← Chapters

တုန်လှုပ်ဖွယ် လျှို့ဝှက်ချက်ကြီးတစ်ခု

Vol. 83 Ch. 1150

တုန်လှုပ်ဖွယ် လျှို့ဝှက်ချက်ကြီးတစ်ခု

Vol. 83 Ch. 1150

ညရောက်လာသောအခါ ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးက လျင်မြန်စွာ ပျံသန်းလာ၏။ ကျန်းရီသည် ထိုသတင်းကို ရလိုက်သည်နှင့် အပြင်သို့ ချက်ချင်းထွက်ကာ သင်္ဘောကို ကြိုဆိုလိုက်သည်။ ထိုသင်္ဘောပေါ်တွင် ကျန်းမျိုးနွယ်ဝင်များ ပါသည်။ ကျန်းမျိုးနွယ်ဝင် အရေအတွက်က ထောင်ဂဏန်းအနည်းငယ် ရှိပြီး ထိုသူများထဲတွင် မျိုးနွယ်၏ အကြီးအကဲများစွာလည်း ပါပေသည်။ အကြီးအကဲအချို့မှာ ကျန်းရီ၏ အဘိုး၏ မျိုးဆက်မှ ဖြစ်သည်။

ရွှီး...

ကောင်းကင်ကံကြမ္မာသင်္ဘောက မြို့အထက်တွင် ရပ်တန့်သွားသည်။ ထို့နောက် သင်္ဘော၏အကာအရံများ ပိတ်သွား၏။ ကျန်းရီသည် ကျန်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်းနှင့် အခြားသူများနှင့်အတူ တိတ်တဆိတ်ရပ်ကာ သင်္ဘောပေါ်မှ လူအားလုံး ကုန်းပတ်ပေါ်တွင် စုဝေးပြီးမည့် အချိန်ကို စောင့်နေလိုက်သည်။ အားလုံး စုဝေးပြီးမှ ကျန်းရီက ဦးညွှတ်ကာ ပြောလိုက်သည်။

“တာဝန်မကျေတဲ့ မြေးကျန်းရီ ဘထွေးတွေနဲ့ အကြီးအကဲတွေကို အရိုအသေပေးပါတယ်”

ကျန်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်း၊ ဟွမ်ဖူထောင်ထျန်း၊ စစ်ထူရီရှောင်နှင့် ကျန်သူများကလည်း တစ်ပြိုင်တည်း ဦးညွှတ်လိုက်ကြသည်။ ကျန်းမျိုးနွယ်မှ သိုင်းသမားများက အလွန်အားနည်းကာ သနားစရာပင်ကောင်းနေသည်။ သူတို့ထဲတွင် ဗာဂျရာအဆင့် သိုင်းသမားတစ်ယောက်ပင် မပါပေ။ သို့သော် သူတို့က ကျန်းရီ၏ မျိုးနွယ်ဝင်များ ဖြစ်နေပေသည်။ ထို့ကြောင့် သူတို့ကို အတန်ငယ် လေးစားမှု ပြရပေမည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်”

ဆံပင်ဖြူနှင့် အကြီးအကဲအချို့သည် ခေါင်းတညိတ်ညိတ်နှင့် ရှိနေကြသည်။ သူတို့ထဲမှ တစ်ယောက် လူအုပ်အရှေ့ကို လျှောက်လာပြီး ခံစားချက်ပြည့်နှက်နေသော မျက်နှာဖြင့် ကျန်းရီကိုကြည့်ကာ ပြောလိုက်သည်။

“ကျန်းရီ... မင်းက ကျန်းမျိုးနွယ်နဲ့ ငါတို့ကို အသိအမှတ်ပြုသေးတယ်ပေါ့။ ငါ နောင်တမရှိဘဲ သေနိုင်ပါပြီ။ အဲ့နှစ်တုန်းက ‌လော့ကဲအရှင်အိုကြီးက မင်းအမေအပေါ် အပြစ်ပြုမိခဲ့တယ်။ ငါတို့ကလည်း မင်းအပေါ် အပြစ်ပြုမိခဲ့တယ်။ မင်း ငါတို့ အဘိုးကြီးတွေကို ခွင့်လွှတ်ပေးပါလို့ ငါ တောင်းဆိုပါတယ်”

