← Chapters

ဒီလူကို ကူသတ်ပေးပါ

Vol. 69 Ch. 962

ဒီလူကို ကူသတ်ပေးပါ

Vol. 69 Ch. 962

မြန့်ဟယ်၏ ပွေ့ဖက်ခြင်းကို ခံထားရသော မိန်ချင်းချင်း၏ မျက်လုံးသေများတွင် သက်ဝင်လှုပ်ရှားမှု အရိပ်အယောင်လေးတစ်ခု ရလာဟန် ပေါ်သည်။ သို့သော် သူမသည် ကျင့်ဝေ့ပြောနေသည်များကို တုံ့ပြန်ခြင်း မရှိပေ။ သူမမျက်လုံးများထဲတွင် သရော်နေဟန် အကြည့်တို့ဖြင့်သာ သူ့အား စိုက်ကြည့်နေလိုက်သည်။

မိုဝူကျိသည် စိတ်ထဲ၌ အေးစက်စွာ ရယ်လိုက်သည်။ ဤကျင့်ဝေ့သည် သူ့အား ငတုံးတစ်ယောက်ဟု တကယ် သတ်မှတ်ထားသည်။ ကမ္ဘာမြေမှစ၍ ကျင့်ကြံခြင်းလောက၊ အင်မော်တယ်လောကနှင့် ယခုနောက်ဆုံး နတ်ဘုရားနယ်မြေအထိ မည်မျှများသော လျို့ဝှက်ကြံစည်မှုများနှင့် ဆင်းရဲဒုက္ခများအား သူ တွေ့ကြုံခံစားခဲ့ရသနည်း။ မိန်ချင်းချင်းက ပြန်လည်မချေပသော်လည်း တစ်ခုခု မှားနေမှန်း မိုဝူကျိက သိလိုက်သည်။

ပြဿနာမှာ မိန်ချင်းချင်းက ယောင်္ကျားတွေ အများကြီးနှင့် ဖောက်ပြန်သည့် အချက်မဟုတ်ဘဲ သူမချစ်သူက သူမခင်ပွန်းသည်ကို သတ်ခဲ့သည်ဟူသော စွပ်စွဲချက် ဖြစ်နေသည်။

ရှီလင်ယုသည် အကြံများသူ ဖြစ်သော်လည်း သူ့တွင် အခြေခံစည်း ရှိသေးကြောင်းကို မြင်နိုင်သည်။ အကယ်၍ မိန်ချင်းချင်းသာ သူမချစ်သူ၏ အကူအညီဖြင့် သူမခင်ပွန်းကို သတ်နိုင်ခဲ့ပါက ရှီလင်ယုက အဘယ်ကြောင့် သူမကို မိုးကောင်းကင် ရေကန်ငယ်တောင်၏ တောင်သခင်အဖြစ် မိုးကောင်းကင်ငယ်ဂိုဏ်းတွင် ဆက်လက် ကျန်ရှိနေစေပါ့မည်နည်း။ မိန်မျိုးနွယ်အိမ်တော်သည် မည်မျှပင်အရေးပါနေပါစေ တူညီသောအကျိုး ရောက်ရန် သူက မိန်ချင်းချင်းကို အကျဉ်းချ ပိတ်လှောင်ထား၍ ရလေသည်။

သို့သော် လက်တွေ့တွင် မိုဝူကျိက မိန်ချင်းချင်းနှင့် ဆုံချိန်၌ သူမသည် လွတ်လပ်သော အမျိုးသမီးတစ်ဦး ဖြစ်လေ၏။

“အစ်မမိန်… အစ်မ ဘာများ ပြောစရာရှိသေးလဲ”

မိုဝူကျိက ကျင့်ဝေ့ကို လျစ်လျူရှုကာ မိန်ချင်းချင်းကို တိုက်ရိုက်မေးလိုက်သည်။

မိန်ချင်းချင်းက ရယ်သာ ရယ်လိုက်ကာ

“ဒီလူ့လက်ထဲမှာ အရှက်ခွဲခံရပြီး မသေရအောင် လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မကတော့ လိပ်ပြာသန့်တယ်။ ရှင့်ကို ဒီလောက်ထိ အောင်မြင်လိမ့်မယ်လို့ ကျွန်မ လုံး၀ မထင်ထားမိခဲ့ဘူး။ ကြည့်ရတာ ကျွန်မ…”

