← Chapters

အကြွင်းမဲ့ ကုထုံး ဆေးခန်း

Vol. 70 Ch. 965

အကြွင်းမဲ့ ကုထုံး ဆေးခန်း

Vol. 70 Ch. 965

ခရီးက အခက်အခဲမရှိ ချောချောမွေ့မွေ့ ရွက်လွှင့်လာသည်။ လေးလတာကြာမြင့်ပြီးနောက် ယွီလော၊  ချီခွန်းတို့နှင့်အတူ ရုပ်ဖျက်ထားသည့် မျက်နှာဝါ မိုဝူကျိတို့က မိုးကောင်းကင်မြို့သို့ ရောက်ရှိလာကြသည်။

မိုးကောင်းကင်မြို့က မိုးကောင်းကင်ဂိုဏ်းကို အစွဲပြု၍ အမည်တွင်လာခြင်း ဖြစ်၏။ နတ်ဘုရားမြေနိမ့်ရှိ ဂိုဏ်းများနှင့် ယှဉ်ကြည့်သည့်အခါ မိုးကောင်းကင်ဂိုဏ်းသည် အလွန်ကြီးမားသော တည်ရှိမှုမျိုး ဖြစ်နေသည်။ သို့သော်လည်း နတ်ဘုရားကုန်းမြေ၏ နတ်ဘုရားမြေမြင့်အတွင်း မိုးကောင်းကင်ဂိုဏ်းသည် သာမာန်ဂိုဏ်းမျှသာ ဖြစ်နေပြီး ထိပ်ဆုံးနှင့် ဝေးကွာလွန်းနေသေး၏။

ခမ်းနားအကြီးကျယ်ဆုံးဂိုဏ်း မဟုတ်သော်လည်း မိုးကောင်းကင်ဂိုဏ်း တည်ရှိမှုသည် မိုးကောင်းကင်မြို့အား ထိပ်တန်းအဆင့် နတ်ဘုရား မြို့ ဖြစ်သွားစေသည်။

မိုးကောင်းကင်ဂိုဏ်းရှိ တပည့်များ သန်းချီရှိနေသည့် အကြောင်းကို ထည့်ပြောဖို့ မလိုသေးပေ။ မိုးကောင်းကင်တောင် ဝန်းကျင်၌ အခွင့်အရေး လာရှာကြသော တောက်တိုမည်ရ အလုပ်သမားများနှင့် ကုန်သည်အိမ်တော်များ၊ နယ်လှည့်ကျင့်ကြံသူများနှင့်ပင် မိုးကောင်းကင်မြို့၏ လူဦးရေမှာ သန်း ဆယ်ချီရှိလာသည်။

မြို့ဝင်ပေါက် လမ်းကြောင်းအား ခမ်းခမ်းနားနား တည်ဆောက်ထားလေ၏။ လမ်းမကြီးက ကျယ်ဝန်းရုံသာမက အစီအစဉ်တကျလည်း ရှိလာသည်။

“ တော်တော်လေး စည်ကားတဲ့ မြို့ပဲ ” မိုဝူကျိက မြို့ထဲ ဝင်လိုက်သည်နှင့် မနေနိုင်ဘဲ ပြောလိုက်မိတော့သည်။

ချီခွန်းက ရယ်မောလိုက်သည်။ သူက စကားပြောတော့မည့်ဆဲဆဲတွင် သူ့လက်ကောက်ဝတ်ရှိ ဆက်သွယ်ရေး ပုတီးစေ့က လင်းလက်လာသည်။ ချီခွန်းက စိတ်စွမ်းအား ပို့လွှတ်လိုက်သည့်အခါ သူ့မျက်နှာမှာ အလေးအနက် ပြောင်းလဲသွားလေ၏။

“ ဘာတွေ ဖြစ်နေတာလဲ ” ယွီလောက ချီခွန်း အမူအယာကို သတိပြုမိပြီး သူမက မေးခွန်းထုတ်လိုက်သည်။

မျှော်လင့်ထားသည်နှင့် ကွဲလွဲစွာ ချီခွန်းက ယွီလော၏ စကားကို ပြန်မဖြေပေ။ ထို့အစား သူက မိုဝူကျိဘက် လှည့်ကာ  “ ဆေးလုံးဆရာမို အရင်ဆုံး မိုးကောင်းကင်မြို့မှာ နေလိုက်ပါ့လား။ ဂျူနီယာညီမ ယွီနဲ့ ကျုပ်က အလောတကြီး ကိစ္စလေး ပေါ်လာလို့ …. ကျုပ်တို့ကိစ္စ ပြီးသွားတာနဲ့ ဆေးဆိုင်ဖွင့်ဖို့ လာကူပေးပါ့မယ် ”

