အဖြစ်ဆိုး
Vol. 83 Ch. 1147
ချမ်ဝမ်ကွမ်း ရှိလာပြီဖြစ်သဖြင့် လကြေးမုံကန်က ပို၍ စည်ကားလာသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အမြန်နှုန်းအရ ကောင်းကင်ကြယ်တာရာနယ်မြေသို့ ရောက်ရန် ဆယ်ရက်ထက် ပိုကြာမည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် ထိုဆယ်ရက်အတွင်း၌ ကျင့်ကြံမနေတော့ဘဲ အားလုံးနှင့် အဖော်ပြုကာ သောက်ရင်းစားရင်း စကားဖောင်ဖွဲ့ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် မကြာမကြာဆိုသလိုတော့ သူ ယဉ်ရို့ပင်းနှင့် မိုယောင်အာတို့ထံသွား၍ အဖော်ပြုပေးခဲ့သည်။
“ဖုန်းအာ၊ ချင်းယွီလေး... ငါတို့ ဖီးနစ်အော်သံနယ်မြေကို ရောက်တော့မယ်။ မင်းတို့နှစ်ယောက် အလည်သွားချင်လား”
ရက်အနည်းငယ် ကြာပြီးနောက် ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ကောင်းကင်ရှောင်တိမ်းခြင်း ရပ်တန့်စေလိုက်၏။ သူတို့က ဖီးနစ်အော်သံနယ်မြေအနီးရှိ လျှို့ဝှက်နဂါးနယ်မြေသို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူ ဖုန်းလန်နှင့် ချင်းယွီတို့ကို ရှာကာ မေးလိုက်သည်။
“ဖီးနစ်အော်သံနယ်မြေလား”
ဖုန်းလန်နှင့် ချင်းယွီတို့၏ မျက်လုံးများ အရောင်လက်သွားကြသည်။ သူမတို့သည် ရုတ်တရက် သတိရလွမ်းဆွတ်မှုကို ခံစားလိုက်ရသည်။ သို့သော် ဖုန်းလန်က လျင်မြန်စွာ ပြန်ပြောလိုက်လေသည်။
“သခင်လေး... ဖီးနစ်အော်သံနယ်မြေက အဆင်ပြေလားဆိုတာ ထောက်လှမ်းပေးလို့ ရမလား။ တကယ်လို့ အဆင်ပြေတယ်ဆိုရင် ကျွန်မတို့ ကောင်းကင်ကြယ်တာရာနယ်မြေက အပြန်ကျမှ ဝင်လည်လို့ ရပါတယ်”
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
ဖုန်းလန်က အမြဲ ကိုယ်ပိုင် အတွေးအမြင် ရှိခဲ့သည်။ ထို့ကြောင့် ကျန်းရီ သူမကို ဆက်ဖျောင်းဖျမနေတော့ဘဲ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ဖီးနစ်အော်သံနယ်မြေကို ထောက်လှမ်းလိုက်သည်။ ခေတ္တကြာပြီးမှ သူ မျက်လုံးများ ပြန်ဖွင့်ကာ ပြောလိုက်လေသည်။
“နယ်မြေက အရမ်းအေးချမ်းနေပါတယ်။ ပြီးတော့ အရင်ကလို မိန်းမတွေ ကြီးစိုးနေတုန်းပဲ။ ကြည့်ရတာတော့ ဧကရီအသစ်တစ်ပါး ပေါ်လာတဲ့ပုံပဲ”
“အဲ့ဒါဆို ကောင်းတယ်။ ကောင်းကင်ကြယ်တာရာနယ်မြေကိုပဲ အရင် သွားကြတာပေါ့။ သခင်လေးရဲ့ ကိစ္စက အရေးကြီးတယ်။ ပြီးတော့ အခု ဆန်းကြယ်နတ်ဘုရားနန်းတော် ရှိနေပြီဆိုတော့ ကျွန်မတို့ ပြန်ချင်တဲ့အချိန်တိုင်း ပြန်လာလို့ ရနေပြီပဲ”
