မင်း ငါ့ကို အင်္ကျီအသစ် အကြွေးတင်သွားပြီ
Vol. 13 Ch. 181
မြစိမ်းတိမ်ဓားသည် အဆင့်သုံးဝိညာဥ်လက်နက်တစ်ခုဖြစ်ကာ ချီပြိုကွဲဆေးလုံးသောင်းချီတန်သော အဆင့်မြင့်ရတနာတစ်ခုဖြစ်သည်။ ၎င်းက မြစိမ်းတိမ်ဂိုဏ်း၏ အဖိုးအတန်ဆုံးရတနာများထဲမှ တစ်ခုလည်းဖြစ်သည်။ နင်ချင်းယွင်သည် ၎င်းကိုသုံးခဲသော်လည်း ယနေ့တွင် အပိုင်းပိုင်းအစစ ကျိုးပဲ့သွားခဲ့လေသည်။
နင်ချင်းယွင်က ဒေါသနှင့် နှမြောစိတ်ကြောင့် မျက်နှာရှုံ့မဲ့နေသည်။ သူကရုတ်တရက်အော်ဟစ်၍ ရှောင်ရိထံ လက်သီးဖြင့် ဆတ်ခနဲထိုးချလိုက်သည်။
“မင်း ငါ့ကို မြစိမ်းတိမ်ဓားတစ်ချောင်း အကြွေးတင်သွားပြီ”
ရှောင်ရိသည်လည်း နောက်ကျောဘက်မှ ဓားချက်ကိုခံစားမိသဖြင့် လှည့်ကြည့်လိုက်သည်။ သူ၏အင်္ကျီထက်တွင် ကြီးမားသော စုတ်ပြဲရါာတစ်ခု ရှိနေခဲ့သည်။ အစတွင် နင်ချင်းယွင်သည် ရှောင်ရိကိုတိုက်ခိုက်ရာတွင် ကိုယ်တွင်းသို့ဦးတည်ခဲ့သောကြောင့် အင်္ကျီက မပျက်စီးသွားခဲ့ပေ။ သို့သော် လက်ရှိတွင် နင်ချင်းယွင်က ဓားကိုအသုံးပြုလိုက်သောအခါ ရှောင်ရိ၏အင်္ကျီက ပျက်စီးသွားရသည်။
“ဒါက အမအမွေးပွလေးက ငါ့အတွက် ယူလာပေးတဲ့ အင်္ကျီအသစ်ကွ။ မင်းငါ့ကို အင်္ကျီအသစ်တစ်ထည် အကြွေးတင်သွားပြီ”
ရှောင်ရိ၏မျက်နှာက ချက်ချင်းမည်းနက်သွားသည်။ သူကလည်း နင်ချင်းယွင်ထံ ကျားတစ်ကောင်ပမာခုန်အုပ်၍ လက်သီးဖြင့် ထိုးချလိုက်သည်။
ဘုန်းခနဲမြည်သံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိမြေဝိဇ္ဇာများအားလုံး တုန်လှုပ်သွားကြသည်။ ဤအရာက ကောင်းကင်ဝိဇ္ဇာနှစ်ယောက်ကြားမှ တိုက်ပွဲ ဖြစ်သည်။
လက်သီးနှစ်ချက်က ဟန်ပြ လုံးဝမဟုတ်ပေ။ နှစ်ယောက်လုံးက အစွမ်းကုန်သုံးထားခြင်း ဖြစ်သည်။
ယဲ့ချန်သည် နင်ချင်းယွင်ထံမှ ထွက်ပေါ်လာသော ကောင်းကင်ချီကို အာရုံခံမိသောအခါ စိတ်များ တင်းကျပ်သွားခဲ့သည်။ ရန်သူက ထိပ်ဆုံးအဆင့် ကောင်းကင်ဝိဇ္ဇာတစ်ယောက် ဖြစ်သောကြောင့် ရှောင်ရိအတွက် စိုးရိမ်နေခဲ့သည်။ သူ၏ဝိညာဥ်စစ်သည်တော်ပင်လျှင် ဤလက်သီးချက်ကို ခုခံနိုင်မည် မဟုတ်ပေ။
ရှောင်ရိသည် ရန်သူ၏လက်သီးချက်ကြောင့် ခြေငါးလှမ်းခန့် ဆုတ်ပေးလိုက်ရသည်။ သူ၏ခြေထောက်အောက်ရှိ ကျောက်တုံးများ ကွဲကြေသွားကာ အရပ်လေးမျက်နှာသို့ လွင့်ထွက်ကုန်သည်။
