သေမျိုးတို့၏မြေ
Vol. 69 Ch. 963
မိန်ချင်းချင်းကို လိုက်ပို့ပြီးသည့်နောက် မိုဝူကျိသည် နတ်ဘုရားမြေနိမ့်ဆီမှ ထွက်ခွာပြီး မိုးကောင်းကင်နတ်ဘုရားဂိုဏ်းရှိရာ နတ်ဘုရားမြေမြင့်ဆီသို့ ဦးတည်သွားရန် ချီခွန်းနှင့်ယွီလောတို့နောက် တွေဝေတုန့်ဆိုင်းခြင်းမရှိဘဲ လိုက်သွားလေသည်။
နတ်ဘုရားကုန်းမြေ၏ နတ်ဘုရားမြေနိမ့်များဆီသို့ သူ ရောက်လာသည့်အချိန်မှစ၍ မိုးကောင်းကင်ငယ်ဂိုဏ်းမှ တစ်ခါမှ ထွက်မသွားဖူးချေ။ ထို့ကြောင့် ဤနေရာအတွက် သူ့မှာ အနှောင်အဖွဲ့ များများစားစား မရှိချေ။ တာ့ဟွမ်က သူ့ထာဝရကမ္ဘာငယ်ထဲတွင် နေနေကာ ရွိုက်ကောသာ သူ့ဘေးမှ လိုက်ပါလာသည်။
ချီခွန်း၏ အပြောအရ နတ်ဘုရားမြေမြင့်နှင့် နတ်ဘုရားမြေနိမ့်တို့ကြားတွင် ကူးပြောင်းအစီအရင် ရှိလေသည်။ တစ်ခုပဲ ရှိသည်မှာ ဤအစီအရင်ကို သာမန်အခြေအနေတွင် အသုံးပြု၍ မရခြင်းပင် ဖြစ်သည်။ အဓိက အရေးကြီးသည့် အခြေအနေမှသာ ဖွင့်သုံးနိုင်လေသည်။ သို့ဖြစ်၍ သူတို့သည် ပျံသန်းလိုက်၊ ကူးပြောင်းအစီအရင်တစ်ခု ထုတ်ယူလိုက်၊ တစ်ခါ ထပ်ပျံသန်းလိုက်၊ ထို့နောက် နောက်ထပ်ကူးပြောင်းအစီအရင် ထုတ်ယူလိုက်၊ ဤသို့ဖြင့် ထိုလုပ်ရပ်များကိုသာ ထပ်တလဲလဲ လုပ်နိုင်လေသည်။
ကံကောင်းစွာပင် ယွီလော သယ်ဆောင်လာသည့် ပျံသန်းရတနာမှာ အလွန်အစွမ်းထက်လေသည်။ အဆင့်နိမ့် နတ်ဘုရားတန်ဆာကို ပုံသွင်းပြုလုပ်နိုင်သော ပန်းပဲဆရာတစ်ယောက်အနေနှင့် ယွီလော၏ယာဉ်ပျံမှာ အဆင့်မြင့် နတ်ဘုရားတန်ဆာဖြစ်ကြောင်း မိုဝူကျိက သေချာသည်။
နတ်ဘုရားနယ်မြေနှင့် နတ်ဘုရားကုန်းမြေထဲတွင် မိုဝူကျိ နေခဲ့သည့်အချိန်အတွင်း အဆင့်မြင့် နတ်ဘုရားတန်ဆာ အများကြီးကို မတွေ့ဖူးသေးချေ။ ဤသည်မှာ သူနှင့် ပတ်သက်ဆက်ဆံခဲ့ရသော လူများ၏ အဆင့်အတန်းမှာ အလွန်နိမ့်နေသောကြောင့်လည်း ဖြစ်နိုင်လေ၏။ သူ့အဆင့်နိမ့် ကျင့်ကြံဆင့်ဖြင့် သူက များစွာသော အဆင့်မြင့်ပညာရှင်များနှင့် မပတ်သက်နိုင်သည်မှာ ပုံမှန်ပင် ဖြစ်၏။
ချီခွန်းသည် အလွန် စကားများသည်။ မိုဝူကျိသည် စကားပြောရသည်ကို သိပ်စိတ်မဝင်စားပေ။ သူက ယာဉ်ပျံ၏အခန်းထဲသို့ ကျင့်ကြံရန်သာ သွားချင်လေသည်။ သို့သော်လည်း ချီခွန်းက စကားပြော အလွန်ကောင်းသဖြင့် မိုဝူကျိသည် သူပြောပြသည်များကို တကယ် သဘောတကျ စိတ်ဝင်စားစွာ နားထောင်နေမိသည်။
“ဆေးလုံးဆရာမို… တကယ်တော့ မိုးကောင်းကင် နတ်ဘုရားဂိုဏ်းက နတ်ဘုရားမြေမြင့်မှာ အကြီးဆုံးဂိုဏ်းလို့ မသတ်မှတ်နိုင်ပေမဲ့ ထိပ်တန်းဂိုဏ်းတွေထဲက တစ်ခုလို့တော့ သေချာပေါက် ပြောလို့ရတယ်။ တကယ်လို့ ခင်ဗျားသာ မိုးကောင်းကင် နတ်ဘုရားဂိုဏ်းမှာ အကြီးအကဲလုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် မဆိုးဘူးလို့ ပြောလို့ရတယ်”