အကြီးအကဲအချို့သည် ဒူးထောက်ရန်ပင် ဟန်ပြင်လိုက်ကြ၏။ ကျန်းရီသည် ချက်ချင်း ပျံတက်သွားပြီး သူတို့ကို တားကာ ပြောလိုက်သည်။

“အတိတ်အကြောင်းကို မပြောဘဲ နေကြတာပေါ့။ အဖေက ကျန်းမျိုးနွယ်ရဲ့ အမှားတွေအတွက် ပေးဆပ်ခဲ့ပြီးပါပြီ။ ကျွန်တော်ကလည်း အဖေသေသွားတုန်းက ကျွန်တော်သာ တတ်နိုင်မယ်ဆိုရင် ကျန်းမျိုးနွယ်ကို သေချာပေါက် ကာကွယ်ပါမယ်လို့ ကျိန်ဆိုခဲ့ပါတယ်”

“ကောင်းတယ်...”

အကြီးအကဲများသည် အလွန်ကျေနပ်သွားပြီး ခေါင်းတညိတ်ညိတ် လုပ်နေကြသည်။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က ရုတ်တရက် အနောက်သို့ လှည့်၍ အော်ပြောလိုက်သည်။

“ရိလျှို... မြန်မြန်လာပြီး မင်းရဲ့ ညီလေးကို နှုတ်ဆက်လိုက်။ ပြီးတော့ သူ့ကို ‌တောင်းပန်လိုက်။ အရင်တုန်းက မင်း အမှားတွေအများကြီး ကျူးလွန်ခဲ့တယ်။ မင်း ကျန်းရီအပေါ် အပြစ်ပြုမိခဲ့တယ်”

“ကျန်းရိလျှိုလား”

ကျန်းရီက မျက်ခုံးပင့်ကာ လှမ်းကြည့်လိုက်သည်။ ကျန်းရိလျှိုက လူအုပ်ကြားတွင် ပုန်းလျှိုးကွယ်လျှိုး လုပ်နေပြီး ရှက်ရွံ့ဟန်ဖြင့် ခေါင်းငုံ့ထားသည်။ သူ့မျက်နှာကလည်း နီမြန်းနေပေသည်။ အားလုံးက သူ့ကို ကြည့်နေကြောင်း သိလိုက်သောအခါ သူ ပို၍ရှက်သွားသည်။ သူ အံကြိတ်ကာ ကျန်းရီကို ကြည့်လိုက်ပြီး အကြိမ်အနည်းငယ် နှုတ်ခမ်းလှုပ်လိုက်သည်။ သို့သော် သူ မည်သည့်စကားမှ ပြောမထွက်ခဲ့ပေ။

“အင်း... အကြီးအကဲတို့ သွားပြီး အနားယူလိုက်ကြပါဦး”

ကျန်းရီသည် အတွေးမလွန်ရန် ဆုံးဖြတ်ထားသော်လည်း ကျန်းရိလျှို၏ ထိုကဲ့သို့သောပုံစံကို မြင်လိုက်ရသောအခါ အတန်ငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။ ထို့ကြောင့် သူ အားလုံးကို သင်္ဘောပေါ်မှ ဆင်းရန် ပြောလိုက်သည်။ ထိုကိစ္စကို သူ ဆက်၍ အရေးမစိုက်လိုတော့ပေ။ အားလုံးကို နေရာချထားပေးရန် ချမ်ဝမ်ကွမ်းက တာဝန်ယူပေလိမ့်မည်။

