← Chapters

ကောင်းကင်ကြယ်တာရာတံဆိပ်၏ လျှို့ဝှက်ချက်

Vol. 13 Ch. 183

ကောင်းကင်ကြယ်တာရာတံဆိပ်၏ လျှို့ဝှက်ချက်

Vol. 13 Ch. 183

ဧကရာဇ်မင်ဝူ၏ ဖိတ်ကြားချက်အရ ဆေးဆရာရွှမ်းယီ၊ လီရှု၊ ယဲ့ချန်၊ ရှောင်ရိနှင့် မြေဝိဇ္ဇာခုနစ်ယောက်မှာ တော်ဝင်မျိုးနွယ်၏ခြံဝန်းတစ်ခုအတွင်း​ ပြောင်းရွှေ့နေထိုင်ကြသည်။ သူတို့က ပစ်မှတ်ကြီးတစ်ခုဖြစ်သော ရွှမ်းအဆောင်ကို စွန့်ခွာခဲ့ကြသည်။ မင်ဝူသည် ဂိုဏ်းကြီးသုံးဂိုဏ်း နောက်တစ်ဖန်ပြန်ရောက်လာလျှင် သူက နှောင့်နေးနေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

အကယ်၍ သူတို့သာ တော်ဝင်မျိုးနွယ်ပိုင်နက်အတွင်း လျှို့ဝှက်နေထိုင်မည်ဆိုပါက ဂိုဏ်းကြီးသုံးဂိုဏ်းအနေဖြင့် ရွှမ်းယီနှင့်ယဲ့ချန်ကို ခြေရာခံရန် အလွန်ခက်ခဲပေလိမ့်မည်။

တော်ဝင်မျိုးနွယ်၏ခြံဝန်းသည် နံရံများစွာဖြင့် ရှုပ်ထွေးသော ဖွဲ့စည်းပုံတစ်ခုရှိသည်။ ၎င်းကို နက်ရှိုင်းစွာဖုံးကွယ်ထားသော်လည်း စမ်းချောင်းများ၊ တံတားများနှင့် သာယာလှပပေသည်။ ရွှမ်းယီ၏ပစ္စည်းများလည်း ဤနေရာသို့ ရောက်ရှိနေကာ ယဲ့ချန်၊ ရှောင်ရိနှင့် အမွေးပွလေးအတွက်လည်း နေထိုင်ရန်အခန်းများ ရရှိခဲ့ကြသည်။

နေ့ဘက်တွင် ယဲ့ချန်သည် ဆေးပညာကို ရွှမ်းယီထံမှသင်ယူသည်။ လျှိုရွှင်း၏အဆိပ်အချို့ကို ရွှမ်းယီအား ပြသကာ ခွဲခြမ်းစိတ်ဖြာပေးရန် အကူအညီတောင်းခဲ့သည်။ သူ၏ဆွေမျိုးများအတွက် အဆိပ်၏ဂုဏ်သတ္တိကို ချေဖျက်နိုင်သော အဆိပ်ဖြေဆေး ထုတ်လုပ်လိုသောကြောင့်ပင်။ ညအချိန်တွင် ယဲ့ချန်က ပိုမိုအဆင့်မြင့်လာစေရန် အခန်းတွင်း၌ ကျင့်ကြံသည်။

ရက်အနည်းငယ်အကြာတွင် ယဲ့ချန်သည် သူ၏ကတိအတိုင်း မင်ဝူနှင့် နက်ခရိုရေကန်သို့ ငါးမျှားထွက်ခဲ့သည်။ သူတို့က ရွှေခရမ်းနတ်ငါးကဲ့သို့ အလွန်အဖိုးတန်သော ငါးများကို မဖမ်းနိုင်ခဲ့ပေ။ သို့သော် ရွှေသံချပ်ငါးနှင့် တန်ဖိုးညီငါးများစွာကို ဖမ်းယူနိုင်ခဲ့သည်။ ထိုငါးများကို ရွှမ်းယီက ဆေးအဖြစ်သန့်စင်ပေးကာ သုံးပုံခွဲ၍ တစ်ပုံစီရကြသောကြောင့် အကျိုးအမြတ်မနည်းပေ။

မျက်တောင်တစ်ခတ်အတွင်း အချိန်နှစ်လ ကုန်ဆုံးသွားကာ ဂိုဏ်းကြီးသုံးခုက ထွက်ပေါ်မလာခဲ့ပေ။

