သစ္စာဖောက်များကို အပြစ်ပေးခြင်း
Vol. 13 Ch. 182
"ဂိုဏ်ကြီးသုံးဂိုဏ်းက အချိန်ခဏအတွင်း ပြန်မလာလောက်ဘူး။ ဒါပေမယ့် မြို့တော်ကို နန်မန်တိုင်းပြည်ကလူတွေ ရောက်နေတယ်။ ဆရာရွှမ်းယီအနေနဲ့ ဒီကျွန်းပေါ်ကနေ ရက်အနည်းငယ်အတွင်း ထွက်ခွာတာ ကောင်းမယ်"
ဧကရာဇ်မင်ဝူက ဆေးဆရာရွှမ်းယီကို အကြံပေးလိုက်ခြင်းဖြစ်သည်။
"ကောင်းပြီ"
ရွှမ်းယီက ခေါင်းညိတ်၍ သက်ပြင်းအခါခါချနေခဲ့သည်။ သူက လေ့ရီနှင့်သစ္စာဖောက်တပည့်များအကြောင်း တွေးမိနေခဲ့သည်။ သူ့အနေဖြင့် ဤကိစ္စကိုဖြေရှင်းရန် ရှောင်လွှဲ၍ မရပေ။
ဆေးလုံးများရရှိပြီးနောက် မင်ဝူသည် သူ၏လက်အောက်ရှိ မြေဝိဇ္ဇာများကို တစ်ယောက်တစ်လုံးစီ ခွဲဝေပေးခဲ့သည်။ ရွှမ်းယီသည်လည်း မြေဝိဇ္ဇာခုနစ်ယောက်ကို ဆေးအချို့ ခွဲဝေပေးလိုက်၏။ အဆင့်ကိုးအလယ်အဆင့်ဖြစ်သော လီရှုကမူ လူသားအဆင့်ဆေးကို တစ်ဝက်သာ စားသုံးနိုင်ခဲ့သည်။ သူ၏ကျင့်ကြံဆင့်အရ တစ်လုံး၌ပါဝင်သော ဆေးစွမ်းအင်ပမာဏကို စုပ်ယူနိုင်မည် မဟုတ်ပေ။
ကျင့်ကြံသူတစ်ယောက်သည် လူသားအဆင့်ဆေးလုံးတစ်လုံးကို စားပြီးနောက် ဆေးစွမ်းအင်များကို ဒန်တန်၌စုပ်ယူရန် အချိန်နှစ်နာရီ ယူရသည်။ ဆေးစွမ်းအင်များက နောက်ထပ်လအနည်းငယ်အတွင်း ထပ်မံထွက်ပေါ်လာနေကာ ကျင့်ကြံခြင်းအုတ်မြစ်ကို ခိုင်မာစေမည်ဖြစ်သည်။ ထို့ကြောင့် ဆေးလုံးများက ချက်ချင်းအစွမ်းမပြသော်လည်း ကျင့်ကြံခြင်းအပေါ် ရေရှည်အကျိုးသက်ရောက်မှု ရှိပေသည်။
ယဲ့ချန်နှင့် အမွေးပွလေးကလည်း ဆေးတစ်လုံးစီစား၍ ကျင့်ကြံလိုက်ကြသည်။
ရှောင်ရိသည် အစ်ကိုကြီးနှင့်အမဖြစ်သူက အဘယ်ကြောင့် ကျင့်ကြံနေသည်ကို နားမလည်နိုင်ခဲ့ပေ။ သူက ခရမ်းရွှေနတ်ဆေးတစ်လုံးကို သောက်လိုက်သောအခါ လမ်းတွင် အစာကြေသွားပြီး ၎င်းက အစာအိမ်သို့ပင် မရောက်လိုက်ချေ။ ရှောင်ရိသည် ဤဆေးလုံးများက ခရမ်းရွှေနတ်ငါးနှင့်ယှဥ်လျှင် သူ၏ဒဏ်ရာများအတွက် ပိုမိုကောင်းမွန်ကြောင်း မသိထားလျှင် အသုံးမဝင်ဟု ယူဆမည်ဖြစ်သည်။ ထို့နောက် သူက အဖိုးတန်နတ်ဆေးများကို ယဲ့ချန်အား ပြန်ပေးပေလိမ့်မည်။
ဆေးလုံးဆယ်လုံးကို ပဲလှော်စားသကဲ့သို့ ရှောင်ရိက တစ်ချက်တည်းမျိုချလိုက်ပြီး နှုတ်ခမ်းကို လျှာဖြင့်သပ်နေခဲ့သည်။ သူက ၎င်းတို့၏အရသာကို စွဲလန်းနေပြီဖြစ်သည်။ ဤခရမ်းရွှေနတ်ဆေးများက အခြားဆေးလုံးများကဲ့သို့ မခါးပေ။ ခရမ်းရွှေနတ်ငါးကဲ့သို့ အရသာရှိသဖြင့် သူက နောက်ထပ်ဆယ်လုံး စားလိုက်ပြန်သည်။