တတိယမြောက်နေ့တွင် ကယ်တင်၍ရနိုင်သမျှ လူအားလုံးကို ကယ်တင်ပြီးသွားခဲ့သည်။ ကျန်းရီသည် တစ်နံနက်ခင်းလုံး နယ်မြေကို ထပ်မံ အာရုံခံလိုက်ပြီး အခြားရှင်ကျန်သူများ မရှိတော့ကြောင်း အတည်ပြုလိုက်သည်။ ပင်လယ်မိစ္ဆာအများစုကလည်း ကောင်းကင်ဧကရာဇ်တစ်ထောင်၏ ရှင်းပစ်မှုကို ခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် သူသည် ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်းနှင့် မျိုးနွယ်အချို့မှ ကိုယ်စားလှယ်အချို့ကို စုဝေး၍ ရှေ့ဆက်လုပ်ရမည့် ကိစ္စများကို ဆွေးနွေးလိုက်သည်။

နယ်မြေပေါ်တွင် လူဆယ်သန်းလောက် ရှင်ကျန်နေပေသေးသည်။ ထိုလူအားလုံးကို အခြားနယ်မြေတစ်ခုသို့ ခေါ်သွားရန် မဖြစ်နိုင်ပေ။ ထို့ပြင် နယ်မြေတစ်ခုလုံးမှ လူများကို ရှင်းပစ်ရန် စီစဉ်ခဲ့သော ကြိုးကိုင်သူမှာ လူမဆန်သူတစ်ယောက်ဖြစ်၍ ရှင်ကျန်ခဲ့သူများကို ထပ်မံ၍ လာသတ်ရန် ကြိုးစားနိုင်သည်။ ထို့ကြောင့် ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်မြေကို အုပ်ချုပ်ရန်အတွက် အင်ပါယာအသစ်တစ်ပါးကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ ကောင်းကင်ကြယ်တာရာနယ်မြေ ပြန်၍ နလန်ထူလာနိုင်ရန်အတွက် အချိန်တစ်ခု လိုပေသည်။

ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့သည် ကျန်မျိုးနွယ်ဝင်များနှင့် ချမ်မျိုးနွယ်ဝင်များကို သူတို့နှင့်အတူ ပြန်ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ ထိုမျိုးနွယ်ဝင်များကလည်း အနည်းငယ်သာ ကျန်တော့သည် မဟုတ်ပါလား။ ထို့ကြောင့် ထိုနှစ်ယောက်သည် ကျန်ခဲ့သူအားလုံးကို အပြစ်သားကျွန်းသို့ ပြန်ခေါ်သွားလိုနေသည်။ ကျန်းမျိုးနွယ်မှ အကြီးအကဲများသည်လည်း ကျန်းရီနှင့် ဆွေးနွေးပြီးနောက် အပြစ်သားကျွန်းသို့ လိုက်ခဲ့ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့က အရူးများမဟုတ်ပေ။ ကျန်းရီနှင့် အဖော်များက မည်မျှစွမ်းအားကြီးကြောင်းကို သူတို့ မြင်နိုင်ပေသည်။ ထို့ပြင် ကျန်းရီ၏ လက်အောက်၌ ကောင်းကင်ဧကရာဇ်တစ်ထောင် ရှိနေသည်။ သို့ဖြစ်ရာ ယခုတွင် ကျန်းရီက အလွန်အောင်မြင်၍ အလွန်စွမ်းအားကြီးသူတစ်ယောက် ဖြစ်နေပြီဖြစ်ကြောင်း ပြောနေရန်ပင် မလိုတော့ချေ။ ကျန်းရီက သူတို့ကို ကာကွယ်ပေးရန်လည်း ဆုံးဖြတ်ထားသည်ဖြစ်ရာ သူတို့သည် ကျန်းရီကဲ့သို့ စွမ်းအားကြီးသူတစ်ယောက်ထံတွင် မှီခိုလိုနေကြပေသည်။

တစ်ဘက်တွင်လည်း စုလောရွှယ်၏ တော်ဝင်ဦးရီးတော်နှစ်ယောက်စလုံးက အင်ပါယာအသစ် ဖြစ်လိုနေကြသည်။ သို့သော် ကျန်းရီသည် သူတို့နှစ်‌ယောက်က အရည်အချင်းမရှိကြောင်း သိ၍ ချက်ချင်းပင် ငြင်းလိုက်သည်။ သူသည် သူတို့နှစ်ယောက်ကို အပြစ်သားကျွန်းသို့ ပြန်ခေါ်သွားပြီး အတင်းအနားယူခိုင်းရန် ကြံရွယ်ထားသည်။ ယင်းမှာ စုလောရွှယ်၏ မျက်နှာကို ထောက်ထားခြင်းဟု ဆိုနိုင်ပေသည်။

