ယုတ်မာရူးသွပ်သော
Vol. 83 Ch. 1148
“အား...အား...အား...”
ကျန်းရီသည်လည်း အလွန်ရင်နာစွာဖြင့် အော်ဟစ်လိုက်၏။ သူ့အသံက တစ်မြို့လုံးကို တုန်ခါသွားစေသည်။ သူ့ကိုယ်မှ ထွက်လာသော သတ်ဖြတ်အရှိန်အဝါကလည်း တိမ်များကိုပင် ထွင်းဖောက်သွားနိုင်သည်။ သူ့မျက်လုံးများကလည်း နီရဲနေသည်။ သူ ဒေါသပေါက်ကွဲတော့ပေမည်။
သားရဲဒီရေမှာ နှစ်ရာဂဏန်းအနည်းငယ်လျှင် တစ်ကြိမ် ဖြစ်ပွားသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ ဤတစ်ခေါက်တွင်မူ နှစ်အနည်းငယ်အတွင်းမှာပင် ထပ်မံ ဖြစ်ပွားခဲ့သည်။ ထို့ပြင် လူများစွာလည်း ပျောက်ဆုံးသွားခဲ့သည်။ သို့ဖြစ်ရာ ထိုအဖြစ်အပျက်နောက်ကွယ်တွင် ကြိုးကိုင်နေသည့်သူ မရှိဟု ကျန်းရီ မယုံပေ။
ကျန်းရီ ကောင်းကင်ကြယ်တာရာနယ်မြေမှ ထွက်လာခဲ့စဉ်က သိုင်းခန်းမသို့ ကောင်းကင်ဧကရာဇ် သိုင်းသမားနှစ်ယောက် ရောက်လာခဲ့သည်။ သို့သော် သူတို့သည် မည်သို့မှ မလုပ်ခဲ့ဘဲ ပြန်ထွက်သွားခဲ့သည်။ ထိုကတည်းက ကောင်းကင်ကြယ်တာရာနယ်မြေက အေးချမ်းနေခဲ့သည်။ ချမ်ဝမ်ကွမ်းကလည်း နယ်မြေတွင် ဖြစ်ပျက်နေသည်များကို အမြဲ စောင့်ကြည့်နေခဲ့သည်။ ထို့ကြောင့် ဤတစ်ခေါက်ကိစ္စက သာမန်မဟုတ်ကြောင်း ထင်ရှားပေသည်။ ထိုကိစ္စ၏နောက်ကွယ်မှ လူက ကျန်းရီကို ပစ်မှတ်ထားနေခြင်းပင်။ သို့သော် သန်းရာချီသော လူများက ကြားညပ်ခဲ့ရသည်။ ကောင်းကင်ကြယ်တာရာနယ်မြေတွင် လူမျိုးတုံးလုနီးပါး ဖြစ်ခဲ့သည်။
သန်းရာချီ...
အပြစ်ကင်းသော အရပ်သူ၊ အရပ်သား သန်းရာချီသည် ပင်လယ်မိစ္ဆာများ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ထိုရက်စက်မှုက လူမဆန်ပေ။ ဤတစ်ခေါက်ကိစ္စ၏ နောက်ကွယ်မှ ကြိုးကိုင်သူကိုသာ သိရလျှင် ထိုကြိုးကိုင်သူ၏ မျိုးနွယ်သည် နယ်မြေတစ်ခုလုံး၏ ဘုံရန်သူ ဖြစ်လာမည်ဖြစ်သည်။
ဤလောကကြီးက အလွန်ရက်စက်သည်။ လူသာများက အမြဲလိုပင် အချင်းချင်း တိုက်ခိုက်နေကြသည်။ မျိုးနွယ်များ ရှင်းပစ်ခံရခြင်းမှာလည်း သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေသည်။ သို့သော် လက်စားချေလိုခြင်းအတွက်ကြောင့် အပြစ်မဲ့သော လူသန်းပေါင်းများစွာကို သတ်ပစ်လျှင်မူ ထိုတရားခံက ယုတ်မာရူးသွပ်နေခြင်းသာ ဖြစ်ပေမည်။
‘စိတ်လျှော့...စိတ်လျှော့...’
