နောင်တတရား
Vol. 70 Ch. 964
“ တာအိုရောင်းရင်း ချီ … ကျုပ် ဒီတာဝန်ကို လက်ခံပါတယ်။ ဒါနဲ့ စစ်ဆေးမှုအတွက် ဘယ်အချိန် သွားရမလဲ ” မိုဝူကျိက မေးမြန်းဖို့ရာ တွန့်ဆုတ်မနေပေ။
အမြင်တစ်ခုအရ ကြည့်လျှင် စိုက်ပျိုးရေး ဧကရာဇ်သည် သူ့ဆရာဟုပင် ယူဆလို့ ရနေလေ၏။ အင်မော်တယ် မော်တယ်ကျင့်စဉ် မရှိဘဲ သူက ချီသွေးကြော ကျင့်နည်းကို ထုတ်ဖော်နိုင်ဦးမည် ဖြစ်သော်လည်း မိုဝူကျိက အင်မော်တယ် မော်တယ်ကျင့်စဉ်သာ မပါရှိလျှင် သူ့အနေနှင့် ချီသွေးကြော ကျင့်နည်းကို ရှာတွေ့သည့်အချိန် အသက်ကြီးပြီး အိုမင်းနေလောက်ပြီမှန်း သေချာသိထား၏။
ထို့ကြောင့် စိုက်ပျိုးရေး ဧကရာဇ်သည် လူပုဂ္ဂိုလ်အားဖြင့် သူ့ဆရာ မဟုတ်သော်လည်း ဆရာအဓိပ္ပါယ်တော့ ရှိနေသေး၏။
ယခု သူက နတ်ဘုရားကုန်းမြေအထိ ရောက်ရှိလာပြီး အင်မော်တယ် မော်တယ်ကျင့်စဉ်၏ ဖန်တီးသူဘိုးဘေးကိုလည်း သိခဲ့ရပြီ ဖြစ်၍ တစ်ချက်လောက် သွားကြည့်ချင်မိသည်။ အကယ်၍ သူက စိုက်ပျိုးရေး ဧကရာဇ်၏ သေမျိုးနယ်မြေကို သွားရောက်ကြည့်လိုလျှင် သူ့အနေနှင့် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကို ဝင်ရောက်ရမည် ဖြစ်သည်။ ချီခွန်း စကားအရ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်သို့ ဝင်ရောက်ဖို့ရာ အင်မတန် ခက်ခဲလှပေသည်။ နှင်းစက်စိမ်းဆန် စိုက်ပျိုးခြင်းသည် မိုဝူကျိ၏ အလွယ်ကူဆုံး ရွေးချယ်မှု ဖြစ်၏။
မိုဝူကျိ၏ တုံ့ပြန်မှုကို ကြားကာ ချီခွန်းက စိတ်အားတက်ကြွစွာဖြင့် “ ဆေးလုံးဆရာမို … အတည်မပြုရသေးပေမဲ့ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ရဲ့ လေ့ကျင့်မှုတွေပြီးရင် နောက်စစ်ဆေးမှုက သိပ်မကြာခင် စတော့မှာပဲ။ ကျုပ်တို့တွေ နတ်ဘုရားမြေမြင့်ဆီ ရောက်တဲ့အခါ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ရဲ့ စစ်ဆေးမှုက စနေလောက်ပြီ။ တကယ်လို့ မစသေးရင် ဆေးလုံးဆရာမိုက နှင်းစက်စိမ်းဆန်ကို စိုက်ပျိုးရတာ ကြိုက်တာဆိုတော့ ကျုပ် မိုးကောင်းကင်ဂိုဏ်းမှာ မြေကောင်း နေရာကောင်း ပေးနိုင်ပါတယ် ”