မိုဝူကျိသည် မိန်မျိုးနွယ်အိမ်တော်သို့ အဆင့်နိမ့် နတ်ဆေးဖက်ဝင်အပင်များ ရှာရန်သွားသည့် လေလွင့်ကျင့်ကြံသူတစ်ယောက် မဟုတ်မှန်း သူမ သေချာသိသဖြင့် ဆက်မပြောတော့ချေ။ သူ့ ပညာအဆင့်ဖြင့် အဘယ်ကြောင့်များ ထိုသို့သောလူ ဖြစ်နိုင်ပါ့မည်နည်း။ သူမက သူ့နောက်ခံအကြောင်းကို မေးရန်လိုသည်ဟု ဘယ်တုန်းကမှ မခံစားမိသောကြောင့်သာ ဖြစ်သည်။

ကျင့်ဝေ့ ပြောသည့်စကားများကိုကား သူမသည် ပြန်လည်ချေပလိုစိတ် မရှိပေ။ မိုဝူကျိသည် မိန်မျိုးနွယ်အိမ်တော်ထဲ ဝင်ပြီး မထိမရှ ပြန်ထွက်လာနိုင်သော ကျင့်ကြံသူတစ်ယောက် ဖြစ်လေရာ သူသည် သေချာပေါက် သာမန်မဟုတ်နိုင်ချေ။ အကယ်၍ ဤသို့သောလူမျိုးက ကျင့်ဝေ့၏ စကားများကို ထိုးထွင်းမမြင်နိုင်ပါက သူမအတွက် ငြင်းခုံ၍လည်း အကျိုးထူးမည် မဟုတ်ပေ။

ခေါင်းငြိမ့်လိုက်ကာ မိုဝူကျိသည် ရှီလင်ယုအား တလေးတစား ဦးညွှတ်လိုက်ပြီး

“ဂိုဏ်းချုပ်ရှီ… ဂိုဏ်းချုပ်က ဘာဖြစ်လို့ အစ်မမိန်ကို မိုးကောင်းကင် ရေကန်ငယ်တောင်မှာ နေစေပြီး သူမကို စောင့်ရှောက်ထားရတာလဲဆိုတာကို ကျုပ် မေးချင်ပါတယ်”

မိုဝူကျိ ပြောနေပုံနှင့် လုပ်နေပုံများသည် ဘာမှမသိသော လေလွင့်ကျင့်ကြံသူတစ်ယောက်၏ အပြုအမူမျိုး လုံးလုံး မဟုတ်ပေ။ ထို့ကြောင့် ရှီလင်ယုသည် လိမ်နေလည်း မထူးမှန်း သိသဖြင့်

“ဝူကျိ… ဒါတွေအကုန်လုံးက အရင်မိုးကောင်းကင် ရေကန်ငယ်တောင်ရဲ့ တောင်သခင် ယိုကျောရဲ့ တောင်းဆိုချက်တွေပါ။ သူက သူ မသေခင် မိန်ချင်းချင်းကို စောင့်ရှောက်ပေးဖို့ ကျုပ်ကို တောင်းဆိုခဲ့တယ်”

“အစ်ကိုကျော… ကျွန်မ အစ်ကို့ကို စိတ်ပျက်စေမိပြီ…”

ရှီလင်ယု၏ ရှင်းပြချက်ကို ကြားပြီးသည့်နောက် မျက်ရည်များက မိန်ချင်းချင်း၏ မျက်ဝန်းများမှ စီးကျလာသည်။

“ဒီတော့ တောင်သခင်ကျောက မိန်ချင်းချင်းနဲ့တခြားတစ်ယောက် သတ်လို့ သေရတာလား”

မိုဝူကျိက ထပ်မေးလိုက်သည်။

ရှီလင်ယုက ခါးသက်စွာ ပြုံးလိုက်ရင်း

“မဟုတ်ပါဘူး”

သို့တိုင် ကျင့်ဝေ့သည် သူ့အလိမ်အညာများ ပေါ်သွားသည်ကို မသိဟန် ဆက်လက် သရုပ်ဆောင်နေသည်။ ထို့နောက် သူက မိုဝူကျိအား ကြည့်ရင်း ပြုံးလိုက်ကာ

“မိုဝူကျိ… ကျွန်တော်တို့ဂိုဏ်းချုပ်မှာ သူ့ကိုယ်ပိုင်အဆင့်အတန်း ရှိတယ်လေဗျာ။ ဒါကြောင့် အဲ့လို ရှက်စရာကောင်းတဲ့ အပြုအမူတွေကို သူအနေနဲ့ မပြောပြတာ မဆန်းပါဘူး”