ကျန်းရီသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်သွားအောင် လုပ်လိုက်၏။ ယခုတွင် သူက ကောင်းကင်ကြယ်တာရာနယ်မြေရှိ လူအားလုံး၏ ထောက်တိုင် ဖြစ်နေပေပြီ။ သူသည် ခံစားနေရသော အမုန်းတရားနှင့် ဒေါသကို မျိုသိပ်ကာ အရင်ဆုံး လုပ်စရာရှိသည်များကို လုပ်ရပေမည်။ အသက်ရှင်နေသေးသော လူများကို ကယ်တင်ပြီးမှ ထိုကိစ္စကို ကြိုးကိုင်သူအား ရှာ၍ လက်စားချေရပေမည်။
“အစ်ကိုဝူရွှမ်း... အစ်ကိုက ကျန်နေသေးတဲ့ တပ်သားတွေကို ဦးဆောင်ပြီး အသက်ရှင်နေသေးတဲ့ လူသားတွေကို ချက်ချင်း စုစည်းလိုက်ပါ။ အစ်ကိုရီရှောင်က အစ်ကိုဝူရွှမ်းကို ကူပေးလိုက်ပါ။ ဝမ်ကွမ်းနဲ့ အစ်ကိုထောင်ထျန်းတို့က အသင့်စောင့်နေပါ... ကျွန်တော် အခြေအနေကို ပိုသိရအောင် စုံစမ်းလိုက်ဦးမယ်”
ကျန်းရီသည် အသက်ပြင်းပြင်းရှူလိုက်ပြီး အောက်ဘက်သို့ ပျံဆင်းကာ မြို့ရိုးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ ထို့နောက် သူ မျက်လုံးမှိတ်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်လိုက်သည်။ သေပြီးသူများကို အသက်ပြန်မသွင်းနိုင်သော်လည်း မသေသေးသူများကို မသေရအောင် ကယ်တင်နိုင်သည်။ ကယ်၍ရဦးမည့် လူများ ရှိနေလျှင် သူ ထိုလူများကို အရင်ကယ်မည်ဖြစ်သည်။
“ဝမ်ကွမ်း... မြောက်ဘက် ကီလိုမီတာတစ်ရာ့ငါးဆယ်အကွာမှာ ပင်လယ်မိစ္ဆာတွေ တိုက်ခိုက်တာကို ခံနေရတဲ့ မြို့တစ်မြို့ရှိတယ်။ မင်းရဲ့လူတွေဆီ သတင်းပို့ပြီး အဲ့မြို့ကလူတွေကို ကယ်ခိုင်းလိုက်”
“အစ်ကိုထောင်ထျန်း.. ဒီကနေ အရှေ့တောင်ဘက် ကီလိုမီတာသုံးရာအကွာက တောင်ကြားလေးတစ်ခုမှာ လူထောင်ကျော် ပုန်းနေတယ်။ လူတွေခေါ်ပြီး သူတို့ကို သွားကယ်ပေးပါ”
“ဝမ်ကွမ်း... ဒီဘက်ကို မိစ္ဆာတွေ ထပ်လာနေတယ်။ လူတွေစေလွှတ်ပြီး အဲ့မိစ္ဆာတွေကို ရှင်းခိုင်းလိုက်ပါ”
“ပဉ္စမအကြီးအကဲ... အနောက်ဘက် ပင်လယ်ပြင်ကနေ နယ်မြေပေါ်ကို တက်ဖို့ ကြိုးစားနေတဲ့ ပင်လယ်မိစ္ဆာတွေ ရှိနေတယ်။ အကြီးအကဲ အဲ့မိစ္ဆာတွေကို ရှင်းပေးနိုင်မလား...”