ယဲ့ချန်၏ဆေးပညာက သိသိသာသာတိုးတက်လာသည်။ ရွှမ်းယီ၏အဆိုအရ သူသည် ဆရာသခင်အဆင့် သို့မဟုတ် အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်နေပြီဖြစ်သည်။ အလယ်အင်ပါယာရှိ ဆေးဆရာစာမေးပွဲကို အောင်မြင်သွားပါက ဆေးဆရာသခင်တံဆိပ်ပြားကို ရယူနိုင်ပေမည်။

လီရှုသည် ယဲ့ချန်၏အရည်အချင်းကြောင့် သူ၏ခံစားချက်ကို မည်သို့ဖော်ပြရမည်မှန်း မသိခဲ့ပေ။ သူက ဆေးပညာကို ပိုမိုလေ့လာရန် အခန်းပိတ်ကျင့်စဥ်ဝင်လိုက်၏။ ဆရာတူအစ်ကိုကြီးအနေဖြင့် ညီလေးတစ်ယောက်က အချိန်တိုအတွင်း ကျော်ဖြတ်သွားသည်ကို တွေ့မြင်နေရသည်မှာ စိတ်ဆင်းရဲဖွယ်ပင် ဖြစ်သည်။

ယဲ့ချန်၏ပါရမီက ရှာမှရှားဖြစ်သောကြောင့် ရွှမ်းယီသည် သူ၏သက်တမ်းတွင် ဤတပည့်အပေါ် အလွန်ဂုဏ်ယူနေခဲ့သည်။

ညအချိန်ရောက်နေပြီး ကောင်းကင်က စတင်မည်းမှောင်လာသည်။

ယဲ့ချန်သည် သူ၏အခန်းအတွင်း တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေသည်။ နှစ်လအတွင်း သူက ဝိညာဥ်ပေါင်းစည်းခြင်းဆေးလုံးများစွာ သောက်သုံးခဲ့သည်။ သူ၏ကျင့်ကြံဆင့်က ခုန်ပေါက်တိုးတက်လာခြင်း မရှိသော်လည်း အုတ်မြစ်က ဖြည်းဖြည်းချင်း ခိုင်မာလာနေသည်။ အကယ်၍ သူသာ တစ်လှမ်းချင်းဆက်သွားလျှင် ခဏအတွင်း မြေဝိဇ္ဇာအလယ်အဆင့်ကို ရောက်မည်ဖြစ်သည်။ ထို့အပြင် သူ၏ဝိညာဥ်စစ်သည်တော်ကလည်း အစွမ်းပိုထက်လာသည်။ တိုက်ခိုက်မှုတစ်ခုစီက အလယ်အဆင့်ကောင်းကင်ဝိဇ္ဇာတစ်ယောက်၏ တိုက်ကွက်နှင့် အစွမ်းချင်း တူညီသည်။

ဆိုးသောအချက်မှာ ဝိညာဥ်စစ်သည်တော်၏ တိုက်ပွဲဝင်နိုင်စွမ်းက ကောင်းကင်ဝိဇ္ဇာတစ်ယောက်နှင့် အလွန်ကွာခြားနေခြင်း ဖြစ်သည်။ အကြောင်းအရင်းမှာ ၎င်းက အပြည့်အဝ အကောင်အထည်မပေါ်သေးသဖြင့် ပြင်းထန်သော ရိုက်ခတ်မှုကို မခုခံနိုင်ပေ။ ဝိညာဥ်စစ်သည်တော်က ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်နှင့် တိုက်ကွက်တစ်ခု ဖလှယ်ရာတွင် မရှုံးနိုင်ပေ။ သို့သော် တစ်ကွက်ထက် ပိုပါက ၎င်း၏ခွန်အားကို ထိခိုက်ပြီး ဆက်လက်တိုက်ခိုက်နေလျှင် ရှုံးနိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ယဲ့ချန်သည် ဝိညာဥ်စစ်သည်တော်ကို ရုပ်ဒြပ်ရှိလာစေရန် ကြိုးစားရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် နည်းလမ်းများစွာမရှိသဖြင့် သူက ဝိညာဥ်စုဆောင်းဆေးလုံးနှင့် ဝိညာဥ်ပေါင်းစည်းခြင်းဆေးလုံးများကိုသာ ဆက်တိုက်သောက်နေရသည်။ ၎င်းတို့၏ ဆေးစွမ်းအင်များကြောင့် ဝိညာဥ်စစ်သည်တော် သန်မာလာစေရန် မျှော်လင့်ရုံသာ တတ်နိုင်ခဲ့သည်။

