ငှက်ရိုင်း
Vol. 83 Ch. 1146
သွေးညအကြောက်တရားပင်လယ်မှာ ယခင်ကအတိုင်းသာ။ ညအချိန်တွင် လေပြင်းများ တိုက်ခတ်၍ နှင်းများ ကျဆင်းဆဲပင်။ ဆန်းကြယ်နတ်ဘုရားနန်းတော်သည် အာကာပြင်အက်ကြောင်းအတွင်းမှ ထွက်လိုက်လျှင်ထွက်လိုက်ချင်းမှာပင် မိုးကြိုးအပစ်ခံလိုက်ရသည်။
‘ရေထဲဆင်းသွားရမယ်’
ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များက မိုးကြိုးတန်းများကို ခံနိုင်သော်လည်း အဆက်မပြတ် မိုးကြိုးပစ်ခံနေရပါက နန်းတော်၏စွမ်းအင်များ ကုန်ဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည် နန်းတော်ကို ထိန်းချုပ်ကာ ပင်လယ်လောက်သို့ ငုပ်သွားစေလိုက်သည်။ နန်းတော်က ပင်လယ်အောက်တွင်ဆိုလျှင် နှေးသွားနိုင်သော်လည်း သိသိသာသာတော့ နှေးသွားမည် မဟုတ်ပေ။
‘ဒီနေရာလား...’
ကျန်းရီသည် မြေပုံကို ကြည့်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်ကာ ချမ်ဝမ်ကွမ်း ရှိနေသော ကျွန်းကို ရှာလိုက်သည်။ မကြာခင်မှာပင် သူသည် ကီလိုမီတာသန်းတစ်ထောင်အကွာရှိ ဧရာမကျွန်းကြီးတစ်ကျွန်းကို တွေ့လိုက်သည်။ ထိုအကွာအဝေးကို ဖြတ်ကျော်ရန် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးရန် မလိုပေ။ ရေထဲမှ သွားလျှင်ပင် နှစ်နာရီလောက်သာ ကြာမည်ဖြစ်သည်။ ထို့ပြင် ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်း သုံးလိုက်လျှင် နန်းတော်က ထိုကျွန်းအနားတွင် ပြန်ပေါ်မလာဘဲ ထိုကျွန်းကို လွန်သွားမည်ကိုလည်း စိုးရိမ်သည်။ ထို့ကြောင့် ကျွန်းဆီသို့ ရိုးရိုးတန်းတန်း သွားခြင်းက ပို၍ကောင်းမည်ဖြစ်သည်။
ကူး...ကူး...
မကြာခင်မှာပင် ကျန်းရီတို့ ပြဿနာနှင့် ကြုံလိုက်ကြရသည်။ သွေးညအကြောက်တရားပင်လယ်တွင် ပင်လယ်မိစ္ဆာများနှင့် ပြည့်နှက်နေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က စွမ်းအားကြီး အရှိန်အဝါနှင့် ပင်လယ်ထဲသို့ ဆင်းသက်လာသောအခါ မရေမတွက်နိုင်သော ပင်လယ်မိစ္ဆာများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။
“ထွက်သွားကြစမ်း...”
ကျန်းရီက အော်ပြောလိုက်သည်။ သို့သော် ပင်လယ်မိစ္ဆာများက နောက်ဆုတ်မသွားကြပေ။ ထို့ကြောင့် သူသည် ၎င်းမိစ္ဆာများကို ဝင်တိုးပစ်ရန် ဆုံးဖြတ်လိုက်သည်။ အဆင့်နိမ့် ပင်လယ်မိစ္ဆာများသည် ရုတ်ခြည်း အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားသည်။ မိစ္ဆာအရှင်များသည်ပင် ကျန်းရီ၏ တိုက်ခိုက်မှုမှ မလွတ်မြောက်နိုင်ကြပေ။ ကီလိုမီတာတစ်ထောင် သွားပြီးနောက် သူတို့သည် မိစ္ဆာတစ်သောင်းကျော်လောက်ကို သတ်ပြီးသွားလေသည်။
ပင်လယ်ပြင်တစ်ခုလုံးတွင် သွေးညှီနံ့များ ဖုံးလွှမ်းသွားသည်။ ထို့ကြောင့် ပင်လယ်မိစ္ဆာများ ပို၍ ရောက်လာကြသည်။ သွေးညအကြောက်တရားပင်လယ်၏ အလယ်ဗဟိုတွင် နေထိုင်သော မိစ္ဆာအရှင်များကလည်း နန်းတော်ဆီသို့ ရောက်လာကြသည်။ နန်းတော်က ကီလိုမီတာလေးထောင် သွားပြီးနောက်တွင် မိစ္ဆာအရှင်သုံးပါးက နန်းတော်ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာပြီး လမ်းပိတ်ထားလိုက်ကြသည်။
ရွှီး...
