ဝူ၏မျက်နှာထားက လေးနက်သွားပြီး လက်ထဲရှိဓားက မြည်သံတစ်ခု ပေးလာသည်။ ငှက်အော်သံနှင့်တူညီသော ဓားအော်သံက ညှင်သာသော်လည်း ကြားရသူတိုင်း၏နားထဲတွင် စစ်တပ်ကြီးတစ်ခု ချီတက်လာသယောင် မိုးချုန်းသံများကို ကြားရစေသည်။
ဓားချက်က ရွှေရောင်အလင်းများကို လျှပ်ပြက်သကဲ့သို့ ပိုင်းဖြတ်သွားကာ ရန်ရှုံး၏လည်မျိုသို့ ဦးတည်နေသည်။
ရန်ရှုံးသည် မင်ဝူ၏ဓားချက်က သတ္တုချီများကိုကျော်ဖြတ်လာကြောင်း သိလိုက်ရသောအခါ ကြောက်လန့်သွားသည်။ သူက အန္တရာယ်ကိုရှောင်ရှားရန် ခေါင်းကို နောက်သို့လှန်ချလိုက်ရသည်။ မင်ဝူ၏ဓားအလင်းက သူ၏လည်မျိုအနီးမှ ပွတ်ကာသီကာကျော်ဖြတ်သွားပြီး ဆံစအနည်းငယ်နှင့် လည်ပင်းမှ အရေပြားအချို့ကို ပိုင်းဖြတ်သွားခဲ့သည်။
ရန်ဖုန်းချန်မှာ ရန်ရှုံး၏အဖြစ်ကြောင့် တိုက်ပွဲအတွင်း ချက်ချင်းဝင်ရောက်လာခဲ့သည်။
"ဘုန်း ဘုန်း ဘုန်း"
မင်ဝူ၏တော်ဝင်ဓားက ရန်ဖုန်းချန်၏ ရေခဲကျိုင်းတုတ်နှင့်အတွေ့တွင် ပတ်ဝန်းကျင်၌ ရေခဲစများ လွင့်ပျံကုန်သည်။
"တော်တော်ထက်တဲ့ဓားပါလား"
ရန်ဖုန်းချန်သည် တော်ဝင်ဓားကြောင့် သူ၏လက်နက်ပေါ်တွင် ဓားရာများဖြစ်လာသောအခါ မျက်နှာပျက်သွားခဲ့သည်။
ကောင်းကင်ဝိဇ္ဇာသုံးယောက်၏ တိုက်ပွဲက ကောင်းကင်တွင် ပြင်းထန်စွာဖြစ်ပေါ်နေသည်။ ရေခဲချီများ ကျဆင်းလာသဖြင့် ကျွန်းပေါ်ရှိသစ်ပင်အချို့ကို အေးခဲစေသည်။ ထို့အပြင် ပြင်းထန်သော ဓားစွမ်းအင်လှိုင်းများကြောင့် မင်ရေကန်အတွင်း၌ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာလေသည်။