ကောင်းကင်တွင် လရောင်က ငွေရောင်တောက်ပ၍ ယဲ့ချန်၏ အခန်းပြတင်းပေါက်မှတဆင့် ဖြာကျနေခဲ့သည်။ ၎င်းက အိပ်ရာပေါ်မှာလရောင်ဖြာ ဟူသော ဆိုရိုးနှင့်ပင် ကိုက်ညီနေသည်။ ယဲ့ချန်၏မျက်လုံးများ ပွင့်လာကာ ခံစားချက်များ စိတ်နှလုံးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ သူ၏စိတ်ထဲတွင် အဖေ၊ ဘိုးဘိုးကြီးနှင့် လော့အာစသူတို့၏ မျက်နှာများ သတိရနေခဲ့သည်။ သူတို့က ဤကမ္ဘာတွင် သူဂရုစိုက်သော လူများဖြစ်ကြသည်။

ယဲ့ချန်က စွမ်းအားကြီးမားလာစေရန် ကြိုးစားနေရသော အကြောင်းပြချက်သည် ချစ်ရသူများကို ဘဝကောင်းကောင်းတစ်ခုတွင် နေထိုင်နိုင်စေရန် ဖြစ်သည်။

အမွေးပွလေးသည် ယဲ့ချန်၏ဘေးရှိ စောင်တစ်ခုပေါ်တွင် တိတ်တဆိတ်ကျင့်ကြံနေသည်။

ယဲ့ချန်၏အတွေးများ ရှုပ်ထွေးနေသဖြင့် ကျင့်ကြံနိုင်သော စိတ်အခြေအနေ မရှိပေ။ သူက ရင်ဘတ်တွင်ရှိသော လော့အာ၏လက်ဆောင် ဆွဲသီးလေးကို စမ်းလိုက်မိသည်။ အဝေးရှိအလယ်အင်ပါယာမှ ချစ်ရသူကို အမှတ်ရနေသောကြောင့်ပင်။ ထို့နောက် ယဲ့ချန်သည် သူစုံစမ်းရန် ကျန်ရှိနေသော ရတနာများဖြစ်သည့် ပုလဲနက်၊ ကောင်းကင်ကြယ်တာရာတံဆိပ်တော် စသည်တို့ကို လက်မောင်းကာအတွင်းမှ ထုတ်ယူလိုက်သည်။

ယဲ့ချန်၏လက်ထဲတွင် ကောင်းကင်ကြယ်တာရာတံဆိပ် ထွက်ပေါ်လာသောအခါ အခန်းတစ်ခလုံး အဖြူရောင်အလင်းများ တောက်ပသွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

ယဲ့ချန်က အထိတ်တလန့် ရေရွတ်လိုက်မိသည်။ လရောင်အောက်တွင် တံဆိပ်တော်က ကြည်လင်သော အဖြူရောင် ပုလဲတစ်လုံးပမာ မျက်စိကျိန်းစပ်လောက်အောင် တောက်ပနေခဲ့သည်။

"လရောင်က ကောင်းကင်ကြယ်တာရာတံ​ဆိပ်တော်ကို အသက်သွင်းလိုက်တာလား"

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ရတနာကိုစုံစမ်းရန် ကြိုးစားလိုက်သည်။

"ဟမ် တံဆိပ်တော်ထဲမှာ ဘာတွေရှိနေတာလဲ"

ယဲ့ချန်က တစ်ချက်တွေးဆ၍ သူ၏ဝိညာဥ်အသိစိတ်ကို အစွမ်းကုန်ထုတ်လွှတ်လိုက်သည်။

"ကွိ ကွိ"

အမွေးပွလေးသည်လည်း တောက်ပလွန်းသော အဖြူရောင်ကြောင့် ကျင့်ကြံရာမှ နိုးထလာခဲ့သည်။ သူမကလည်း ယဲ့ချန်နှင့်အတူ ဝိညာဥ်အသိစိတ်ကို စုံစမ်းရန် ထုတ်လွှတ်လိုက်သည်။

ယဲ့ချန်နှင့်အမွေးပွလေး၏ ဝိညာဥ်အသိစိတ်များ ထွက်ပေါ်လာသောအခါ ကောင်းကင်ကြယ်တံဆိပ်တော်က ပိုမိုတောက်ပလာခဲ့သည်။ ၎င်းထံမှ ရုန်းသဏ္ဍာန် တံဆိပ်ငယ်များထွက်လာ၍ ယဲ့ချန်တို့ကို လွှမ်းခြုံသွားသည်။ ထို့နောက် ယဲ့ချန်၊ အမွေးပွလေးနှင့် ကောင်းကင်ကြယ်တာရာတံဆိပ်တော်က ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