ဖုန်းလန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ ကျန်းရီ ဆက်၍ မပြောတော့ဘဲ ကောင်းကင်ရှောင်တိမ်းခြင်းကို ထပ်မံသုံးလိုက်သည်။ သူသည် ဖီးနစ်အော်သံနယ်မြေကို ဖြတ်၍ အထီးကျန် အရှေ့ပိုင်းပင်လယ်သို့ တိုက်ရိုက်သွားကာ ကောင်းကင်ကြယ်တာရာနယ်မြေထဲသို့ ဝင်ရန် စီစဉ်ထားသည်။
‘တကယ် တစ်ခုခု ဖြစ်ခဲ့တာပဲ’
နှစ်ရက်ကြာပြီးနောက် ဆန်းကြယ်နတ်ဘုရားနန်းတော်က အထီးကျန် အရှေ့ပိုင်းပင်လယ်သို့ ရောက်ရှိလာသည်။ ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းနှင့် ပတ်ဝန်းကျင်ကို အာရုံခံပြီးနောက် မျက်နှာထားပြောင်းသွားသည်။ မရေမတွက်နိုင်သော ပင်လယ်မိစ္ဆာများက အချင်းချင်း သတ်ဖြတ်နေကြသည်။ အထီးကျန် အရှေ့ပိုင်းပင်လယ်အတွင်းမှ မိစ္ဆာသားရဲများသည် သားရဲဒီရေတက်ခဲ့စဉ်ကကဲ့သို့ သောင်းကျန်းနေကြသည်။
‘ဆက်သွားမယ်...’
ကျန်းရီသည် ပင်လယ်မိစ္ဆာများ အချင်းချင်း တိုက်ခိုက်နေကြသည်ကို အရေးမစိုက်ပေ။ ထို့ကြောင့် သူ ရုတ်ခြည်း ကောင်းကင်ရှောင်တိမ်းခြင်း သုံးလိုက်ပြီး ကောင်းကင်ကြယ်တာရာနယ်မြေဆီသို့ ဦးတည်သွားလိုက်သည်။ သူသည် သူ မြင်တွေ့ခဲ့သည်များကိုတော့ ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းအား ပြောပြလိုက်သည်။ ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့နှစ်ယောက်စလုံး စိုးရိမ်သွားကြသည်။ ချမ်ဝမ်ကွမ်းက အံ့အားသင့်ဟန်ဖြင့် ပြောလိုက်သည်။
“အဲ့ဒါက အဓိပ္ပာယ်မရှိဘူး။ နောက်ဆုံးအကြိမ် သားရဲဒီရေတက်ပြီးတာမှ နှစ်နည်းနည်းပဲ ရှိသေးတယ်၊ ပြီးတော့ တကယ်လို့ သားရဲဒီရေတက်တာဆိုရင် ကျုပ် စေလွှတ်ထားတဲ့ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းသမားဆယ်ယောက်က အခြေအနေကို အလွယ်လေး ကိုင်တွယ်နိုင်မှာပဲ။ အစ်ကို... အထီးကျန် အရှေ့ပိုင်းပင်လယ်ထဲမှာ ဘာမိစ္ဆာအရှင်မှ မရှိတာကို အစ်ကိုလည်း သိပါတယ်။ အဲ့ဒါဆို ဘာလို့ အဖေက အကူအညီလှမ်းတောင်းလိုက်ရတာလဲ”
“တစ်ခုခုတော့ လွဲနေပြီ။ သားရဲဒီရေတက်တာဆိုရင် ဘာလို့ မိစ္ဆာတွေက ဖီးနစ်အော်သံနယ်မြေကိုကျ မတိုက်ခိုက်ရတာလဲ”
ကျန်ဝူရွှမ်းသည်လည်း အခြေအနေကို နားမလည်နိုင်ဖြစ်နေသည်။ ကျန်းရီ ဖီးနစ်အော်သံနယ်မြေကို ထောက်လှမ်းခဲ့စဉ်က အရာအားလုံး အေးချမ်းနေကြောင်း တွေ့ခဲ့ရသည် မဟုတ်ပါလား။