ချီခွန်းသည် မိုဝူကျိအား သူ့မိုးကောင်းကင် နတ်ဘုရားဂိုဏ်းထဲ ဖိတ်ခေါ်မည့်အကြံကို လက်မလျော့သေးပေ။
မိုဝူကျိ၏ နှလုံးမှာ တဒိန်းဒိန်းခုန်သွားသည်။ သူက အသာမေးလိုက်သည်။
“တာအိုရောင်းရင်းချီ… မိုးကောင်းကင်နတ်ဘုရားဂိုဏ်းထဲမှာ အားအကောင်းဆုံး ကျင့်ကြံဆင့်က နတ်ဘုရားဘုရင်အဆင့်ရဲ့အထက်မှာ ရှိလား”
ချီခွန်းက ကျယ်လောင်စွာ ဟက်ဟက်ပက်ပက် အော်ရယ်လိုက်ကာ
“ဆေးလုံးဆရာမို… ခင်ဗျား ဆေးလုံးဖော်တာနဲ့ နှင်းစက်စိမ်း ဆန်စိုက်တာကိုပဲ စိတ်ဝင်စားနေလို့ မဖြစ်ဘူးလေ။ ကျင့်ကြံခြင်း လမ်းစဉ်ကိုလည်း သိရှိနားလည်ဖို့ လိုတယ်ဗျ”
မိုဝူကျိမှာ အနည်းငယ် ရှက်မိ၏။ ချီခွန်း၏ ဆိုလိုရင်းကို သူ နားလည်သည်။ ကျင့်ကြံခြင်းအကြောင်း သိပ်ဂရုမစိုက်သောသူ သို့မဟုတ် သိပ်မသိသောသူမှသာ ဂိုဏ်းတစ်ဂိုဏ်းရှိ အားအကောင်းဆုံးလူ၏ ကျင့်ကြံဆင့်ကို မေးပေလိမ့်မည်။
ချီခွန်းက မိုဝူကျိအား တမင်သက်သက် အရှက်ခွဲခြင်း မဟုတ်ပေ။ တစ်ချက် အသာရယ်လိုက်ပြီးနောက် သူက တည်ကြည်သွားကာ ပြောလိုက်သည်။
“ဆေးလုံးဆရာမို… နတ်ဘုရားကုန်းမြေမှာ နတ်ဘုရားဘုရင်အဆင့်ကို ကျော်လွန်နိုင်တဲ့သူတွေ ရှိတဲ့နေရာက တစ်နေရာပဲ ရှိတယ်”
“နတ်ဘုရားဘုရင်အဆင့်ကို ကျော်လွန်နိုင်တဲ့သူတွေ တကယ်ရှိတယ်ပေါ့”
မိုဝူကျိက အလွန်အံ့အားသင့်သွားကာ တအံ့တသြ ရေရွတ်လိုက်သည်။ သူက အမှန်တကယ်ပင် အံ့သြသွားသည်။
ချီခွန်းက ခေါင်းငြိမ့်ကာ
“အဲ့ဒါ အမှန် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျား နတ်ဘုရားဘုရင်အဆင့်ကို ရောက်ပြီဆိုမှ တာအိုလမ်းစဉ်က ဘယ်လောက်ကျယ်ပြောပြီး ဘယ်လောက်တောင် ခက်ခဲသလဲဆိုတာ ခင်ဗျား ပိုသိလာလိမ့်မယ်။ ပိုမြင့်တဲ့ အဆင့်ကို ရောက်ဖို့ရာ ပိုပိုပြီး ခက်ခဲလာလိမ့်မယ်။ ဒါကြောင့် နတ်ဘုရားကုန်းမြေတစ်ခုလုံးမှာ နတ်ဘုရားဘုရင်အဆင့်ကို ကျော်နိုင်တဲ့ အဆင့်မြင့် ကျင့်ကြံသူက အနည်းငယ်ပဲရှိတယ်။ အဲ့လို လူတွေရှိခဲ့ရင်တောင် သူတို့တွေအားလုံးဟာ ဒဏ္ဍာရီပုံပြင်နဲ့ ရိုးရာယုံတမ်းစကားတွေထဲမှာပဲ ရှိကြတယ်”
“အဲ့ဒါ ဘယ်လိုနေရာလဲ”
မိုဝူကျိက စိတ်အားထက်သန်စွာ မေးလိုက်သည်။
သူက နတ်ဘုရားနယ်မြေမှ လာခဲ့သည်ဖြစ်ကာ ထိုနယ်မြေတွင် နတ်ဘုရားဘုရင်အဆင့်ကို ကျော်လွန်သော တည်ရှိမှုမျိုး မရှိကြောင်း အလွန်ရှင်းရှင်းလင်းလင်း သိထားသည်။ ပြောရမည်ဆိုလျှင် နတ်ဘုရားနယ်မြေထဲတွင် နတ်ဘုရားဘုရင်အများကြီးပင် မရှိပေ။