ယဲ့ချန်သည် သူ၏ခန္ဓာကိုယ်က အလွှာပါးတစ်ခုကိုဖြတ်သန်းပြီး အခြားနေရာတစ်ခုသို့ ရောက်သွားသည်ဟု ခံစားလိုက်ရသည်။

ယဲ့ချန်က မျက်လုံးများ ဖွင့်လိုက်သောအခါ ကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင်၏ သွေးဆာရက်စက်သော ပါးစပ်ကြီးကို ပထမဆုံးမြင်လိုက်ရသည်။ ၎င်းက သူ့ထံသို့ တဟုန်ထိုးပြေးဝင်လာနေသည်။

၎င်းက ဆယ်မီတာကျော် ရှည်လျားသဖြင့် ဧရာမသတ္တဝါကြီးတစ်ကောင်ဖြစ်သည်။ အသွင်အပြင်က ခြင်္သေ့နှင့်တူသော်လည်း တစ်ကိုယ်လုံး အညိုရင့်ရောင် အကြေးခွံများ ဖုံးအုပ်နေသည်။ ခေါင်းတွင်လည်း အလွန်ချွန်ထက်သော ဂျိုတစ်ချောင်းရှိနေကာ ရင်ဘတ်တွင် ကြယ်တာရာများသဏ္ဍာန် အလင်းပြောက်များရှိသည်။ ခြေလက်လေးချောင်းနှင့် အမြှီးတွင်မူ မီးတောက်များ တဟုန်းဟုန်းတောက်လောင်နေသည်။

ယဲ့ချန်သည် ဤသားရဲမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးမကြားဖူးပေ။

"အမွေးပွလေး ပြေးမယ်"

ယဲ့ချန်က ဘေးတွင်ရှိသော အမွေးပွလေးကို ကောက်ချီ၍ ချက်ချင်းထွက်ပြေးလိုက်သည်။ မီတာအနည်းငယ်ပြေးပြီးချိန်တွင် ယဲ့ချန်သည် ရပ်နေသည့်နေရာမှ လုံးဝမရွေ့သွားကြောင်း စိတ်ပျက်ဖွယ်သိလိုက်ရသည်။ အရပ်မျက်နှာတိုင်းတွင် ဟင်းလင်းပြင်ကိုသာတွေ့နေရပြီး ခြေတစ်လှမ်းပင် ရှေ့မရောက်ချေ။ သို့သော် သူ၏အကြည့်က သားရဲကြီးထံ ရောက်သွားသောအခါ ခလွင်ဟူသော သံကြိုးမြည်သံတစ်ခု ထွက်ပေါ်လာသည်။ ဂျိုတစ်ချောင်းသားရဲကြီးသည် ယဲ့ချန်နှင့်ဆယ်မီတာအကွာတွင် ဒေါသတကြီး နှာမှုတ်နေခဲ့သည်။ ၎င်းသည်လည်း ရှေ့ဆက်မတိုးနိုင်သောကြောင့် ကျယ်လောင်စွာ ဟိန်းဟောက်နေရုံသာ တတ်နိုင်လေသည်။

ယဲ့ချန်က စိတ်တည်ငြိမ်သွားပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

ဤနေရာက ဟာလာဟင်းလင်းဖြစ်နေပြီး မီတာရာချီကျယ်ဝန်းသည်။ သူ၏ခြေထောက်အောက်ရှိ ကြမ်းပြင်တွင် အလွန်ထူးခြားသော အမှတ်အသားအမျိုးမျိုးက အစီအရင်တစ်ခုသဖွယ် တည်ရှိနေကြသည်။ အစီအရင်၏အစွန်းတွင် ကြီးမားသော စာလုံးကြီးငါးခုရှိနေပြီး ယဲ့ချန်က ကောင်းကင်၊ ကြယ်နှင့် မှော်ဟူသော စာလုံးများကိုသာ ခန့်မှန်းနိုင်ခဲ့သည်။ ဤအစီအရင်ကို ကောင်းကင်ကြယ်တာရာ လျှို့ဝှက်မှော်အစီအရင် သို့မဟုတ် ကောင်းကင်ကြယ်တာရာ မှော်ချုပ်နှောင်အစီအရင် မည်သို့ခေါ်တွင်သနည်းကို မစဥ်းစားနိုင်ပေ။