ကျန်းရီကလည်း ပင်လယ်မိစ္ဆာများ အချင်းချင်း တိုက်ခိုက်နေရသည့် အကြောင်းကို မတွေးနိုင်ပေ။ သို့သော် သူတို့က ကောင်းကင်ကြယ်တာရာနယ်မြေနှင့် သိပ်မဝေးတော့ပေ။ တစ်ရက်၊ နှစ်ရက်လောက်နေလျှင် ရောက်သွားတော့မည် ဖြစ်သည်။ သို့ဖြစ်၍ ထိုအကြောင်းကို ဆက်ပြောနေလျှင်လည်း ထူးမည် မဟုတ်ပေ။ သူတို့ ကောင်းကင်ကြယ်တာရာနယ်မြေသို့ ရောက်သည်အထိသာ စောင့်ရပေလိမ့်မည်။
***
ရွှက်...ရွှက်...
နှစ်ရက်ကြာပြီးနောက် ကြယ်တံခွန်ကျွန်း၏ အရှေ့ဘက် ကီလိုမီတာငါးဆယ်အကွာတွင် အာကာပြင်တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က အာကာပြင်အက်ကြောင်းထဲမှ ထွက်လာသည်။ ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ထောက်လှမ်းလိုက်သည်။ ထောက်လှမ်းမှုရလဒ်က သူ၏မျက်နှာကို ဖြူဖျော့သွားစေလေသည်။
“ခေါင်းဆောင် ဘာဖြစ်လို့လဲ”
ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်တို့သည် ကျန်းရီ၏ မျက်နှာထားကို မြင်လိုက်ရ၍ ရုတ်ခြည်း ထရပ်လိုက်ကြ၏။
ကျန်းရီ၏ မျက်လုံးများက အတန်ငယ် နီရဲလာသည်။ ထို့နောက် သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။
“ကြယ်တံခွန်ကျွန်းက လူတွေ အသတ်ခံလိုက်ရပြီ။ နေရာတိုင်းမှာ အလောင်းတွေချည်းပဲ။ တစ်ယောက်မှ အသက်မရှင်ခဲ့ဘူး”
“ဘာ...”
ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့ မျက်နှာပျက်သွားသည်။ စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့လည်း အလွန်စိတ်လှုပ်ရှားသွားသည်။
ကြယ်တံခွန်ကျွန်းပေါ်တွင် ကောင်းကင်ကြယ်တာရာနယ်မြေ၏ နံပါတ်(၁) သိုင်းပညာရှင်ဖြစ်သော ရွှေယို့လန် နေထိုင်ပေသည်။ ထို့ပြင် ပတ်ဝန်းကျင်ကျွန်းများ၌လည်း အားကောင်းသော အစီအရင်များ ရှိသည်။ နောက်ဆုံးအကြိမ် သားရဲဒီရေ တက်ခဲ့စဉ်က ကြယ်တံခွန်ကျွန်းသည် အနည်းငယ်ပင် ထိခိုက်မသွားခဲ့ပေ။ ယခုတွင်မူ အစီအရင်များ ပျက်စီးသွားခဲ့ပြီး တစ်ကျွန်းလုံးတွင် အလောင်းများ ပြည့်နေလေသည်။
သို့သော် ကျန်းရီသည် အလောင်းများကြားတွင် ရွှေယို့လန်နှင့် ရွှေချမ်ရို့တို့၏ အလောင်းများကို မတွေ့သဖြင့် အတန်ငယ် စိတ်သက်သာရာရသွား၏။ ထို့ပြင် သူနှင့်ရင်းနှီးသော လရိပ်ပြာ ဝင်္ကပါမှ အကြီးအကဲအချို့၏ အလောင်းကိုလည်း မတွေ့ရပေ။ သူတို့က လွတ်မြောက်သွားသည့်ပုံပင်။
ဝှစ်...
