မြစိမ်းတိမ်ဓား၏ အဖြစ်
Vol. 13 Ch. 180
"လျှို့ဝှက်လက်နက်ကို သတိထား"
တစ်စုံတစ်ယောက်က အော်ဟစ်သတိပေးလိုက်သည်။ မြေဝိဇ္ဇာစဦးအဆင့် ဖန်းပိုင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူ၏အမြင်တွင် ရှီးလီကပေါ့ဆခဲ့သဖြင့် ယဲ့ချန်၏ အသတ်ခံလိုက်ရခြင်းဖြစ်သည်။ သူကမူ သတိကြီးကြီးထားနေသဖြင့် လက်နက်ပုန်းများကို ကြောက်စရာမလိုဟု တွက်ထားသည်။
ယဲ့ချန်၏ကိုယ်ထဲတွင် ကောင်းကင်ချီများ ရှုပ်ထွေးနေဆဲဖြစ်သည်။ သူက တဟုန်ထိုးဝင်ရောက်လာနေသော ဖန်းပိုင်ကို ရင်ဆိုင်ရန် ကောင်းကင်ချီများကို အတင်းအကြပ် လည်ပတ်နေရသည်။
ယဲ့ချန်၏မျက်လုံးများက အေးစက်စက် ဖြစ်သွားသည်။ နောက်ဆုံး၌ ရွေးစရာမရှိလျှင် သူက ဝိညာဥ်စစ်သည်တော်ကို ထုတ်သုံးမည်ဖြစ်သည်။ ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က လူပုံအလယ်တွင် ထွက်ပေါ်လာပါက လူတိုင်း ကြောက်လန့်သွားမည်ဖြစ်ကာ သူ့ကို မူမမှန်သူတစ်ယောက်အဖြစ် ဆက်ဆံလာနိုင်သည်။ သို့သော် သေခြင်းရှင်ခြင်းနှင့် ပတ်သက်လာလျှင် ဤကိစ္စက အရေးမပါတော့ပေ။
"သေစမ်း"
ဖန်းပိုင်က သူ၏လက်သည်းများဖြင့် ယဲ့ချန်၏ခေါင်းကို ဦးတည်တိုက်ခိုက်လာသည်။
ယဲ့ချန်က ကောင်းကင်ချီများကို လည်ပတ်နေပြီး ပခုံးပေါ်တွင်ရှိသော အမွေးပွလေးသည် ပုံရိပ်ယောင်စွမ်းရည်ကို ထုတ်သုံးရန် ပြင်ဆင်ထားသည်။
"ထန်"
ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး ဖန်းပိုင်၏လက်က လေထဲတွင် လက်တစ်ဖက်၏ ဆုပ်ကိုင်ခြင်း ခံလိုက်ရသည်။ ဖန်းပိုင်က မည်မျှရုန်းကန်ပါစေ တစ်လက်မပင် မရွေ့နိုင်တော့ချေ။ ဖန်းပိုင်၏တိုက်ကွက်ကို တားမြစ်လိုက်သူမှာ ရှောင်ရိ ဖြစ်သည်။
"အစ်ကိုကြီး အဆင်ပြေရဲ့လား"
ရှောင်ရိက အလျင်စလိုမေးလိုက်ခြင်း ဖြစ်သည်။ တိုက်ပွဲကို အာရုံခံမိချိန်တွင် သူက ကျင့်ကြံခြင်း၌ အရေးပါသော အဆင့်တစ်ခုကို ရောက်နေခဲ့သည်။ ထို့နောက်တွင်မှ ဤနေရာသို့ အပြေးထွက်လာခဲ့ပြီး ကံကောင်းစွာဖြင့် ယဲ့ချန်အား ကယ်တင်လိုက်နိုင်သည်။
"အဆင်ပြေတယ်"
ယဲ့ချန်က စိတ်သက်သာရာရသွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ရှောင်ရိသည် မြေဝိဇ္ဇာအဆင့် စွမ်းအားမျိုး ပိုင်ဆိုင်ထားနိုင်သောကြောင့် အချိန်အနည်းငယ် ဆွဲပေးထားနိုင်သည်။ ထို့နောက် ယဲ့ချန်အနေဖြင့် ကောင်းကင်ချီများ ပြန်လည်ကောင်းမွန်သွားစေရန် ကျင့်ကြံနိုင်မည် ဖြစ်သည်။