ချီခွန်းက ဝိုင်ပုလင်းပြား တစ်ဘူးကို ထုတ်လိုက်ပြီး မိုဝူကျိအား တစ်ခွက် ငှဲ့ပေးလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
“ ဆေးလုံးဆရာမို… ခင်ဗျား မပြောရင်တောင်မှ ကျွန်တော်က ခင်ဗျားကို အဲ့နေရာအကြောင်း ပြောပြမှာပါ။ အဲ့ဒီနေရာကို နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်လို့ ခေါ်တယ်…”
“နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်တဲ့လား”
မိုဝူကျိက ရေရွတ်လိုက်သည်။ သူက မအံ့သြဘဲ မနေနိုင်ပေ။ နတ်ဘုရားကုန်းမြေကဲ့သို့ ထိပ်သီးနယ်ပယ်တစ်ခုတွင် ထိုကဲ့သို့သော ပညာရပ်ကျောင်းတော်တစ်ခု ရှိနေလေသည်လား။ တစ်ချိန်တည်းမှာပင် ဤသည်က သူ့အား ကျင့်ကြံခြင်းလောကတုန်းက ကောင်းကင်ဖွေရှာ ကျောင်းတော်ကို အမှတ်ရစေမိသည်။
ချီခွန်းက ခေါင်းငြိမ့်ကာ
“ဟုတ်တယ်… နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်။ ကျွန်တော် ခင်ဗျားကို ဒီအကြောင်း ပြောပြရတဲ့ အကြောင်းရင်းက နတ်ဘုရားကုန်းမြေတစ်ခုလုံးမှာ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ဆိုတဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ ရှိလို့ပဲ”
“အဲ့ဒါ ဘာကိုဆိုလိုတာလဲ”
မိုဝူကျိမှာ ပို၍ပို၍ နားမလည်ကာ မရှင်းမလင်း ဖြစ်လာသည်။
ချီခွန်းက ရှင်းပြလိုက်သည်။
“နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က တကယ်တန်းတော့ နတ်ဘုရားကုန်းမြေထဲက အကြီးမြတ်ဆုံး အားအကောင်းဆုံး အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ စုဝေးရာကြီး တစ်ခုပဲ။ နတ်ဘုရားကုန်းမြေထဲက ဂိုဏ်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်က နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ကနေ အခြေတည် စတင်ခဲ့ကြတာ။ ပိုရှင်းအောင် ပြောရမယ်ဆိုရင် မိုးကောင်းကင်ငယ်ဂိုဏ်းက ကျွန်တော်တို့မိုးကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းလို့ အမြဲပြောကြတာလဲ ခင်ဗျားသိလား”
မိုဝူကျိက ခေါင်းငြိမ့်ပြလိုက်ကာ
“အဲ့ဒါ ကျုပ်သိတယ်။ မိုးကောင်းကင်ငယ်ဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးက မိုးကောင်းကင်နတ်ဘုရားဂိုဏ်းက လာခဲ့တာလို့ ကြားထားတယ်”
ချီခွန်းက ခေါင်းငြိမ့်ကာ