ကျန်းရီသည် အဆက်မပြတ် အမိန့်ပေးညွှန်ကြားနေ၏။ အန္တရာယ်ရှိနေသော နေရာများစွာ ရှိနေသည်။ ထို့ပြင် လူသားများကလည်း အချို့နေရာများတွင် ပုန်းအောင်းနေကြသည်။ ပုန်းအောင်းနေသော လူသားအရေအတွက်က များသည်ဟု မဆိုသာသော်လည်း သောင်းဂဏန်းတော့ ရှိပေသည်။
ကျန်ဝူရွှမ်းကလည်း အမိန့်များ ပေးနေသည်။ သူက ကျန်ရီမင်၏ သားဖြစ်ပြီး စစ်တပ်ကို ဦးဆောင်ခဲ့ရသူဖြစ်သည်။ ထို့ပြင် သူက နတ်ဘုရားတစ်ပိုင်းအဆင့်ကိုလည်း ရောက်နေပြီဖြစ်သည်။ ကျန်းရီက မြို့ရိုးထက်မှ အမိန့်ပေးညွှန်ကြားနေစဉ်တွင် သူက ကျန်နေသေးသော တပ်သားများကို အခက်အခဲမရှိ ထိန်းချုပ်ထားနိုင်ပေသည်။ အနီးရှိ မြို့များမှ တပ်သားအားလုံးသည် ကျန်ဝူရွှမ်း၏ ဦးဆောင်မှုအောက်တွင် ခြေဦးတည့်ရာ ထွက်ပြေးနေသော အရပ်သူအရပ်သားများကို ပင်လယ်မိစ္ဆာများ၏ လက်ထဲသို့ မရောက်သွားစေရန် စနစ်တကျ စုစည်းနေကြသည်။
ချမ်ဝမ်ကွမ်း ခေါ်လာခဲ့သော ကောင်းကင်ဧကရာဇ်တစ်ထောင်ကလည်း အလွန်ဒေါသထွက်နေကြသည်။ သူတို့သည် အယောက်တစ်ရာလျှင် အဖွဲ့တစ်ဖွဲ့စီ ခွဲ၍ ချမ်ဝမ်ကွမ်း၏ ညွှန်ကြားချက်များအတိုင်း အရပ်မျက်နှာအနှံ့သို့သွား၍ မြို့များကို ကယ်တင်နေကြသည်။ သို့ဖြင့် နေ့တစ်ဝက်အတွင်းမှာပင် အခြေအနေက တည်ငြိမ်လာလေသည်။
ကောင်းကင်ကြယ်တာရာနယ်မြေတွင် ပင်လယ်မိစ္ဆာများ မရေမတွက်နိုင်အောင် ရှိနေသည်။ သို့သော် ထိုပင်လယ်မိစ္ဆာများက အသိစိတ်မရှိတော့သဖြင့် စုစည်းမှုမရှိဘဲ ဟိုတစ်စု၊ ဒီတစ်စုဖြင့် မြင်မြင်ရာလူသားများကိုသာ သတ်ဖြတ်နေကြခြင်းဖြစ်သည်။ ၎င်းတို့သာ အသိစိတ် ရှိနေလျှင် နယ်မြေပေါ်ရှိ လူသားများ မျိုးတုံးသွားသည်မှာ ကြာလောက်ပြီဖြစ်သည်။
ထို့ပြင် ထိုပင်လယ်မိစ္ဆာများက အင်အားသိပ်မကြီးကြပေ။ ၎င်းတို့ထဲတွင် မိစ္ဆာအရှင် တစ်ဒါဇင်လောက်သာ ပါသည်။ ကျန်မိစ္ဆာအများစုမှာမူ မိစ္ဆာဘုရင်အဆင့်သာ ရှိကြသည်။ ချမ်ဝမ်ကွမ်း ခေါ်လာခဲ့သော ကောင်းကင်ဧကရာဇ်များမှာ အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီးသူများသာဖြစ်သည်။ ထို့ကြောင့် သူတို့သည် ပင်လယ်မိစ္ဆာများကို အခက်အခဲများစွာမရှိဘဲ သတ်ပစ်နိုင်နေကြသည်။
‘ငါ သူတို့ကို ရှာမတွေ့ဘူး...’