"မင်းက အစ်ကိုကြီးကို ထိခိုက်အောင် လုပ်ရဲတယ်လား။ ငါ ဒေါသထွက်လာပြီ"
ရှောင်ရိက ဖန်းပိုင်ဘက်သို့လှည့်ပြီး ဒေါသတကြီး အော်ငေါက်လိုက်သည်။ သူ၏မျက်နှာသေးသေးလေးပေါ်တွင် ဒေါသစိတ်များင်ဟပ်နေသည်။ သူသာနောက်ကျနေပြီး ယဲ့ချန်သာ ဒဏ်ရာရသွားလျှင် နောင်တရ၍ဆုံးမည် မဟုတ်ချေ။
"စောက်ကလေး ထွက်သွားစမ်း"
ဖန်းပိုင်က ဒေါသတကြီးကြုံးဝါး၍ ကောင်းကင်ချီကို လည်ပတ်ကာ ရှောင်ရိ၏ဘယ်လက်ကို တွန်းဖယ်ရန် ကြိုးစားသည်။ သို့သော် သူ၏ကောင်းကင်ချီများက ရှောင်ရိနှင့်အတွေ့တွင် အဆုံးမဲ့ချောက်နက်တစ်ခုထံ ရောက်သွားသည့်အလား ပျောက်ကွယ်သွားသည်ချည်းသာဖြစ်သည်။ သူ၏လက်က ငါးနှစ်အရွယ်ကလေးတစ်ဦး၏ ချုပ်နှောင်မှုကြောင့် လှုပ်ပင်မလှုပ်နိုင်ပေ။
"သောက်ကလေး မင်း နားကန်းနေတာလား သေစမ်း"
ဖန်းပိုင်က အရှက်ကွဲနေဟန်ဖြင့် အေးစက်စက်ငေါက်ငမ်းလိုက်သည်။ ထို့နောက် လွတ်နေသော လက်တစ်ဖက်ဖြင့် ရှောင်ရိ၏ခေါင်းကို အနီးကပ်ထိုးချလိုက်သည်။
"ရှောင်ရိ သတိထား"
ယဲ့ချန်က စိုးရိမ်တကြီး အော်ဟစ်လိုက်မိသည်။
"ဒေါင်"
"မင်း ငါ့ကို ရန်စလိုက်တာလား"
သို့သော် ဖန်းပိုင်၏လက်သီးမှာ ရှောင်ရိ၏ခေါင်းကို ထိမှန်သွားချိန်တွင် သံမဏိပြားကို ထိုးမိသည့်ပမာ ပြန်ကန်ထွက်လာသည်။ ရှောင်ရိကမူ ဒေါသကြောင့် မျက်နှာတစ်ခုလုံး မီးလောင်နေသည့်ပမာ နီရဲလာသည်။
ဖန်းပိုင်သည် ရှောင်ရိကို မိစ္ဆာတစ်ကောင်သဖွယ် ကြောက်လန့်နေပြီဖြစ်သည်။ သူ၏လက်သီးထံမှ နာကျင်မှုက ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ မြေဝိဇ္ဇာအဆင့်တစ်ယောက်၏ လက်သီးချက်ကို တိုက်ရိုက်ထိမှန်ခံခဲ့သော ဤကလေးငယ်၏ခေါင်းက ခြစ်ရာပင် မထင်ချေ။
"ငါ့ကို တစ်ချက်ရိုက်တယ်ဆိုတော့ မင်းကိုလည်း တစ်ချက်ပြန်ရိုက်မယ်"
ရှောင်ရိ၏ညာလက်သီးက မြောက်တက်လာပြီး ဖန်းပိုင်ကို ထိုးချလိုက်သည်။ ဘန်းဟူသော မြည်သံတစ်ခုနှင့်အတူ အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ မြေဝိဇ္ဇာများမှာ နောက်တစ်ကြိမ် မျက်လုံးပြူးသွားကြပြန်သည်။ မီတာငါးဆယ်ကျော်ဝေးသော နေရာတွင် လူတစ်ယောက်က နံရံအတွင်း မြုပ်ဝင်နေသည်ကို လူတိုင်း မြင်လိုက်ရ၏။ နံရံက ပြိုကျသွားပြီး ဖန်းပိုင်မှာ အပျက်အစီးများအောက်တွင် ပိကျသွားခဲ့၏။
