← Chapters

ကြိုးကိုင်သူ

Vol. 83 Ch. 1149

ကြိုးကိုင်သူ

Vol. 83 Ch. 1149

ရွှေချမ်လော့က အလွန်လှပခဲ့သူဖြစ်သည်။ သူမ၏ အလှသည် သူမငယ်စဉ်ကတည်းက လောကတစ်ခွင်လုံးတွင် ကျော်ကြားခဲ့သည်။ သူမသည် ကောင်းကင်ကြယ်တာရာနယ်မြေ၏ နံပါတ်(၁)အလှပဂေးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သို့သော် ယခုတွင်မူ သူမက မလှပတော့သည့်အပြင် သူတောင်းစားတစ်ယောက်နှင့် တူနေပေသည်။

ရွှေချမ်လော့က စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏ဆံပင်ကလည်း ဖုန်မှုန့်များ၊ သွေးများနှင့် ပေကျံနေသည်။ သူမ၏ မျက်နှာကလည်း ညစ်ပတ်နေသည်။ သူမ ရေမချိုးရသည်မှာ လဝက်ခန့် ရှိခဲ့သည့်ပုံ ပေါ်လေသည်။ သူမ၏ အနံ့အသက်ကလည်း ဆိုးဝါးနေပေသည်။ ကျန်းရီကသာ သူမကို ကောင်းစွာသိမထားလျှင် ထိုအခိုက်တွင် သူမကို မှတ်မိနိုင်မည် မဟုတ်ချေ။

ရွှေချမ်လော့က ရှက်ရွံ့စွာဖြင့် လျှောက်ဝင်လာသည်။ သူမ၏ မျက်ဝန်းများထဲတွင်လည်း အကြောက်တရားနှင့် ပြည့်နှက်နေသည်။ သူမသည် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ခဲ့သော မိန်းမပျိုလေးတစ်ယောက်နှင့် တူနေပေသည်။ သူမသည် ပြီးခဲ့သော နှစ်များအတွင်း အရပ်ပိုရှည်လာခဲ့သည်။ သူမက စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူတောင်းစားတစ်ယောက်ကဲ့သို့ ညစ်ပတ်နေသော်လည်း သေချာကြည့်မည်ဆိုပါက သူမ၏ လှပသော ကိုယ်လုံးကိုယ်ပေါက်နှင့် ရုပ်ရည်ကို မြင်နိုင်ပေသေးသည်။

“ကျန်း...ကျန်းရီ၊ ရှင်က တကယ်ပဲ ကျန်းရီလား”

ရွှေချမ်လော့၏ မျက်ဝန်းများက ကျန်းရီကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေ၏။ ကျန်းရီက နဂါးညှိုးရော်မြက်ပင်ကို သုံးခဲ့၍ ပို၍ ခံ့ညားလာခြင်းပင်။ သူသည်လည်း ပြီးခဲ့သော နှစ်များအတွင် အရပ်ပိုရှည်လာခဲ့သည်။ ထို့ပြင် သူ၏အရှိန်အဝါကလည်း ပြောင်းလဲလာခဲ့သည်။ ထို့ကြောင့် ရွှေချမ်လော့သည် ကျန်းရီက ရင်းနှီးသည့်ပုံ ပေါ်နေသော်လည်း သူမမှတ်မိသော ကျန်းရီနှင့် ကွဲပြားနေ၍  အပြည့်အဝ မသေချာနိုင်ခြင်းဖြစ်သည်။

“ရွှေချမ်လော့... ကျွန်တော်က ကျန်းရီပါ”

ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်၏။ ဂုဏ်သရေရှိ သခင်မလေးတစ်ယောက်က ထိုသို့သော ပုံစံ ဖြစ်နေသည်။ သူမက သေချာပေါက် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပေလိမ့်မည်။ သူ ရွှေချမ်လော့အနားသို့ တိုးသွားလိုက်ပြီး မေးလိုက်သည်။

“ဘာတွေ ဖြစ်ခဲ့တာလဲ။ မျှော်စင်သခင်မရွှေရော ဘယ်မှာလဲ”

“ရှင်က တကယ်ပဲ ကျန်းရီလား”

ရွှေချမ်လော့က အတန်ငယ် သံသယဖြစ်နေဆဲပင်။ ကျန်းရီက ခေါင်းညိတ်၍ ‘ကျွန်တော်က ဝိညာဉ်သားရဲကျောင်းတော်မှာ ခင်ဗျားရဲ့ အနက်ရောင်ချီလင်းကို မီးမြှိုက်ခဲ့တယ်လေ’ဟု ပြောလိုက်မှ ရွှေချမ်လော့ ယုံကြည်သွားပြီး ကျန်းရီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ စတင်၍ ရှိုက်ကြီးတငင် ငိုကြွေးလိုက်လေတော့သည်။

“အာ...”