မိုဝူကျိက မြန်မြန် ပြောလိုက်သည်  “ တာအိုရောင်းရင်း ချီ … တာအိုရောင်းရင်း ယွီ … ဂိုဏ်းကို မြန်မြန် ပြန်လိုက်ပါ။ ဆေးဆိုင်နဲ့ ပတ်သတ်ပြီးတော့ ကျုပ်ဘာသာ ဖြေရှင်းနိုင်ပါတယ်။ ခင်ဗျားတို့ ကိစ္စပြီးတော့မှ ကျုပ် ဆေးဆိုင်ကို လာတွေ့လို့ ရပါတယ်ဗျာ …. ခင်ဗျားတို့နှစ်ယောက် ကျုပ်ဆိုင်ကို သေချာပေါက် ရှာတွေ့မှာပါ ”

“ ဟုတ်ပါပြီ မကြာခင် ပြန်တွေ့ကြတာပေါ့။ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင် ဒီကျောက်စိမ်းပြားကို သုံးလိုက် ” ချီခွန်းက ကျောက်စိမ်းပြားကို ထုတ်ပေးလိုက်ပြီး မိုဝူကျိ လက်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် သူက ယွီလောနှင့် စိုးရိမ်တကြီး ထွက်သွားတော့သည်။

မိုဝူကျိက ချီခွန်း မြန်မြန် ထွက်သွားရသည့် ကိစ္စကို မသိပေ။ သူက လက်ထဲမှ ကျောက်စိမ်းပြားကို  ကြည့်လိုက်သည့်အခါ မိုးကောင်းကင်ဂိုဏ်း ကင်းထောက် ဟု ရေးသားထား၏။

မိုဝူကျိက ကျောက်စိမ်းပြားကို သိုလှောင်လက်စွပ်အတွင်းသာ ထည့်ထားလိုက်ပြီး ရွိုက်ကောကို ပုတ်ကာ ပြောလိုက်သည်  “ လာလာ …  ငါတို့တွေ ဆိုင်သွားရှာကြစို့ ”

အင်မော်တယ်လောကတွင် ဖြစ်စေ၊ ကျင့်ကြံရေး လောကတွင် ဖြစ်‌စေ ရွိုက်ကောက အာရုံဖမ်းစားနိုင်လွန်းသည်။ သို့သော်လည်း နတ်ဘုရားကုန်းမြေ၌ ထိုမျှ သိသာမနေတော့ပေ။ မိုးကောင်းကင်မြို့၌  သားရဲများနှင့်အတူ လျှောက်လှမ်းသွားနေသည့် တခြားသော ကျင့်ကြံသူများလည်း ရှိနေတတ်သည်။ တချို့က သူတို့သားရဲများကို စီးနင်းနေကြသေး၏။

မိုးကောင်းကင်မြို့အတွင်းရှိ လူအများစုမှာ  ကနဦး နတ်ဘုရားနှင့် ကောင်းကင်နတ်ဘုရားများ ဖြစ်ကြသည်။ ထိုသို့ဆိုလျှင်ပင် မိုဝူကျိက နတ်ဘုရား အုပ်စိုးသူများစွာနှင့် လောကနတ်ဘုရားတချို့လည်း မြင်လိုက်ရသေး၏။

နတ်ဘုရားနယ်မြေနှင့် ယှဉ်ကြည့်သည့်အခါ နတ်ဘုရားကုန်းမြေ၏ အင်အားမှာ ပို၍ ကြီးမားဟန် ပေါ်သည်။

မိုဝူကျိက နတ်ဘုရားနယ်မြေ၌ မြို့များစွာကို ရောက်ဖူးခဲ့သည်။ သို့သော်လည်း မိုးကောင်းကင်မြို့လောက် နတ်ဘုရား အုပ်စိုးသူနှင့် လောကနတ်ဘုရားများစွာကိုတော့ မမြင်ဖူခဲ့ချေ။