“ဟုတ်တယ်ဗျ။ ဒီမှာလည်း အဲ့အတိုင်း တူတူပဲ။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်မှာ အဆင့်မြင့် ကျင့်ကြံသူတွေအများကြီးက သူတို့ကိုယ်ပိုင်အင်အားတွေ ဖွဲ့စည်း တည်ဆောက်လာကြတယ်။ သူတို့က ကျင့်ကြံခြင်းမှာ နောက်ထပ် ဘယ်လိုမှ ရှေ့ဆက်လို့မရတော့မှန်း သိသွားကြတဲ့အခါ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ကနေ ထွက်ပြီး သူတို့ ကိုယ်ပိုင်ဂိုဏ်းတွေ တည်ထောင်ကြတယ်။ ဥပမာပြောရရင် ကျွန်တော့် မိုးကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ကနေ လာခဲ့တာပေါ့ဗျာ။
ဒီနေ့အထိ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲမှာ မိုးကောင်းကင်တောင် ရှိနေသေးတုန်းပဲ။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲမှာ ရှိနေတုန်းအတောအတွင်း မိုးကောင်းကင်တောင်မှာ နေခဲ့တဲ့ ကျင့်ကြံသူတွေက ကျောင်းတော်က ထွက်လာတဲ့အခါကျ ကျွန်တော်တို့ မိုးကောင်းကင်နတ်ဘုရားဂိုဏ်းကို ဝင်ဖို့ ရွေးချယ်ကြတယ်”
မိုဝူကျိက အခြေအနေကို နားလည်သွားသည်။
“တာအိုရောင်းရင်းချီ… ခင်ဗျား ပြောနေတာတွေ ကျုပ်နားလည်သွားပြီ။ တစ်နည်းဆိုရရင် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က နတ်ဘုရားကုန်းမြေတစ်ခုလုံးရဲ့ အဓိကပဲ။ သူ့အင်အားက နတ်ဘုရားကုန်းမြေတစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် နည်းနည်းလေးပဲ အားနည်းတယ်”
ချီခွန်းက တုံ့ပြန်လိုက်သည်။
“ခင်ဗျားပြောတဲ့ ပထမအပိုင်းက မှန်တယ်… နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်က နတ်ဘုရားကုန်းမြေတစ်ခုလုံးရဲ့ အချုပ်အချာဆိုတာ အမှန်ပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့ ဒုတိယအပိုင်းက မှားတယ်ဗျ။ တကယ်လို့ နတ်ဘုရားကုန်းမြေထဲက ဂိုဏ်းအားလုံးပေါင်းလိုက်မယ်ဆိုရင်တောင် သူတို့က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ လက်တစ်ချောင်းကိုတောင် မယှဉ်နိုင်သေးဘူးဗျ။ နတ်ဘုရားကုန်းမြေတစ်ခုလုံးမှာ ထိပ်သီးပညာရှင်အားလုံးနီးပါးက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ ဖုံးကွယ်ပြီး နေနေကြတာ။ နတ်ဘုရားဘုရင်အဆင့်ကို ကျော်လွန်ဖို့ရာက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲမှာပဲ လုပ်နိုင်တယ်”
ဒါဆို ဒီဂိုဏ်းကို ဘယ်လိုအုပ်ချုပ်သလဲ”
မိုဝူကျိက တစ်ခါထပ်၍ မရှင်းတော့ပြန်ပေ။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်တစ်ခုလုံးကို ကြည့်ရှုအုပ်ချုပ်သည့်လူမှာ မည်မျှတောင် အားကောင်းလေသနည်း။
ချီခွန်းက ခေါင်းခါလိုက်ပြီး
“နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်က ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ဘူး။ သူ့ကို ပညာရှင်တို့ရဲ့ မူလဘူတလို့ သတ်မှတ်ရမှာပဲ။ အုပ်ချုပ်တဲ့ အပိုင်းကိုတော့ ကျွန်တော်လည်း နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲမှာ ဘယ်သူမှ ယုတ်ယုတ်မာမာ မပြုမူရဲသလို ကျောင်းတော်ရဲ့ စည်းကမ်းတွေကိုလည်း မချိုးဖောက်ရဲကြဘူးလို့ပဲ သိထားတာ။ မဟုတ်ရင် သူတို့တွေ ၂ နာရီထက် ပိုပြီး အသက်ရှင်နိုင်မှာတောင် မဟုတ်ဘူး။ တကယ်တော့ ခင်ဗျားက နှင်းစက်စိမ်း ဆန်စိုက်ရတာ သဘောကျတယ် ပြောထားတော့ ကျွန်တော်က ခင်ဗျားကို နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲက အဖွဲ့အစည်းတစ်ခုဆီ မိတ်ဆက်ပေးချင်တာ။ ဒီအဖွဲ့အစည်းကို သေမျိုးနယ်မြေလို့ ခေါ်တယ်…”
“သေမျိုးနယ်မြေ တဲ့လား”
မိုဝူကျိက အံ့သြစွာ အသံထွက်သွားသည်။
ချီခွန်းက ခေါင်းငြိမ့်လိုက်ကာ
“ဟုတ်တယ်… သေမျိုးနယ်မြေ။ ပြောကြတာတော့ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲက သေမျိုးနယ်မြေကို တည်ထောင်တဲ့ တည်ထောင်သူဘိုးဘေးက စိုက်ပျိုးရေးဧကရာဇ်လို့ ခေါ်တဲ့ ပညာရှင်တစ်ယောက်တဲ့။ သူက အင်မတန် အရည်အသွေးညံ့တဲ့ ဝိညာဉ်ကြောတွေ ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်တဲ့။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်က နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲမှာ သမိုင်းကြောင်းကို ပြန်ရေးနိုင်လုနီးနီး ဖြစ်ခဲ့တယ်…”
“ဘာကိုဆိုလိုတာလဲ”
မိုဝူကျိက တော်တော်လေး သိချင်နေမိသည်။ သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်ကြံသည်။ ယခု ဤ“သေမျိုးနယ်မြေ”အကြောင်းကို သိလာရသောအခါ သူက အားတက်သရော ပို၍သိချင်မိတော့လေသည်။
ချီခွန်းက ရှင်းပြလိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့ ဒီစိုက်ပျိုးရေးဧကရာဇ်က နတ်ဘုရားဘုရင်အဆင့် ရောက်အောင် ကျင့်ကြံဖို့ သူ့ရဲ့ နိမ့်ကျတဲ့ ပါရမီကို အသုံးပြုနိုင်ခဲ့လို့ပဲ။ သူက ညံ့ဖျင်းတဲ့ ဝိညာဉ်ကြောတွေရှိတဲ့ ကျင့်ကြံသူတွေအတွက် သူ့ကိုယ်ပိုင်ကျင့်ကြံရေး ကျင့်စဉ်ကိုတောင် တီထွင်ခဲ့သေးတယ်။ အဲ့ဒါကို အင်မော်တယ် မော်တယ် ကျင့်စဉ်လို့ ခေါ်တယ်”
အင်မော်တယ် မော်တယ်ကျင့်စဉ်…
မိုဝူကျိ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုတို့ အပြည့် ဖြစ်နေသည်။ သူလည်း အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်ကြံသည်။ သူ့လက်ရှိ ကျင့်စဉ်မှာ နဂို အင်မော်တယ် မော်တယ် ကျင့်စဉ်နဲ့ မသက်ဆိုင်တော့သော်လည်း သေမျိုးများအတွက် ကျင့်ကြံခြင်း လမ်းစဉ်ကို တီထွင်ရန် သူက အင်မော်တယ် မော်တယ် ကျင့်စဉ်အပေါ် မူတည်ခဲ့သည့် အချက်ကိုကား မပြောင်းလဲနိုင်ပေ။