ရှောင်ရိသည် နေရာမှပင် ခြေတစ်လှမ်းမရွေ့ဘဲ ဖန်းပိုင်ကို အဝေးသို့ရောက်အောင် ထိုးပစ်လိုက်သည်။ လူတိုင်း၏မျက်လုံးများက ယဲ့ချန်ရှေ့တွင်ရပ်နေသော ရှောင်ရိကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိသည်။
ယဲ့ချန်၏လက်ချက်ဖြင့် ရှီးလီ သေသွားချိန်ကလည်း သူတို့ အံ့သြခဲ့ရသည်။ မြေဝိဇ္ဇာအလယ်အဆင့်ခွန်အားရှိသော ဆယ်ကျော်သက်လေးတစ်ယောက်က သူတို့၏အသိအမြင်များကို ဖျက်ဆီးကာ နှလုံးခုန်မြန်အောင် လုပ်ထားပြီး ဖြစ်သည်။ လက်ရှိတွင် ပိုမိုကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ အသက်ငါးနှစ် ကလေးတစ်ယောက်က မြေဝိဇ္ဇာတစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သည်။ ဤကလေးကား အမိဝမ်းအတွင်းမှ ကျင့်ကြံလာလျှင်ပင် အသက်ခြောက်နှစ်သာ ရှိဦးမည်ဖြစ်သည်။ သူတို့ကဲ့သို့ အဘိုးကြီးများက အခေါင်းတွင်းဝင်၍ သေလိုက်ရန်ပင် ကောင်းနေခဲ့သည်။
မြေဝိဇ္ဇာများလည်း တိုက်ခိုက်နေသည်ကိုပင် မေ့လျော့ကာ နေရာတွင် ကြက်သေသေနေကြသည်။ ဖန်းပိုင်ကို ဤမျှလွယ်ကူစွာအနိုင်ယူရန် ဤကလေးတွင် ကောင်းကင်ဝိဇ္ဇာတစ်ယောက်၏ ခွန်အားမျိုး ရှိရမည်ဖြစ်သည်။ အဘိုးကြီးအရွယ်များက မတိုက်ခိုက်ဘဲ အိမ်သို့သာ ပြန်အိပ်နေသင့်ပြီ ဖြစ်သည်။
"အစ်ကိုကြီး သူတို့က ဘာကို စိုက်ကြည့်နေကြတာလဲ"
ရှောင်ရိက နားမလည်ဟန်ဖြင့် ယဲ့ချန်ကို မေးလိုက်သည်။
"မင်းကို ကြည့်နေကြတာ"
ယဲ့ချန်သည်လည်း ရှောင်ရိ၏လက်သီးကြောင့် မင်သက်နေခဲ့သည်။ ရှောင်ရိသည် အထွတ်အထိပ်သို့ရောက်လျှင် မိစ္ဆာဘုရင်ခွန်အားမျိုး ပိုင်ဆိုင်နိုင်သည့် တောင်ပံနဂါးမျိုးနွယ်ဖြစ်ကြောင်းကို သူသာ မသိထားလျှင် အခြားလူများကဲ့သို့ မျက်လုံးပြူးနေရပေလိမ့်မည်။
"သူတို့က ကျွန်တော့်ကို ဘာလို့စိုက်ကြည့်နေကြတာလဲ"
ရှောင်ရိက ပို၍စိတ်ရှုပ်သွားပုံ ပေါ်သည်။
"ရှောင်ရိ အဲ့ဒီလူကို မြန်မြန်တားပေး"
ယဲ့ချန်က မည်သို့ဖြေရမှန်းမသိဖြစ်နေစဥ် ခပ်ဖိုင့်ဖိုင့်ပုံရိပ်တစ်ခုက ဆေးဖော်စပ်ခန်းထံ လျင်မြန်စွာပြေးဝင်သွားခဲ့သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် အာရုံခံမိလိုက်သောကြောင့် အလောတကြီး အော်ဟစ်လိုက်သည်။
"ဟုတ်ကဲ့"
ရှောင်ရိက ခေါင်းညိတ်၍ လျင်မြန်သော ပုံရိပ်နောက် ချက်ချင်းပြေးလိုက်သွားခဲ့သည်။