အစီအရင်၏အလယ်တွင် အနက်ရောင်သံကြိုးရှည်တစ်ချောင်း တပ်ထားသော တိုင်ကြီးတစ်လုံးရှိသည်။ သံကြိုး၏တစ်ဖက်က တိုင်တွင်ချည်နှောင်ထားကာ ကျန်တစ်ဖက်က သားရဲကြီး၏လည်ပင်းကို တုပ်နှောင်ထားသည်။

ထို့ကြောင့် သားရဲက ယဲ့ချန်တို့ထံ အရောက်မလာနိုင်ခြင်းဖြစ်သည်။ ယဲ့ချန်သည် သားရဲထံမှ ရှေး ဟောင်းစွမ်းအင်များကို ကြမ်းတမ်းစွာ ခံစားနေမိသည်။ သံကြိုးသာမရှိလျှင် ၎င်းက ယဲ့ချန်ကို တစ်ချက်တည်းမျိုချ စားသောက်သွားပေလိမ့်မည်။

အထဲတွင် နေရာလပ်ပါဝင်သော သိုလှောင်အိတ်ကဲ့သို့ ရတနာများက လက်မောင်းကာအတွင်း ထည့်သွင်း၍ မရပေ။ ထို့ကြောင့် ဤတံဆိပ်တော်၏ နေရာလပ်နယ်မြေက အခြားရတနာများနှင့် ကွာခြားပေလိမ့်မည်။ သက်ရှိသတ္တဝါတစ်ကောင်ကို ထည့်ထားနိုင်သော သိုလှောင်ရတနာကို ယဲ့ချန်တစ်သက် မကြားဖူးခဲ့ပေ။

ယဲ့ချန်၏ပခုံးတွင်ရှိသော အမွေးပွလေးက သားရဲကြီးကို ကြောက်လန့်စွာ စိုက်ကြည့်နေခဲ့သည်။

"ဝေါင်း"

ဂျိုတစ်ချောင်းသားရဲက ကမ္ဘာတုန်လောက်သောအသံဖြင့် ဟိန်းဟောက်၍ ကြမ်းပြင်ကို လက်သည်းများဖြင့် ဒေါသတကြီးကုတ်ခြစ်နေသည်။ သူ၏ခြေလက်များမှ မီးတောက်များဖြင့် ပစ်ခတ်ချင်သော်လည်း အနက်ရောင်သံကြိုးကြောင့် မစွမ်းဆောင်နိုင်ခဲ့ပေ။ သားရဲကြီးက ဆက်တိုက်ဟိန်းဟောက်နေသောအခါ အစီအရင်အသက်ဝင်လာပြီး အဖြူရောင်အလင်းတန်းများဖြင့် ပစ်ခတ်ခဲ့သည်။

"ဝေါင်း"

ဂျိုတစ်ချောင်းသားရဲက မကျေနပ်ဟန်ဖြင့် နောက်ဆုတ်သွားခဲ့သည်။ သို့သော် သွေးနီရောင်မျက်လုံးကြီးများက ယဲ့ချန်နှင့်အမွေးပွလေးကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။

ကောင်းကြယ်တာရာတံဆိပ်တော်အတွင်း သားရဲတစ်ကောင်ကို ဖမ်းချုပ်ထားသည်။ ယဲ့ချန်က ၎င်း၏အမည်ကို မသိသော်လည်း အရှိန်အဝါသက်သက်ကပင် အစွမ်းထက်ရှားပါး​ကြောင်း သိနိုင်သည်။ ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ်က ၎င်းကို ယဥ်ပါးစေနိုင်မည်လားဟု သိချင်နေခဲ့သည်။ သို့သော် သားရဲ၏အဆင့်က အလွန်မြင့်နေလျှင် ဝိညာဥ်အသိစိတ်သည်လည်း အသုံးဝင်မည် မဟုတ်ပေ။

"ကွိ ကွီ"

ထိုအချိန်တွင် အမွေးပွလေးက အော်သံအချို့ ပြုလုပ်လာသည်။

"အမွေးပွလေး မင်းပြောချင်တာက ဒီဂျိုတစ်ချောင်းသားရဲက ရှောင်ရိထက် ပိုပြီးအစွမ်းထက်တယ်ပေါ့"