ထျန်းဂျီဂိုဏ်းမှ သူရရှိခဲ့သော အင်မော်တယ် မော်တယ်ကျင့်စဉ်မှာ သူ့ထာဝရကမ္ဘာငယ်ထဲတွင် ရှိသေးသည်။
အင်မော်တယ် မော်တယ်ကျင့်စဉ်အား ဖန်တီးခဲ့သော ပညာရှင်မှာ နတ်ဘုရားလောကမှ ဖြစ်နေကာ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ကနေပင် လာခဲ့သူ ဖြစ်နေမည်ဟု သူ မတွေးမိခဲ့ပေ။
ဤအခိုက်အတန့်၌ မိုဝူကျိသည် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သို့ ရုတ်တရက် သွားချင်သွားကာ ထို“သေမျိုးနယ်မြေ”ကို သွားကြည့်ချင်မိသည်။ ထိုစိုက်ပျိုးရေးဧကရာဇ်က တခြား မည်သည့်အရာများ ချန်ထားခဲ့မည်ကို မြင်ချင်မိသည်။
ချီခွန်းက ဆက်ပြောလိုက်သည်။
“တကယ်တော့ ပြောစကားတွေအရဆိုရင် စိုက်ပျိုးရေးဧကရာဇ်ကို အဲ့လိုမခေါ်ကြဘူးတဲ့… သူ့ကို ကျုံးတိ (လယ်သမား) လို့ ခေါ်ကြတယ်တဲ့။ သူ့ကို သေမျိုးကမ္ဘာ တစ်ခုမှာ မွေးဖွားခဲ့တယ်တဲ့။ သူ့မိဘတွေက သူ့ကို သူတို့ရဲ့ လယ်ယာတွေကို ကောင်းကောင်း စိုက်ပျိုးထွန်ယက်စေချင်ခဲ့လို့ သူ့ကို ကျုံးတိဆိုတဲ့ နာမည်ရိုးရိုးလေးကိုပဲ ပေးခဲ့တာတဲ့။
(မှတ်ချက် - လယ်သမားနှင့် စိုက်ပျိုးရေးဧကရာဇ်၏ အသံထွက်မှာ “ကျုံးတိ” ချင်း တူသည်။ ကျုံး အသံထွက်မှာ လယ်ယာ သို့မဟုတ် စိုက်ပျိုးရေးဟု အဓိပ္ပာယ်ရသည်။ ပထမ “တိ”အသံထွက် မှာ မြေ ဖြစ်ကာ ဒုတိယ “တိ”အသံထွက်မှာ ဧကရာဇ်ဟု အဓိပ္ပာယ်ရသည် )
ပြောကြတာကတော့ စိုက်ပျိုးရေးဧကရာဇ်က နှင်းစက်စိမ်းဆန်ကို ရှာတွေ့တဲ့သူတဲ့။ သူက ထိပ်သီးအဆင့် နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးနိုင်ခဲ့တယ်။ ပြီးတော့ သူက နှင်းစက်စိမ်းဆန်ကို သူ့ဝိညာဉ်ကြောနဲ့ ဝိညာဉ်လမ်းကြောင်းတွေကို သန့်စင်ဖို့ သုံးခဲ့တယ်တဲ့။ သူ့ဝိညာဉ်ကြောတွေနဲ့ ဝိညာဉ်လမ်းကြောင်းတွေက နှိုင်းမရအောင် ညံ့ဖျင်းနေတာတောင်မှ သူက သူ့ကြိုးစားမှုနဲ့ နတ်ဘုရားလောကထဲ ဝင်ရောက်နိုင်ခဲ့တယ်။ အဲ့ဒါတင် မကဘူး… သူက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲ ဝင်နိုင်ခဲ့ပြီး သေမျိုးနယ်မြေကိုတောင် တည်ထောင်နိုင်ခဲ့သေးတယ်တဲ့”
ဤနား ရောက်သည့်အခါ ချီခွန်းက သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး
“ကံမကောင်းစွာပဲ စိုက်ပျိုးရေးဧကရာဇ်မှာ တစ်ခုခုဖြစ်ပျက်သွားပြီးတဲ့နောက်မှာ သေမျိုးနယ်မြေက စတင်ကျဆင်းလာတယ်။ ပြောကြတာတော့ သေမျိုးနယ်မြေမှာ တပည့် မရှိတော့ဘူးဆိုပဲ။ တကယ်လို့ ရှိခဲ့ရင်တောင် သူတို့တွေဟာ အသင့်အတင့်ကောင်းတဲ့ ဝိညာဉ်ကြောတွေ ရှိကြတဲ့လူတွေပဲ။ သေမျိုးတစ်ယောက်ရဲ့ ဖြစ်တည်မှုနဲ့ လုံးလုံး မဆက်စပ်တော့ဘူး။ သေမျိုးနယ်မြေက နတ်ဘုရားမြေမြင့်ထဲမှာ ဂိုဏ်းမတည်ထောင်ထားတဲ့ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ရဲ့ တစ်ခုတည်းသော အဖွဲ့အစည်းလည်း ဖြစ်တယ်”
“တာအိုရောင်းရင်ချီ... ကျုပ်မေးချင်တာက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ထဲ ဘယ်လိုဝင်ရသလဲဆိုတာပါ”
“နတ်ဘုရားကုန်းမြေတစ်ခုလုံးမှာ ဝင်ဖို့အခက်ဆုံးနေရာက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ပဲ။ ဒါပေမဲ့ ခင်ဗျားမှာ အခွင့်အရေးတစ်ခု ရှိသေးတယ်။ ဘာလို့လဲဆိုတော့ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်က ပညာရပ်အာလုံး ခြုံငုံပါဝင်နေလို့ပဲ။ အဲ့ဒီထဲမှာ နှင်းစက်စိမ်း ဆန်စိုက်တဲ့နေရာမှာ ထူးချွန်တဲ့ ပညာရှင်တွေလည်း နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ကို ဝင်နိုင်လို့ပဲ”
“နှင်းစက်စိမ်းဆန်စိုက်တာ အပြင်ကော”
မိုဝူကျိက ဆက်မေးလိုက်သည်။ သူ့ရည်ရွယ်ချက်အရ သူ နှင်းစက်စိမ်း ဆန်စိုက်ပျိုးနိုင်ကြောင်းအား မဖော်ပြချင်ပေ။ အကယ်၍ သူသာ ဤနည်းဖြင့် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲ ဝင်လိုက်ပါက ထိုသတင်းမှာ လူတွေကြား သေချာပေါက် ပျံ့နှံ့သွားပေလိမ့်မည်။
အကယ်၍ သူက စိုက်ပျိုးရေးဧကရာဇ်အကြောင်း မသိခဲ့ပါက ဤကိစ္စအား ဂရုစိုက်နေမည် မဟုတ်ချေ။ ယခုမူ နတ်ဘုရားဘုရင်အဆင့်ထိ တက်လှမ်းနိုင်ခဲ့သော စိုက်ပျိုးရေးဧကရာဇ်သည် နှင်းစက်စိမ်းဆန်နှင့် ဆက်စပ်နေသည်ကို သူ သိလေရာ သူ ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်သည့်အချက်အား အဘယ်ကြောင့် သူ လွယ်လွယ်လေး ထုတ်ဖော်နိုင်မည်နည်း။
အကယ်၍ နှင်းစက်စိမ်းဆန် ကောင်းကောင်း စိုက်ပျိုးရန် ဖိအားမရှိဘဲ ထိုထဲတွင်သာ စိတ်နှစ်မြှုပ်ရန် လိုအပ်သည့်အချက်ကြောင့်သာ မဟုတ်ပါက ချီခွန်းသည် သူ့ကို အတင်းအကျပ် ဖမ်းဆီးသွားလောက်ပြီဟုပင် သူက သံသယဝင်မိသည်။
ချီခွန်းက ခေါင်းခါလိုက်ပြီး
“အဲ့လိုက အရမ်းခက်ခဲတယ်။ တစ်ခုတည်းသော နည်းလမ်းက ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ပြီးတော့ အဲ့ဂိုဏ်းထဲမှာ အရေးပါတဲ့သူ တစ်ယောက်ဖြစ်လာဖို့ပဲ။ ပြီးရင်တော့ ခင်ဗျား နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ရဲ့ တပည့်ရွေးချယ်ပွဲထဲကို ပါဝင်ယှဉ်ပြိုင်ဖို့ လိုလိမ့်မယ်”
မိုဝူကျိက မေးလိုက်သည်။