မြန့်ဟယ်က ရုတ်တရက် ကျင့်ဝေ့အား လက်ညိုးထိုးပြီး အော်ဟစ်လိုက်သည်။

“ကျင့်ဝေ့… တိရစ္ဆာန်ကောင်။ အဲ့ဒီတုန်းက ရှင်က ရှင့်အပေါင်းအပါတွေနဲ့ တောင်သခင်ယိုကို ဒဏ်ရာရစေခဲ့ပြီး သခင်မလေးရဲ့မောင် မိန်ဖုန်းအာကိုတောင် ဖမ်းဆီး ချုပ်နှောင်ထားသေးတယ်။ ရှင်က အဲ့ဒါကို အသုံးချပြီး သခင်မလေးကို အကျပ်ကိုင်ခဲ့တယ်။ ကျွန်မသခင်မလေးကို ဂိုဏ်းထဲက အကြီးအကဲတွေနဲ့ အိပ်ခိုင်းပြီး သူတို့တွေကို ရှင့်ဘက် ပါလာအောင် စည်းရုံးပြီး ခေါ်ခိုင်းတယ်။ ခင်ပွန်းသည်နဲ့မောင်လေးကို ကယ်ဖို့ ကျွန်မသခင်မလေးက အရှက်တရားကို သည်းခံပြီး ရှင် ခိုင်းတာတွေ လုပ်ပေးခဲ့ရတယ်။ ဒါပေမဲ့ အဆုံးမှာတော့… ရှင်က တောင်သခင်ယိုကိုကော သခင်မလေးရဲ့မောင်ကိုပါ အလွတ်မပေးခဲ့ဘူး။ ရှင်… ရှင်က…”

မြန့်ဟယ်က ပြဿနာတွေကြားထဲ၌ ဘာတွေဖြစ်ပျက်ခဲ့သည်ကို ဘာမှ မပြောပြသော်လည်း မိုဝူကျိတွင် အကြမ်းဖျင်းအတွေးတစ်ခု ရှိသွားကာ သူ့မျက်နှာမှာ မည်းမှောင်သွားသည်။ မိန်ချင်းချင်း အခြေအနေကို ကိုင်တွယ်ခဲ့ပုံနှင့်ပတ်သက်၍ သူက သဘောမတူသော်လည်း အကယ်၍ သူမနေရာ၌ တခြားသူဆိုပါကလည်း တစ်ခုတည်းသော ရွေးချယ်စရာမှာ ကျင့်ဝေ့၏ညွှ န်ကြားချက်အတိုင်း လိုက်နာရန်သာ ဖြစ်ပေလိမ့်မည်။

မိုးကောင်းကင်ငယ်ဂိုဏ်းက မိန်ချင်းချင်းအပေါ် ထိုမျှလောက် အထင်သေးရှုံ့ချသည်မှာ မထူးဆန်းပေ။ သူမသည် ဂိုဏ်း၏ အကြီးအကဲနှင့် ရာထူးမြင့်ဂိုဏ်းသားများစွာနှင့် ပတ်သက်နေရုံသာမက ကျင့်ဝေ့၏တောင်းဆိုချက်များကိုလည်း ဖြည့်ဆည်းပေးရသေးသည်။

“တိရစ္ဆာန်ကောင်”

ယွီလောက ကျင့်ဝေ့အား အထင်သေးရွံရှာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“မိုဝူကျိ… ခင်ဗျားက ကျွန်တော်နဲ့ နှင်းစက်စိမ်းဆန် စိုက်တဲ့အကြောင်း ဆွေးနွေးဖို့ ဆန္ဒမရှိဘူးဆိုမှတော့ ကျွန်တော် အရင် သွားနှင့်တော့မယ်။ ဂိုဏ်းဆီပေးတဲ့ ခင်ဗျားရဲ့ နှင်းစက်စိမ်းဆန် အထောက်အပံ့ မျက်နှာကို ထောက်ပြီး ကျွန်တော် မိန်ချင်းချင်းကို မထိတော့ဘူး”

စကားပြောပြီးသည့်နောက် ကျင့်ဝေ့က လှည့်ပြန်ထွက်သွားလိုက်သည်။

မိုဝူကျိက အေးစက်စွာ ရယ်လိုက်၏။ ချီခွန်းနှင့် ယွီလောတို့၏ ထောက်ခံမှုကို သူ ရရှိလိုက်ကြောင်း ကျင့်ဝေ့က မြင်နိုင်သည်မှန်း မိုဝူကျိ သိသည်။