မိုဝူကျိက ရယ်မောကာ “ တာအိုရောင်းရင်းချီ …. ကျုပ် ခင်ဗျားဂိုဏ်းရဲ့ အပြင်ဘက်မှာ ဆေးဆိုင်လေး ဖွင့်ရင်ရော ဘယ်လိုလဲ။ စစ်ဆေးမှု စလာတဲ့အခါကျ ကျုပ်က မိုးကောင်းကင်ဂိုဏ်းကို ကိုယ်စားပြု ဝင်ပြိုင်ပေးပါ့မယ် ”
မိုဝူကျိက မိုးကောင်းကင်ဂိုဏ်းကို ဝင်လိုသည့် ရည်ရွယ်ချက် မရှိသလို ဆန် ဆက်လက် စိုက်ပျိုးဖို့လည်း စိတ်မပါပေ။ တကယ်တော့ သူက နှင်းစက်စိမ်းဆန်ကို ဆက်လက် စိုက်ပျိုးဖို့ရာ ထိပ်တန်းအဆင့် နတ်သွေးကြောနှင့် မြေနေရောကောင်းကောင်း ရထားလျှင် စိတ်ထဲ မထားပေ။ ဆန်စိုက်ပျိုးခြင်းက သူ့ ကျင့်စဉ်ကို ကူညီပေးရုံသာမက စိတ်အခြေအနေကိုလည်း တိုးတက်လာစေနိုင်သည်။
သို့သော် နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်၏ စစ်ဆေးမှုက ဘယ်အချိန် စလာမည်ကို မည်သူက သိမည်နည်း။ အကယ်၍ သူ့နှင်းစက်စိမ်းဆန် မရင့်မှည့်ခင် စတင်လာလျှင် သူ့အနေနှင့် အရွယ်မရောက်ခင် ရိတ်သိမ်းရမည် ဖြစ်၏။
သူ လုပ်လိုက်သည် ဖြစ်စေ မလုပ်လိုက်သည် ဖြစ်စေ သူ့အတွက် အကူအညီ မဖြစ်ပေ။ ထို့ကြောင့် သူ့အနေနှင့် ဆန် မစိုက်ခြင်းက ပိုကောင်းကြောင်း ဆုံးဖြတ်လိုက်တော့သည်။
ထို့အပြင် မိုဝူကျိ၏ အင်မော်တယ် မော်တယ်ကျင့်စဉ်အပေါ် နားလည်နိုင်စွမ်းက ပို၍ နက်နဲလာသည်။ သူက လူသားတာအိုကို ကျင့်ကြံပြီး သူက သာမာန်လူသားများကြား သာမာန်ကျန်ရှိနေသရွေ့ သူ့စိတ်နှလုံးသား အခြေအနေမှာ သက်ရောက်ခြင်း ခံရမည် မဟုတ်ပေ။ ထိုနိယာမသည် သူက ဆေးဆိုင်ဖွင့်ဖွင့် သို့မဟုတ် ဆန်စိုက်ပျိုးပျိုး အတူတူသာ ဖြစ်၏။
ဤသည်မှာ ပထမအကြောင်းအရင်း ဖြစ်ပြီး ဒုတိယအကြောင်းအရင်းမှာ မိုဝူကျိက ကျင့်ကြံရေး အရင်းအမြစ်များစွာ လိုအပ်နေကြောင်း ရှင်းရှင်းလင်းလင်း သိထားသည်။ ယခင် သူ့ကျင့်ကြံဆင့် မတိုးတက်လာသည့် အကြောင်းအရင်းမှာ သူ့လူသားစိတ်အခြေအနေ၌ ပြဿနာ ရှိနေ၍ ဖြစ်သလို နတ်ဝိညာဉ်စွမ်းအားများလည်း လစ်ဟာနေ၍ ဖြစ်သည်။
