တမလွန်လောက
Vol. 83 Ch. 1151
“ငါ သွားစုံစမ်းလိုက်မယ်”
အရည်အချင်းရှိသူများက ရဲတင်းပေသည်။ ယခုကျန်းရီသည် ယခင်ကကျန်းရီ မဟုတ်တော့ပေ။ နေနက်မိစ္ဆာနွယ်များက ကြောက်မက်ဖွယ်ကောင်းသော်လည်း ကျန်းရှောင်နူက ၎င်းတို့ကို အလွယ်တကူ ပိုင်းဖြတ်နိုင်ခဲ့သည်။ လက်ရှိ ကျန်းရီ၏ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် စွမ်းအားကို ဆန်းကြယ်နတ်ဘုရားနန်းတော်နှင့် ပေါင်းလိုက်လျှင် နေနက်မိစ္ဆာနွယ်များကို ကြောက်ရန် လိုမည် မဟုတ်ပေ။
ဝုန်း...
ကျန်းရီသည် လိုရမည်ရအဖြစ် ချမ်ဝမ်ကွမ်းကို မှာစရာရှိသည်များ မှာကြားခဲ့ပြီးနောက် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်၍ ချက်ချင်း တွင်းကြီးအတွင်းသို့ ဆင်းသွားလိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က တွင်းအတွင်းသို့ တိုးဆင်းရသည်ဖြစ်ရာ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ နန်းတော်၏ အကန့်အသတ်အစီအရင်များ တောက်ပလာပြီး မြေကြီးများကို တွန်းထုတ်နေသည်။ ၎င်း၏ အမြန်နှုန်းက အလွန်မြန်သဖြင့် တစ်ခဏအတွင်းမှာပင် မြေကြီးအောက် ပေတစ်သောင်းအထိ ရောက်သွားပြီး ချမ်ဝမ်ကွမ်းတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
မြေအောက် ပေတစ်သိန်းသို့ ရောက်သောအခါ ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို နှေးစေလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ အောက်ဘက်ကို အာရုံခံလိုက်သည်။ သို့သော် ကီလိုမီတာငါးဆယ်အကွာအထိ အလွယ်တကူ အာရုံခံနိုင်သော သူ၏ ကောင်းကင်စိတ်အာရုံက ထိုနေရာတွင် ငါးကီလိုမီတာအကွာသို့ ရောက်အောင်ပင် ခက်ခက်ခဲခဲ အာရုံခံနေရသဖြင့် သူ အံ့အားသင့်သွားသည်။ သူ တွင်း၏အဆုံးကို အာရုံမခံမိသေးသဖြင့် တွင်းက မည်မျှဆက်နက်သေးကြောင်း မသိနိုင်ဖြစ်နေသည်။
နှစ်ဆယ့်ငါးကီလိုမီတာ၊ ငါးဆယ်ကီလိုမီတာ... နှစ်ရာ့ငါးဆယ်ကီလိုမီတာ...
ကျန်းရီသည် တွင်းအတိုင်း ဆက်ဆင်းနေ၏။ ကီလိုမီတာထောင်ကျော် သွားပြီးနောက်တွင် သူ အောက်ခြေကို ရောက်သွားသည်။ သူ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ မကြာခင်မှာပင် သူ အလွန်တုန်လှုပ်သွားလေသည်။
ထိုနေရာတွင် အကန့်အသတ်မဲ့သည်ဟု ထင်ရသည့် အခြားမြေအောက်လောကကြီးတစ်ခု ရှိနေသည်။ ထိုလောကထဲတွင် မရေမတွက်နိုင်သော လူသားအလောင်းများနှင့် သားရဲအလောင်းများ ရှိနေသည်။ အလောင်းများမှ ထွက်နေသော အပုပ်နံ့များနှင့် အနက်ရောင်အခိုးအငွေ့များကလည်း လေထုထဲတွင် ပြည့်နှက်နေသည်။ ထိုမြင်ကွင်းက ဖုန်းတုမြို့မှ မြင်ကွင်းမှ များစွာပို၍ ကြောက်မက်ဖွယ်ကောင်းပေသည်။ ထိုနေရာက တမလွန်လောကအစစ်အမှန်တစ်ခုပင်။
“သွေးပင်လယ်၊ နေနက်မိစ္ဆာနွယ်”
ကျန်းရီသည် ခပ်လှမ်းလှမ်းတွင် သွေးပင်လယ်တစ်စင်းနှင့် နေနက်မိစ္ဆာနွယ်များ ရှိနေကြောင်းကို အာရုံခံမိလိုက်သည်။ ပျောက်သွားသော အလောင်းများကိုလည်း သူ တွေ့လိုက်ရသည်။ အလောင်းတော်တော်များများက သွေးအိုင်ထဲတွင် ရှိနေသည်။ ထိုအခိုက်တွင် ခြေပြတ်လက်ပြတ် အလောင်းများက အကောင်းအတိုင်း ပြန်ဖြစ်လာနေသည်။ ၎င်းတို့သည် သွေးအိုင်အပြင်သို့ ပြန်ထွက်လာသောအခါ စုစည်းနေသော ဧရာမ ဖုတ်ကောင်စစ်တပ်ကြီးနှင့် သွားပေါင်းကြသည်။
‘ဒါက တကယ်ပဲ တမလွန်လောကလား... အလောင်းတွေကို ဒီနေရာကို ခေါ်လာပြီး ဖုတ်ကောင်စစ်သည်တွေအဖြစ် ပြောင်းပစ်တာလား။ သူတို့ရဲ့ စိတ်ဝိညာဉ်က ပြန်မွေးဖွားကြမှာလား’
ကျန်းရီသည် ကလေးဘဝက ကြားခဲ့ဖူးသော ထူးဆန်းသည့် ဒဏ္ဍာရီများအကြောင်းကို တွေးလိုက်၏။ သူ ကြက်သီးမွေးညင်းများ ထသွားလေသည်။ ယခုတွင် သူက အလွန်စွမ်းအားကြီးနေပြီဖြစ်သော်လည်း ထိုကဲ့သို့သော တမလွန်ကိစ္စများနှင့် ရင်ဆိုင်ရမည်ကို အတန်ငယ် ရွံ့နေပေသေးသည်။ သို့သော် သူ သက်ပြင်းလေးလေးတစ်ချက် ချလိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍ မြေအောက်လောကထဲသို့ ပျံသန်းသွားစေလိုက်သည်။
“ဝူး...ဝူး...” “ဂါး...ဂါး...” “ဂူး...ဂူး...”