"အရသာရှိလိုက်တာ"
ရှောင်ရိက ဆေးလုံးများကို ဆက်တိုက်ဝါးစားနေပြီး လေတက်လိုက်သည်။ သူက သိုလှောင်အိတ်အတွင်း ကြည့်လိုက်သောအခါ ပမဏများစွာစားလိုက်မိကြောင်း သတိထားမိသဖြင့် ချက်ချင်းရပ်တန့်လိုက်သည်။ သူသာမရပ်လျှင် ၎င်းတို့က ကုန်တော့မည်ဖြစ်သည်။ ဤဆေးလုံးများက အဖိုးတန်သည့်အတွက် ရှောင်ရိမှာ စားချင်စိတ်ကို သည်းခံနေခဲ့သည်။ သို့သော် နောက်ထပ်နှစ်လုံးထပ်စားပြီးလျှင် ရပ်မည်ဟု ဆုံးဖြတ်မိပြန်သည်။
"ဟမ် နောက်ထပ်နှစ်လုံးလောက် ထပ်စားလည်း ပြဿနာမရှိပါဘူး"
"အရသာရှိလိုက်တာ"
နေ့ဝက်အတွင်း သူက နောက်ထပ်ဆေးလုံးတစ်ဒါဇင်ကို စားသောက်ခဲ့သည်။
သာမန်ကျင့်ကြံသူနှင့် မြေဝိဇ္ဇာများသာ ဤအခြေအနေတိုင်း လူသားအဆင့်ဆေးများကို စားသောက်လျှင် ဆေးစွမ်းအင်များ ပြည့်တင်းပြီး နှစ်လုံး တပြိုင်နက်စားမိရုံဖြင့် သေနိုင်သည်။ ကောင်းကင်ဝိဇ္ဇာအဆင့် တစ်ယောက်ပင်လျှင် အများဆုံးငါးလုံးအထိသာ စားသောက်နိုင်သည်။ သို့သော် တောင်ပံနဂါးမျိုးနွယ်ဖြစ်သော ရှောင်ရိက ဤအဖိုးတန်ရတနာများကို အလွယ်တကူချေဖျက်နိုင်ခဲ့သည်။ သူ၏ရုပ်ခန္ဓာသန်မာမှုအရ အလုံးတစ်ရာကို တစ်ချက်တည်းသောက်လိုက်လျှင်ပင် များစွာစိုးရိမ်နေရန် မလိုပေ။
အချိန်တစ်ခုအကြာတွင် ဆေးလုံး၏စွမ်းအင်ဖြင့် ကျင့်ကြံခြင်းအုတ်မြစ်ကို ထောက်ပံ့နေသော ယဲ့ချန် နိုးထလာသည်။ သာမန်မြေဝိဇ္ဇာတစ်ယောက်ဆိုလျှင် ဆေးလုံး၏ စွမ်းအင်အပြည့်အဝကို စုပ်ယူနိုင်ရန် အချိန်နှစ်ဝက်ယူရမည် ဖြစ်သည်။ သို့သော် ယဲ့ချန်က လေးငါးခြောက်ရက်ခန့်သာ အချိန်ယူခဲ့သည်။
ယဲ့ချန်က မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ ရှောင်ရိ၏လုပ်ရပ်ကို မြင်လိုက်ရသည်။ သူကစိုးရိမ်တကြီးဖြင့် ဤဆေးလုံးများက ချီစုဆောင်းခြင်းဆေးလုံးနှင့် မတူကြောင်း သတိရသွားခဲ့သည်။ ဆေးစွမ်းအင်က အဆများစွာပို၍ ပြင်းထန်သည်။ ရှောင်ရိက ဤမျှပမာဏများများ စားသောက်နေသောအခါ အန္တရာယ်ရှိသည်။ ယဲ့ချန်က အဆင်အခြင်မဲ့သော ကိုယ့်ကိုကိုယ် ရှောင်ရိအား ဆေးလုံးများစွာ ပေးမိသည့်အတွက် အပြစ်တင်လိုက်သည်။
"ရှောင်ရိ စားနေတာ ရပ်လိုက်ဦး"