မိုဝူကျိက ဘာမှ မပြောသဖြင့် ရှီလင်ယုကလည်း ဘာမှ မပြောနိုင်ပေ။ သူက ကျင့်ထျန်းကို လေးစားသ၍ ကျင့်ဝေ့ကို လွှတ်ပေးထားခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ ကျင့်ဝေ့သည် မိုးကောင်းကင်ငယ်ဂိုဏ်း၏ အနာဂတ်အား အလေးမထား၍ ရသည်ဟု မဆိုလိုပေ။ မိုဝူကျိသည် ဂိုဏ်း၏ အနာဂတ် ဖြစ်သည်။ ထို့ကြောင့် သူက မိုဝူကျိအား မသိကျိုးကျွန်ပြု၍ မရပေ။

“ဒီမှာ ခဏလောက် ကြာကြာလေး နေဦး… ဝူကျိ ဒီပြဿနာကို အရင်ဖြေရှင်းပြီးတဲ့အထိ စောင့်ဦး”

ရှီလင်ယုက ကျင့်ဝေ့အား တားလိုက်သည်။

ဂိုဏ်းချုပ်က သူ့အား ရပ်ရန်ပြောသည်ကို ကြားသောအခါ ကျင့်ဝေ့၏ မျက်နှာမှာ ကြည့်ရဆိုးသွားသည်။

“ဂိုဏ်းချုပ်… ဒါက သိပ်မကောင်းဘူး ထင်တယ်နော်။ ဂိုဏ်းချုပ်ငယ်က ဘာလိုမျိုးအမှားတွေပဲ လုပ်လုပ်၊ အပြင်လူတစ်ယောက်က သူ့ကို လက်ညိုးလာထိုးစရာ မလိုဘူးလေ”

စောစောလေးက မိုဝူကျိအား အပြစ်ဆိုခဲ့သော အကြီးအကဲက မျက်မှောင်ကျုံ့ရင်း ပြောလိုက်သည်။

သူက လောကနတ်ဘုရား နောက်ပိုင်းအဆင့်တစ်ယောက်သာ ဖြစ်သော်လည်း ဂိုဏ်းထဲတွင် အင်မတန် စီနီယာကျလေသည်။ ဂိုဏ်းချုပ် ရှီလင်ယုပင် သူ့လောက် စီနီယာမကျပေ။

သို့သော် တခြားရှုထောင့်မှကြည့်ပါက ဤလူသည် သူ့ဘဝသက်တမ်း အများစုကို ဖြုန်းတီးပစ်ခဲ့သည်ဟု ပြောနိုင်ပေ၏။

“တာအိုရောင်းရင်းချီ… တာအိုရောင်းရင်းယွီ… ခင်ဗျားတို့နှစ်ယောက်စလုံး ဘာကိစ္စကြောင့်များ ကျုပ်ဆီ ရောက်လာတာလဲ သိချင်မိပါတယ်”

အံ့သြစရာကောင်းစွာ မိုဝူကျိသည် ကျင့်ဝေ့၏ ပြဿနာကို တစ်ဖက်ပို့ထားလိုက်ပြီး ထိုအစား သူက ချီခွန်းကို သူတို့လာရသည့် နောက်ကွယ်မှအကြောင်းရင်းအား မေးလိုက်သည်။

သို့သော် မိုဝူကျိ အမှားလုပ်သည်ဟု မည်သူကမျှ မတွေးပေ။ ကိစ္စများကို သေချာစဉ်းစားပြီးသည့်လူမှသာ ဤသို့ မေးခွန်းမျိုးကို မေးနိုင်ပေလိမ့်မည်။

ယခု မိုဝူကျိသည် မည်သည်ကို လုံးလုံးပုံ၍ အားကိုးထားသနည်း။ သူ့နှင်းစက်စိမ်းဆန်၏ သုတေသနကို ဖြစ်သည်။ ချီခွန်းနှင့် ယွီလောတို့ ဤရောက်နေရသည့် အကြောင်းအရင်းမှာ မိုဝူကျိသည် နှင်းစက်စိမ်းဆန် စိုက်ရာတွင် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် နှင်းစက်စိမ်းဆန်အတွက် သူတို့သည် သေချာပေါက် မိုဝူကျိအား ထောက်ခံပေလိမ့်မည်။