ကျန်းရီသည် စေ့စေ့စပ်စပ် တွေးတောပြီးနောက် ယွင်မျိုးနွယ်မှ အကြီးအကဲတစ်ယောက်ကို အင်ပါယာအသစ်အဖြစ် နန်းတင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် ကျန်းရီသည် ထိုအကြီးအကဲကို ကောင်းကင်ကျောက်တုံးများစွာနှင့် သူတော်စင် အသုံးအဆောင်များကိုလည်း ချီးမြှင့်လိုက်သည်။ ကျန်းရီသည် သူ့အား ကောင်းကင်ကျောက်တုံးများကို သုံး၍ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် သိုင်းသမားတစ်စုကို ပျိုးထောင်ပေးရန် ပြောလိုက်သည်။ ထိုမှ အနည်းဆုံးတော့ ပင်လယ်မိစ္ဆာများ ထပ်မံလာတိုက်ခိုက်လျှင် သူတို့ ပြန်တိုက်ခိုက်နိုင်မည်ဖြစ်သည်။

“ကောင်းကင်ကျောက်တုံးတွေ အများကြီးပဲ...”

ကျန်းမျိုးနွယ်မှ အကြီးအကဲလေးဦး၊ စုကျဲနှင့် စုဟမ်တို့၏ မျက်လုံးများ အရောင်လက်သွား၏။ ကျန်းရီက အင်ပါယာအသစ်ကို ကောင်းကင်ကျောက်တုံး သန်းအနည်းငယ် ပေးခဲ့သည်။ ထိုကောင်းကင်ကျောက်တုံးပမာဏက စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် သိုင်းသမားရာပေါင်းများစွာကို ပျိုးထောင်ရန်နှင့် နှစ်သောင်းချီ တည်တံ့မည့် အင်အားကြီး နိုင်ငံတစ်ခုကို တည်ထောင်ရန်တို့အတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

“ကောင်းပြီ... ဝမ်ကွမ်း... မင်း လူတွေ ဆက်စေလွှတ်ပြီး ပျောက်နေတဲ့လူတွေကို ရှာပါ။ ပြီးတော့ အထီးကျန် အရှေ့ပိုင်းပင်လယ်ဆီလည်း လူတွေစေလွှတ်ပြီး အဲ့က စွမ်းအားကြီး ပင်လယ်မိစ္ဆာတွေကို သတ်ခိုင်းလိုက်ပါ။ ငါ နယ်မြေကို ထပ်ပြီး ထောက်လှမ်းလိုက်ဦးမယ်... သူတို့ကို ရှာတွေ့တွေ့၊ မတွေ့တွေ့ ငါတို့ အရှေ့ဘက် တော်ဝင်နယ်မြေဆီ ထွက်ခွာကြမယ်”

ကျန်းရီက ဆုံးဖြတ်ချက်ချပြီးသွားပေပြီ။ ထိုကိစ္စကို ကြိုးကိုင်သူမှာ ဝူရှန့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ မြောက်ဘက်ဧကရာဇ်မြို့သို့ သွားရပေလိမ့်မည်။ သူသည် ကျန်းယွင်ဟိုင်နှင့် အခြားသူများအတွက် စိုးရိမ်နေပေသည်။ အကယ်၍ ထိုကိစ္စမှာ အမှန်ပင် ဝူမျိုးနွယ်၏ လက်ချက်ဖြစ်ပါက မျိုးနွယ်တစ်ခုလည်း ပြန်ပေးဆပ်ရပေမည်။