ဆန်းကြယ်နတ်ဘုရားနန်းတော်က အရှေ့သို့ မြန်နိုင်သမျှ အမြန်ဆုံး သွားနေ၏။ ကျန်းရီကလည်း ကောင်းကင်နားလည်သိမြင်ခြင်းကို အသုံးပြု၍ ဆက်လက်ထောက်လှမ်းနေသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ကျန်းရီ တုန်ယင်သွားပြီး လဲကျမလိုပင် ဖြစ်သွားသည်။ သူ မျက်လုံးဖွင့်လိုက်ရာ သူ့ကို စိုးရိမ်တကြီး ကြည့်နေသော မျက်ဝန်းများကို တွေ့လိုက်ရသည်။ ထို့နောက် သူ အံကြိတ်ကာ ပြောလိုက်လေသည်။
“ကျွန်းပေါ်က လူထောင်ကျော်စလုံး အသတ်ခံလိုက်ရပြီ။ သူတို့ရဲ့ အလောင်းတွေကို ပင်လယ်မိစ္ဆာတွေက ကိုက်ဖြတ်ထားတယ်။ ငါ့အဘိုးနဲ့ စစ်သူကြီးလုတို့က ပျောက်နေတယ်”
“ဒါက...”
ကျန်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်းတို့၏ မျက်လုံးများ နီရဲသွားသည်။ ကျန်းယွင်ဟိုင်က ကျန်းရီ၏ အဘိုးဖြစ်သဖြင့် သူတို့၏ အဘိုးလည်းဖြစ်သည်။ ယခုတွင် သူက ပျောက်နေသည်လော။ သူက မိစ္ဆာသားရဲတစ်ကောင်၏ အစားကို ခံလိုက်ရခြင်းလော သို့မဟုတ် ဖမ်းခေါ်သွားခံရခြင်းလောကို မည်သူ သိမည်နည်း။
ကျန်းရီသည် အကြိမ်အနည်းငယ် ထပ်မံထောက်လှမ်းပြီးနောက် ကျန်းယွင်ဟိုင်၏ အလောင်းက အလောင်များကြားတွင် မရှိကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူ ကောင်းကင်ကြယ်တာရာနယ်မြေဆီသို့ ချက်ချင်း ကောင်းကင်နားလည်သိမြင်ခြင်းကို ပို့လွှတ်လိုက်သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်မှနေ၍ အားကောင်းသော သတ်ဖြတ်အရှိန်အဝါ ထွက်လာလေသည်။ ထိုအရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် အဝေးရှိ ဖုန်းလန်နှင့် အခြားသူများအပါအဝင် ချမ်ဝမ်ကွမ်းတို့အားလုံး တုန်လှုပ်ကြောက်ရွံ့သွားကြသည်။
“လခွမ်းပဲ...”
ကျန်းရီက မျက်လုံးပြန်ဖွင့်၍ ဒေါသတကြီး ဆဲဆိုလိုက်သည်။ သူ၏မျက်နှာကလည်း နီရဲလာသည်။ ထို့နောက် သူသည် သူ့အရှေ့ရှိ ဓားပွဲကို အမှုန့်ဖြစ်သွားအောင် ထုချလိုက်သည်။ စားပွဲအောက်မှ ကြမ်းပြင်ကလည်း ပျက်စီးသွားပြီး အဆောက်အအုံအတွင်းသို့ ရေများ ဝင်လာသည်။
“ခေါင်းဆောင်... အခြေအနေက ဘယ်လိုလဲ”
ချမ်ဝမ်ကွမ်းက တစ်ကိုယ်လုံး တုန်ယင်နေပြီး အလွန်စိုးရိမ်နေလေသည်။
ကျန်းရီက မည်သို့မှ ပြန်မပြောဘဲ မျက်လုံးများ ပြန်မှိတ်လိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ကောင်းကင်ရှောင်တိမ်းခြင်း သုံးစေကာ အရှေ့သို့ ဆက်သွားလိုက်သည်။ တစ်နာရီအတွင်းမှာပင် ဆန်းကြယ်နတ်ဘုရားနန်းတော်က အာကာပြင်အက်ကြောင်းအတွင်းမှ ပြန်ထွက်လာသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ ထို့နောက် သူ ချက်ချင်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“အားလုံး အပြင်ကိုထွက်ပြီး အပြင်က မျိုးမစစ်တွေအကုန်လုံးကို သတ်ပစ်လိုက်”
ရွှီး...