ကျန်းရီသည် သူ့ခါးကို တင်းကြပ်စွာဖက်၍ သူ့ရင်ခွင်ထဲတွင် ရှိုက်ကြီးတငင် ငိုကြွေးနေသော ရွှေချမ်လော့ကို ကြည့်၍ ခါးသီးစွာ မျက်လုံးမှိတ်လိုက်သည်။ သူမသည် ဖော်ပြ၍ပင် မရနိုင်သော အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရပြီး အမှန်ပင် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ခဲ့ရခြင်း ဖြစ်ပေမည်။

“ဝတ်ရုံနက်နဲလူတွေ... ဝတ်ရုံနက်နဲ့လူနှစ်ယောက်... သူတို့ရဲ့ စွမ်းအားတွေက မယုံနိုင်လောက်အောင်ပဲ။ သူတို့က အမေ့ကို ခေါ်သွားကြတယ်။ ကျွန်မက အကြီးအကဲနှစ်ယောက်နဲ့အတူ တည်နေရာပြောင်းရွှေ့ခဲ့တာ။ နောက်တော့ အဲ့အကြီးအကဲနှစ်ယောက်လည်း ကျွန်မကို ကာကွယ်ပေးဖို့ ကြိုးစားရင်း ပင်လယ်မိစ္ဆာတွေ သတ်တာကို ခံလိုက်ရတယ်။ ကျန်းရီ... သူတို့အတွက် ရှင် လက်စားချေပေးပါ။ ကျွန်မအမေကိုလည်း ကယ်ပေးပါ...”

ရွှေချမ်လော့သည် အတန်ကြာ ငိုပြီးနောက် ခေါင်းမော့၍ အံကြိတ်ကာ ပြောလိုက်သည်။ သူမသည် ကျန်းရီ၏ ခံစားချက်ကင်းမဲ့နေသော မျက်နှာကို တွေ့လိုက်ရသောအခါ ရုတ်တရက် ကျန်းရီအရှေ့တွင် ဒူးထောက်ချလိုက်သည်။

“ကျန်းရီ... အတိတ်တုန်းက ကျွန်မ ရှင့်အပေါ် မကောင်းတာတွေ အများကြီး လုပ်ခဲ့မိပါတယ်။ ကျွန်မ မှားခဲ့ပါတယ်။ ရှင်သာ ကျွန်မအမေကို ပြန်ခေါ်ပေးနိုင်မယ်ဆိုရင် ကျွန်က ရှင့်ရဲ့ အစေခံ ဒါမှမဟုတ် ကျွန် လုပ်ပါမယ်။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါ”

“ထပါ”

ကျန်းရီ၏ မျက်နှာက ခံစားချက်ကင်းမဲ့နေရခြင်းမှာ ‌သူ ရွှေချမ်လော့၏ စကားများကို အလေးအနက် တွေးတောနေခဲ့၍ဖြစ်သည်။ သူသည် သူမကို ချက်ချင်း ပြန်ရပ်ခိုင်းလိုက်ပြီး သူမ၏ ခေါင်းနှင့် မျက်နှာလေးကို ပွတ်သပ်ပေးကာ အားတင်းပြုံး၍ ပြောလိုက်သည်။

“အရူးမ‌လေး.... ကျွန်တော်က အတိတ်ကကိစ္စတွေကို မေ့နေပါပြီ။ အရင်တုန်းက မျှော်စင်သခင်မရွှေက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တာပဲ။ ကျွန်တော် သေချာပေါက် သူ့ကို ကယ်မှာပါ။ မစိုးရိမ်ပါနဲ့.. ကျွန်တော် ရှိနေရင် ဘယ်သူမှ ခင်ဗျားကို အန္တရာယ်မပြုနိုင်တော့ပါဘူး”

“အာ... ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”

ရွှေချမ်လော့သည် အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရ၍ ရင့်ကျက်လာပုံပေါ်သည်။ သူမက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်နှာထားကလည်း အတန်ငယ်ပြေလျော့သွားသည်။ ထို့နောက်တွင် သူမ သတိလစ်သွားလေ‌တော့သည်။