“တာအိုရောင်းရင်ချီ… ကျုပ် မိုးကောင်းကင် နတ်ဘုရားဂိုဏ်းဆီ ရောက်ရင် ဘာလုပ်ရမှာလဲ”
ချီခွန်းက ပြောလိုက်သည်။
“တကယ်တော့ ကျွန်တော့်ရဲ့ ဆေးလုံးဆရာမိုကို ဖိတ်ကြားမှုက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်နဲ့ ဆက်စပ်နေတယ်ဗျ။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲမှာ ထိပ်တန်းအဆင့် တော်ဝင်နယ်မြေ တစ်ခုရှိတယ်။ အဲ့ဒါကို နတ်ဘုရားဘုရင် နိဗ္ဗာန်မြစ် လို့ခေါ်တယ်။ ကံမကောင်းစွာနဲ့ပဲ ဒီနတ်ဘုရားဘုရင် နိဗ္ဗာန်မြစ်ထဲ ဝင်ဖို့ ဝင်ခွင့်တွေက ကန့်သတ်ချက် ရှိတယ်။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်က ဆုံးဖြတ်မှုတွေ လုပ်လိမ့်မယ်။ ပြီးတော့ နှင်းစက်စိမ်း ဆန် စိုက်ပျိုးခြင်းက အဓိက ဆုံးဖြတ်မှုတွေထဲက တစ်ခုပဲ”
မိုဝူကျိက နားလည် သဘောပေါက်သွားလေသည်။
“တာအိုရောင်းရင်ချီ… ခင်ဗျား ဆိုလိုတာက ကျုပ်ကို မိုးကောင်းကင် နတ်ဘုရားဂိုဏ်းကို ကိုယ်စားပြုပြီး ဒီစိုက်ပျိုးခြင်းဆုံးဖြတ်မှုမှာ ပါဝင်ခိုင်းမယ်ပေါ့။ ပြီးရင် နတ်ဘုရားဘုရင် နိဗ္ဗာန် မြစ်အတွက် နေရာလွတ်တစ်ခု ရယူပေးရမယ်… အဲ့လိုလား”
ချီခွန်းက ခေါင်းငြိမ့်လိုက်ကာ ဘာမှမဖုံးကွယ်ချေ။
“မှန်ပါတယ်… ကျွန်တော့် မိုးကောင်းကင် နတ်ဘုရားဂိုဏ်းရဲ့ တစ်ခုတည်းသော အားနည်းချက်က နှင်းစက်စိမ်း ဆန်စိုက်ရာမှာ တော်တဲ့ ပညာရှင် ကျွန်တော်တို့ဆီမှာ မရှိတာပါပဲ။ အဲ့ဒါထက်ကို နတ်ဘုရားဘုရင်တွေကပဲ နတ်ဘုရားဘုရင် နိဗ္ဗာန်မြစ်ထဲက အသိဉာဏ်ပွင့်မှုကို ရရှိတာတဲ့သူတွေ မဟုတ်ပါဘူး။ တကယ်လို့ လောကနတ်ဘုရားတွေ ဝင်သွားမယ်ဆိုရင် သူတို့မှာ နတ်ဘုရားဘုရင်အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ပိုများသွားမယ်။
ဆေးလုံးဆရာမို… တကယ်လို့ ခင်ဗျားသာ ကူညီပေးနိုင်ခဲ့မယ်ဆိုရင် ခင်ဗျားအနေနဲ့ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲ ဝင်ဖို့က မဖြစ်နိုင်ဘူးရယ်တော့ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ပါရမီက နည်းနည်းညံ့နေပေမယ့် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ သေမျိုးနယ်မြေထဲမှာ ခင်ဗျား ရှေ့တက်လှမ်းနိုင်ဖို့ နည်းလမ်းတချို့ကို ရှာတွေ့ရင် ရှာတွေ့သွားနိုင်မှာပါ။
ပြီးတော့ တစ်လှမ်းလောက် နောက်ဆုတ်ပြီး စဉ်းစားမယ်ဆိုရင်လည်း တကယ်လို့ ခင်ဗျား တက်လှမ်းဖို့ နည်းလမ်းကို ရှာမတွေ့နိုင်ရင်တောင်မှ သေမျိုးနယ်မြေက နှင်းစက်စိမ်းဆန် စိုက်ဖို့ အငြိမ်သက်ဆုံးနဲ့ အလုံခြုံဆုံးနေရာပဲလေ ”
***