ဆန်းကြယ်နတ်ဘုရားနန်းတော်လည်း ရုတ်တရက် ရပ်တန့်သွား၏။ ထိုသို့ ရပ်တန့်လိုက်ခြင်းမှာ ကျန်းရီက ထိုမိစ္ဆာအရှင်သုံးပါးကို ကြောက်ရွံ့၍ မဟုတ်ပေ။ သူသည် အောင်းလု၏ မျက်နှာကို ထောက်၍ မိစ္ဆာအရှင်များကို မသတ်လိုခြင်းပင်။
နန်းတော်အရှေ့တွင် ကျန်းရီ၏ ဝိညာဉ်ပုံရိပ်ထွက်ပေါ်လာသည်။ ဝိညာဉ်ပုံရိပ်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“ကျွန်တော်က ကျန်းရီ.. ခင်ဗျားတို့ မိစ္ဆာမျိုးနွယ်ရဲ့ အရှင်အောင်းလုနဲ့ မိတ်ဆွေတွေပဲ။ ကျွန်တော် သွေးညအကြောက်တရားပင်လယ်က မိစ္ဆာတွေနဲ့ မတိုက်ခိုက်ချင်ဘူး။ ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ။ ကျွန်တော်တို့က ဖြတ်သွားရုံပါ”
“အရှင်အောင်းလုလား”
မိစ္ဆာအရှင်သုံးပါးက အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားကြပြီး လူသားအသွင်ယူထားကြသည်။ သူတို့က အတော်လေး အသက်အရွယ်ရနေပုံလည်း ပေါ်သည်။ သူတို့သည် ကျန်းရီ၏ စကားကို ကြားသောအခါ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က ခြောက်ကပ်ကပ်ရယ်ကာ ပြောလိုက်လေသည်။
“မင်းက အရှင်အောင်းလုရဲ့ မိတ်ဆွေဆိုပြီး ဘာလို့ ငါတို့ပင်လယ်ထဲက မိစ္ဆာတွေအများကြီးကို သတ်ပစ်လိုက်ရတာလဲ”
“ကျွန်တော် သူတို့ကို မသတ်ချင်ခဲ့ပါဘူး”
ကျန်းရီက ခေါင်းခါကာ ဆက်ပြောလိုက်သည်။
“သူတို့က ကျွန်တော့်ရဲ့ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို လာတိုက်ခိုက်နေတော့ ပြန်ခုခံလိုက်ရတာပါ။ ခင်ဗျားတို့သာ မိစ္ဆာတွေကို လမ်းဖယ်ခိုင်းလိုက်ရင် ကျွန်တော် မိစ္ဆာတစ်ကောင်ကိုမှ ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး”
“ဟွန်း...”
မိစ္ဆာအရှင်အိုကြီးက နှာမှုတ်လိုက်သည်။
“မင်းက ငါတို့မိစ္ဆာတွေအများကြီးကို သတ်ပြီးနေပြီ။ အဲ့ဒါကို ဒီကနေ အန္တရာယ်ကင်းကင်းနဲ့ ထွက်သွားချင်နေသေးတာလား”
ကျန်းရီ စိတ်မရှည် ဖြစ်လာပေပြီ။ ထို့ကြောင့် သူ မျက်ခုံးတစ်ဘက်ပင့်ကာ မေးလိုက်သည်။
“ခင်ဗျားတို့က ဘာလိုချင်တာလဲ”
“အရမ်းရိုးရှင်းပါတယ်”
မိစ္ဆာအရှင်အိုကြီးက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် လောဘအရိပ်အယောင်များ ဖြတ်သန်းသွားသည်။
“နန်းတော်ကို ထားခဲ့။ အဲ့ဒါဆို အရှင်အောင်းလုရဲ့ မျက်နှာကို ထောက်ထားပြီး ငါတို့ မင်းကို သွားခွင့်ပေးလိုက်မယ်”
“ဟားဟားဟား...”