အားလုံးသည် သူတို့၏ တာဝန်များကို လျင်မြန်စွာ သွားလုပ်လိုက်ကြ၏။ သူတို့ အရပ်မျက်နှာအနှံ့သို့ လူခွဲထွက်သွားလိုက်ကြသည်။ ကောင်းကင်နားလည်သိမြင်ခြင်းက အလုံးစုံ မသိမြင်နိုင်ပေ။ အချို့နေရာများကို လူများကိုယ်တိုင်သွား၍ ထောက်လှမ်းရမည်ဖြစ်သည်။ ကျန်းရီသည် ကျန်းယွင်ဟိုင်တို့က အဖမ်းမခံလိုက်ရဘဲ တစ်နေရာရာတွင် ပုန်းအောင်းနေခြင်း ဖြစ်ရမည်ဟူသော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲပင်။

ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ နယ်မြေတစ်ခွင်လုံးကို လူကိုယ်တိုင်သွား၍ ရှာဖွေလိုက်၏။ စစ်ထူရီရှောင်၊ ဟွမ်ဖူထောင်ထျန်းနှင့် ကျန်ဝူရွှမ်းတို့ကလည်း တပ်သားများကို ခေါ်၍ လူခွဲကာ နယ်မြေတစ်ခွင်လုံးကို မြေလှန်ရှာနေကြသည်။ ချမ်ဝမ်ကွမ်းသည်လည်း လူများကိုခေါ်၍ အထီးကျန် အရှေ့ပိုင်းပင်လယ်သို့သွားကာ စွမ်းအားကြီး ပင်လယ်မိစ္ဆာများကို ရှင်းပစ်လိုက်သည်။ ထိုမှ ကောင်းကင်ကြယ်တာရာနယ်မြေက လုံခြုံမည်ဖြစ်သည်။

ကျန်းရီ၏ ‌ကောင်းကင်ရှောင်တိမ်းခြင်း အမြန်နှုန်းက အလွန်မြန်သဖြင့် တစ်ခဏအတွင်းမှာပင် သူ နယ်မြေတစ်ခွင်လုံးကို ရှာဖွေပြီးသွားသည်။ ထို့ပြင် သူသည် နယ်မြေကို ဝန်းရံထားသော ပင်လယ်ကျွန်းများစွာကိုလည်း သွားရောက်ရှာဖွေလိုက်သည်။ သို့သော် ဆယ်ရက်ကျော် ရှာပြီးနောက်တွင်ပင် သူ မည်သူ့ကို ရှာမတွေ့ခဲ့ပေ။

ရွှီး...

ဆယ့်လေးရက်မြောက်နေ့တွင် ကျန်းရီ၏လက်ထဲရှိ ဆက်သွယ်ကျောက်စိမ်းအဆောင်တစ်ခုက လင်းလက်လာ၏။ သူ ကျောက်စိမ်းအဆောင်ကို ကြည့်လိုက်ပြီးနောက် မျက်နှာထား ပြောင်းလဲသွား၏။ သူသည် ချက်ချင်းပင် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ နယ်မြေ၏ အရှေ့ခြမ်းသို့ ဦးတည်သွားလိုက်သည်။ နှစ်ကြိမ် ကောင်းကင်ရှောင်တိမ်းပြီးနောက် သူ နယ်မြေအရှေ့ပိုင်းရှိ မြို့ကြီးတစ်မြို့အနီးသို့ ရောက်သွားသည်။ ထိုနေရာမှ ပျံသန်းသွားလျှင် မြို့သို့ ငါးမိနစ်အတွင်း ရောက်ပေလိမ့်မည်။

ချမ်ဝမ်ကွမ်းက မြို့ပြင်တွင် ရှိနေသည်။ အစောမှ သတင်းကို ချမ်ဝမ်ကွမ်းက လှမ်းပို့လိုက်ခြင်းပင်။ ကျန်းရီသည် ချမ်ဝမ်ကွမ်းကို တွေ့လိုက်၍ အော်မေးလိုက်၏။

“အခြေအနေက ဘယ်လိုလဲ”

“ခေါင်းဆောင်... ဟိုးတောင်အောက်က ချောက်ကို ကြည့်လိုက်ပါ”