မြေဝိဇ္ဇာများသည် တိုက်ပွဲကိုရပ်ကြည့်နေရင်း လွင့်ပျံလာသော ကျောက်တုံးများကို လက်သီးဖြင့်ထိုးခွဲ ဖြေရှင်းလိုက်ရသည်။ သူတို့၏အကြည့်က တိုက်ပွဲထံ ပြန်ရောက်သွားသောအခါ ကြောင်အသွားကြသည်။ သူတို့၏မြင်ကွင်းတွင် မီတာဒါဇင်ခန့် လွင့်ထွက်သွားပြီး နံရံတစ်ခုနှင့်တိုက်မိသွားသော နင်ချင်းယွင် ရှိနေခဲ့သည်။ နံရံက ခဏအတွင်း ပြိုကျသွားသည်။ နင်ချင်းယွင်၏ အဝတ်အစားများလည်း စုတ်ပြဲကုန်သည်။ ကောင်းကင်ဝိဇ္ဇာတစ်ယောက်မှာ ကလေးတစ်ယောက်၏ လက်သီးကြောင့် မရှုမလှ ဖြစ်သွားရပြန်သည်။
ထိပ်ဆုံးအဆင့် ကောင်းကင်ဝိဇ္ဇာကို အနိုင်ယူပြလိုက်သော ရှောင်ရိကို လူတိုင်းက ကြောက်လန့်စွာ ကြည့်လိုက်မိကြသည်။
"မိစ္ဆာကောင်လေး မင်းနဲ့ မတိုက်ခိုက်တော့ဘူး"
နင်ချင်းယွင်က ဒဏ်ရာများစွာ မရသော်လည်း မျက်လုံးထဲတွင် ကြောက်စိတ်များ ထင်ဟပ်နေသည်။ ထို့ကြောင့် သူက ကောင်းကင်ချီကိုလည်ပတ်၍ နေရာမှထကာ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
"မပြေးနဲ့ အဘိုးကြီး။ ငါ့ကို အင်္ကျီတစ်ထည် ပြန်ဝယ်ပေး"
ရှောင်ရိက ဒေါသတကြီးအော်ဟစ်၍ ပြေးလိုက်ခဲ့သော်လည်း ခြေလှမ်းအနည်းငယ်တွင် ရပ်တန့်လိုက်သည်။ နင်ချင်းယွင်က သစ်တောအတွင်း ငှက်တစ်ကောင်ပမာ ပျံသန်းဝင်ရောက်ကာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ၏မူလပုံစံသို့မပြောင်းလျှင် ရန်သူကိုလိုက်မီမည် မဟုတ်ပေ။ သို့သော် ယဲ့ချန်က လူများရှေ့တွင် သူ၏ပုံစံအမှန်ကို ထုတ်မပြရဟု ဆိုထားသောကြောင့် ရှောင်ရိက ရပ်တန့်ခဲ့ခြင်းဖြစ်သည်။
ရှောင်ရိက နောက်ပြန်လှည့်လာချိန်တွင် ထိုက်ရီဓားဂိုဏ်းနှင့် ထန်းရှင်းတောင်ဂိုဏ်းမှ မြေဝိဇ္ဇာများမှာ တစ်ယောက်ကိုတစ်ယောက် ကြောက်လန့်တကြား ကြည့်လိုက်မိကြသည်။
"ပြေးကြ"
မြေဝိဇ္ဇာကြီးများက အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်ကို ကြောက်လန့်၍ ချက်ချင်း ထွက်ပြေးသွားကြလေသည်။
ဧကရာဇ်မင်ဝူသည် ရန်သူနှစ်ယောက်ကို တစ်ကိုယ်တော်ယှဥ်နိုင်ခဲ့သော်လည်း ပြင်ပခွန်အားဖြစ်သော ဝိညာဥ်လက်နက်များကို အားကိုးခဲ့ရသည်။ မဟုတ်လျှင် သူက ရှုံးနိမ့်နေပြီဖြစ်သည်။ ကောင်းကင်ပေါ်မှ လူသုံးယောက်က ပြင်းထန်စွာတိုက်ခိုက်နေကြသော်လည်း မြေပြင်ရှိအခြေအနေကို သတိထားမိခဲ့ကြသည်။