ယခင် မိုးကောင်းကင်ငယ်ဂိုဏ်းတွင် ရှိစဉ်အခါ သူက အဆင့်မြင့် နတ်သွေးကြောအပေါ်တွင် ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်ကို ခင်းကျင်းလိုက်သေး၏။ ထို့နောက် သူက ထိပ်တန်းအဆင့် နတ်သွေးကြောပေါ်တွင် ကျင့်ကြံပေသည်။ ထိပ်တန်းအဆင့် နတ်သွေးကြောပေါ်တွင် ကျင့်ကြံပြီးနောက် သူက ကျင့်ကြံရေး အရင်းအမြစ်သည် မည်မျှ အရေးကြီးကြောင်း အသေအချာ သိလာတော့သည်။ ဆေးဆိုင်ဖွင့်လိုက်ခြင်းဖြင့် သူ့ ဆေးလုံး အဆင့်အတန်းကို တိုးတက်ဖို့ ကူညီပေးနိုင်ရုံသာမက သူ့အား ကျင့်ကြံရေး အရင်းအမြစ်များစွာလည်း ရလာစေနိုင်သည်။
မိုးကောင်းကင်ငယ်ဂိုဏ်းတွင် ရှိနေသော လပိုင်းလေးအတွင်း သူက အဆင့်မြင့်ကျောက်များစွာကို စုဆောင်းနိုင်ခဲ့ပြီး သတ္တုအမျိုးမျိုးနှင့် နတ်ဆေးပင်တချို့ကိုလည်း စုဆောင်းနိုင်ခဲ့သည်။
“ အဲဆို ကျုပ်တို့တွေ မိုးကောင်းကင်မြို့ကို သွားကြတာပေါ့။ အဲဒါက မိုးကောင်းကင်ဂိုဏ်းရဲ့ အပြင်ဘက်မှာ ရှိတာလေ ” ချီခွန်းက မိုဝူကျိအား အထင်ကြီးမိ၏။ သူက မိုဝူကျိ၏ တောင်းဆိုချက် အမျိုးမျိုးအား ဖြည့်ဆည်းပေးနိုင်အောင် အကောင်းဆုံး ကြိုးစားပေးမည် ဖြစ်သည်။
“ ကျေးဇူးပါ တာအိုရောင်းရင်းချီ … ကျုပ်က မိုးကောင်းကင်ဂိုဏ်းအတွက် စစ်ဆေးမှုမှာ ကိုယ်စားပြုပေးဖို့ မျှော်လင့်မိရုံလေးပါ။ အဲဒါကြောင့် ကျုပ်က မိုးကောင်းကင်မြို့ထဲမှာ ဆေးဆိုင် ဖွင့်လိုက်မယ်။ ကျုပ် သွင်ပြင်ကိုပါ ပြောင်းလဲထားလိုက်မယ် ” မိုဝူကျိက ထရပ်ကာ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
မိုးကောင်းကင်မြို့၌ မိုဝူကျိက ကျင့်ကြံရေး အရင်းအမြစ်များကို အသည်းအသန် စုဆောင်းဖို့ရာ ရည်ရွယ်ထား၏။ သူ့ဆေးလုံးတာအိုက အဆင့် ၅ နတ်ဆေးလုံးဘုရင်အဆင့် ရောက်တော့မည် ဖြစ်၏။ အကယ်၍ သူက ကျင့်ကြံရေး အရင်းအမြစ်များကို မစုဆောင်းထားလျှင် သူ့အနေနှင့် လေ့ကျင့်ဖို့ အဆင့် ၅ ဆေးပင်များကို ရရှိနိုင်မည် မဟုတ်ချေ။