မြေဝိဇ္ဇာများက ကျွန်းပေါ်တွင် တိုက်ခိုက်နေကြသည်။ ကောင်းကင်ဝိဇ္ဇာများကလည်း ကောင်းကင်တွင် တိုက်ခိုက်နေကြသည်ဖြစ်ရာ ပတ်ဝန်းကျင်ကို မည်သူမှ သတိမပြုမိကြပေ။ ဤသို့ဖြင့် နောက်ထပ်ကောင်းကင်ဝိဇ္ဇာတစ်ယောက် ရောက်ရှိလာခဲ့သည်။
ယဲ့ချန်သည် အော်ဟစ်ခိုင်းစေပြီးမှ ရှောင်ရိ၏လုံခြုံရေးကို ချက်ချင်းစိုးရိမ်သွားခဲ့သည်။ ရှောင်ရိက ဒဏ်ရာများ သက်သာလာပြီဖြစ်သော်လည်း ကောင်းကင်ဝိဇ္ဇာတစ်ယောက်ကိုဖြင့် ယှဥ်နိုင်မည် မဟုတ်ပေ။
"အဘိုးကြီး ရပ်စမ်း"
ရှောင်ရိက ရန်သူကို လက်သီးဖြင့် ပြေးထိုးလိုက်သည်။ ခပ်ဖိုင့်ဖိုင့်ပုံရိပ်က နောက်သို့ ချက်ချင်းလှည့်လာပြီး လက်သီးချက်ကို သူ၏လက်ဝါးဖြင့် ခံဆောင်သည်။
"ဘုန်း"
ရှောင်ရိက ပြေးနေသော ခြေလှမ်းများ ရပ်သွားပြီး ပုံရိပ်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
"မြစိမ်းတိမ်ဂိုဏ်းချုပ် နင်ချင်းယွင်"
ပုံရိပ်၏မျက်နှာကို မြင်သောအခါ ရွှမ်းယီ၏ လက်အောက်ခံတစ်ဦးက ရန်သူ၏သရုပ်မှန်ကို ထုတ်ဖော်လိုက်သည်။
ယဲ့ချန်က အနည်းငယ် တုန်လှုပ်သွားမိသည်။ သို့သော် ရှောင်ရိသည် နင်ချင်းယွင်၏လက်ဝါးကို နောက်မဆုတ်ဘဲ ခုခံနိုင်လိုက်သဖြင့် သတိပေးစကားများကို လည်ချောင်းဝ၌ ပြန်မျိုချလိုက်သည်။ နင်ချင်းယွင်သည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူ၏ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြောင့် အသားလုံးကြီးတစ်ခု ရပ်နေသည့်ပမာ ထင်မှတ်ရသည်။
နင်ချင်းယွင်လည်း ဤအဖြစ်ကို မမျှော်လင့်ထားမိပေ။ ရှောင်ရိ၏ကိုယ်ထဲတွင် ကောင်းကင်ချီစီးဆင်းမှုကို မတွေ့ရသော်လည်း သူ၏လက်ဝါးကို အလွယ်တကူရင်ဆိုင်သွားခဲ့သည်။ မြစိမ်းတိမ်းဂိုဏ်းချုပ်သည် ကလေး၏လက်သီးကြောင့် နောက်ဆုတ်သွားရသည်ဟူသော သတင်းများ ပြန့်သွားလျှင် သူက ပြက်လုံးတစ်ခုခုသာ ဖြစ်သွားပေမည်။
"ကောင်စုတ်လေး ငါ့လမ်းကို လာပိတ်နေရင် ငါ့အဆိုးမဆိုနဲ့"
နင်ချင်းယွင်က ရှောင်ရိကို စိုက်ကြည့်ပြီး သတိပေးလိုက်သည်။
"အစ်ကိုကြီးက ဘယ်သူ့ကိုမှ သွားခွင့်မပေးရဘူး ပြောထားတယ်။ ခင်ဗျားလည်း အထဲကိုဝင်ချင်ရင် အရိုက်ခံရမယ်"
ရှောင်ရိက သူ၏သေးငယ်သော လက်သီးအစုံကို မြှောက်ပြ၍ စိန်ခေါ်နေခဲ့သည်။
"မင်းက ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့"