ဆန်းကြယ်နတ်ဘုရားနန်းတော်၏ တံခါးမကြီးက ပွင့်သွား၏။ ချမ်ဝမ်ကွမ်းသည် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းသမားတစ်ထောင်ကို ခေါ်၍ အပြင်သို့ ပျံထွက်သွားလိုက်သည်။ ကျန်းရီ၊ ဖုန်းလန်နှင့် အခြားသူများကလည်း အပြင်သို့ ထွက်လိုက်ကြသည်။ ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သိမ်းလိုက်ပြီး အော်ပြောလိုက်သည်။
“အားလုံး လူခွဲပြီး မိစ္ဆာသားရဲတွေကို ရှင်းပစ်ကြ”
“လခွမ်းပဲ... ငါ မင်းတို့ အကုန်လုံးကို သတ်ပစ်မယ်”
ချမ်ဝမ်ကွမ်းသည် ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် အလွန်ဒေါသထွက်သွားကာ အော်ပြောလိုက်သည်။ ကျန်ဝူရွှမ်းကလည်း အရိပ်နက်တစ်ခုအလား လျင်မြန်စွာ ပျံသန်း၍ တိုက်ခိုက်လိုက်သည်။ ယွင်ဖေးသည်လည်း အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုကို ထုတ်၍ အရှေ့သို့ ပျံသန်းသွားသည်။ သူမ၏ မျက်ဝန်းများက အနီရောင်အလင်း လက်နေပေသည်။
အောက်ဘက်မြေပြင်က ငရဲကဲ့သို့ ဖြစ်နေသည်။ ထိုဒေသမှာ ကောင်းကင်ကြယ်တာရာနယ်မြေ၏ အရှေ့မြောက်ဘက်ရှိ မြောက်ဘက်မန့်နိုင်ငံ၏ ပိုင်နက်ဖြစ်သည်။ ထိုနေရာတွင် မြို့ကြီးတစ်မြို့ပင် ရှိသည်။ ယခုတွင်မူ မြို့ထဲတွင် ပင်လယ်မိစ္ဆာများနှင့် ပြည့်နှက်နေပြီး မရေမတွက်နိုင်သော လူသားများက ထွက်ပြေးနေကြသည်။ သို့သော် သူတို့အားလုံးက သာမန်အရပ်သူအရပ်သားများဖြစ်၍ ပြန်တိုက်ခိုက်နိုင်သည့် အင်အား မရှိကြပေ။ သူတို့က မည်သည့် ပင်လယ်မိစ္ဆာများ၏လက်မှ လွတ်အောင် ပြေးနိုင်ပါမည်နည်း။
ဝုန်း...ဝုန်း...ဝုန်း...