နင်ချင်းယွင် ထွက်ပေါ်လာချိန်တွင် ရန်ရှုံးနှင့် ရန်ဖုန်းချန်က အော်ဆဲလုမတတ်ဖြစ်သွားခဲ့သည်။ သူတို့က နင်ချင်းယွင်ကို လူလွှတ်၍ ဖိတ်ခေါ်ခဲ့သည်။ ထိုလူက တံခါးပိတ်ကျင့်ကြံရန် အကြောင်းပြချက်ဖြင့် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ဂိုဏ်းနှစ်ခုက အကောင်းဆုံးတိုက်ခိုက်ရေးသမားများဖြင့် မင်ဝူနှင့်ရွှမ်းယီ၏ နောက်လိုက်များကို ရင်ဆိုင်ရန် ပွဲထွက်လာခြင်းဖြစ်သည်။ သို့သော် မြေခွေးအိုကြီးနင်ချင်းယွင်က ဆေးလုံးများကို လုယက်ရန် ထွက်ပေါ်လာသည်။
ပထမတွင် နင်ချင်းယွင်သည် ဆေးလုံးများကိုလုယူနိုင်မည်ဟု ထင်ထားသော်လည်း ရှောင်ရိ ထွက်ပေါ်လာခဲ့သည်။ ဤကလေး၏မူလဇစ်မြစ်ကို မည်သူမှ မသိကြပေ။ သို့သော် သူက မြစိမ်းတိမ်ဂိုဏ်းချုပ် ကောင်းကင်ဝိဇ္ဇာ နင်ချင်းယွင်ကို မောင်းထုတ်နိုင်ခဲ့သည်။ ဤဖြစ်ရပ်က အလွန်အံ့သြစရာကောင်းပေသည်။
ထိုက်ရီဓားဂိုဏ်းနှင့် ထန်းရှင်းတောင်ဂိုဏ်းမှ မြေဝိဇ္ဇာများက ကြောက်လန့်နေပြီဖြစ်ရာ အဘယ်ကြောင့် ဆက်လက်တိုက်ခိုက်နေပါမည်နည်း။
"သွားကြစို့"
ရန်ရှုံးနှင့် ရန်ဖုန်းချန်က အကြည့်ချင်း ဖလှယ်လိုက်သည်။
"မင်ဝူ ဒီနေ့ ဘယ်သူမှအနိုင်မရဘူး။ တစ်နေ့မှာ ဆုံးဖြတ်ကြတာပေါ့"
ဂိုဏ်းချုပ်နှစ်ယောက်က ဤစကားကို ချန်ထားရစ်ကာ ကောင်းကင်ထက်မှ ပျံသန်းထွက်ခွာသွားခဲ့သည်။
"ဟမ့်"
မင်ဝူက လှောင်ပြုံးကလေးဖြင့် သူ၏ဓားကို ပြန်သိမ်းလိုက်သည်။ ဤအဘိုးကြီးနှစ်ယောက်က သူ့ကို တစ်ယောက်ချင်းမတိုက်ရဲသော်လည်း လေကြီးနေကြသည်။ သူက နှစ်ယောက်လုံးနှင့် နာရီအနည်းငယ် တိုက်ခိုက်ခဲ့သော်လည်း လုံးဝမရှုံးနိမ့်ခဲ့ပေ။ သူ၏အကြည့်က ရှောင်ရိထံ ကျရောက်သွားသောအခါ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။ နင်ချင်းယွင် ထွက်ပေါ်လာချိန်တွင် သူကိုယ်တိုင်လည်း ဆေးလုံးများ လုယက်ခံရပြီဟု သဘောထားလိုက်သည်။ သို့သော် အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်က နင်ချင်းယွင်ကို တားမြစ်နိုင်လိမ့်မည်ဟု လုံးဝမျှော်လင့်မထားပေ။