နတ်ဘုရားနယ်မြေနှင့် နတ်ဘုရားကုန်းမြေတို့ကို နိဗာနတိတ်ဆိတ်မှု ပင်လယ် ခြားနားထားသောကြောင့် နတ်ဘုရားဘုရင်အတွက်ပင် ပေါ်လာဖို့ရာ ခက်ခဲလှပေသည်။ အဆင့် ၅ ဆေးပင်များသည် အတော်လေး ရှားပါးလှ၏။ ထိုသည်မှာ မိုးမြေစည်းမျည်းများနှင့် သက်ဆိုင်နေပေ၏။ အဆင့် ၆ ဆေးပင်များမူ ဆေးတစ်ပင်ချင်းစီက ထိပ်တန်းအဆင့် ရတနာ ဖြစ်၏။
အကယ်၍ သူက ကျင့်ကြံရေး အရင်းအမြစ်များစွာ ရရှိထားလျှင် တစ်ခြားတစ်ယောက်ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သလို တခြားသူများ၏ အားကျမှုကို ခံရနိုင်လေ၏။ ထို့ကြောင့် မိုဝူကျိ၏ ရည်ရွယ်ချက်မှာ မိုးကောင်းကင်ဂိုဏ်း၏ အကာအကွယ်အောက်တွင် နေထိုင်ရင်း စီးပွားရှာပြီး ထွက်သွားဖို့ရာ ဖြစ်သည်။ နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်၌ ကျင့်ကြံရေး အရင်းအမြစ်များစွာ ရရှိနိုင်သည့် အခွင့်အရေးများ ရှိခြင်း၊ မရှိခြင်းကား နောက်ကိစ္စ ဖြစ်၏။
“ ဟားဟား … ကျုပ် ဆေးလုံးဆရာမိုကိုပဲ အားကိုးလိုက်ပါ့မယ် ” ချီခွန်းက ရယ်မောကာ ပြောလိုက်၏။ သူက မိုဝူကျိ စိုးရိမ်နေသည်မှာ သူ့ အဆင့် ၄ ဆေးလုံးဆရာ အဆင့်အတန်းကြောင့် ဖြစ်မှန်း မှန်းဆမိလိုက်သည်။ လက်တွေ့၌ မိုဝူကျိအတွက် ဤသို့ စိုးရိမ်ကြောင့်ကြနေစရာ မလိုအပ်ပေ။ မိုးကောင်းကင်မြို့၌ တခြားသော အဆင့် ၄ နတ်ဆေးလုံးဆရာများလည်း ရှိနေကြသေးသည်။
သို့သော်လည်း သူက ဤသို့စကားမျိုး ထုတ်ပြောမည် မဟုတ်ပေ။ မိုဝူကျိ၏ တောင်းဆိုချက်ကို သဘောတူလိုက်ခြင်းမှာ မိုဝူကျိအား မျက်နှာသာပေးလိုက်သလို ဖြစ်၏။
“ တာအိုရောင်းရင်းချီ …. ဒါက နှင်းစက်စိမ်းဆန် ကျန်တာလေးတွေပါ။ တာအိုရောင်းရင်းချီကို ပေးပါ့မယ် ” မိုဝူကျိက နှင်းစက်စိမ်းဆန် ဆယ်ကာတီကိုသာ ထုတ်ပေးလိုက်သည်။
ချီခွန်းက မိုဝူကျိ ပေးလိုက်သည့် အိတ်ကို စိုးရိမ်တကြီး ဖွင့်ကြည့်လိုက်သည်။ ရွှေရောင်သင်္ကေတများ ပြည့်နေသည့် နှင်းစက်စိမ်းဆန်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သော်လည်း သူက အတော်လေး စိတ်လှုပ်ရှားမိနေသေးကာ “ ဒါက ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန်တွေပဲ …. ပစ္စည်းကောင်းလေးတွေ။ ဆေးလုံးဆရာမို ပြိုင်ပွဲအတွင်း ဒီလိုဆန်မျိုးသာ စိုက်ပျိုးနိုင်ရင် သေချာပေါက် ရှုံးနိမ့်မှာ မဟုတ်ဘူး ”