ကောင်းကင်ဧကရာဇ် တစ်ထောင်က ကျန်းရီတို့နှင့်အတူ တိုက်ခိုက်လိုက်ကြသည်။ ပင်လယ်မိစ္ဆာအများစုက အဆင့်သုံး မိစ္ဆာများသာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က အရေအတွက်များသော်လည်း ကျန်းရီတို့သည် ၎င်းတို့ကို အလွယ်တကူ ရှင်းပစ်နိုင်လိုက်သည်။ ဆယ်မိနစ်အတွင်းမှာပင် မိစ္ဆာများအားလုံး အသတ်ခံလိုက်ရလေသည်။
“အားလုံးပဲ နားထောင်ကြပါ။ လူအယောက်တစ်ရာကို တစ်ဖွဲ့နှုန်းနဲ့ အဖွဲ့တွေခွဲပြီး မြောက်ဘက်၊ တောင်ဘက်နဲ့ အရှေ့ဘက်ကို သွားလိုက်ကြပါ။ နယ်မြေထဲမှာ တွေ့သမျှ ပင်လယ်မိစ္ဆာတွေအကုန်လုံးကို သတ်ပစ်ကြပါ”
ကျန်းရီသည် ပင်လယ်မိစ္ဆာများကို သတ်ဖြတ်ပြီးနောက် အတန်ငယ် စိတ်ပြန်တည်ငြိမ်လာ၍ အပြစ်သားကျွန်းမှ သိုင်းသမားများကို လူစုခွဲ၍ နယ်မြေထဲရှိ ပင်လယ်မိစ္ဆာများကို သတ်ပစ်ရန် အမိန့်ပေးလိုက်သည်။ သူကိုယ်တိုင်လည်း လူတစ်စုကို ဦးဆောင်၍ အနောက်ဘက်သို့ ပျံသန်းသွားလိုက်သည်။ လျင်မြန်စွာပင် သူ အခြားမြို့တစ်မြို့သို့ ရောက်သွားသည်။ သူ၏ လက်ဝါးရိုက်ချက်တစ်ချက်နှင့်ပင် မြို့၏ အကာအရံက ပျက်စီးသွားသည်။ ထို့နောက် သူ မြို့ထဲသို့ လျင်မြန်စွာ ဝင်ကာ အော်ပြောလိုက်သည်။
“ဒီမှာ ဘယ်သူက ခေါင်းဆောင်လဲ။ ထွက်လာခဲ့”
ဝှစ်...ဝှစ်...ဝှစ်...
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့် သိုင်းသမားများစွာသည် မြို့အကာအရံ အဖျက်ဆီးခံလိုက်ရသည်နှင့် ပျံထွက်လာကြ၏။ သို့သော် သူတို့သည် ကျန်းရီနှင့် သူ့အဖော်များ၏ ကြောက်မက်ဖွယ်အရှိန်အဝါများကို အာရုံခံမိလိုက်သောအခါ အလွန်ကြောက်ရွံ့သွားကြသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အထွတ်အထိပ်အဆင့်ရှိသော စစ်သူကြီးတစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် ပျံသန်းလာပြီး ကျန်းရီကို ကြည့်လိုက်သည်။ ထို့နောက် သူ အလွန်တုန်လှုပ်သွားကာ ပြောလိုက်လေသည်။
“အ... အရှင်က ကိုယ်စားအုပ်ချုပ်သူအရှင်ကျန်းရီပါလား”
“ကိုယ်စားအုပ်ချုပ်သူအရှင်”
တစ်မြို့လုံ အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ လူများစွာက ကျန်းရီကို သေသေချာချာ စိုက်ကြည့်လိုက်ကြ၏။ ရုတ်ခြည်းအတွင်းမှာပင် သူတို့အားလုံး မြေပေါ်တွင် ဒူးထောက်ချလိုက်ကာ လေးလေးစားစား နှုတ်ဆက်လိုက်ကြလေသည်။
“ကိုယ်စားအုပ်ချုပ်သူအရှင် ပြန်လာပြီ... ကိုယ်စားအုပ်ချုပ်သူအရှင် ပြန်လာပြီ။ အခု နယ်မြေအတွက် မျှော်လင့်ချက်ရှိလာပြီ”