ထိုက်ရီဓားဂိုဏ်းတွင် အကြီးအကဲအချို့သာ ဒဏ်ရာရသွားသဖြင့် ဆုံးရှုံးမှုမကြီးမားပေ။ ထန်းရှင်းတောင်ဂိုဏ်းက အခြေအနေ အဆိုးဆုံးဖြစ်သည်။ ရှီးယန်နှင့်ရှီးလီ သေသွားပြီး ဖန်းပိုင်က အပြင်းအထန် ဒဏ်ရာရနေခဲ့သည်။ မြေဝိဇ္ဇာတစ်ယောက်ကို ပျိုးထောင်ရခြင်းက မလွယ်ကူသည်ဖြစ်ရာ ထန်ရှင်းတောင်ဂိုဏ်းချုပ်အနေဖြင့် စိတ်ပျက်နေပေလိမ့်မည်။
မင်ဝူက မြေပြင်ပေါ်သို့ ဆင်းသက်၍ ယဲ့ချန်နှင့်ရှောင်ရိကို ကြည့်လိုက်သည်။ ရှောင်ရိသည် ယဲ့ချန်အနီးမှ တစ်ဖဝါးပင်မခွာချေ။ မင်ဝူသည် ယဲ့ချန်နှင့်ရှောင်ရိ၏ တော်စပ်မှုကို စပ်စုလိုခဲ့သည်။ ရွှေသံချပ်ဝတ်အစောင့်များ၏စကားအရ ရှောင်ရိသည် ရွှေသံချပ်ငါးကို တစ်ချက်တည်း ထုသတ်နိုင်ကြောင်း သူက သိရှိပြီးဖြစ်သည်။ ထို့ကြောင့် မင်ဝူက သတိထားမိသော်လည်း ဤမျှအစွမ်းထက်နေမည်ဟု မထင်ပေ။
ကံကောင်းစွာဖြင့် မင်ဝူသည် ယဲ့ချန်နှင့်ဆက်ဆံရေး မဆိုးရွားခဲ့ပေ။ သူက ယဲ့ချန်သည် ဆန်းကျယ်သော ဂိုဏ်းတစ်ခု၏တပည့်ဖြစ်ကြောင်း သေချာသွားခဲ့သည်။ ထိုဂိုဏ်းမှာ အလယ်အင်ပါယာရှိ အစွမ်းထက်ဂိုဏ်းကြီးများနှင့်ပင် ယှဥ်ပြိုင်နိုင်ပေလိမ့်မည်။
"မင်း အဆင်ပြေလား။ ဒဏ်ရာ ရသွားသေးလား"
မင်ဝူက ယဲ့ချန်ကို ကြင်နာစွာမေးလိုက်သည်။ လက်ရှိတွင် သူက ယဲ့ချန်ကို တန်းတူရည်တူ ဆက်ဆံနေပြီဖြစ်သည်။
"အဆင်ပြေပါတယ်"
ဒဏ်ရာများ ပျောက်ကင်းပြီဖြစ်၍ ယဲ့ချန်က ထိုင်ရာမှ ထလာခဲ့သည်။
ရွှမ်းယီနှင့်မင်ဝူ၏လက်အောက်မှ မြေဝိဇ္ဇာများသည် ယဲ့ချန်နှင့်ရှောင်ရိကို ကြောက်လန့်စွာကြည့်နေကြသည်။ အနာဂတ်တွင် သူတို့၌ သတ္တိဆယ်ဆပိုရှိလာပါစေ ဤမိစ္ဆာနှစ်ကောင်ကို ရန်မစဟု ဆုံးဖြတ်ထားကြသည်။ မင်ဝူ၏လက်အောက်ရှိ မြေဝိဇ္ဇာများဆိုလျှင် သူတို့၏မိသားစုဝင်များကိုပင် ဤနှစ်ယောက်အား ဝေးဝေးရှောင်ရန် မှာကြားထားမည်ဟု တွေးနေခဲ့ကြသည်။
အပြင်ကမ္ဘာက မင်ဝူ၏လက်အောက်တွင် မြေဝိဇ္ဇာများစွာရှိကြောင်းကို မသိထားကြပေ။ ဤအချိန်တွင် မင်ဝူသည် သူ၏အင်အားကို အကောင်းဆုံးချပြလိုက်ခြင်း ဖြစ်သည်။ ဂိုဏ်းကြီးသုံးခုကလည်း အစွမ်းထက်ကြသောကြောင့် ဂိုဏ်းနှစ်ခုနှင့် တပြိုင်နက်ရင်ဆိုင်ရသောအခါ သူ၏အင်အားစုက အနည်းငယ် အားနည်းနေခဲ့သည်။ သို့သော် ထိုအားနည်းချက်ကို ဖာထေးရန် လူသားအဆင့်ဆေးလုံးဟူသော မျှော်လင့်ချက် ရှိနေခဲ့သည်။