“ တာအိုရောင်းရင်းချီ စိတ်ချနေပါ။ ကျုပ် ယုံကြည်ချက် ရှိပါတယ် ” ထိုသို့ပြောပြီးနောက် မိုဝူကျိက နောက်တစ်အိတ် ထုတ်လိုက်ပြီး သင်္ဘောပျံအတွင်းဘက် မျက်နှာမူကာ “ ဒါက နှင်းစက်စိမ်းဆန် ဆယ်ကာတီပါ။ ဒါကို တာအိုရောင်းရင်း ယွီကို ပေးပါ့မယ် ”
ခပ်ရှရှ ကြည်ကြည်လင်လင် အသံလေး ထွက်ပေါ်လာကာ “ ဆေးလုံးဆရာမိုကို ကျေးဇူးတင်ပါတယ် ”
ထို့နောက် ယွီလော၏ ပိန်ပါးပါး ခန္ဓာကိုယ်လေးက ပင်မကုန်းပတ်ဆီ ရောက်ရှိလာပြီး မိုဝူကျိ၏ အိတ်လေးကို လက်ခံလိုက်သည်။
ချီခွန်းက ယွီလောအား အံ့ဩတကြီး ကြည့်လိုက်သည်။ သူက ယွီလောသည် မည်သူဆီကမှ လက်ဆောင် လက်ခံလေ့ မရှိကြောင်း သိထားသည်။ အကယ်၍ အံ့ဩဖို့ကောင်းသည့် အရာမျိုး ဖြစ်နေလျှင်ပင် လက်ခံလေ့ မရှိပေ။ သူ့အနေနှင့် ယွီလောသည် မိုဝူကျိဆီမှ နှင်းစက်စိမ်းဆန် ဆယ်ကာတီကို လက်ခံလိုက်သည့် အကြောင်းအရင်းအား နားမလည်ပေ။
အဆင့်မြင့် နှင်းစက်စိမ်းဆန်သည် အလွန်အဖိုးတန်သည်မှာ အမှန်ဖြစ်သော်လည်း ယွီလော၏ အဆင့်အတန်းဖြင့် သူမက ကိုယ့်ဘာသာ ရရှိနိုင်ပေသည်။ ထို့အပြင် ယွီလောက သူမ ဘဝတွင် အဆင့်မြင့် နှင်းစက်စိမ်းဆန်ပေါင်းများစွာ စားသုံးထားခဲ့ဖူးသူ ဖြစ်၏။ ဤဆယ်ကာတီက မည်သို့ ယှဉ်နိုင်မည်နည်း။
မိုဝူကျိက ထိုကိစ္စများကို လုံးဝ မသိထားပေ။ သူက ယွီလောနှင့် ချီခွန်းတို့ လက်ဆောင် လက်ခံလိုက်သည့်အခါ သူ့စိတ်ခံစားချက်မှာ မဆိုးပေ။
စကားပုံတောင် ရှိသေးသည် မဟုတ်ပါလော။ လက်ဆောင်တံစိုးများက အသိပညာကို အမှောင်ဖုံးလွှမ်းသွားစေ၏။ သူတို့နှစ်ယောက်က အဆင့်အတန်းမြင့်ကြသူများ ဖြစ်ကြသည်။ သူတို့က လက်ဆောင်များ လက်ခံထားသောကြောင့် မိုဝူကျိ မိုးကောင်းကင်မြို့တွင် ရှိစဉ်အတွင်း သေချာပေါက် ကူညီပေးကြမည် ဖြစ်၏။
………….…
နတ်ဘုရားမြေနိမ့်၊ မိုးကောင်းကင်ငယ်ဂိုဏ်း