ယဲ့ချန်သည် ဆယ်မီတာကျော် အလျားရှိသည့်သားရဲကို အံ့သြစွာ စိုက်ကြည့်လိုက်မိသည်။ ၎င်း၏ခန္ဓာကိုယ်က ရှောင်ရိ၏မူလကိုယ်လောက် မကြီးမားသော်လည်း အစွမ်းက ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် အချိုးမကျပေ။

ဤဂျိုတစ်ချောင်းသားရဲကို ယဥ်ပါးစေနိုင်ရန် အလွန်ခက်မည်ဖြစ်သည်။ ပိုမိုဆိုးရွားသော ပြဿနာက မည်သို့အပြင်ထွက်ရမည်နည်း။

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် တစ်နေရာလုံးကို အမျိုးမျိုးကြိုးစား ရှာဖွေလိုက်သည်။ သို့သော် နယ်မြေတစ်ခုလုံး ချိတ်ပိတ်ခံထားရကာ ထွက်ပေါက် မရှိချေ။

"အမွေးပွလေး ငါတို့ ဘယ်လိုပြန်ထွက်ကြမလဲ"

ယဲ့ချန်က စိုးရိမ်စွာမေးလိုက်သည်။ သူတို့က ဤနေရာတွင် ဖမ်းချုပ်ခံထားရသော သားရဲနှင့်တူညီသည့် ကံကြမ္မာမျိုးကို လက်မခံနိုင်ပေ။

ယဲ့ချန်က အတွေးနက်နေစဥ် အမွေးပွလေးက တစ်ချက်ခုန်၍ သူ၏လက်ချောင်းကို ကိုက်ဖောက်လိုက်သည်။ ယဲ့ချန်က နာကျင်မှုကို ခံစားလိုက်ရစဥ် သွေးတစ်စက်က ကြမ်းပြင်ပေါ်သို့ ကျရောက် ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် အနီရောင်အလင်းများက ကြီးကျယ်ခမ်းနားစွာထွက်ပေါ်လာ၍ တိမ်များကဲ့သို့ အုံ့ဆိုင်းလာသည်။ ယဲ့ချန်က ကောင်းကင်ကြယ်တာရာတံဆိပ်တော်နှင့် ဆက်သွယ်လိုက်မိသဖြင့် မင်သက်သွားခဲ့သည်။ ဤနေရာရှိအစီအရင်က သူ၏သွေးကြောများသဖွယ် ခံစားနေရသောကြောင့် ဖြစ်သည်။

ပတ်ဝန်းကျင်ပြောင်းလဲမှုများကို သတိထားမိသောအခါ ဂျိုတစ်ချောင်းသားရဲက ခြိမ်းခြောက်လိုဟန်ဖြင့် ဆက်တိုက်ဟိန်းဟောက်နေခဲ့သည်။

အချိန်တစ်ခုအကြာတွင် ယဲ့ချန်၏ ဘယ်လက်ဖဝါးတွင် ခရမ်းရောင်တံဆိပ်တစ်ခု ဖြစ်တည်လာသည်။ စက်ဝိုင်း၏အလယ်တွင် မီးများတောက်လောင်နေသော ဤတံ​ဆိပ်က ဆေးမင်ကြောင်သဖွယ် ထင်ဟပ်လာ၏။

"နိမ့်ကျတဲ့လူသား မင်း ငါ့ကိုအညံ့ခံအောင် မစွမ်းဆောင်နိုင်ဘူး။ ကောင်းကင်ကြယ်တာရာတံ​ဆိပ်တော်က ငါ့ကို နောက်ထပ်နှစ်၂၀ သာ ဖမ်းဆီးထားနိုင်တော့မယ်။ ငါလွတ်လာရင် မင်းကို သေချာပေါက်စားပစ်မယ်"

မိုးချုန်းသံနှင့်တူညီသော စကားသံတစ်ခုက ယဲ့ချန်၏နားအတွင်း ဝင်ရောက်လာသည်။

"အား"

ယဲ့ချန်မှာ နာကျင်လွန်းသဖြင့် နားနှစ်ဖက်ကို လက်ဖြင့်အုပ်လိုက်မိသည်။ ဤအသံက အလွန်ကျယ်လောင်လွန်းသဖြင့် နားစည်များ ကွဲထွက်မတတ် ခံစားနေရသည်။ ထို့အပြင် သူ၏ဦးနှောက်ကို အပ်အစင်းပေါင်းများစွာက ထိုးစိုက်နေသကဲ့သို့ပင် ဖြစ်လေသည်။

All Chapters