သူတို့က စကားပြောနေစဥ် ဆေးဖော်စပ်ခန်းအတွင်းမှ အနံ့တစ်ခု ပျံ့လွင့်လာသည်။
"ဆေးလုံးဖော်စပ်တာ ပြီးပြီ"
မင်ဝူက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
ယဲ့ချန်က အခန်းတံခါးကိုတွန်း၍ ရှောင်ရိနှင့်အတူ ဝင်ရောက်သွားခဲ့သည်။ မင်ဝူက သူတို့နောက်မှ ထပ်ကြပ်မကွာလိုက်ပါလာသည်။
"ဆရာ ဆေးလုံးတွေ ရပြီလား"
ယဲ့ချန်က မေးလိုက်သည်။
"ရပြီ။စုစုပေါင်း ရွှေခရမ်းနတ်ဆေးလုံး ငါးရာ့နှစ်ဆယ် ထွက်လာတယ်"
ဆေးဆရာရွှမ်းယီက ကျေနပ်စွာရယ်မော၍ ကိုယ်တိုင်သန့်စင်ခဲ့ရသော ဆေးလုံးများကို ရေတွက်လိုက်သည်။
ခရမ်းရောင်ဆေးလုံးများက ပုလဲလုံးများနှင့်တူညီကာ အရောင်လက်နေသည်။ ပြင်းထန်သော ဆေးရနံ့က လန်းဆန်းစေသော အစွမ်းသတ္တိရှိသည်။ ၎င်းက လူတစ်ယောက်ကို အနံ့သက်သက်ဖြင့်ပင် တက်ကြွလန်းဆန်းစေသည်။
လူသားအဆင့်ဆေးတစ်လုံးက ချီပြိုကွဲဆေးလုံးတစ်သောင်း သို့မဟုတ် တစ်သိန်းအထိ ထိုက်တန်သည်။ ၎င်းက အဆင့်သုံး ဝိညာဥ်လက်နက်တစ်ခုနှင့် တန်ဖိုးညီသည်။
ဤသို့သော ရတနာမျိုးကို ဂိုဏ်းကြီးသုံးခုက လာရောက်လုယူသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ဒုတိယမင်းသားတစ်ယောက်သည် ချီစုစည်းဆေးလုံးသိန်းချီသာ ကြွယ်ဝသည်။ ဂိုဏ်းကြီးသုံးခုနှင့်တော်ဝင်မျိုးနွယ်က ပို၍ချမ်းသာပြီး ချီပြိုကွဲဆေးလုံးသောင်းချီရှိသည်။ သူတို့တွင် အဆင့်တစ်နှင့် အဆင့်နှစ် ဝိညာဥ်လက်နက်များလည်း ရှိသည်။ အဆင့်သုံးဝိညာဥ်လက်နက်ကမူ အဖိုးတန်ရတနာဖြစ်၍ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့ကြသည်။
ခရမ်းရွှေနတ်ဆေးလုံး ငါးရာ့နှစ်ဆယ်က အဆင့်သုံး ဝိညာဥ်လက်နက် ငါးရာ့နှစ်ဆယ်နှင့် တန်ဖိုးညီသည်။ ဤအရာက အလယ်အင်ပါယာရှိ ကြွယ်ဝသော မျိုးနွယ်များနှင့်ယှဥ်လျှင် နည်းကောင်းနည်းမည်ဖြစ်သော်လည်း တော်ဝင်မျိုးနွယ်၊ မြစိမ်းတိမ်ဂိုဏ်း၊ ထန်းရှင်းတောင်ဂိုဏ်းနှင့် ထိုက်ရီဓားဂိုဏ်းကို ရူးသွပ်သွားစေရန် လုံလောက်နေခဲ့သည်။