မိုဝူကျိက ဤမေးခွန်းကို မေးလိုက်ရခြင်းမှာ ချီခွန်းနှင့် ယွီလောတို့ သူ့ကို လုပ်စေချင်နေသည့်အရာကို သိရှိရန်ဖြစ်သည်။ ထိုမှသာ သူတို့၏ အလုပ်ဝန်ပေါ် မူတည်၍ ဤပြဿနာကို ဖြေရှင်းရမည် ဖြစ်သည်။ သို့ဖြစ်ရာ ဤမေးခွန်းမှာ မမေးမဖြစ် မေးကိုမေးရမည့် မေးခွန်း ဖြစ်ပေသည်။

“မိုးကောင်းကင် နတ်ဘုရားဂိုဏ်းမှာ နှင်းစက်စိမ်းဆန် စိုက်ပျိုးတဲ့နေရာမှာ ကောင်းကောင်း ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ရဲ့ အကူအညီ လိုအပ်နေတယ်။ တကယ်လို့ ဆေးလုံးဆရာမိုက အဆင့်မြင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်တယ်ဆိုရင် မိုးကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ဆေးလုံးတာအို မှတ်တမ်းတွေကို နောင်အနာဂတ်မှာ ခင်ဗျား ဖတ်လို့ ရစေရမယ်။ တစ်ချိန်တည်းမှာပဲ မိုးကောင်းကင် နတ်ဘုရားဂိုဏ်းက နတ်ဆေးဖက်ဝင်အပင်မျိုးစုံကို ထောက်ပံ့ပေးမှာဖြစ်ပြီး ဆေးလုံးဆရာမိုကို ဂိုဏ်းရဲ့အကြီးအကဲလုပ်ပေးဖို့ ဖိတ်ခေါ်မှာပါ”

မိုဝူကျိ၏ မေးခွန်းကို ကြားသောအခါ ချီခွန်းက တလေးတစား ဦးညွှတ်လိုက်ရင်း ချက်ချင်းတုံ့ပြန်လိုက်သည်။

သူ့လေသံမှာ တကယ့် စိတ်ရင်းနှင့် ဖြစ်ကာ နတ်ဘုရားမြေမြင့်၏ ဂိုဏ်းကြီးတစ်ဂိုဏ်းဆီမှလာသည့် မာန်မာနမျိုး တစ်စက်ကလေးမျှ ရှိမနေချေ။

မိုဝူကျိက ပြန်လည် ဦးညွှတ်လိုက်ကာ

“ကျုပ်အပေါ် အခုလို အလေးထားပေးလို့ တာအိုရောင်းရင်းချီကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ကျုပ် ဘယ်ဂိုဏ်းကိုမှ ဝင်ဖို့ စိတ်ကူးမရှိပါဘူး။ ပြီးတော့ ဒီမှာ ကျုပ် ဖြေရှင်းစရာတွေ ရှိနေသေးတယ်…”

မိုဝူကျိ၏ စကားကို ပြီးအောင် စောင့်မနေတော့ဘဲ ချီခွန်းက ကပျာကယာ ဝင်ပြောလိုက်သည်။

“မိုးကောင်းကင်နတ်ဘုရားဂိုဏ်းဆီ ရောက်ရင် နှင်းစက်စိမ်း ဆန်စိုက်ဖို့ ဆေးလုံးဆရာမို တစ်ယောက်တည်းအတွက် နေရာတစ်နေရာ ပေးဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော် ခင်ဗျားအတွက် ဂိုဏ်းကနေ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောတွေ တောင်းပေးမယ်လေ…”

“စိတ်မပူပါနဲ့။ ရှင့်အတွက် နှင်းစက်စိမ်းဆန်စိုက်ပျိုးဖို့ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောတစ်ခု သေချာပေါက် ရစေရမယ်”

ဘေးတစ်ဖက်တွင် ရပ်နေသော ယွီလောက  မြန်မြန် ဝင်ပြောလိုက်သည်။ သူမတွင် ချီခွန်းထက် အခွင့်အာဏာပိုရှိကာ တစ်ခါတည်း အတိအလင်း ကြေညာပစ်လိုက်သည်။

ဤကမ်းလှမ်းချက်က မိုဝူကျိအား စိတ်လှုပ်ရှားသွားစေသည်။ ဤရွာ၌ နေချင်သည့် အကြောင်းအရင်းများထဲမှ တစ်ခုမှာ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ဖြစ်လေသည်။ ထို့အပြင် သူ့ကိုယ်ပိုင်တာအိုလမ်းစဉ်၏ အတွင်းသဘောတချို့ကို အကြမ်းဖျင်း သဘောပေါက်လာပြီဖြစ်ရာ ဤနေရာ၌ ခဏလောက် ဆက်နေလိုက်ပါက သူ့ကမ္ဘာ၏ စည်းမျဉ်းများကို ပြီးပြည့်စုံစေရန် လုပ်နိုင်ပေလိမ့်မည်။ ထို နောက်ကွယ်မှ ဆိုလိုရင်း အစစ်အမှန်ကိုလည်း ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