ကျန်းရီ၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းနာကျင်သော အရိပ်အယောင်များ ပေါ်ထွက်လာ၏။ သို့သော် သူ ချက်ချင်း စိတ်ပြန်တင်းလိုက်ပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အထွတ်အထိပ်အဆင့် စစ်သူကြီးကို ကြည့်ကာ မေးလိုက်သည်။
“ဘာတွေ ဖြစ်ခဲ့တာလဲ။ ဘာလို့ နယ်မြေရဲ့ တစ်ဝက်လောက်က ရန်သူတွေလက်ထဲကို ရောက်နေရတာလဲ။ ယွင်ချန်းထျန်းနဲ့ ငွေပန်းပွင့်အဘွားအိုက ဘယ်မှာလဲ။ ရွှေယို့လန်ကရော။ ချမ်မျိုးနွယ်နဲ့ ကျန်မျိုးနွယ်က မျိုးနွယ်ခေါင်းဆောင်တွေလည်း ဘယ်ကို ရောက်နေကြတာလဲ”
“ကျွန်တော်လည်း မသိပါဘူး”
စစ်သူကြီးက ဝမ်းနည်းနေသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ တစ်လကျော်လောက်က သားရဲဒီရေ တက်ခဲ့တယ်။ အဲ့တစ်ခေါက် ဒီရေက အရင်အခေါက်တွေကထက် အဆအများကြီး ပိုပြင်းထန်ခဲ့တယ်။ အရှေ့ဘက် ခံစစ်လိုင်းက ချက်ချင်းပဲ ကျိုးပျက်သွားခဲ့တယ်။ တိုက်ပွဲမှာ တပ်သားတစ်သန်း သေသွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အရှင်အင်ပါယာ၊ ငွေပန်းပွင့်အင်ပါယာရဲ့ မဟာစစ်သေနာပတိချုပ်၊ ဆရာသခင်ချမ်၊ စစ်သူကြီးကျန်၊ စစ်သူကြီးရမ်ထူ၊ ကျောင်းအုပ်ချီနဲ့ တခြားသူတွေအကုန်လုံး ပျောက်သွားကြတယ်။ အိမ်ရှေ့စံ ယွင်ရှန်းလည်း ပျောက်သွားပါတယ်။ ပင်လယ်မိစ္ဆာတွေက အဆက်မပြတ် ကျူးကျော်တိုက်ခိုက်လာတော့ နယ်မြေတစ်ခုလုံး ပရမ်းပတာ ဖြစ်ခဲ့ရပါတယ်။ ဒီနေရာတစ်ဝိုက်က မြို့ဒါဇင်နည်းနည်းလောက်ပဲ မကျရှုံးသေးတာပါ။ တခြားနေရာတွေက လူတွေအကုန်လုံးကတော့ သေသွားကြပါပြီ”
ဝုန်း...
ယွင်ဖေးတစ်ယောက် အမြင်ဝေဝါးကာ မူးလဲသွားလေသည်။ ကျန်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်းတို့ကလည်း ထိုအကြောင်းကို ကြားလိုက်သောအခါ မူးလဲမလိုပင် ဖြစ်သွားသည်။ ကောင်းကင်ကြယ်တာရာနယ်မြေရှိ သန်းရာချီသော လူများက ပင်လယ်မိစ္ဆာများ၏အစာ ဖြစ်သွားပေပြီ။ ချမ်ကွေ့၊ ကျန်ရီမင်နှင့် အခြားသူများကလည်း ပျောက်ဆုံးသွားသည်။ အကယ်၍ ကျန်းရီတို့သာ ရက်အနည်းငယ် နောက်ကျ၍ ရောက်လာပါက ကောင်းကင်ကြယ်တာရာနယ်မြေတွင် အသက်ရှင်ကျန်ရစ်သူပင် ရှိလောက်တော့မည် မဟုတ်ချေ။ ထိုကဲ့သို့သော အဖြစ်ဆိုးကို ကြားလိုက်ရလျှင် မည်သူမှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
***