မြို့ကို တစ်ဝက်လောက် ပတ်ပြီးနောက် မိုဝူကျိက မိုးကောင်းကင်မြို့ရှိ ဆိုင်တန်ဖိုးအကြောင်း ပို၍ နားလည်လာသည်။

ချီခွန်း၏ အကူအညီ မပါရှိဘဲ မိုးကောင်းကင်မြို့၌ ဆိုင် လက်ဝယ်ပိုင်ဆိုင်ဖို့ရာ မရိုးရှင်းလှပေ။ ထိုမျှတင် မကသေးဘဲ ဆိုင်ဈေးနှုန်းမှာလည်း အင်မတန် မြင့်မားပေသည်။ အကယ်၍ သူက မိုးကောင်းကင်ငယ်ရွာ၌ ဆေးလုံး မရောင်းချခဲ့လျှင် ဤနေရာ၌ ဆိုင်ဝယ်ဖို့ရာ တတ်နိုင်မည် မဟုတ်ပေ။

ဘေးဝန်းကျင် လိုက်လံ မေးမြန်းပြီးနောက် မိုဝူကျိက ဆိုင်ဝယ်ရန် မတတ်နိုင်ကြောင်း သိသွား၏။ ဆိုင် ဝယ်ဖို့ အချိန်ကာလတစ်ခုကို စောင့်လျှင်စောင့် သို့မဟုတ် လူသူကင်းမဲ့ကာ ချောင်ကျသည့် ဆိုင်မျိုးကို ရှာဖို့ လိုအပ်ပေသည်။ မိုဝူကျိက မိုးကောင်းကင်မြို့၌ ဆိုင်ဖွင့်လိုသည်က ကျင့်ကြံရေး အရင်းအမြစ်များ ရရှိရန် ဖြစ်၏။  သူက ထောင့်တစ်နေရာ၌ ဆိုင်ဖွင့်ဖို့ရာ မရွေးချယ်နိုင်ပေ။

“ သခင်ကြီး ဆိုင်ကို ဌားဖွင့်ရင်ရော  …” မိုဝူကျိနောက် နေ့ဝက်တာ လိုက်ပြီးနောက် ရွိုက်ကောက အကြံပြုလိုက်တော့သည်။

“ ငါ မလုပ်ချင်ဘူးလို့များ ထင်နေတာလား …. ဘယ်နေရာမှာ ရှိလို့လဲကွာ ” မိုဝူကျိက ရုတ်ချည်း ရပ်တန့်လိုက်သည်။ သူက ဌားရမ်းဖို့ရာ အလိုရှိကြောင်း ကပ်ထားသည့် ဆိုင်ကို တွေ့လိုက်မိသည်။ ရွိုက်ကောသည်လည်း မြင်တွေ့ပြီးသည်မှာ သေချာလှသည်။

“ အထဲဝင်ပြီး ကြည့်ကြစို့ ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ လမ်းကို ဖြတ်ပြီး ဆိုင်ဆီ ဦးတည်လိုက်သည်။

တကယ်တော့ ဆိုင်ကို ဌားရမ်းခြင်းက မိုဝူကျိအတွက် ပို၍ သင့်တော်ပေသည်။ သူက မိုးကောင်းကင်ဂိုဏ်းကို ဝင်ရန် ဆန္ဒမရှိသလို မိုးကောင်းကင်မြို့၌လည်း ကြာကြာနေမည် မဟုတ်ပေ။

ဤဆိုင်၏ အနေအထားအမှာ မဆိုးလှပေ။ စည်ကားလှသည့် လမ်းဆုံပေါ်တွင် တည်ရှိပေသည်။

မိုဝူကျိအား အနည်းငယ် အံ့ဩသွားစေသည်က ဌားရမ်းမည့် ဆိုင်မှာ ဆေးဆိုင် ဖြစ်နေခြင်း ဖြစ်၏။ ထို့အပြင် နာမည်မှာ အတော်လေး ထူးဆန်းလှပေသည်။

“ အကြွင်းမဲ့ ကုထုံး ဆေးခန်း”

သူ ကျင့်ကြံရေးလောကသို့ ရောက်လာစဉ်ကတည်းမှ စ၍ မိုဝူကျိက ဆေးခန်းများကို သိပ်မတွေ့မိပေ။ သို့သော်လည်း မိုဝူကျိအနေနှင့် လူတစ်ယောက်၏ ကျင့်ကြံဆင့်က မည်မျှ မြင့်နေစေကာမူ ဖျားနားမှု ရှိနိုင်သေးကြောင်း သိထား၏။ ထို့ကြောင့် ဆေးလုံးဆရာများအပြင် သမားတော်များလည်း ရှိပေသည်။