မိုဝူကျိက ရှီလင်ယု၏ ဘက်သို့ လှမ်းကြည့်လိုက်သည်။

 ရှီလင်ယုသည် သူ့အား အများကြီးကူညီထားလေရာ သူသာ ဤကဲ့သို့ ထွက်သွားလိုက်ပါက…

ပုံမှန်အားဖြင့် ငြိမ်နေလေ့ရှိသော ယွီလောသည် မိုဝူကျိ၏ ထောက်ထားစရာများကို သတိပြုမိသည့်အလား ရှင်းအောင် ပြောပြလိုက်သည်။

“တာအိုရောင်းရင်းမို… ရှင် ကျွန်မတို့နဲ့ လိုက်လာပြီးသွားရင် မိုးကောင်းကင်နတ်ဘုရားဂိုဏ်းက မိုးကောင်းကင်ငယ်ဂိုဏ်းကို နတ်ဘုရားမြေမြင့်များဆီကို ပြောင်းရွေ့ပေးပါလိမ့်မယ်။ ပြောရမယ်ဆို ဂိုဏ်းချုပ်ရှီက ဒီတစ်ခေါက် တကယ့် အကျိုးဆောင်မှုအကြီးကြီးကို လုပ်လိုက်တာပဲလေ”

“ကျေးဇူးတင်ပါတယ်… တာအိုရောင်းရင်းယွီ”

ဤသည်ကား ရှီလင်ယု စောင့်နေသော စကားများပင်တည်း။ ယွီလော၏ ကတိစကားကို ကြားရသောအခါတွင် သူ့စိတ်ထဲ၌ ပျော်ရွှင်မှုအတိ ဖြစ်သွားသည်။

မည်သည့်အတွက်ကြောင့် ကျင့်ကြံနေရသနည်း။ တိုးတက်လာဖို့ မဟုတ်ပေလော။ နတ်ဘုရားမြေနိမ့်တွင် တိုးတက်လာရန်မှာ သိပ်မဖြစ်နိုင်ချေ။ သို့သော် နတ်ဘုရားမြေမြင့်သို့ ရောက်ပါက သူသာမက မိုးကောင်းကင်ငယ် ဂိုဏ်းတစ်ဂိုဏ်းလုံးပါ တိုးတက်လာနိုင်ပေလိမ့်မည်။ နတ်ဘုရားမြေနိမ့်များရှိ မိုးကောင်းကင်ငယ် ဂိုဏ်းအတွက်မူကား ဤနေရာတွင် အခြေစိုက် နေရာတစ်ခုတော့ ကျန်ရှိပေလိမ့်ဦးမည်။

“ကောင်းပါပြီ… ကျုပ် သဘောတူတယ်”

မိုဝူကျိက တိကျပြတ်သားစွာ ပြောလိုက်ကာ

“ဒါပေမဲ့… တာအိုရောင်းရင်းချီကို ဒီကျင့်ဝေ့ကို ကူသတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အော်… ပြီးတော့ ကျင့်ဝေ့ဘေးက အဲ့ဒီလူကိုကောပဲ”

ချီခွန်းသည် အစောကြီးကတည်းက မိုဝူကျိ ဤစကားများကို ပြောရန်အတွက် စောင့်နေခြင်း ဖြစ်သည်။ ထို့ကြောင့် မိုဝူကျိ ပြောလာသည်နှင့်တစ်ပြိုင်နက် သူက မတ်တပ်ထရပ်လိုက်ပြီး ကျင့်ဝေ့ဆီသို့ နတ်သဘာဝစွမ်းအင်တစ်ခု ပစ်လွှတ်လိုက်သည်။

“မင်း… မင်းကများ… အကြီးအကဲဟူ ကျွန်တော့်ကို ကယ်ပါဦး…”

ဤတစ်ကြိမ်တွင်ကား ကျင့်ဝေ့မှာ အံ့သြမှင်သက်သွားသည်။ ဤတစ်လျှောက်လုံး သူသည် မိုက်ရူးရဲဆန်သော ဒုတိယမျိုးဆက် အကြီးအကဲတစ်ယောက်၏ အပေါ်ယံပုံစံမျိုး ဖမ်းထားခဲ့သည်။