“ရီနျန်... ဒီကောင်မလေးကို ခေါ်သွားပြီး ကုသပေးလိုက်ပါ။ ယွင်ဖေး... မင်းလည်း ငိုမနေနဲ့တော့.. ဝူတိကြောက်နေပြီ။ ကဲ... အခု သွားကြတော့။ မင်းတို့အားလုံးအတွက် ငါ ဒီသွေးကြွေးကို လက်စားချေပေးမယ်လို့ ကတိပေးပါတယ်”

ကျန်းရီက ယွင်ဖေးကို လက်ဟန်ပြ၍ ပြောလိုက်သည်။ စုလောရွှယ်က ကျန်ဝူတိကိုခေါ်၍ ယွင်ဖေး၊ စစ်ထူရီနျန်တို့နှင့်အတူ ထွက်သွားလိုက်သည်။ အခန်းထဲတွင် ကျန်ဝူရွှမ်းနှင့် ကျန်းရီတို့သာ ကျန်ခဲ့ပေသည်။

“ဝတ်ရုံနက်နဲ့လူတွေ...”

ကျန်ဝူရွှမ်း၏ မျက်ဝန်းများ အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ ထို့နောက် သူ ဒေါသသံဖြင့် ပြောလိုက်လေသည်။

“ကျန်းရီ... ဒီကိစ္စရဲ့ နောက်ကွယ်မှာ တကယ်ပဲ ကြိုးကိုင်သူ ရှိနေတယ်။ သူက ငါတို့ကို ပစ်မှတ်ထားချင်တာ ဖြစ်ရမယ်”

“သူက အစ်ကိုတို့ကို ပစ်မှတ်ထားတာ မဟုတ်ပါဘူး”

ကျန်းရီသည် ရင်နာစွာဖြင့် မျက်လုံးမှိတ်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ချကာ သူ့ဆံပင်များကို ဆောင့်ဆွဲလိုက်သည်။ ထို့နောက် သူ အံကြိတ်ကာ ပြောလိုက်လေသည်။

“သူတို့က ကျွန်တော့်ကို ပစ်မှတ်ထားနေတာ။ ကျွန်‌တော့်ကြောင့် အစ်ကိုတို့အားလုံး ဒုက္ခရောက်ရတာ။ သန်းရာချီတဲ့လူတွေကလည်း ကျွန်တော့်ကြောင့် သေခဲ့ရတာ”

“မင်း အဲ့လိုပြောလို့ မရဘူးလေ။ အာ... အဲ့အကြောင်းကို မပြောဘဲနေကြရအောင်”

ကျန်ဝူရွှမ်းသည် ကျန်းရီ၏ နာကျင်နေသော မျက်နှာထားကို တွေ့လိုက်၍ သူ့အပေါ် ဖိအားထပ်မပေးလိုတော့ပေ။ ထိုစဉ် သူ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်၍ အေးစက်စက် မေးလိုက်သည်။

“ကျန်းရီ... နောက်ကွယ်က ကြိုးကိုင်နေတဲ့သူက ဝူမျိုးနွယ်များ ဖြစ်နေမလား”

“မသေချာဘူး”

ကျန်းရီက ခေါင်းခါကာ ပြောလိုက်သည်။

“ဝူမျိုးနွယ်၊ ရှီးမျိုးနွယ်၊ ထူမျိုးနွယ်... အဲ့မျိုးနွယ်တွေအကုန်လုံးက သံသယရှိစရာကောင်းတဲ့ မျိုးနွယ်တွေပဲ။ မျိုးနွယ်(၁၃)ခုထဲက လုမျိုးနွယ်နဲ့ လဲ့မျိုးနွယ်ကလည်း သံသယဖြစ်စရာကောင်းတယ်။ ကျွန်တော်တို့ရဲ့ ရန်သူတိုင်းက သံသယဖြစ်စရာကောင်းနေတယ်။ ဒါပေမဲ့ သူတို့ လူတွေအများကြီးကို ဖမ်းခေါ်သွားတာက ကျွန်တော့်ကို ခြိမ်းခြောက်ဖို့ပဲ။ အဲ့တော့ မကြာခင် ကြိုးကိုင်တဲ့သူက သူ့ဘာသာ လူလုံးထွက်ပြလာမှာပါ”

“အဲ့မျိုးမစစ်တွေက လူစိတ်မရှိတော့ဘူး”