ယဲ့ချန်က ရှောင်ရိကို တားမြစ်လိုက်သည်။ ထိုအချိန်တွင် ရှောင်ရိက ဆေးနှစ်လုံးကို လက်ဖြင့်ကိုင်ထားခဲ့သည်။ ယဲ့ချန်က လျင်မြန်စွာဖြင့် ရှောင်ရိ၏လက်ကိုဆုပ်ကိုင်ပြီး ကောင်းကင်ချီဖြင့် ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။
"အစ်ကိုကြီး ဒါတွေက အရသာရှိလွန်းတယ်။ ကျွန်တော်က စားနေတာကို မရပ်လိုက်နိုင်ဘူး။ ကျွန်တော့်မှာ အပြစ်ရှိပါတယ်"
ရှောင်ရိက မျက်နှာငယ်လေးဖြင့် တောင်းပန်လိုက်သည်။ သူက ခဏအတွင်း အလွန်အဖိုးတန်သော လူသားအဆင့်ဆေးများစွာကို စားလိုက်မိသဖြင့် အပြစ်ရှိသကဲ့သို့ ခံစားနေရပုံပေါ်သည်။ ရှောင်ရိမှာ သူ၏စားသောက်ချင်စိတ်ကို မထိန်းချုပ်တတ်ပေ။
"ထူးဆန်းတယ်"
ယဲ့ချန်သည် ရှောင်ရိ၏ခန္ဓာကိုယ်က အဆင်ပြေကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားခဲ့သည်။ ဤမျှများပြားသော ဆေးစွမ်းအင်များကို စုပ်ယူနိုင်သည့် ရုပ်ခန္ဓာက ယဲ့ချန်ထင်ထားသည် ပိုမိုအစွမ်းထက်နေခဲ့သည်။
"အဆင်ပြေတယ်။ မင်း ဆက်စားလို့ရတယ်။ ဒါပေမယ့် ဆေးလုံးအရေအတွက်က အများကြီးမရှိဘူး။ မင်းအနေနဲ့ မစားခင် သေချာခွဲထားဖို့ လိုတယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ ရှောင်ရိကို မတားမြစ်ခဲ့ပေ။ သူက နောက်ထပ်ဆေးလုံးလက်တစ်ဆုပ်စာယူ၍ သိုလှောင်အိတ်အတွင်း ဖြည့်ပေးလိုက်ပြန်သည်။
ခရမ်းရွှေနတ်ဆေးသုံးရာကျော်တွင် တစ်ရာက ရှောင်ရိ၏ခွဲတမ်း ဖြစ်သွားခဲ့သည်။ ကျန်နှစ်ရာတွင် တစ်ရာက ယဲ့မျိုးအတွက်ဖြစ်ကာ နောက်ဆုံးခွဲတမ်းက ယဲ့ချန်နှင့်အမွေးပွလေးအတွက် လုံလောက်ပေလိမ့်မည်။
ဧကရာဇ်မင်ဝူနှင့် ဆေးဆရာရွှမ်းယီသည်လည်း ဆေးစွမ်းအင်စုပ်ယူခြင်းမှ နိုးထလာခဲ့သည်။ ရှောင်ရိ၏ဆေးများကို သရေစာသဖွယ် စားသောက်ခြင်းကို မြင်သောအခါ သူတို့လည်း တုန်လှုပ်သွားကြသည်။ ဤအရာများက ခရမ်းရွှေနတ်ဆေးများ ဖြစ်ကြသည်။ ၎င်းတို့ကို တစ်ခါတည်းဖြင့် များစွာစားသောက်နေခြင်းက့ ဖြုန်းတီးရာရောက်ပေသည်။ တစ်လုံးချင်းစီက ချီပြိုကွဲဆေးလုံးတစ်သိန်းနှင့် တန်ဖိုးချင်းညီမျှသည်။ သာမန်ကျင့်ကြံသူဆိုလျှင် ဆေးစွမ်းအင်များကို ခုခံနိုင်မည်မဟုတ်ပေ။ ရှောင်ရိ၏ သန်မာသောရုပ်ခန္ဓာက ဆေးများကို စားသောက်ရန်အတွက်သာ မွေးဖွားခြင်း ဖြစ်နိုင်သည်ဟု နှစ်ယောက်လုံး တွေးမိလိုက်ကြသည်။
ခရမ်းရွှေနတ်ဆေးများစွာကို စားသောက်နေသော ရှောင်ရိ အဆင်ပြေသည်ကိုမြင်လျှင် ရွှမ်းယီနှင့်မင်ဝူမှာ ခါးသက်သက်ပြုံးရုံသာ တတ်နိုင်ခဲ့သည်။