ကျန်းရီသည် နေ့ဝက်ကြာ ရှာပြီးနောက် စိတ်ဓာတ်ကျလာသည်။ ပျောက်ဆုံးနေသော ကျန်းယွင်ဟိုင်၊ ရွှေယို့လန်၊ ယင်ချန်းထျန်း၊ ကျန်းရမ်ထူ၊ ငွေပန်းပွင့်အဘွားအိုနှင့် အခြားသူများကို မည်သည့်နေရာတွင်မှ ရှာမတွေ့ပေ။ ကျန်းရီသည် နယ်မြေတစ်ခွင်လုံးကို အကြိမ်များစွာ ရှာခဲ့ပြီး လျှို့ဝှက်နေရာများကိုလည်း ရှာခဲ့သည်။ သို့သော် တစ်ယောက်ကိုမှ ရှာမတွေ့ခဲ့ပေ။
ကျန်းရီသည် ပုန်းအောင်းနေသော ကျန်မျိုးနွယ်ဝင်အချို့နှင့် ချမ်မျိုးနွယ်ဝင်အချို့ကိုသာ ရှာတွေ့ခဲ့သည်။ ထိုမျိုးနွယ်ဝင်များက မျိုးနွယ်နှစ်ခု၏ အနာဂတ် ဖြစ်နေပေပြီ။ ထို့ပြင် ကျန်းရီသည် ကျန်းမျိုးနွယ်ဝင် အချို့ကိုလည်း ရှာတွေ့ခဲ့သည်။ ထိုသူများကြားတွင် ကျန်းရိလျှိုလည်း ရှိနေပေသည်။
ထိုသူများက နယ်မြေ၏ အနောက်ဘက်ရှိ ပင်လယ်ကျွန်းတစ်ခုပေါ်တွင် ပုန်းအောင်းနေခြင်းပင်။ ထိုပင်လယ်ကျွန်းတွင် ခိုင်မာသော အကာအရံများ ရှိသည်။ ပင်လယ်မိစ္ဆာများသာ တိုက်ခိုက်မနေလျှင် အကာအရံများက နိုးထလာမည် မဟုတ်ပေ။ ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းသည်ပင် ထိုအကာအရံများကို အစောက အာရုံမခံမိခဲ့ချေ။
“အစ်ကိုထောင်ထျန်း... ဒီကနေ အနောက်မြောက်ဘက် ကီလိုမီတာတစ်ရာ့ငါးဆယ်အကွာက ပင်လယ်ထဲမှာ ပင်လယ်ကျွန်းကြီးတစ်ကျွန်းရှိတယ်။ အခု အဲ့ပင်လယ်ကျွန်းကို ပင်လယ်မိစ္ဆာတွေ တိုက်ခိုက်နေကြတယ်။ အစ်ကို အဲ့ကိုသွားပြီး ကျွန်းပေါ်မှာ ပုန်းနေတဲ့လူတွေကို ဒီကို ပြန်ခေါ်လာပေးလို့ရမလား။ တကယ်လို့ သူတို့က အစ်ကို့နောက်ကို မလိုက်ရဲ ဖြစ်နေရင် ကျန်းရီ ပြန်လာပြီလို့သာ ပြောလိုက်ပါ”
ကျန်းပိုင်လီက ကျန်းရီ၏ ခွင့်လွှတ်မှုကို ရရန် အသေခံသွားခဲ့သည်။ ထို့ပြင် ကျန်းရီသည် အင်အားကြီးနေပြီဖြစ်၍ ကျန်းရိလျှိုကို အမှုထားနေစရာမလိုတော့ပေ။ ကျန်းရီ၏ ကိုယ်ထဲတွင် ကျန်းမျိုးနွယ်သွေးများ စီးဆင်းနေသည် မဟုတ်ပါလား။ သူသည် ကျန်းမျိုးနွယ်ဝင်များကို သူတတ်နိုင်သလောက် စောင့်ရှောက်ပေးမည်ဖြစ်သည်။
ဟွမ်ဖူထောင်ထျန်းက ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားနှစ်ယောက်ကို ခေါ်၍ လျင်မြန်စွာ ပျံသန်းသွားလိုက်လေသည်။
ကျန်းရီသည် တစ်နာရီမျှ အနားယူလိုက်ပြီးနောက် နယ်မြေကို ဆက်၍ အာရုံခံလိုက်သည်။ ကျန်းယွင်ဟိုင်တို့က မည်သည့်နေရာတွင်မှ ရှိမနေကြောင်း အတည်ပြုပြီးသောအခါ သူ စိတ်ပျက်စွာဖြင့် မျက်လုံးဖွင့်လိုက်ပြီး ကျန်ဝူရွှမ်းကို ကြည့်၍ ပြောလိုက်သည်။