ကျန်းရီ ရယ်လိုက်သည်။ သူ့ရယ်သံက ပင်လယ်တစ်ပြင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူသည် မိစ္ဆာအရှင်သုံးပါးကို လှောင်ပြောင်သည့်ပုံစံဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့ အစွမ်းအစလောက်နဲ့ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို လိုချင်တာလား။ လောဘက မြွေတစ်ကောင်ကို ဆင်ကိုတောင် မျိုစေတာပဲ။ ခင်ဗျားတို့ ကျွန်တော့်ရဲ့ နန်းတော်ကို လုချင်တယ်ဆိုရင်လည်း စမ်းကြည့်ပေါ့။ ပြီးမှ သေသွားရင်တော့ ကျွန်တော့်ကို အပြစ်မတင်နဲ့”
ကျန်းရီ၏ ဝိညာဉ်ပုံရိပ် ပျောက်ကွယ်သွားသည်။ မိစ္ဆာအရှင်သုံးပါးကလည်း ဒေါသထွက်သွားပေသည်။ သွေးညအကြောက်တရားပင်လယ်မှ မိစ္ဆာများက အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာများနှင့် တစ်ဖွဲ့တည်း မဟုတ်ပေ။ ထိုမိစ္ဆာအရှင်သုံးပါးက သွေးညအကြောက်တရားပင်လယ်၏ ထိုအပိုင်းတွင် အုပ်စိုးသူများ ဖြစ်သည်။ မည်သူကမှ သူတို့ကို မစော်ကားဝံ့ခဲ့ပေ။ အရှေ့ဘက် တော်ဝင်နယ်မြေမှ မျိုးနွယ်များပင် သွေးညအကြောက်တရားပင်လယ်မှ မိစ္ဆာများကို လာမရှုပ်ဝံ့ကြချေ။
ထို့ကြောင့် ထိုမိစ္ဆာအရှင်များသည် အောင်းလုကို လေးစားသည့်ပုံစံ ဟန်ဆောင်နေသော်လည်း အမှန်တွင်မူ အောင်းလုကို အရေးစိုက်ကြသည် မဟုတ်ပေ။ ယခုတွင် ကျန်းရီက ပင်လယ်ထဲမှ မိစ္ဆာများကို သတ်ပြီးနောက်တွင်ပင် မောက်မောက်မာမာ ပြောဆိုပြုမူနေသည်။ သို့ဖြစ်ရာ ထိုသုံးယောက် ဒေါသထွက်သွားခြင်းမှာ သဘာဝကျပေသည်။ ထို့ပြင် သူတို့၏ လောဘကလည်း ထိုနန်းတော်ကြီးကို လုယူရန် သူတို့အား တိုက်တွန်းနေသည်။
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိစ္ဆာအရှင်တစ်ပါး၏ ခန္ဓာကိုယ်က ရုတ်ခြည်း တောက်ပလာသည်။ ထို့နောက် သူသည် သူ၏ပုံစံအစစ်အမှန်အဖြစ် ပြောင်းလဲသွားသည်။ သူက ဧရာမပင်လယ်မြွေကြီးတစ်ကောင်ပင်။ ပင်လယ်မြွေကြီးက ကီလိုမီတာအနည်းငယ် ရှည်လျားသည်။ ၎င်း၏ ဦးခေါင်းသည်ပင် မီတာသုံးဆယ်ရှိလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။ ၎င်း ပါးစပ်ဟလိုက်သော အခါတွင်လည်း ဧရာမဂူကြီးတစ်လုံး ထွက်ပေါ်လာသည်ဟု ထင်ရသည်။ ၎င်းသည် နန်းတော်ကို ဝါးမျိုတော့မည့်အလား နန်းတော်ထံသို့ ကူးခတ်လာလေသည်။
“ခင်ဗျားက သေခြင်းတရားရဲ့ အဓိပ္ပာယ်ကို မသိဘူးပဲ”