နောက်ရက်နံနက်တွင် ရွှမ်းယီ၏လက်အောက်ခံ မြေဝိဇ္ဇာတစ်ယောက်က လေ့ရီနှင့်တပည့်များကို ခေါ်ဆောင်လာခဲ့သည်။
ဆေးဖော်စပ်ခန်းအတွင်း ဧကရာဇ်မင်ဝူနှင့် ဆေးဆရာရွှမ်းယီက ကုလားထိုင်များဖြင့် ထိုင်နေကြသည်။ ယဲ့ချန်၊ လီရှုနှင့် ရှောင်ရိက ဘေးတွင်ရပ်နေပြီး ကျန်တပည့်များက ကြမ်းပြင်တွင် ဒူးထောက်နေကြရသည်။
"လေ့ရီ မင်း ငါ့ဆီမှာ ပညာသင်လာတာ ဘယ်နှနှစ်ကြာပြီလဲ"
ရွှမ်းယီသည် တပည့်များကို စိတ်မချမ်းသာဟန်ဖြင့် ဝေ့ကြည့်ပြီးမှ မေးလိုက်ခြင်းဖြစ်သည်။
"နှစ်နှစ်ဆယ်ပါ"
လေ့ရီက ကြမ်းပြင်ကိုစိုက်ကြည့်ရင်း ဖြေလိုက်သည်။ ရွှမ်းယီသည် သူတို့၏ ဂိုဏ်းကြီးသုံးဂိုဏ်းနှင့်ဆက်သွယ်သော လုပ်ရပ်ကို သိရှိသွားသည်။ လေ့ရီနှင့်သစ္စာဖောက်များက တိုက်ပွဲကို အဝေးမှသာ ခိုးကြည့်နေကြသဖြင့် မည်သို့ဖြစ်ပျက်သွားသည်ကို မသိပေ။ သူသိသည်မှာ ဂိုဏ်းကြီးသုံးခု နောက်ဆုတ်သွားခြင်းပင်။
"ဟောင်ဖုန်း ရန်ချန်း မင်းတို့ရော ဘယ်နှနှစ်စီလဲ"
"ဆယ့်တစ်နှစ်"
"ဆယ့်နှစ်နှစ်"
တပည့်နှစ်ယောက်က ခေါင်းငုံ့၍ ဖြေလိုက်သည်။
"ဒီနှစ်ပေါင်း၂၀မှာ ငါ မင်းတို့ကို ဆေးပညာသင်ပေးခဲ့တယ်။ လစဥ်လတိုင်း မင်းတို့တွေ ဆေးပညာလေ့ကျင့်နိုင်ဖို့ မီးအဆီအနှစ်ဆေးလုံး၊ မြေအဆီအနှစ်ဆေးလုံးနဲ့ ဆေးလုံးများစွာကို ထောက်ပံ့ပေးခဲ့တယ်။ မင်းတို့အပေါ်မှာ ငါ မတရားလုပ်ခဲ့ဖူးသလား"
ရွှမ်းယီ၏မျက်နှာက မည်းနက်နေသည်။ သူ၏အဓိကတပည့်များ သစ္စာဖောက်သော လုပ်ရပ်က သူ့ဘဝအတွင် အနာကျင်ရဆုံးအဖြစ်များမှ တစ်ခုပင်ဖြစ်သည်။ ရွှမ်းယီသည် သူတို့အားလုံးကို ကောင်းမွန်စွာဆက်ဆံခဲ့ပြီး အမှားများ ပြုလုပ်လျှင်တောင် နှစ်သိမ့်ပေးခဲ့သည်။
"ဆရာ ကျွန်တော်တို့ အမှားလုပ်မိပါတယ်"
"ဆရာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ဟောင်ဖုန်းနှင့်ရန်ချန်းက ဦးဆောင်၍ တပည့်များနှင့်အတူ တောင်းပန်လာကြသည်။
ရွှမ်းယီသည် တပည့်များအပေါ် ကောင်းမွန်သောဆရာတစ်ယောက်သာမက ဖခင်ကောင်းတစ်ယောက်ပင် ဖြစ်ပေးခဲ့သည်။ သို့သော် ဖခင်ကောင်းတစ်ယောက်တွင် သားဆိုးများစွာ ရှိနေခဲ့သည်။