ယဲ့ချန်သည် ဆေးဆရာရွှမ်းယီ၊ လီရှုနှင့် ဧကရာဇ်မင်ဝူကို ဆေးလုံးခြောက်ဆယ်စီ ခွဲဝေပေးကာ သုံးရာ့လေးဆယ်ကို သိမ်းဆည်းလိုက်သည်။ ယဲ့ချန်၏ ဤလုပ်ရပ်က အလွန်ရက်ရောသည်ဟု ဆိုနိုင်သည်။
ဧကရာဇ်မင်ဝူသည်ပင် ဤဆေးလုံးများ၏ဆွဲဆောင်မှုဒဏ်ကို သည်းခံနေရသည်။ သူသာ အကုန်လုံးကိုရနိုင်လျှင် တိုင်းပြည်အတွက် ထျန်းချီအဆင့်တစ်ဆယ်နှင့် မြေဝိဇ္ဇာအဆင့် ကျင့်ကြံသူများစွာကို မွေးထုတ်ပေးနိုင်လိမ့်မည်။ အနည်းဆုံး သူက ရှီဝူအင်ပါယာကို ရာစုနှစ်အနည်းငယ် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
မင်ဝူက သူ၏မျိုးနွယ်နှင့် တိုင်းပြည်အတွက် ဆေးလုံးများကို လိုချင်နေခဲ့သည်။ သို့သော် အချိန်ခဏအကြာတွင် သူက ဤအတွေးများကို ရပ်တန့်လိုက်သည်။ လူသားအဆင့်ဆေးလုံးခြောက်ဆယ်ကလည်း အတော်အတန် များနေပြီဖြစ်သည်။ ယဲ့ချန်နှင့်ရှောင်ရိက ဤအဆင့်မှာပင် အလွန်အစွမ်းထက်နေကြရာ အနာဂတ်တွင် ထိပ်တန်းကျင့်ကြံသူများ မလွဲဧကန် ဖြစ်လာကြလိမ့်မည်။ ဆေးလုံးအနည်းငယ်အတွက် ဤနှစ်ယောက်ကို ရန်စခြင်းက မထိုက်တန်ဟု မင်ဝူက ဆုံးဖြတ်လိုက်သည်။
ရှောင်ရိ၏ရုပ်ခန္ဓာကလည်း အလွန်ကြောက်စရာကောင်းနေသည်။ ဝိညာဥ်အဆင့်သုံး လက်နက်ဖြစ်သော မြစိမ်းတိမ်ဓားသည်ပင် သူ၏အရေပြားကို မထိုးဖောက်နိုင်ခဲ့ပေ။ မင်ဝူသည်လည်း ရှောင်ရိကို ယှဥ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ယဲ့ချန်နှင့် ပူးပေါင်းလုပ်ကိုင်ပါက အနာဂတ်တွင် ဆေးလုံးများစွာ ရလာနိုင်ပေသည်။
"ရှောင်ရိ ကျင့်ကြံဆင့် ပြန်ကောင်းသွားပြီလား"
ကိစ္စများက ရှုပ်ထွေးနေသဖြင်် ယဲ့ချန်သည် ရှောင်ရိ၏အခြေအနေကို မစုံစမ်းနိုင်ခဲ့ပေ။ တိုက်ပွဲပြီးဆုံးချိန်တွင် သူက စိုးရိမ်စွာမေးလိုက်သည်။
"နည်းနည်းတော့ ပြန်ကောင်းနေပါပြီ။ ဒါပေမယ့် ပြန်ကောင်းတာက မြန်ပါတယ်။ ငါးစွပ်ပြုတ်က ဒဏ်ရာကုသတဲ့နေရာမှာ အကျိုးရှိတယ်ဗျ"
ရှောင်ရိက ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူကပြုံး၍ အပြစ်ကင်းစင်သော ကလေးတစ်ယောက်၏ စိတ်ထားအတိုင်း ဖြေလာခဲ့သည်။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ရှောင်ရိကို စစ်ဆေးလိုက်သည်။ ရှောင်ရိက ပြန်ကောင်းမွန်နေကာ အလယ်အဆင့် ကောင်းကင်ဝိဇ္ဇာများအောက် အားမနည်းပေ။ ထို့ကြောင့် ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့် နင်ချင်းယွင်ကို မောင်းထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ရှောင်ရိထံတွင် ထူးဆန်းသော စွမ်းအားတစ်ခု ရှိသည်။ သူက အနည်းဆုံးတော့ မိစ္ဆာဘုရင်တစ်ပါး၏ခွန်အားမျိုးကို ရလာပေလိမ့်မည်။ သူက ဒဏ်ရာရနေလျှင်ပင် မိစ္ဆာဘုရင်တစ်ယောက်၏ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။
ရှောင်ရိ၏ရုပ်ခန္ဓာက အဆင့်ငါးဝိညာဥ်လက်နက်ကဲ့သို့ မာကျောသည်။ နင်ချင်းယွင်၏ မြစိမ်းတိမ်ဓားက ဤရုပ်ခန္ဓာကြောင့် ကျိုးပဲ့သွားရသည်။ အကယ်၍ နင်ချင်းယွင်သည် ရှောင်တိမ်းပြီး ဆက်လက်တိုက်ခိုက်နေလျှင် အသာစီးရနေဦးမည်ဖြစ်သည်။ မြစိမ်းတိမ်ဓား ပျက်စီးသွားသောကြောင့် သူက သတိလက်လွတ်ဖြင့် ရှောင်ရိကို အနီးကပ်ဝင်တိုက်ခိုက်ခဲ့သည်။ မြစိမ်းတိမ်ဓားကဂိုဏ်း၏ ရတနာဖြစ်သောကြောင့် နင်ချင်းယွင် အကြီးအကျယ် ဒေါသထွက်သွားခြင်းပင်။ ထို့ကြောင့် သူက ရှောင်ရိနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သောအခါ အရိုက်ခံလိုက်ရလေသည်။
ယဲ့ချန်သည် နင်ချင်းယွင်၏အဖြစ်ကို တွေးမိသောအခါ မပြုံးဘဲမနေနိုင်ပေ။
ရွှေခရမ်းနတ်ငါးစွပ်ပြုတ်က ရှောင်ရိ၏ဒဏ်ရာများအတွက် အကျိုးရှိလျှင် ၎င်းမှဖြစ်ပေါ်လာသော ဆေးလုံးကလည်း အကျိုးရှိပေလိမ့်မည်။ ယဲ့ချန်က ဤသို့တွေးမိ၍ ဆေးလုံးများကို လက်တစ်ဆုပ်နှိုက်ယူကာ သိုလှောင်အိတ်တစ်ခုအတွင်း ထည့်သွင်းလိုက်သည်။
"ရှောင်ရိ ဒီဆေးလုံးတွေကို အရင်ဆုံးစားဖို့ ယူထားလိုက်။ ကုန်သွားရင် အစ်ကိုကြီးကို ထပ်တောင်းလို့ရတယ်"
ယဲ့ချန်အတွက် ရှောင်ရိ၏ဒဏ်ရာများ သက်သာလာလျှင် လူသားအဆင့်ဆေးလုံးကိုပင် ဂရုစိုက်မည်မဟုတ်ပေ။
ရှောင်ရိက ကလေးစိတ်သာရှိသော်လည်း လူတိုင်းလိုချင်နေသော ဤဆေးလုံးများက အဖိုးတန်ကြောင်း သိထားပေသည်။ သို့သော် ယဲ့ချန်က သူ့အတွက် မတုံ့မဆိုင်းထုတ်ပေးလာခဲ့သည်။ အဘိုးပြီးလျှင် အစ်ကိုကြီးယဲ့ချန်နှင့် အမမြေခွေးလေးက သူ့ကို ကောင်းမွန်စွာ ဆက်ဆံပေးကြသည်။ စားသောက်ရန် သိုးခြေထောက်များ၊ အဝတ်အစားများ ၊ငါးစွပ်ပြုတ်သာမက ယခုလည်း အဖိုးတန်ဆေးလုံးများကို ပေးလာခဲ့လေသည်။