သို့သော်လည်း ဆေးလုံးဆရာများက သမားတော်များထက် ပို၍ လူသိများပေသည်။ အင်မော်တယ်လောကတွင် ရှိစဉ်အခါက ဆေးလုံးဧကရာဇ်များစွာ၏ နာမည်ကို ကြားခဲ့ရသော်လည်း လင်းဂူ ပြောဖူးသည့် အတော်ဆုံး သမားတော်ဆယ်ပါးအကြောင်းကိုတော့ မကြားခဲ့ရပေ။

အကြောင်းမှာ ကျင့်ကြံသူများနှင့် သက်ဆိုင်သည့် ဖျားနာမှုမှာ ကျင့်ကြံရေးနှင့် ပတ်သတ်နေ၍ ဖြစ်သည်။ အကယ်၍ ထိုပြဿနာကို သူတို့ဘာသာ မဖြေရှင်းနိုင်လျှင် အကောင်းဆုံး သမားတော်ပင် ဝင်ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။ အင်မော်တယ် ဧကရာဇ် လွန်ချိုက်၏ ကိုယ်လုပ်တော်က နမူနာတစ်ခု ဖြစ်ပေသည်။

နောက်ထပ် နမူနာတစ်ခုမှာ လင်းဂူ၏ မိခင် ဖြစ်သည်။ သူ့ကြောင့်သာ မဟုတ်လျှင် သူမအနေနှင့် ပြန်လည် ကောင်းမွန်လာမည် မဟုတ်လောက်ပေ။

ထို့အပြင် သူက ကူညီပေးနိုင်သည့် အကြောင်းအရင်းမှာ သူ့အသက်ဓာတ် လမ်းကြောင်းနှင့် အဆိပ်ဖြေ လမ်းကြောင်းကြောင့် ဖြစ်၏။ ဆေးဝါး နည်းစနစ်များ၌ ကျွမ်းကျင်နေ၍ မဟုတ်ပေ။

“ သခင်ကြီး … ဒီနေရာက အတာ်လေး စည်ကားပေမဲ့ အခုထိ ဌားမထွက်သေးဘူးဆိုတော့ ပြဿနာများ ရှိနေတာလား ” ရွိုက်ကောက အတွေ့အကြုံ ကြွယ်ဝနေပြီ ဖြစ်၏။ ကိစ္စများ မပြုလုပ်ခင် အရင်ဦးစွာ စဉ်းစားနေတတ်လေပြီ။

မိုဝူကျိက ခပ်ယဲ့ယဲ့ ပြုံးကာ  “ ပြဿနာ ရှိတာ မရှိတာ  ငါတို့တွေ  သွားကြည့်တဲ့အခါ သိလိမ့်မယ် ”

သူ့ကျင့်ကြံဆင့်မှာ ကနဦး နတ်ဘုရားအဆင့် ၅ တွင် ရှိသေးသော်လည်း သူက ချီခွန်း၏ အဖိတ်ကြားခံ လူတစ်ယောက် ဖြစ်ပြီး ချီခွန်း ပေးထားသည့် ကျောက်စိမ်းပြားလည်း ရှိပေသည်။ မိုဝူကျိက ကိစ္စတစ်ခုခု ရှိလာလျှင် တစ်ယောက်ယောက်ကို ရန်မစထားသရွေ့ ချီခွန်းက ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ထား၏။

သူက ဆေးခန်းအတွင်းသို့ ဝင်လိုက်သည့်အခါ လူနာ မရှိကြောင်း သိလိုက်ရသည်။ ဆံဖြူ လူအိုကြီးနှင့် မိန်းမငယ်လေးတစ်ဦးသာ ရှိနေ၏။ မိုဝူကျိ၏ အမြင်အရ မိန်းမငယ်လေးမှာ ယွမ်ဒန်အဆင့်မျှသာ ရှိပေဦးမည်။