ကျန်းရီသည် လကြေးမုံကန်ထဲရှိ အပန်းဖြေအဆောက်အအုံထဲတွင် ထိုင်၍ ခြောက်ကပ်ကပ် ရယ်လိုက်သည်။ သူ့ဘေးတွင် ထိုင်နေသော ကျန်ဝူရွှမ်းနှင့် အခြားသူများက သူ့ကို နားမလည်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ ကျန်းရီမှလွဲ၍ အခြားမည်သူကမှ အပြင်ဘက်တွင် ဖြစ်ပျက်နေသော ကိစ္စများကို မသိပေ။ ထို့ကြောင့် ဟွမ်ဖူထောင်ထျန်းက အရင်ဆုံး မေးလိုက်သည်။
“ကျန်းရီ ဘာဖြစ်လို့လဲ”
“ဟင်းဟင်း... မိစ္ဆာအရှင်တစ်ပါးက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မျိုချင်နေလို့ပါ”
ကျန်းရီက ဆက်၍ ရယ်နေ၏။ ထို့နောက် သူ လက်ဝှေ့ယမ်းလိုက်ရာ အပြင်ဘက်မှ မြင်ကွင်းပုံရိပ်က လကြေးမုံကန်အထက်တွင် လာပေါ်လေသည်။ ထိုအခိုက်တွင် နန်းတော်၏ တောက်ပမှုက ပတ်ဝန်းကျင်ကို လင်းထိန်းနေစေသည်။ ထို့ကြောင့် သူတို့သည့် ဆန်းကြယ်နတ်ဘုရားနန်းတော်က သားရဲတစ်ကောင်၏ အစာအိမ်အတွင်းသို့ ရောက်နေကြောင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။ အစာအိမ်က အစိမ်းရောင်ဖြစ်ပြီး အစာအိမ်အတွင်းမှ အကျိအချွဲများက နန်းတော်၏ အကန့်အသတ်အစီအရင်များကို ချိုးဖျက်ရန် ကြိုးစားနေသည်။
“အာ...”
ရေကန်ထဲတွင် ကျန်ဝူတီနှင့် ကစားနေကြသော ဖုန်းလန်နှင့် အခြားမိန်းမပျိုလေးများသည် လေထဲမှ မြင်ကွင်းပုံရိပ်ကိုကြည့်ကာ အံ့အားသင့်သွားကြပြီး ကြက်သေသေသွားကြသည်။
“ချိုးဖျက်...”
ကျန်းရီက အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ရုတ်ခြည်းပင် ပို၍ တောက်ပသွားပြီး ပင်လယ်မိစ္ဆာ၏ ဝမ်းဗိုက်ထဲမှ ဖောက်ထွက်သွားသည်။ နန်းတော်သည် မိစ္ဆာ၏ ဝမ်းဗိုက်သားကို အလွယ်တကူပင် ဖောက်နိုင်ခဲ့ပေသည်။
“သွား...”
ကျန်းရီက ထပ်မံအော်လိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က နောက်ပြန်လှည့်ကာ ပင်လယ်မိစ္ဆာ၏ ဦးခေါင်းကို ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။ ပင်လယ်မိစ္ဆာသည် ထိတိုက်မှုအဟုန်ကြောင့် အနောက်သို့ လွင့်ပျံထွက်သွားသည်။ သို့သော် နန်းတော်သည် တိုက်ခိုက်မှုကို မရပ်သေးဘဲ ပင်လယ်မိစ္ဆာ၏ဦးခေါင်းက သွေးအလိမ်းလိမ်းဖြစ်သွားသည်အထိ အဆက်မပြတ် ဝင်တိုက်လိုက်လေသည်။
ဆန်းကြယ်နတ်ဘုရားနန်းတော်အပြင်ဘက်ရှိ အကန့်အသတ်အစီအရင်များက အလွန်စွမ်းအားကြီးသည်။ နတ်ဘုရားတစ်ပိုင်းများသည်ပင် ၎င်းတို့ကို မခုခံနိုင်ကြပေ။ ထိုပင်လယ်မိစ္ဆာက အရွယ်အစားကြီးမားကာ သန်မာသော်လည်း နန်းတော်၏ အဆက်မပြတ် ဝင်တိုက်မှုကို မည်သို့မှ ခံနိုင်မည် မဟုတ်ချေ။
“ဒါက...”