မည်သူကမှ မိုဝူကျိ ထွက်သွားမှုအပေါ် ဂရုမစိုက်ကြပေ။ ထို့အစား အားလုံးက ဂိုဏ်းချုပ် ရှီလင်းယု၏ ဆုံးဖြတ်ချက် အပြုအမူကိုသာ အာရုံစိုက်နေကြသည်။
မိုဝူကျိ ထွက်သွားပြီးနောက် ရှီလင်းယုက လူ ၃၂ ယောက်အား တစ်ခါတည်း သတ်ပစ်ခဲ့သည်။ ထိုသူများကြားတွင် လောကနတ်ဘုရား လေးယောက်၊ နတ်ဘုရား အုပ်စိုးသူ ၇ ယောက်နှင့် ကောင်းကင်နတ်ဘုရား ၂၁ ယောက်တို့ ပါဝင်၏။ သူတို့အားလုံးက များစွာ တိုက်ခိုက်ခဲ့ကြသောကြောင့် မတရားသဖြင့် အသတ်ခံရခြင်းတော့ မဟုတ်ပေ။
သို့သော်လည်း သူတို့က အဆင့်အတန်းမြင့်သူများ ဖြစ်ကြပြီး ကျင့်ဝေနှင့် ပတ်သတ်နေကြသူများသာ ဖြစ်ကြသည်။ ထိုစဉ် မိုးကောင်းကင်ငယ်ဂိုဏ်း၏ တောင်သခင်များနှင့် အကြီးအကဲများကလည်း အံ့ဩတုန်လှုပ်ကုန်ကြသည်။ ဂိုဏ်းချုပ်က ကျင့်ဝေ၏ အပြုအမူများကို လျစ်လျူရှုထားခြင်း မဟုတ်ကြောင်း သိသွားကြသည်။ သူက ဘာမှမလုပ်ရုံမျှသာ ဖြစ်ခဲ့၏။ ယခု ကျင့်ဝေက အသတ်ခံလိုက်ရပြီ ဖြစ်ရာ ဂိုဏ်းချုပ်က တစ်ခါတည်း အားလုံးကို အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်ခြင်းသာ ဖြစ်ပေသည်။
သာမာန်အခြေအနေအောက်၌ တစ်ယောက်တည်း လူအများကြီးကို သတ်ဖြတ်ခြင်းက ဖရိုဖရဲ အခြေအနေ ဖြစ်သွားစေလိမ့်မည်။ သို့သော်လည်း မိုးကောင်းကင်ငယ်ဂိုဏ်းအတွက်တော့ ထိုသို့ မဟုတ်ခဲ့ဘဲ ပို၍ စည်းလုံးကာ အခြေတည်သွားစေ၏။
ထိုသို့လုပ်ဆောင်ပြီးနောက် ရှီလင်းယုက စိတ်မပျော်နေပေ။ ထိုစဉ် သူက သူ့အိမ်ဆီ ပြန်လာလိုက်ပြီး စကားတစ်လုံးမှ မပြောဘဲ တိတ်တဆိတ်သာ ထိုင်နေလိုက်တော့သည်။
သူ့အမြင်၌ ကျင့်ဝေ၏ အပြုအမူများက လူပြက်တစ်ယောက်လို ဖြစ်နေသည်။ သူက ဘာမှမလုပ်သည့် အကြောင်းအရင်းမှာ ကျင့်ဝေအပေါ် ထားရှိသည့် လေးစားမှုကြောင့် ဖြစ်သလို သဘောထားကွဲလွဲသူများကို တစ်ခါတည်း ဖြေရှင်းလို၍ ဖြစ်သည်။
သူ့အား စိတ်ဓာတ်အကျစေဆုံးသောအရာမှာ မိုဝူကျိ ထွက်ခွာသွားခြင်း ဖြစ်၏။ အကယ်၍ သူက မိုဝူကျိသာ နတ်ဆေးလုံးဘုရင် တပိုင်း ဖြစ်နေမှန်း သိထားလျှင် သူက မိုဝူကျိအား ထွက်သွားဖို့ ခွင့်ပေးလိုက်မည် မဟုတ်ချေ။