သို့သော်လည်း ထိုလူအိုကြီးက မိုဝူကျိအား အံ့အားသင့်သွားစေသည်။ မိုဝူကျိက နတ်ဘုရားဘုရင်အဆင့်အထိ ခွဲခြားနိုင်သော်လည်း ထိုလူအိုကြီးက မိုဝူကျိအား သမုဒ္ဒရာလို ကျယ်ပြန့်သည့် အမြင်မျိုး ပေးစွမ်းကာ ထိုလူအိုကြီး၏ ကျင့်ကြံဆင့်ကို လုံးဝ မမှန်းဆနိုင်ပေ။ ဒုတိယတစ်ခါ ထပ်ကြည့်လိုက်သည့်အခါ  ထိုလူအိုကြီးက ကျင့်ကြံဆင့် မရှိသည့်အလား ထင်မှတ်ရပြီး သာမာန် ဖြစ်နေပြန်သည်။

မိုဝူကျိက ထိုလူအိုကြီးသည် ရိုးရှင်းသည့်လူဟု မယုံပေ။ ရိုးရှင်းသည့် လူတစ်ယောက်က ဤစည်ကားရှုပ်ထွေးလှသည့် မြို့ကြီး၌ မည်သို့ အသက်ရှင်နိုင်မည်နည်း။

မိုဝူကျိက ထိုလူအိုကြီးကို ဆက်လက် မလေ့လာတော့ဘဲ မိန်းမငယ်လေးကို ကြည့်လိုက်သည်။ မကြာခင် သူက တစ်ခုခု လွဲမှားနေကြောင်း တွေ့ရှိသွားလေ၏။ ထိုမိန်းမငယ်လေးသည် ယွမ်ဒန်အဆင့်တွင် ရှိနေသည်နှင့် တူသော်လည်း လက်တွေ့၌ သူမ ကျင့်ကြံဆင့်မှာ မတည်မငြိမ် ဖြစ်နေပြီး ယွမ်ဒန်အဆင့်မှ အချိန်မရွေး ပြုတ်ကျသွားတော့မည့်ဟန် ပေါ်နေသည်။

နတ်ဘုရားကုန်းမြေ၌ ယွမ်ဒန်အဆင့်ကား ပုရွက်ဆိတ်လေးနှင့် မကွာခြားပေ။ မိုဝူကျိက ထိုမိန်းကလေးသည် ဖျားနာနေကြောင်း မှန်းဆမိလိုက်၏။ ထိုအကြောင်းအရင်းကြောင့်သာ သူမ ကျင့်ကြံဆင့်က မငြိမ်မသက် ဖြစ်နေရခြင်း ဖြစ်ပေမည်။

သို့သော်လည်း မိုဝူကျိက ပွင့်ပွင့်လင်းလင်း မမေးပေ။ သူက ထိုဆံဖြူ အဘိုးကြီးရှေ့တွင် ပုရွတ်ဆိတ်တစ်ကောင်မျှသာ ဖြစ်ကြောင်း သိထား၏။

“ ဒီကို ဆေးလာကုတာလား ” လူအိုကြီးက မိုဝူကျိ ဝင်လာသည်ကို မြင်ပြီး နွေးနွေးထွေးထွေး ပြောလိုက်သည်။

မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ  “ဒီဂျူနီယာလေးက ဆိုင်ဌားရမ်းနိုင်ကြောင်း တွေ့လို့ စုံစမ်းရအောင် ဝင်လာတာပါ ”

“မင်းက ငါ့ဆေးခန်းကို ဌားချင်တာလား ” ထိုလူအိုကြီး၏ အသံက အနည်းငယ် သံသယ ဝင်နေပြီး မိုဝူကျိအား သံသယဖြင့် ခြုံငုံကြည့်လိုက်သည်။

“ ဟုတ် … တစ်နှစ်ကို နတ်ဘုရားကျောက် ဘယ်လောက်များ ကျသင့်မလဲဗျ ” မိုဝူကျိက မေးမြန်းကာ စုံစမ်းလိုက်သည်။ ထိုလူအိုကြီး၏ အကြည့်က မသင့်တော်ဟန် မပေါ်သော်လည်း မိုဝူကျိအနေနှင့် မသက်မသာ ဖြစ်မိ၏။

“ တစ်နှစ်ကို အဆင့်မြင့် နတ်ဘုရားကျောက် တစ်သိန်း ” လူအိုကြီးက အကြည့်ကို ရုတ်သိမ်းကာ ပြန်ဖြေလိုက်သည်။