ကျန်ဝူရွှမ်းက နံရံကို လက်သီးနှစ်ဘက်ဖြင့် ပြင်းထန်စွာ ထိုးလိုက်သည်။ သူက အတွင်းအား မသုံးခဲ့သော်လည်း နံရံတွင် အပေါက်တစ်ပေါက် ဖြစ်သွားသည်။ သူ သတ်ဖြတ်လိုသော အရှိန်အဝါဖြင့် ပြောလိုက်သည်။

“တရားခံကို ရှာတွေ့လို့ကတော့ ငါ သူ့ရဲ့တစ်မျိုးနွယ်လုံးကို ရှင်းပစ်မယ်”

ကျန်းရီသည် မည်သို့မှ မပြောဘဲ ဆက်၍ ဆောင့်ကြောင့်ထိုင်ကာ သူ့ဆံပင်များကို ဆွဲနေလိုက်သည်။ သူက သူ့ကိုယ်သူ အပြစ်တင်မိနေပေပြီ။ သူ မျက်လုံးပိတ်လိုက်တိုင်း သူ့အရှေ့တွင် သန်းရာချီသော အပြစ်မဲ့ဝိညာဉ်များ ထွက်ပေါ်လာသည်။ ထိုဝိညာဉ်များက သူ့ကို အပြစ်တင်သည့်ဟန်ဖြင့် ကြည့်နေကြပေသည်။

***

တစ်ညလုံး နေရာအနှံ့မှနေ၍ လူများ ရောက်ရှိလာကြသည်။ လူသောင်းချီကို ကယ်တင်နိုင်ခဲ့ပေပြီ။ ဒုတိယနေ့နံနက်ခင်းတွင် ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက်က ချမ်မျိုးနွယ်ဝင်များနှင့် ကျန်မျိုးနွယ်ဝင်များကို နတ်ဘုရားအသုံးအဆောင်တစ်ခုထဲ ထည့်ခေါ်လာခဲ့သည်။ ချမ်ဝမ်ကွမ်းလည်း ပြန်ရောက်လာသည်။

သို့သော် ထိုမျိုးနွယ်ဝင်များက မည်သည်ကိုမှ မသိပေ။ သူတို့သည် အကြီးအကဲများ၏ အမိန့်အရ ချက်ချင်း ပုန်းအောင်းနေခဲ့ရသည်။ ယခုတွင် ထိုလူများက မျိုးနွယ်နှစ်ခု၏ အနာဂတ် ဖြစ်နေပေပြီ။ သူတို့သည် အလွန်စိတ်လှုပ်ရှားနေခဲ့သော်လည်း ယခုတွင် ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်းနှင့် ကျန်းရီတို့အားလုံး ပြန်ရောက်လာသည်ကို တွေ့လိုက်ရ၍ စိတ်အေးလာကြသည်။ ထို့ပြင် ယခုတွင် ကျန်ဝူရွှမ်းနှင့် ကျန်းရီတို့၏ စွမ်းရည်များက သူတို့တွေးနိုင်သည်ထက်ပင် သာလွန်နေပြီဖြစ်သည်။ ထို့ကြောင့် သူတို့ ပို၍စိတ်အေးသွားကြသည်။

ချမ်ဝမ်ကွမ်းက တစ်ရက်နှင့်တစ်ညလုံးလုံး အလုပ်များ နေခဲ့သည်။ သူ ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကြောင် သိသာပေသည်။ သူ့မျက်နှာက အတော်လေး ပိန်ကျသွားသည်။ သူသည် မျိုးနွယ်နှစ်ခုမှ မျိုးနွယ်ဝင်များကို နေရာချထားပြီးနောက်တွင် ကောင်းကင်ဧကရာဇ်အချို့ကို ခေါ်၍ ယွင်မျိုးနွယ်မှ အကြီးအကဲအချို့ကို သွားကြိုလိုက်သည်။ ထိုအကြီးအကဲများက ကောင်းကင်ကြယ်တာရာမြို့တော်မှ ထွက်ပြေးသွားသူများဖြစ်၍ တစ်စုံတစ်ခုကို သိထားနိုင်သည်။

မွန်းတည့်ချိန်တွင် ထိုအကြီးအကဲအချို့ ရောက်ရှိလာသည်။ သူတို့သည် ရာထူးရာခံ ကြီးမြင့်သူများ ဖြစ်သော်လည်း ယွင်ဖေး၊ ကျန်ဝူရွှမ်းနှင့် ကျန်းရီတို့ကို တွေ့လိုက်သောအခါ စိတ်မထိန်းနိုင်တော့ဘဲ ငိုကြွေးလိုက်ကြသည်။ သူတို့သည် ယွင်ဖေးအရှေ့တွင် ဒူးထောက်၍ ရှိုက်ငိုနေကြသည်။