အကယ်၍ ဤသို့လာပါက သူအသတ်ခံရမည်ဟု သိခဲ့ပါလျှင် သူ လုံး၀ လာမည်မဟုတ်ပေ။

ကိစ္စများ ရုတ်တရက် အရှိန်အဟုန် ပြင်းပြင်းဖြင့် ဖြစ်ပျက်သွားသည်ကို မြင်ကာ ကျင့်ဝေ့နှင့်လိုက်လာသော အကြီးအကဲဟူသည် ကျင့်ဝေ့အား ကယ်ရန် ရှေ့သို့ခုန်တက်ရန် လုပ်လိုက်သည်။ သူ့ကျင့်ကြံဆင့်မှာ ချီခွန်းထက် မြင့်သဖြင့် ကျင့်ဝေ့အား ကယ်ရန်မှာ အရမ်းကြီး မခက်ခဲလှပေ။

သို့သော် သူ့ခန္ဓာကိုယ် လှုပ်လိုက်သည်နှင့် သူ့ပတ်လည်ရှိ အာကာပြင်တစ်ခုလုံးမှာ အေးခဲသွားသယောင် ခံစားလိုက်ရသည်။ ထို့နောက် နောက်တစ်ခဏ၌ ကျင့်ဝေ့၏ အော်သံများ ပဲ့တင်သွားသည်ကို ကြားလိုက်ရသည်။

နောက်ဆုံးတွင်ကား ကျင့်ဝေ့သည် တည်ထောင်သူဘိုးဘေး၏ ဒုတိယမျိုးဆက်အဖြစ် သူ့ရာထူးနေရာကို အခွင့်ရေးယူရင်းဖြင့် သေသွားရလေသည်။ သေကြောင်းမရှာသည့် သူသည် သေမည်မဟုတ်ဟူသော ဆိုရိုးရှိလေသည်။ ယခုမူ ဤဆိုရိုးသည် ကျင့်ဝေ့အတွက် အသက်ဆိုင်ဆုံး ဖြစ်နိုင်ပေ၏။

“ရှီလင်ယု… မင်း ဘယ်လိုလုပ်ရက်တာလဲ…”

သူ့ပတ်လည်ရှိ အာကာပြင်ကို အေးခဲစေသည်မှာ နတ်ဘုရားဘုရင် ရှီလင်ယု ဖြစ်ကြောင်းကို အကြီးအကဲဟူက အဘယ်ကြောင့် မသိဘဲနေမည်နည်း။

သို့သော် သူသည် နောက်ထပ်စကား မဆိုနိုင်တော့ချေ။ ချီခွန်း၏ လက်သည် သူ့နဖူးထိပ်ဆီသို့ ဆက်လက်ရောက်ရှိသွားသောကြောင့် ဖြစ်သည်ု။ ရှီလင်ယု၏ နေရာတွင်ပိတ်ထားခြင်းကို ခံနေရသဖြင့် အကြီးအကဲဟူမှာ ပြန်လည်မတိုက်ခိုက်နိုင်လိုက်ဘဲ ထိုအခိုက် ထိုနေရာတွင် အသတ်ခံလိုက်ရ၏။

မိုဝူကျိတွင် ပြောစရာ မရှိပေ။ အစမှအဆုံးတိုင် အရာအားလုံးမှာ သူကြိုတွက်ချက်များထဲ၌ ရှိနေသည်။ အကြီးအကဲဟူ၏ အင်အားမှာ ချီခွန်းထက် ကောင်းလောက်မည်ဖြစ်ကြောင်း သူ သိသည်။ ချီခွန်း တိုက်ခိုက်လိုက်သည်နှင့် ရှီလင်ယုလည်း လှုပ်ရှားမည်ဟု သူ သေချာသိသည်။ သူ့အထင်တို့မှ လွဲချော်သွားသည့်အရာ လုံးလုံး မရှိပေ။

“အစ်မမိန်… အခု အစ်မရဲ့ အစီအစဉ်တွေက ဘာလဲ”

ကျင့်ဝေ့နှင့် အကြီးအကဲဟူတို့ အသတ်ခံရသည်ကို မြင်ပြီးသည့်နောက်မှ မိုဝူကျိက မေးလိုက်သည်။