တစ်နှစ်ကို အဆင့်မြင့် နတ်ဘုရားကျောက် တစ်သိန်းတဲ့လား …

မိုဝူကျိက အနည်းငယ် မယုံမကြည် ဖြစ်မိသွားသည်။ ဤဈေးနှုန်းမှာ အလွန် ဈေးမမြင့်ဘဲ အရမ်းဈေးချိုလွန်းနေသည်။ နတ်ဘုရားမြေမြင့်၌ သူ့ယခင် စုံစမ်းမှုများအရ ဤသို့မျိုး နေရာမျိုးကား တစ်နှစ်လျှင် အနည်းဆုံး  အဆင့်မြင့် နတ်ဘုရားကျောက် ငါးသိန်းလောက် ကုန်ကျပေသည်။ အကယ်၍ ရောင်းချသည်ဆိုလျှင် ဈေးနှုန်းမှာ အဆင့်မြင့် နတ်ဘုရားကျောက် ဆယ်သန်းနီးပါးအထိ မြင့်တက်သွားသည်။

“ စီနီယာ တခြားသတ်မှတ်ချက်တွေရော ရှိသေးလားဗျ ” မိုဝူကျိက ဆက်မေးလိုက်သည်။

သူက တစ်နှစ်လျှင် အဆင့်မြင့်နတ်ဘုရားကျောက် တစ်သိန်း ဈေးနှုန်းအား သေချာပေါက် မယုံကြည်နိုင်ပေ။ သို့သော် ဤဆိုင်ကား ယခုအချိန်အထိ ဌားရမ်းမထွက်သေးပေ။

လူအိုကြီးက မိုဝူကျိကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြကာ  “ မဆိုးဘူး … ဒီဆိုင်ကို ဌားဖို့ တခြားသတ်မှတ်ချက်တွေ ရှိတယ်။ မင်း ပြောတာ မှန်တယ်။ ငါက သတ်မှတ်ချက် တော်တော်များများ ရှိတယ်။ တကယ်လို့ မင်း ငါ့ဆိုင်ကို ဌားချင်ရင်  ဆေးဆိုင် ဒါမှမဟုတ် ဆေးခန်းအဖြစ်ပဲ ဆက်ဖွင့်လှစ်ရမယ်။ ပြီးတော့ အပြင်ဘက်က နာမည်ပြားကို ပြောင်းလို့ မရဘူး။ အပြင်မှာ ချိတ်ဆွဲထားရမယ် ”

မိုဝူကျိက စိတ်သက်သာရာ သက်ပြင်းချလိုက်တော့သည်။

အခြေအနေက ဒီလိုကိုး ….

အကယ်၍ တခြားတစ်ယောက်သာ ဖြစ်နေလျှင် ထိုလူက အရူးမဟုတ်သရွေ့ ဤသတ်မှတ်ချက်များအား သဘောတူမည် မဟုတ်ချေ။

မိုးကောင်းကင်မြို့၌ လူများစွာက လူစည်ကားလှသည့် နေရာ၌ အဘယ်ကြောင့် ဌားရမ်းလိုသနည်း။ ကျင့်ကြံရေး အရင်းအမြစ်ကြောင့် မဟုတ်ပါလော။ အကယ်၍ ဤဆိုင်ကို ဌားရမ်းလိုက်လျှင် နာမည်ကို မပြောင်းလဲနိုင်ရုံသာမက ဆေးခန်း၊ ဆေးဆိုင်အဖြစ်သာ ကျန်ရှိနေရမည် ဖြစ်သည်။

ဤသည်က ပိုက်ဆံ ဖြုန်းတီးရာ ဖြစ်မနေဘူးလား ….

“စီနီယာ အဲဒီသတ်မှတ်ချက်တွေအပြင် တခြားသတ်မှတ်ချက်ရော ရှိသေးလားဗျ ” မိုဝူကျိက ဆက်မေးလိုက်သည်။

“ မင်းက ဆေးခန်း ဖွင့်မှာလား။ မင်းက ငါ့လိုမျိုး ကရုဏာကြီးမားတဲ့သူ လုပ်ပြီးတော့ ရောဂါ ခံစားနေရတဲ့ သက်ရှိတွေကို ကယ်တင်ပေးချင်တာလား ” လူအိုကြီးက မိုဝူကျိ မေးခွန်းကို မဖြေဘဲ မေးခွန်းဖြင့်သာ တုံ့ပြန်လိုက်သည်။ သူ့သတ်မှတ်ချက်များကို ကြားပြီး မထွက်သွားသည့် ပထမဆုံးလူကို တွေ့ဖူးခြင်း ဖြစ်၏။