“အစ်ကိုရော သဲလွန်စတစ်ခုခု တွေ့ထားသေးလား”
ကျန်ဝူရွှမ်းက စိတ်ဓာတ်ကျနေသည့်ဟန်ဖြင့် ခေါင်းခါကာ ပြောလိုက်သည်။
“ငါ လိုက်မေးပြီးပြီ။ ဒါပေမဲ့ အဲ့ အဆင့်နိမ့် စစ်သူကြီးတွေနဲ့ တပ်သားတွေက ဘာမှ မသိကြဘူး။ ကျန်မျိုးနွယ်ဝင်တွေနဲ့ ချမ်မျိုးနွယ်ဝင်တွေ ရောက်လာမှ သူ့တို့ကို မေးကြည့်ကြတာပေါ့။ ပြီးတော့ လူတစ်ယောက်က သတင်းလှမ်းပို့တယ်.... သူတို့ ယွင်မျိုးနွယ်က အကြီးအကဲတချို့ကို ရှာတွေ့ထားတယ်တဲ့။ အခြေအနေတွေ ဆိုးလာတဲ့အချိန်မှာ သူတို့က ကောင်းကင်ကြယ်တာရာမြို့ထဲမှာ ရှိနေခဲ့တာ။ ငါတို့ သူတို့ကို မေးကြည့်ရင် ပိုသိရလောက်တယ်။ အို့...ဟုတ်တယ်.. လောရွှယ်ရဲ့ တော်ဝင်ဦးရီးတော်နှစ်ယောက်လည်း အသက်ရှင်နေသေးတယ်။ အခု သူတို့ကို ဒီကို ခေါ်လာနေပြီ”
ကျန်းရီက ခပ်လေးလေး ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ ကောင်းကင်နားလည်သိမြင်ခြင်းကို အချိန်ကြာမြင့်စွာ ထုတ်လွှတ်ရခြင်းက သူ၏ စိတ်စွမ်းအားကို ကုန်ဆုံးစေသည်။ ထို့ပြင် နယ်မြေပေါ်ရှိ အခြေအနေများကလည်း သူ့ကို စိတ်ထိခိုက်စေခဲ့သည်။ သူသာ အားလုံးအတွက်ဟူ၍ စိတ်မတင်းထားလျှင် ယခုတွင် ပြိုလဲသွားလောက်ပြီဖြစ်သည်။
လူများစွာက လမ်းတွင်ပင် ရှိသေးသည်။ ထိုကိစ္စကို လော၍မဖြစ်ပေ။ ကျန်းရီသည် ကျန်ဝူရွှမ်းကို ခေါ်၍ မြို့ရိုးအောက်သို့ ဆင်းသွားလိုက်သည်။ ယွင်ဖေးနှင့် စုလောရွှယ်တို့က မြို့အရှင်စံအိမ်ထဲတွင် နေနေကြသည်။ ယွင်ဖေးက သတိပြန်လည်လာပြီဖြစ်သော်လည်း ကျန်ဝူတိကို ဖက်ကာ အဆက်မပြတ် ငိုကြွေးနေလေသည်။
ကျန်းရီ ကောင်းကင်ကြယ်တာရာနယ်မြေမှ ထွက်သွားသောအခါ ယွင်ချန်းထျန်းက နယ်မြေ၏ အင်ပါယာ ဖြစ်လာခဲ့ပြီး ကောင်းကင်ကြယ်တာရာမြို့ကို မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ယင်မျိုးနွယ်ဝင်များအားလုံးက ကောင်းကင်ကြယ်တာရာမြို့တော်သို့ ပြောင်းရွှေ့ခဲ့ကြသည်။
ယခုတွင်မူ ကောင်းကင်ကြယ်တာရာမြို့တော်က ပျက်စီးနေပြီး မြို့ထဲတွင် သက်ရှိတစ်ယောက်မှ မကျန်တော့ပေ။ ယွင်ချန်းထျန်းနှင့် ယွင်ရှန်းတို့က ပျောက်ဆုံးနေသဖြင့် အခြားသူများက ထွက်မပြေးနိုင်ခဲ့ချေ။ သူတို့အားလုံး ကောင်းကင်ကြယ်တာရာမြို့တော်ထဲတွင် သေဆုံးခဲ့ပေပြီ။ ထို့ကြောင့် ယွင်မျိုးနွယ်က ပျက်သုဉ်းသွားပြီဟု ဆိုနိုင်ပေသည်။