အစပိုင်းတွင် ရှီလင်းယုက အိပ်မက်ကြီးကြီး ထားရှိခဲ့သည်။ သူ့အိပ်မက်မှာ မိုးကောင်းကင်ငယ်ဂိုဏ်းအား မိုးကောင်းကင်ဂိုဏ်း၏ လက်အောက်ခံ မဖြစ်စေဘဲ သူ့မျှော်လင့်ချက်မှာ မိုးကောင်းကင်ဂိုဏ်းမှ ခွဲထွက်ပြီး နတ်ဘုရားကုန်းမြေ၌ အစစ်အမှန် ဂိုဏ်းအဖြစ် ဆက်ဆံခံရစေဖို့ ဖြစ်၏။
သို့သော် ယခုတွင် မိုးကောင်းကင်ငယ်ဂိုဏ်း၌ နတ်ဘုရားဘုရင် သူ တစ်ယောက်သာ ကျန်ရှိတော့သည်။ သူတို့အင်အားမှာ အားနည်းလွန်းလှသည်။ သူတို့က နတ်ဘုရားမြေမြင့်သို့ သွားလျှင်ပင် သူတို့အနေနှင့် မိုးကောင်းကင်ဂိုဏ်းကို မှီခိုရဦးမည် ဖြစ်သည်။
အကယ်၍ ရှီလင်းယု၏ အတွေးကို သိခဲ့လျှင် ရှီလင်းယုသည် မိုဝူကျိ ထွက်သွားမှုအပေါ် အဘယ်ကြောင့် နောင်တရနေကြောင်း နားလည်ဖို့ ခက်ခဲမည် မဟုတ်ချေ။
သူက ဂိုဏ်းအတွက် ဆေးလုံးဘုရင် တစ်ပိုင်းတစ်ယောက်၏ တန်ဖိုးကို ကောင်းကောင်း သိထားသည်။
ထို့အပြင် မိုဝူကျိ၏ ဆိုးရွားလှသော ကျင့်ကြံရေး ပါရမီဖြင့် ထိန်းချုပ်နိုင်ပေလိမ့်မည်။ ဤသို့သောလူက ရှာတွေ့ဖို့ရာ ရှားပါးလှ၏။ သို့သော် ယခုတွင် သူ့နှာဖျားလေးမှ လွတ်မြောက်သွားလေ၏။
ထို့ကြောင့် သူက ထိုလူအားလုံးကို သတ်ပစ်လိုက်ခြင်းလည်း ဖြစ်ပေသည်။ ဤကိစ္စ၌ တာဝန်ရှိသူမှာ ကျင့်ဝေနှင့် ရင်းနှီးသည့် လောကနတ်ဘုရား တစ်ယောက် ဖြစ်နေ၍ ဖြစ်သည်။ မိုဝူကျိ ထွက်သွားသည့် သတင်းမှာ ထိုလောကနတ်ဘုရားဆီ ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။ ထိုဖြစ်စဉ်အရ ထိုအကြီးအကဲသည် ချက်ချင်း သူ့အား သတင်းပို့သင့်ပေသည်။
ထိုအကြီးအကဲက သူ့ဆီ သတင်းမပို့ရုံတင် မက ကျင့်ဝေဆီကို အကြောင်းကြားပေးခဲ့၏။ ထို့ကြောင့် မိုဝူကျိက ကျင့်ဝေကို များများစားစား ဂရုမစိုက်သော်လည် ကျင့်ဝေက ဒေါသကို ချိုးနှိမ်ကာ မိုဝူကျိနှင့် ရင်းနှီးစေဖို့ရာ ကြိုးစားခဲ့သည်။ ကျင့်ဝေက နတ်ဆေးလုံးဘုရင် တစ်ပိုင်း တစ်ယောက်၏ အကျိုးကျေးဇူးကို သေချာသိထားပေသည်။