မှင်သက်နေသည့်အနေအထားဖြင့် မိန်ချင်းချင်းသည် ကျင့်ဝေ့နှင့် အကြီးအကဲဟူတို့ သူမ မျက်စိအောက်တွင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ ထိုလူနှစ်ယောက်ကို သတ်ရန် ဂိုဏ်းချုပ်အား တောင်းဆိုနိုင်သည့် အရည်အချင်း မိုဝူကျိတွင် ရှိလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးဖူးပေ။

ခဏလောက် ကြာပြီးမှ သူမသည် အသိပြန်ဝင်လာကာ မိုဝူကျိနှင့် ရှီလင်ယု တို့ဘက်သို့ တလေးတစား ဦးညွှတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“ကျွန်မခင်ပွန်းနဲ့ မောင်လေးအတွက် လက်တုံ့ပြန်ပြီးပြီ… ဒါကြောင့် မိုးကောင်းကင်ငယ်ဂိုဏ်းကနေ ထွက်သွားဖို့ ကျွန်မ ပြင်ဆင်တော့မယ်”

တချို့သော ကျေးဇူးတင်စကားတို့မှာ ထုတ်ပြောလိုက်လျှင် လေးနက်မှု မရှိတော့ပေ။ ထို့ကြောင့် သူမက မိုဝူကျိအား အထူးတလည် ကျေးဇူးတင်စကား ဆိုမနေတော့ပေ။

သက်ပြင်းတစ်ချက်ဖြင့် ရှီလင်ယုက တုံ့ပြန်လိုက်သည်။

“ဒီနှစ်တွေထဲမှာ ညီနောင် ယိုကျောကို ကူညီဖို့ မတတ်နိုင်ခဲ့တာ ကျုပ်ပါ။ ရှေ့လျှောက် ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပါ”

မိုဝူကျိကလည်း ဝင်ပြောလိုက်သည်။

“ကျုပ် တာအိုရောင်းရင်းချီနဲ့ နတ်ဘုရားမြေမြင့်များဆီ ထွက်သွားတော့မှာ။ အစ်မမိန်… ဂရုစိုက်ပါ”

ပြောပြီးသည့်နောက် မိုဝူကျိက ရှီလင်ယုဘက် မျက်နှာမူကာ

“ဂိုဏ်းချုပ်ရှီ… ကျုပ်ကို အလေးပေးပြီး ထောက်ပံ့ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ မိန်မျိုးနွယ်အိမ်တော်က အစ်မမိန်ရဲ့ ဘိုးဘွားပိုင်မြေပါ။ အဲ့ဒါကြောင့် အဲ့ဒီမြေကို ကာကွယ်ဖို့အတွက် ကာကွယ်ရေး အစီအရင်တစ်ခု သုံးပေးဖို့ လူတချို့လွတ်ပေးပါလို့ ကျုပ် ဂိုဏ်းချုပ်ကို တောင်းဆိုချင်ပါတယ်။ ဒီမှာ ကျုပ်ဆီမှာ နှင်းစက်စိမ်း ဆန် ကာတီအနည်းငယ်ရှိသေးတယ်။ ခင်ဗျားကို ပေးပါ့မယ်”

မိုဝူကျိ ထုတ်၍ ရှီလင်ယုအား ပေးလိုက်သော အိတ်ထဲတွင် အဆင့်မြင့် နှင်းစက်စိမ်းဆန် ၂၀ ကာတီ ပါလေသည်။ ထို ၂၀ ကာတီ၏ အလယ်တွင် ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် ၂ ကာတီ ပါသော အိတ်ငယ်လေး တစ်အိတ် ရှိလေသည်။

မိုဝူကျိက မိန်မျိုးနွယ်အိမ်တော်ကို မူလအခြေအနေမပျက် ထိန်းသိမ်းရန် ကူညီချင်ကြောင်း ကြားသောအခါ မိန်ချင်းချင်း၏ ရင်ထဲ၌ ကျေးဇူးတင်ခြင်းတို့ဖြင့် ပို၍ပြည့်နှက်လာလေသည်။

သို့သော် မိုဝူကျိက အိမ်တော်ကို ကာကွယ်စောင့်ရှောက်နေသည်မှာ မိန်ချင်းချင်းကြောင့် မဟုတ်ဘဲ သူ့အတွက် ဖြစ်လေသည်။ မိန်မျိုးနွယ်အိမ်တော်အောက်တွင် အလွန်အရေးကြီးသော ကူးပြောင်းရေး အစီအရင်တစ်ခု ရှိသည်။ ထိုသတင်းအား လုံး၀ ပေါက်ကြားခံ၍ မဖြစ်ပေ။

*

All Chapters