ကျန်မျိုးနွယ်နှင့် ချမ်မျိုးနွယ်၏ အခြေအနေကလည်း မထူးမခြားနားပေ။ ကျန်းရီ ရှာတွေ့ခဲ့သော မျိုးနွယ်ဝင်အချို့မှာ အရေအတွက်ရာကျော်သာရှိသည်။ ထိုသူများအားလုံးကလည်း အလွန်ငယ်ရွယ်သော လူငယ်များသာဖြစ်သည်။ ကျန်မျိုးနွယ်ဝင်အားလုံးမှာမူ သေဆုံးသွားခဲ့ပေပြီ။ ချမ်ကွေ့နှင့် ကျန်ရီမင်တို့ကလည်း ပျောက်ဆုံးနေသည်။ သူတို့ သေသည်၊ ရှင်သည်ကို မည်သူကမှ မသိပေ။ ဝိညာဉ်သားရဲကျောင်းတော်ထဲတွင်လည်း အလောင်းများ ပြည့်နှက်နေသည်။ သောင်းချီသော ကျောင်းသား၊ ကျောင်းသူများက ပင်လယ်မိစ္ဆာများ၏ အစာများ ဖြစ်သွားပေပြီ။ ကောင်းကင်တောင်ပံမြို့မှာလည်း တူညီသော ကံကြမ္မာကို တွေ့ကြုံခဲ့ရသည်။ မြို့ထဲတွင် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ပင် မရှိတော့ချေ။
စုလောရွှယ်က မှတ်ဉာဏ်ပျောက်ဆုံးနေသဖြင့် ယွင်ဖေးကိုသာ အူလည်လည်ဖြင့် အဖော်ပြုပေးနေသည်။ စစ်ထူရီနန်ကလည်း မျက်နှာပျက်နေသည်။ ထိုအခိုက်တွင် ချမ်ဝမ်ကွမ်းတစ်ယောက် မည်သို့ ခံစားနေရမည်ကိုလည်း ကျန်းရီ တွေးကြည့်နိုင်ပေသည်။ ထို့ကြောင့် မြို့အရှင်စံအိမ်တစ်ခုလုံးတွင် ဝမ်းနည်းပူဆွေးသော အငွေ့အသက်များ ပြည့်နှက်နေလေသည်။ ကျန်းရီသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်စိတ်မကောင်းဖြစ်သွားသည်။ သူ မျက်ရည်မကျမိစေရန် ခေါင်းမော့လိုက်ရသည်။ သူ့မျက်ဝန်းများက နီရဲနေပေသည်။ သူသည် ထိုကိစ္စနောက်ကွယ်မှ ကြိုးကိုင်သူကို ရှာ၍ ထိုကြိုးကိုင်သူ၏ မျိုးနွယ်ကို ဖျက်ဆီးပစ်ရန် မစောင့်နိုင်တော့ပေ။
“တင်ပြပါတယ်”
ထိုအခိုက်တွင် ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက် မြို့အရှင်စံအိမ်၏ ခြံဝန်းအတွင်းသို့ လျင်မြန်စွာ ပြေးဝင်လာပြီး တင်ပြလိုက်သည်။
“သခင်လေးကို တင်ပြပါတယ်။ သူ့ကိုယ်သူ ရွှေချမ်လော့လို့ ပြောနေတဲ့ မိန်းမတစ်ယောက်က သခင်လေးနဲ့ တွေ့ခွင့်တောင်းနေပါတယ်။ သူက သခင်လေးကို သိတယ်လို့ ပြောပါတယ်”
“ရွှေချမ်လော့လား”
ကျန်းရီ၏ အတွေးထဲတွင် အလွန်လှပသော မျက်နှာလေးတစ်ခု ထွက်ပေါ်လာသည်။ ကျန်းရီ ချက်ချင်း သတိပြန်ကပ်လိုက်ပြီး ခပ်သွက်သွက် အော်ပြောလိုက်သည်။
“သူ့ကို အထဲကို မြန်မြန်ခေါ်ခဲ့”
***