ချမ်ဝမ်ကွမ်းက ခပ်လှမ်းလှမ်းရှိ ချောက်တစ်ခုကို ညွှန်ပြလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်ပြီးနောက် အံ့ဩသွား၏။ ချမ်ဝမ်ကွမ်းက ရှင်းပြလိုက်သည်။

“ဒီမှာ သေသွားတဲ့ တပ်သားတစ်သန်းရဲ့ အ‌လောင်းတွေကို အဲ့ချောက်ထဲမှာ သွားထားဖို့ ကျုပ် ကျုပ်လူတွေကို ခိုင်းခဲ့တယ်။ ဒါပေမဲ့ မနေ့က အဲ့အလောင်းတွေအကုန်လုံး ပျောက်သွားခဲ့တယ်။ ကျုပ် လူစေလွှတ်ပြီး စုံစမ်းလိုက်တော့ အောက်ခြေမဲ့ တွင်းကြီးနှစ်တွင်းကို တွေ့တယ်...”

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံကလည်း ထိုတွင်းကြီးနှစ်တွင်းကို အာရုံခံမိပေသည်။ ချောက်အောက်ခြေတွင် အောက်ခြေမဲ့ တွင်းကြီးနှစ်တွင်းရှိနေသည်။ သူသည် ထိုတွင်းများကို ရင်းနှီးပေသည်။ ထိုကဲ့သို့သော တွင်းများကို သူ အနောက်ပင်လယ်အောက်တွင် တွေ့ခဲ့ဖူးသည်။ အနောက်ပင်လယ်ရှိ မြေ‌အောက်နန်းတော်အောက်တွင်လည်း ထိုကဲ့သို့သော တွင်းများရှိသည်။

‘နေနက်မိစ္ဆာနွယ်တွေ’

ကျန်းရီသည် ကြောက်မက်ဖွယ် မြေအောက်လောကအကြောင်းကို တွေးမိလိုက်၏။ ထိုလောကထဲတွင် အလောင်းများနှင့် သွေးများက ပင်လယ်ကြီးတစ်ခုကဲ့သို့ ရှိနေသည်။ သူသည် ဧရာမ နေနက်မိစ္ဆာနွယ်များအကြောင်းကို တွေးမိသောအခါ ကျောစိမ့်သွားသည်။ ထိုမြေအောက်လမ်းကြောင်းများက နေနက်မိစ္ဆာနွယ်များကြောင့် ကျန်ခဲ့ခြင်း ဖြစ်မည်။ အလောင်းများကို မိစ္ဆာနွယ်များက မြေအောက်ထဲသို့ ဆွဲခေါ်သွားခြင်း ဖြစ်နိုင်သည်။

‘မြေအောက်လောကထဲမှာ ဘာလျှို့ဝှက်ချက်တွေများ ရှိနေတာလဲ’

ကျန်းရီ တွေးတောလိုက်၏။ ထိုအခိုက်တွင် ချမ်ဝမ်ကွမ်း၏ ဆက်သွယ်ကျောက်စိမ်းအဆောင်က လင်းလက်လာသည်။ သူ ၎င်းကို ကြည့်လိုက်ပြီးနောက် အလွန်အံ့အားသင့်သွား၏။ ထို့နောက် သူ ပြောလိုက်သည်။

“တောင်ဘက်၊ အနောက်ဘက်နဲ့ မြောက်ဘက်က အလောင်းတွေအကုန်လုံးလည်း ပျောက်သွားတယ်တဲ့...”

“ငါ သွားစုံစမ်းလိုက်မယ်”

ကျန်းရီ အတော်လေး စိတ်လှုပ်ရှားနေပေပြီ။ ထိုကြောက်မက်ဖွယ်မြေအောက်လောက,က အလွန်ဆန်းကြယ်သည်။ သူသာ စေ့စေ့စပ်စပ် မစုံစမ်းပါက နယ်မြေတွင် ကျန်နေသေးသော လူဆယ်သန်းကျော်လည်း အသတ်ခံရနိုင်သည်။ ထို့ပြင် သူသည် မြေအောက်လောကတွင် တုန်လှုပ်ဖွယ် လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ဟုလည်း ခံစားနေရပေသည်။

***

All Chapters