ကလေးတစ်ယောက်၏ စိန်ခေါ်စကားကြောင့် နင်ချင်းယွင်၏မျက်နှာက ပြာနှမ်းသွားခဲ့သည်။ သူက ရှောင်ရိ၏ခွန်အားကို သတိထားနေသော်လည်း ကောင်းကင်ဝိဇ္ဇာကျင့်ကြံဆင့်ဖြင့် ငါးနှစ်ကလေးတစ်ယောက်ကို အနိုင်ယူနိုင်မည်ဟု ပုံသေတွက်ထားခဲ့သည်။
မူလတွင် နင်ချင်းယွင်သည် ဤကိစ္စနှင့် ဝေးဝေးနေချင်သော်လည်း လူသားအဆင့်ဆေးလုံး၏ ဆွဲအောင်အားကို မခံနိုင်ခဲ့ပေ။ အရေအတွက်က တစ်လုံးနှစ်လုံးဆိုလျှင် သူက လျစ်လျူရှုထားမည်ဖြစ်သည်။ သို့သော် ရာချီသော လူသားအဆင့်ဆေးလုံးများကိုတော့ နင်ချင်းယွင်လည်း မပစ်ပယ်နိုင်ချေ။
သူက မင်ဝူ ၊ရန်ရှုံးနှင့် ရန်ဖုန်းချန်တို့ အလုပ်ရှုပ်နေသည်ကို အခွင့်ကောင်းယူကာ ရုတ်တရက်ဝင်လုရန် ကြံစည်ထားခဲ့သည်။ မူလတွင် သူ့ကို မည်သူမှမတားနိုင်ဟု ထင်ထားသော်လည်း ရှောင်ရိက ဖန်းပိုင်ကို တစ်ချက်တည်းအနိုင်ယူလိုက်သောအခါ စိုးရိမ်စပြုလာသည်။ ထို့နောက်သူက ရှောင်ရိ၏ကောင်းကင်ချီကို မခံစားရသဖြင့် ရုပ်ခွန်အားသန်မာသည့် ကလေးတစ်ယောက်ဟု သတ်မှတ်လိုက်သည်။ ထို့ကြောင့် ဆေးဖော်စပ်ခန်းထံ လျင်မြန်စွာပြေးသွားခဲ့သော်လည်း ရှောင်ရိလက်ချက်ဖြင့် တားမြစ်ခံခဲ့ရလေသည်။
"ကမ္ဘာဖျက်လေပြင်း"
နင်ချင်းယွင်၏ အဝတ်အစားများ ဖောင်းကားလာပြီး အင်္ကျီလက်စများကို လက်နက်အဖြစ်သုံးကာ ရှောင်ရိအား ရိုက်ချလာသည်။
ရှောင်ရိသည် သိုင်းပညာကို နကန်းတစ်လုံးမျှ မသိသောကြောင့် လက်သီးချက်ဖြင့်သာ တုံ့ပြန်ရ၏။
"ဝှစ် ဝှစ် ဝှစ်"
နင်ချင်းယွင်၏ အဝတ်စများက လေကိုဖြတ်သန်း ထွက်ပေါ်လာသည်။ ရှောင်ရိမှာမူ လေကိုသာ ထိုးမိ၍ ငိုက်ကျသွားချိန်တွင် ကျောပြင်အား တိုက်ခိုက်ခံလိုက်ရသည်။
ကောင်းကင်ဝိဇ္ဇာတစ်ယောက်၏ လှုပ်ရှားမှုများက အံ့မခန်းဖြစ်သည်။ လူဝကြီးတစ်ယောက်ဖြစ်သော နင်ချင်းယွင်က တိုက်ခိုက်သောအခါ လေတိုက်သကဲ့သို့ မြန်ဆန်ညှင်သာနေသည်။
ရှောင်ရိမှာ သူ၏လက်သီးက လွဲချော်သွားသဖြင့် စိတ်ပျက်သွားကာ နင်ချင်းယွင်ကို ထပ်မံထိုးနှက်ပြန်သည်။ နင်ချင်းယွင်၏တိုက်ကွက်က သူ့ကို အယားပင်ပြေစေခဲ့ပုံ မပေါ်ချေ။
ရှောင်ရိသည် ရှေးဟောင်းမှော်သားရဲဖြစ်သော်လည်း သိုင်းပညာမတတ်သဖြင့် သားရဲတစ်ကောင်ပမာ တိုက်ခိုက်နေရသည်။ ကျန်တစ်ဖက်တွင် နင်ချင်းယွင်က တိမ်များအကြား ကခုန်နေသည့်ပမာ လှုပ်ရှားတိုက်ခိုက်နေသဖြင့် ကွာခြားချက် အလွန်ကြီးနေခဲ့သည်။
"ဘန်း ဘန်း ဘန်း"