"ခရမ်းရွှေနတ်ဆေးကို ဖော်စပ်ပြီးရင် မင်းတို့အတွက် ခွဲပေးဖို့ကိုလည်း ငါ စဥ်းစားထားတယ်။ မင်းတို့က ငါ့နောက်ကျောကို ဓားနဲ့ထိုးမယ်။ ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ ပူးပေါင်းမယ်လို့တော့ မထင်ထားမိဘူး။ ငါက အခြားအပြစ်တွေကို ခွင့်လွှတ်နိုင်ပေမယ့် သစ္စာဖောက်တာကိုတော့ ခွင့်မလွှတ်ဘူး"
ရွှမ်းယီက အေးစက်စက် ငေါက်ငမ်းလိုက်သည်။
"ငါ့အမြင်ကိုပြောရရင် သစ္စာဖောက်တွေဟာ သေခြင်းနဲ့သာ ထိုက်တန်တယ်"
ဧကရာဇ်မင်ဝူက ဘေးမှဝင်ရောက် အကြံပေးလိုက်သည်။ သူက ဤသစ္စာဖောက်များကို သေစေချင်နေသည်။
"ဆရာ ကျေးဇူးပြုပြီးညှာတာပါ"
"ဆရာ အသက်ချမ်းသာပေးပါ"
"ဒီနှစ်တွေမှာ ဆရာ့ကို အလုပ်အကျွေးပြုခဲ့လို့ ချမ်းသာပေးပါ"
တောင်းပန်သံများ ဆူညံစွာထွက်ပေါ်လာသည်။ မင်ဝူ၏ စကားကြောင့် လေ့ရီနှင့်နောက်လိုက်များ၏ မျက်နှာက သွေးဆုတ်ဖြူရော်ကုန်သည်။ သူတို့က စတင်ရှိခိုးလိုက်ကြသဖြင့် တဒုန်းဒုန်းမြည်သံများပင် ထွက်ပေါ်လာခဲ့သည်။ နဖူးတွင်လည်း သွေးအချို့ စိမ့်ထွက်လာနေသည်။
"ထွက်သွားကြစမ်း မင်းတို့နဲ့ ဆရာတပည့်ဆက်ဆံရေး ရပ်လိုက်ပြီ"
ရွှမ်းယီသည် ကုလားထိုင်၏လက်ရန်းကို တင်းကျပ်စွာ ဆုပ်ကိုင်မိလိုက်သည်။ သူ့ထံတွင် တပည့်များကိုသေဒဏ်ပေးနိုင်သော ပြတ်သားသည့် စိတ်မျိုး မရှိပေ။ ထို့နောက် သူက သက်ပြင်းတစ်ချက်ချ၍ အေးစက်စက်ပြောလိုက်သည်။
"ဆရာ ကျွန်တော်တို့အပြစ်ကို သိပါပြီ။ ပြန်ပြီးလက်ခံပေးပါ"
တပည့်ငယ်များစွာက ငိုယိုတောင်းပန်လိုက်ကြသည်။
လေ့ရီက ခေါင်းကိုငုံ့ထားသော်လည်း မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ရှိနေခဲ့သည်။ ဆရာရွှမ်းယီ၏ စိတ်ထားအရ သူတို့ကိုသေဒဏ်မပေးနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားသည်။ ထို့နောက် ဟောင်ဖုန်း၊ ရန်ချန်းနှင့် လေ့ရီသည် ရွှမ်းယီကို ရှိခိုးကာ ဆေးဖော်စပ်ခန်းအတွင်းမှ ထွက်ခွာသွားကြသည်။ သူတို့၏နောက်လိုက်များက နောင်တရနေဟန်ဖြင့် ရွှမ်းယီကို ကြည့်လိုက်မိကြသည်။
"ထွက်သွားကြစမ်း။ ငါ ဘယ်တပည့်ကိုမှ မလိုချင်တော့ဘူး။ ကိုယ့်လမ်းကိုလျှောက်ကြ"
ရွှမ်းယီ၏မျက်လုံးများတွင် ဝမ်းနည်းစိတ်များ ထင်ဟပ်နေသည်။
ဤကိစ္စတစ်ခုလုံးကို ကြိုးကိုင်သူမှာ လေ့ရီတို့သုံးယောက်ဖြစ်သည်။ အများစုမှာ ပါဝင်ကူညီရန် ဖိအားပေးခံခဲ့ရခြင်းဖြစ်သည်။ အချို့တပည့်များက ဤကိစ္စတွင် လုံးဝမပါဝင်ပေ။ သူတို့က ဆရာရွှမ်းယီကို အလွန်ချစ်ကြောက်ရိုသေကြသည်။ ရွှမ်းယီက စိတ်ဆုံးဖြတ်ထားကြောင်း သိလိုက်ရသောအခါ သူတို့၏မျက်ဝန်းများတွင် မျက်ရည်စများ ဝေ့သီလာသည်။
"ဆရာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
တပည့်တစ်ယောက်က မရေမတွက်နိုင်အောင် ဦးညွှတ်လိုက်သည်။
"ကျေးဇူးပြုပြီး ဂရုစိုက်ပါ ဆရာ"
တပည့်များက ရွှမ်းယီကိုဦးချ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
"ဆရာ အများစုက ဒီကိစ္စမှာ မပါဝင်ကြဘူး"
လီရှုက တပည့်များကိုကြည့်၍ ရွှမ်းယီအား အသိပေးလိုက်သည်။
"ထားလိုက်ပါ ငါက ဆရာတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး။ သူတို့ကို ဆေးပညာအကြောင်း သင်ကြားပေးခဲ့ပေမယ့် ကိုယ်ကျင့်တရား မသင်ကြားပေးနိုင်ခဲ့ဘူး။ သူတို့စွမ်းရည်အရ ငါ့ဆီကထွက်သွားပြီးရင်လည်း အနာဂတ်တွေ တောက်ပနေကြမှာပါ။ သွားပါစေ"
ရွှမ်းယီက ခေါင်းယမ်း၍ ကွယ်လွန်သွားပြီဖြစ်သော သူ၏ဆရာကို သတိရနေခဲ့သည်။ အတိတ်တွင် သူက ဆရာဖြစ်သူကို ပြန်လည်ကျေးဇူးဆပ်ရန် အခွင့်အရေးမရခဲ့ပေ။ လက်ရှိတွင်လည်း သူ၏တပည့်များက သူကဲ့သို့ တူညီသောကံကြမ္မာကို ကြုံတွေ့ခဲ့ကြရသည်။ ဤနှစ်များအတွင်း တပည့်များစွာ လက်ခံခဲ့သော်လည်း
ကြင်နာမှုဖြင့် ပြန်လည်ပေးဆပ်ခြင်း မခံခဲ့ရပေ။ ရွှမ်းယီမှာ နေထိုင်ရန် သက်တမ်းကုန်ဆုံးခါနီးဖြစ်၍ သစ္စာဖောက်ခံလိုက်ရသောအခါ အလွန်ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
လီရှုက ခေါင်းညွှတ်၍ ဆရာဖြစ်သူ၏သောကကို နားလည်ဟန်ဖြင့် တိတ်တဆိတ်ရပ်နေလိုက်သည်။
မင်ဝူကမူ ရွှမ်းယီ၏ ကိုင်တွယ်ဖြေရှင်းပုံကို သဘောမတူချေ။ ဤနေရာတွင် ကာယကံရှင်က သူဖြစ်လျှင် သစ္စာဖောက်တပည့်များအားလုံးကို တစ်ယောက်မကျန် သတ်မည်ဖြစ်သည်။ လေ့ရီကဲ့သို့လူတစ်ယောက်က ဆရာဖြစ်သူ၏ကြင်နာမှုကို အလေးထားနေမည်မဟုတ်ပေ။ ဤခန်းမအတွင်းမှ ထွက်ခွာသွားပြီးနောက် ကျောထောက်နောက်ခံတစ်ခု ရလာလျှင် ထိုသစ္စာဖောက်များက အစာကျွေးသည့်လက်ကို ခွေးရူးများသဖွယ် ဝိုင်းကိုက်ကြပေလိမ့်မည်။
ယဲ့ချန်က အခြေအနေကို တစ်ချက်ကြည့်လိုက်သောအခါ အဓိကတပည့်သုံးယောက် ထွက်ခွာသွားသည်။ ကျန်တပည့်ငယ်တစ်ဝက်ကျော်က ရွှမ်းအဆောင်၏အပြင်တွင် ဒူးထောက်နေကြကြောင်း သိလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ ဆရာရွှမ်းယီသည် တပည့်များအတွက် ဆရာကောင်းတစ်ယောက် ဖြစ်ခဲ့လေသည်။