သို့သော် ထိုအကြီးအကဲများထံမှလည်း များစွာမသိရပေ။ ဝတ်ရုံနက်နှင့်လူနှစ်ယောက် ကောင်းကင်ကြယ်တာရာမြို့တော်တွင် ထွက်ပေါ်လာခဲ့ပြီး လူများကို သတ်ဖြတ်ခဲ့ကြောင်းကိုသာ သိရသည်။ သူတို့က အလွန်စွမ်းအားကြီးသဖြင့် ကောင်းကင်ကြယ်တာရာမြို့တော်ထဲရှိ မည်သူကမှ သူတို့၏ပြိုင်ဘက် မဟုတ်ခဲ့ပေ။ နန်းတော်ထဲမှ တပ်သားတစ်သိန်းက ငါးမိနစ်အတွင်းမှာပင် အသတ်ခံခဲ့ရသည်။ ထိုအကြီးအကဲများသာ အသည်းအသန် ထွက်မပြေးခဲ့ပါက သူတို့လည်း သေဆုံးခဲ့မည်ဖြစ်သည်။

“ဝူရှန့်...”

ကျန်းရီသည် အကြီးအကဲများ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဒေါသတကြီး အော်လိုက်သည်။ သူ့အသံက တစ်မြို့လုံးကို တုန်ခါသွားစေသည်။ သတိမေ့နေသော ရွှေချမ်လော့သည်ပင် သတိပြန်လည်သွားသည်။ ထိုအခိုက်တွင် ကျန်းရီသည် ထိုဝတ်ရုံနက်နှင့်လူများမှာ ဝူမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများဖြစ်ကြောင်း အလွန်သေချာနေပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော ယွင်မျိုးနွယ်မှ အကြီးအကဲအချို့က ထိုဝတ်ရုံနက်နှစ်ယောက်၏ အရှိန်အဝါက ကျန်ဝူရွှမ်း၏အရှိန်အဝါထက် ပိုအားကောင်းသည်ဟု ပြောလိုက်၍ပင်။ ထို့ကြောင့် ထိုဝတ်ရုံနက်နှစ်ယောက်က နတ်ဘုရားတစ်ပိုင်းများသာ ဖြစ်နိုင်သည်။ ထို့ပြင် သူတို့က နှစ်ယောက်ဖြစ်နေရာ စစ်ထူအောင်းရထားသော ဝူမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်က ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့သည်ဟူသော သတင်းနှင့် ကိုက်ညီနေသည်။ ထိုအချက်များကို မြောက်ဘက်ဧကရာဇ်မြို့၏ မူမမှန်သော လှုပ်ရှားမှုများနှင့် ပေါင်းလိုက်သောအခါ အဖြေက ရှင်းနေလေသည်။

မြောက်ဘက်ဧကရာဇ်သည် ကျန်းရီက မြောက်ဘက်ဧကရာဇ်မြို့ကို ဖျက်ဆီးပစ်မည်ကို ကြောက်သည်။ ထို့ကြောင့် သူသည် လူများကို မြို့ထဲတွင် ဖြန့်ကျက်၍ နေစေသည်။ ထို့ပြင် ဝူမျိုးနွယ်ဝင်များကိုလည်း အခြားတစ်နေရာသို့ ပြောင်းရွှေ့ထားကာ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို ကောင်းကင်ကြယ်တာရာနယ်မြေသို့ စေလွှတ်လိုက်သည်။ ထိုနတ်ဘုရားတစ်ပိုင်းများက နှစ်ယောက်စီခွဲ၍ ကျန့်ယွင်ဟိုင်၊ ရွှေယို့လန်နှင့် အခြားသူများကို ဓားစာခံအဖြစ် ဖမ်းခဲ့သည်။ ထို့ပြင် သူတို့သည် ပင်လယ်မိစ္ဆာများကိုလည်း အသိစိတ်ပျောက်သွားအောင် လုပ်ကာ လူသားများကို သတ်ဖြတ်စေခဲ့သည်။ သူတို့က သူတို့၏ခြေရာလက်ရာများကို ဖျောက်ရန်နှင့် သူတို့၏ဒေါသကို ဖြေရန် ထိုသို့လုပ်ခဲ့ခြင်းပင်။

ယခုတွင် အရာအားလုံးက မြောက်ဘက်ဧကရာဇ်နှင့် ဝူမျိုးနွယ်ကို ညွှန်ပြနေပေပြီ။

***

All Chapters