နင်ချင်းယွင်၏ အင်္ကျီလက်စများက သုံးထောင်ကတ်တီအားဖြင့် ရှောင်ရိ၏ခန္ဓာကိုယ်ကို ထပ်ကာထပ်ကာ ထိမှန်နေသည်။ နင်ချင်းယွင်က အပေါ်စီးတွင်ရှိနေသော်လည်း တိုက်ခိုက်လေလေ ပို၍တုန်လှုပ်လာလေလေ ဖြစ်သည်။ သူ၏တိုက်ကွက်များက သံမဏိချပ်ဝတ်ကိုပင် ကွဲထွက်သွားစေနိုင်သော်လည်း ရှောင်ရိက မည်သည့်ဒဏ်ရာမှ မရချေ။
မူလတွင် ယဲ့ချန်သည် စိုးရိမ်တကြီးဖြင့် ဝိညာဥ်စစ်သည်တော်ကို ရှောင်ရိအားကူညီရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် လက်ရှိအခြေအနေအရ သူက စိတ်အေးသွားခဲ့သည်။ ရှောင်ရိသည် ထန်တိုက်လင်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ခွန်အားများ ကုန်ဆုံးနေသော်လည်း ရုပ်ခန္ဓာအစစ်က ရှေးဟောင်းတောင်ပံနဂါးကြီးတစ်ကောင် ဖြစ်သည်။ ဆန်းကျယ်ဝိဇ္ဇာအဆင့် ကျင့်ကြံသူတစ်ယောက်ပင် သူ၏ရုပ်ခန္ဓာကို ထိုးဖောက်ရန် ခက်ခဲပေလိမ့်မည်။
ရှောင်ရိသည်လည်း မည်မျှတိုက်ခိုက်ပါစေ နင်ချင်းယွင်ကို တစ်ချက်ပင်မထိသောကြောင့် ဒေါသထွက်နေသည်။
"အစကတော့ မင်းကို ချမ်းသာပေးချင်ပေမယ့် မရတော့ဘူးကွ။ ဒါကို မင်းကိုယ်တိုင် တောင်းဆိုလိုက်တာပဲ"
နင်ချင်းယွင်သည် ကောင်းကင်ချီများ ကုန်ခမ်းစပြုလာသော်လည်း ပြိုင်ဘက်အပေါ် အကျိိုးသက်ရောက်မှုရှိအောင် မတိုက်ခိုက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက အဆင့်သုံးဝိညာဥ်လက်နက် မြစိမ်းတိမ်ဓားကို ဆွဲထုတ်လိုက်၏။ မြစိမ်းတိမ်ဂိုဏ်း၏ ရတနာဖြစ်သော ဤဓားက အေးစက်စက်အလင်းတစ်ချက်နှင့်အတူ ရှောင်ရိထံ ဝင်ရောက်သွားသည်။
မြစိမ်းတိမ်ဓားသည် ကောင်းကင်အဆင့် မှော် သားရဲများကို တစ်ချက်တည်း သတ်ဖြတ်နိုင်သည်။ ၎င်းက ဆန်းကျယ်အဆင့် မှော်သားရဲများနှင့် ဝိဇ္ဇာများကိုပင် ထိခိုက်အောင် လုပ်နိုင်သော စွမ်းရည် ရှိသည်။
"ခလွမ်"
မြစိမ်းတိမ်ဓားက ရှောင်ရိ၏ကျောပြင်သို့ တိတိကျကျ ထိမှန်သွားခဲ့သည်။ အဝတ်အစားများ စုတ်ပြဲကုန်သော်လည်း သူ၏အရေပြားတွင် ထိခိုက်မှုမရှိချေ။ သို့သော် မြစိမ်းတိမ်ဓားထက်တွင် အက်ကြောင်းလေးတစ်ခု ရှိနေခဲ့သည်။ ထို့နောက် ၎င်းက အက်ကြောင်းများ ပြည့်နှက်လာပြီး မြေပြင်ထက်သို့ အပိုင်းပိုင်းကျိုးပဲ့ ကျဆင်းသွားပေသည်။
"ငါ့မြစိမ်းတိမ်ဓားလေး"
နင်ချင်းယွင်၏ မျက်နှာပေါ်ရှိ လျော့ရဲနေသော အသားစိုင်များ တင်းကျပ်သွားပြီး ယူကျုံးမရအော်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။