အခြားမိစ္ဆာအရှင်နှစ်ပါး၏ အကြည့်များက တင်းမာသွား၏။ သူတို့ထဲမှ တစ်ယောက်က တုန်လှုပ်သွားပြီး ကျန်တစ်ယောက် ပို၍ ဒေါသထွက်သွားသည်။ ထိုဒေါသထွက်သွားသူ၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းတောက်ပလာသည်။ ထို့နောက် သူက ပုံစံအစ်အမှန် ပြန်ပြောင်းသွားလေသည်။ သူက မျက်လုံးခြောက်လုံးပါသော ဧရာမ ရေဘဝဲကြီးပင်။
ရေဘဝဲကြီး၏ လက်တံများက လျှပ်စီးအလျင်ဖြင့် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မြဲမြံစွာ ဖမ်းဆွဲလိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်း၏မျက်လုံးခြောက်လုံးမှနေ၍ ရွှေရောင်အလင်းတန်းများ ထွက်လာသည်။ ထိုအလင်းတန်းများက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တိုက်ခိုက်လိုက်လေသည်.
“အားလုံး ကိုင်ထားကြပါ”
ကျန်းရီ ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ပြင်းထန်စွာ တုန်ခါလာပြီး ရေဘဝဲကြီး၏ လက်တံများထဲမှ ရှုန်းထွက်လိုက်သည်။ ထို့နောက် ၎င်းက ရေဘဝဲကြီးကို စတင် တိုက်ခိုက်လိုက်သည်။ နန်းတော်ပတ်ပတ်လည်ရှိ အနက်ရောင်အလင်းက ထက်ရှသော ဓားသွားများအဖြစ် ပြောင်းလဲသွား၏။ နန်းတော်သည် ရေဘဝဲကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးကိုဖောက်ကာ အခြားတစ်ဘက်မှ ပြန်ထွက်လာသည်။ ရေဘဝဲကြီး၏ ကိုယ်လုံးကြီးက ထုတ်ချင်းပေါက်သွားပြီး သွေးများ ပန်းထွက်သွားလေသည်။
“ထွက်ပြေးကြ...”
ပင်လယ်မြွေနှင့် ရေဘဝဲကြီးတို့ ကြောက်ရွံ့သွားပေပြီ။ ၎င်းတို့သည် တုန်လှုပ်တကြီး အော်ကာ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။ ၎င်းတို့က ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မယှဉ်နိုင်ပေ။ အကယ်၍ ၎င်းတို့သာ ဆက်၍ တိုက်ခိုက်မည်ဆိုပါက သေချာပေါက် သေသွားပေလိမ့်မည်။
“ကျန်းရီ... မင်း သူတို့နောက်ကို မလိုက်တော့ဘူးလား”
ကျန်ဝူရွှမ်းသည် ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရပ်တန့်လိုက်၍ မေးလိုက်၏။ သူ့မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ရှိနေသည်။ ဟွမ်ဖူထောင်ထျန်းနှင့် စစ်ထူရီရှောင်တို့ကတော့ မည်သို့မှ မပြောပေ။ ကျန်းရီက လက်ဝှေ့ယမ်းကာ ပြန်ဖြေလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကျွန်တော် အောင်းလုကို လေးစားမှုနည်းနည်းတော့ ပြရဦးမယ်လေ။ ပြီးတော့ သွေးညအကြောက်တရားပင်လယ်ထဲမှာ ဧကရာဇ်ကိုးပါးနဲ့တောင် ယှဉ်နိုင်လောက်တဲ့ မိစ္ဆာအရှင်တွေရှိတယ်။ ကျွန်တော် အဲ့မိစ္ဆာအရှင်သုံးပါးကို သတ်လိုက်ရင် ပြဿနာကြီးသွားနိုင်တယ်။ ကိုယ့်လမ်းကိုယ် ဆက်သွားတာပဲ ကောင်းပါတယ်”
ဆန်းကြယ်နတ်ဘုရားနန်းတော်က ပင်လယ်ရေထုကို ဖြတ်သန်း၍ သွားနေသည်။ ဤတစ်ကြိမ်တွင် မည်သည့်မိစ္ဆာကမှ လမ်းမပိတ်ဝံ့တော့ပေ။ အနီးရှိ မိစ္ဆာများမှာ မိစ္ဆာအရှင်သုံးပါး၏ ကံကြမ္မာကို တွေ့လိုက်ရ၍ ကြောက်ရွံ့သွားခြင်း ဖြစ်မည်။ မိစ္ဆာအရှင်သုံးပါးပင် ကျန်းရီကို မယှဉ်နိုင်လျှင် ကျန်မိစ္ဆာများဆိုပါက ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ပေမည်။ ကျန်းရီတို့သည် ပင်လယ်ထဲ၌ နောက်နှစ်နာရီကြာ အေးအေးချမ်းချမ်း သွားပြီးနောက် ချမ်ဝမ်ကွမ်းရှိနေသော ကျွန်းသို့ ရောက်သွားလေသည်။
သန်းခေါင်အချိန်ပင် ရှိပေပြီ။ ပင်လယ်ထက်တွင် လျှပ်စီးများ လက်နေပြီး မိုးရွာနေသည်။ ကျွန်းပေါ်တွင် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီး ရှိနေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ပင်လယ်ရေထုထဲမှ ပျံထွက်လာသောအခါ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်ရှိ သိုင်းသမားများ တုန်လှုပ်သွားကြသည်။ ထိုအခိုက် သင်္ဘောကုန်းပတ်ပေါ်မှ ဖက်တီးတစ်ယောက်က အော်ပြောလိုက်သည်။
“ခေါင်းဆောင်.. ခေါင်းဆောင်... နောက်ဆုံးတော့ ခေါင်းဆောင် ရောက်လာပြီပေါ့”
“ဟားဟားဟား...”
ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ဂိတ်တံခါးက ခပ်ကျယ်ကျယ် ပွင့်သွားပြီး ကျန်းရီ၊ ကျန်ဝူရွှမ်း၊ စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့ ပျံထွက်လာကြသည်။ သူတို့သည် ချမ်ဝမ်ကွမ်းကို တွေ့လိုက်သောအခါ ဝမ်းမြောက်စွာ ပြုံးလိုက်ကြသည်။
“ဟာ...ဖက်တီး.. မင်းက အသားလုံးကြီး ထပ်ဖြစ်နေပြန်ပြီလား”
ကျန်းရီက အော်၍ ပြောလိုက်သည်။
ဝှစ်...
ကောင်းကင်ကံကြမ္မာသင်္ဘောပတ်ပတ်လည်ရှိ အကာအရံက ပျောက်ကွယ်သွားသည်။ ထို့နောက် ချမ်ဝမ်ကွမ်း ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ ထို့နောက် သူ မျက်ရည်လည်ရွှဲ၊ နှပ်တရှုံ့ရှုံဖြင့် အော်ပြောလိုက်သည်။
“ခေါင်းဆောင်... ပြီးခဲ့တဲ့နှစ်တွေထဲ ကျုပ် ခေါင်းဆောင်ကို ဘယ်လောက် သတိရနေခဲ့ရတယ်ဆိုတာကို ခေါင်းဆောင်သိရဲ့လား။ ကျုပ် ခေါင်းဆောင်အကြောင်းကို တွေးမိတိုင်း ဗိုက်ဆာလာတယ်.. အဲ့ဒါကြောင့် ကျုပ် စားတယ်၊ စားတယ်... နောက်ဆုံးကျ ဒီလိုပုံစံ ပြန်ဖြစ်သွားတော့တာပဲ...”
“သောက်ပိုတွေ...”
ကျန်းရီက ချမ်ဝမ်ကွမ်း၏ ဇက်ပိုးကို ရိုက်လိုက်ပြီး စနောက်၍ ပြောလိုက်သည်။
“မင်းက မွေးကတည်းက အစားကြူးနေတာ... အဲ့ဒါများ ငါ့ကို သတိရလို့ စားရတယ် ဖြစ်သေး”
“ဟီးဟီး...”
ချမ်ဝမ်ကွမ်းက ကျန်းရီ၏ ပေါင်ကြားကို ငုံ့ကြည့်၍ ပြုံးစစဖြင့် ပြောလိုက်သည်။
“ခေါင်းဆောင်... ခေါင်းဆောင်ကများ ပြောရသေးတယ်လို့။ ခေါင်းဆောင်လည်း ပေါင်ကြားထဲက ငှက်ရိုင်းကို မထိန်းနိုင်ခဲ့ဘူးမလား။ အရှေ့ဘက် တော်ဝင်နယ်မြေမှာ ခေါင်းဆောင်ရဲ့ မိန်းမတွေနဲ့ ပြည့်နေတာပဲလို့ ကျွန်တော် ကြားထားပါတယ်...”
***