ရှီလင်းယုက ခေါင်းကိုသာ ခါလိုက်သည်။ အားလုံးအတွက် ကောင်းကွက်၊ ဆိုးကွက် ဒွန်တွဲနေသည် မဟုတ်ပါလော။ သူက ထိုအဖျက်ကောင်များကို တိုက်ခိုက်စဉ်အခါ ထိုအဖျက်ကောင်များသည် ဂိုဏ်းအပေါ် မည်သို့ သက်ရောက်နိုင်ကြောင်းကိုပါ ထည့်တွက်ခဲ့သည်။
အချိန်အတော်ကြာ ထိုင်နေပြီးနောက် ရှီလင်းယုက သက်ပြင်းချလိုက်တော့သည်။ ထို့နောက် မိုဝူကျိ ပေးခဲ့သည့် နှင်းစက်စိမ်းဆန် အိတ်ကိုသာ ထုတ်ယူလိုက်သည်။
မိုဝူကျိအား သဘောကျသည့်တစ်ချက် ရှိပေသည်။ မိုဝူကျိ ထွက်မသွားခင် သူက လက်ဆောင် ချန်ထားပေးဖို့ရာ မေ့မနေပေ။
ထိုနှင်းစက်စိမ်းဆန် အိတ်လေးက စုစုပေါင်း နှစ်ဆယ်ကာတီ အလေးချိန် ရှိ၏။ ဖွင့်ပြီးသည့်နောက်တွင် ရွှေရောင် နှင်းစက်စိမ်းဆန်များက သူ့ရှေ့ ပေါ်လာသည်။ ဆန်ရနံ့ သင်းသင်းလေးက သူ့စိတ်နှလုံးသားကို ကြည်နူးသွားစေ၏။
နှင်းစက်စိမ်းဆန်ကို လက်တစ်ဆုပ်ယူလိုက်ပြီးနောက် ရှီလင်းယု၏ စိတ်အခြေအနေမှာ သိသိသာသာ တိုးတက်လာသည်။
ရုတ်ချည်းဆိုသလို အနက်ရောင်အိတ်လေးကို တွေ့လိုက်ရသည်။ ရှီလင်းယုက အိတ်လေးကို ဆွဲ၍ ဖွင့်ကြည့်လိုက်သည့်အခါ ထိုအိတ်လေးအတွင်း နှင်းစက်စိမ်းဆန်များနှင့်သာ ပြည့်နေသည်။ သို့သော်လည်း ဆန်မှာ ရွှေရောင်သင်္ကေတမျှသာ မဟုတ်တော့ဘဲ ရွှေရောင်အပြည့် ဖြစ်နေ၏။ ရနံ့လေးမှာလည်း ပို၍ ထင်ရှားလာကာ သက်တောင့်သက်သာ ဖြစ်လာစေသည်။ ရှီလင်းယုပင် အံ့ဩတကြီး ပါးစပ်ဟောင်းလောင်း ဖြစ်မိသွားတော့သည်။
သူက နတ်ဘုရားဘုရင် ဖြစ်နေသော်လည်း ဤသို့သန့်စင်လှသည့် နှင်းစက်စိမ်းဆန်ကို မမြင်ဖူးပေ။
တစ်ချိန်တည်းဆိုသလို နတ်ဘုရားဘုရင်အနေနှင့် သူ့လက်တွင် ရှိနေသောအရာကို ရှင်းရှင်းလင်းလင်း သိလိုက်သည်။ ဤသည်မှာ အဆင့်မြင့် နှင်းစက်စိမ်းဆန် မဟုတ်ဘဲ ထိပ်တန်းအဆင့် ဖြစ်နေ၏။
ဤအိတ်လေးမှာ နှစ်ကာတီ ပါရှိ၏။
ရှီလင်းယုက မတ်တတ်ထရပ်လိုက်သည်။ သူ့ဦးခေါင်းခွံ တစ်ခုလုံး ထုံထိုင်းသွားသလို ခံစားလိုက်မိ၏။ အကယ်၍ သူက မိုဝူကျိသာ ထိပ်တန်းအဆင့် နှင်းစက်စိမ်းဆန် စိုက်ပျိုးနိုင်ကြောင်း သိထားလျှင် မိုးကောင်းကင်ဂိုဏ်းကိုပင် အတိုက်အခံပြုပြီး မိုဝူကျိအား လက်လွတ်ပေးမည် မဟုတ်ပေ။