မိုဝူကျိက သနားဖွယ် ပြောလိုက်သည်  “ ကျုပ်က ဆေးခန်း ဖွင့်ချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ စီနီယာ လိုအပ်ချက်က ဆိုင်က ဆေးခန်း ဖြစ်ရမယ်ဆိုရင်တော့ ဒီဂျူနီယာလေးက ဆေးခန်း ဖွင့်ပါ့မယ် ”

မိုဝူကျိက ဆေးခန်း မဖွင့်လိုသည်မှာ ပုံမှန်သာ ဖြစ်၏။ လူအိုကြီးက တခြားသတ်မှတ်ချက် မရှိသရွေ့ သူ့အနေနှင့် နာမည်ဆိုင်းဘုတ်ကို ဆက်လက် ချိတ်ဆွဲထားပြီး  ဆေးလုံးရောင်းချရောင်း ပြသထားသည့် ဒုတိယဆိုင်းဘုတ် ထပ်မံ ချိတ်ဆွဲမည် ဖြစ်၏။ ဤသည်မှာ လူအိုကြီး၏ သတ်မှတ်ချက်များကို ဖောက်ဖျက်နေခြင်း မဟုတ်ချေ။ အကယ်၍ လူအိုကြီးက တခြားဆိုင်းဘုတ်များ မချိတ်ဆွဲနိုင်ကြောင်း ပြောလာလျှင် သူ့အနေနှင့် လှည့်ထွက်သွားရုံသာ ကျန်ရှိတော့သည်။

ဤလူအိုကြီးက ရယ်မောကာ  “ မဆိုးဘူး … ငါ့ဆီမှာ တခြားသတ်မှတ်ချက် မရှိတော့ဘူး။ မင်းက ငါ့သတ်မှတ်ချက်တွေကို သဘောတူတာနဲ့ ငါတို့တွေ သဘောတူစာချုပ် ချုပ်ဆိုလို့ ရပြီ။ ငါတို့တွေ နှစ်စဉ် အသစ်ပြန်ပြီး စာချုပ် ချုပ်ကြမယ် ”

ထိုသို့ပြောပြီးနောက် လူအိုကြီးက ကျောက်စိမ်းပြား နှစ်ပြားထုတ်ကာ မိုဝူကျိ ရှေ့ ချလိုက်သည်။

မိုဝူကျိက ကျောက်စိမ်းပြားကို စစ်ဆေးကြည့်လိုက်၏။ ကျောက်စိမ်းပြားပေါ်တွင် တခြားသော သတ်မှတ်ချက်များ မရှိကြောင်း တွေ့လိုက်ရသည်။ မိုဝူကျိက စိတ်သက်သာရာ ရသွားပြီး ကျောက်စိမ်းပြားပေါ်၌ စိတ်ဝိညာဉ် အမှတ်အသား ချလိုက်သည်။ ထို့နောက် သူက တစ်ခုကို သိမ်းထားပြီး နောက်တစ်ခုကို လူအိုကြီးဆီ ပေးလိုက်သည်။ ထို့နောက် သူက အဆင့်မြင့် နတ်ဘုရားကျောက် တစ်သိန်း ထုတ်ကာ လူအိုကြီးထံ ပေးလိုက်လေ၏။

“ မင်းမှာ အလားအလာ ရှိတယ်။ မင်း ကံကောင်းပါစေ …. ပြီးတော့ ဆိုင်ထဲက ပစ္စည်းတွေကလည်း မင်း အပိုင်ပဲ ” လူအိုကြီးက သဘောတူ ကျောက်စိမ်းပြားကို သိမ်းကာ မိန်းကလေးကို သယ်ဆောင်ရင်း အစအန မကျန်ရှိအောင် ပျောက်ကွယ်သွားတော့သည်။

“ သခင်ကြီး တစ်ခုခုတော့ လွဲနေသလိုပဲ ” ရွိုက်ကောက သံသယဖြင့် ဝင်ပြောလိုက်သည်။

ရွိုက်ကောကို ပြောနေဖို့ မလိုပေ။ မိုဝူကျိလည်း တစ်ခုခု လွဲမှားနေကြောင်း ခံစားမိနေ၏။

***

All Chapters