ဆန်းကြယ်နတ်ဘုရားနန်းတော် ပျံသန်းလာသည်နှင့် ဖုတ်ကောင်စစ်သည်များနှင့် ဖုတ်ကောင်သားရဲများက နိုးထလာကြ၏။ ၎င်းတို့သည် ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ ပြေးလာကြ၏။ သို့သော် ၎င်းတို့သည် နန်းတော်၏ အကန့်အသတ်အစီအရင်များနှင့် ထိမိသောအခါ ချက်ချင်း ပျက်စီးသွားကြသည်။ ဖုတ်ကောင်စစ်သည်များနှင့် ဖုတ်ကောင်သားရဲများက စိတ်ဝိညာဉ်မရှိသဖြင့် မြင်မြင်ရာကို တိုက်ခိုက်တတ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မီးကိုတိုးသော ပိုးဖလံများကဲ့သို့ ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ အဆက်မပြတ် ပြေးဝင်နေကြပေသည်။
ရွှက်...ရွှက်...
ဧရာမ နေနက်မိစ္ဆာနွယ်များကလည်း သွေးပင်လယ်ထဲမှ လျှောထွက်လာကြ၏။ လျှပ်တစ်ပြက်အတွင်းမှာပင် ၎င်းတို့သည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရစ်ပတ်၍ သွေးပင်လယ်အတွင်းသို့ ဆွဲခေါ်ကြ၏။
ဝုန်း...
ဆန်းကြယ်နတ်ဘုရားနန်းတော်က သွေးပင်လယ်အတွင်းသို့ ကျသွားသောအခါ သွေးမိုးရွာသွားသည်။ ကျန်းရီသည် အကန့်အသတ်အစီအရင်များကို နှိုး၍ ပြန်မခုခံလိုက်ဘဲ နေနက်မိစ္ဆာနွယ်များအား ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သွေးပင်လယ်အတွင်းသို့ ဆွဲခေါ်ခွင့် ပြုလိုက်သည်။ သူ၏ ကောင်းကင်စိတ်အာရုံကလည်း ပတ်ဝန်းကျင်ကို အာရုံခံနေသည်။ သို့သော် သွေးပင်လယ်က ကောင်းကင်စိတ်အာရုံကို တားဆီးနိုင်ပေသည်။ ထို့ပြင် သွေးပင်လယ်သည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ပြင်းထန်စွာ တိုက်စားနေလေသည်။
ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ မရသဖြင့် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ စွမ်းအင်ကို မဖြုန်းတီးလိုတော့ပေ။ ထို့ကြောင့် သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်ကာ အထက်သို့ လျင်မြန်စွာ ပျံတက်စေလိုက်ပြီး သွေးပင်လယ်ထဲမှ ပြန်ထွက်စေလိုက်သည်။ သို့သော် သူ နေနက်မိစ္ဆာနွယ်များကိုတော့ မတိုက်ခိုက်ခဲ့ပေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍သာ အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။
ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အမြန်နှုန်းက အလွန်မြန်သည်။ နေနက်မိစ္ဆာနွယ်များပင် ၎င်းကို လိုက်မမီပေ။ သို့သော် လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ဖုတ်ကောင်စစ်သည်များနှင့် ဖုတ်ကောင်သားရဲများက နန်းတော်ထံ ပျံသန်းလာကြသည်။ သို့ပေသည့် ၎င်းတို့က အလွန်အားနည်းသဖြင့် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များနှင့် ထိမိသည်နှင့် အမှုန့်ဖြစ်သွားကြလေသည်။
‘ဒီမြေအောက်လောက,က ဘယ်လောက်တောင် ကျယ်တာလဲဟ။ ဖုတ်ကောင်စစ်သည်တွေနဲ့ ဖုတ်ကောင်သားရဲတွေကရော ဘယ်နှစ်ကောင်တောင် ရှိတာလဲ’
နှစ်နာရီကြာ ပျံသန်းပြီးနောက်တွင် မြေအောက်လောက၏ အဆုံးကို မရောက်သေးပေ။ ကျန်းရီသည် သူ မြင်ခဲ့ရသော ဖုတ်ကောင်စစ်သည်များနှင့် ဖုတ်ကောင်သားရဲများ၏ အရေအတွက်ကိုပင် မရေနိုင်တော့ချေ။ အနည်းဆုံးတော့ သန်းရာချီ ရှိပေလိမ့်မည်။ လမ်းတစ်လျှောက်တွင် သွေးပင်လယ်အချို့နှင့် နေနက်မိစ္ဆာနွယ် ဒါဇင်ကျော်ကိုလည်း ထပ်တွေ့ခဲ့ရသည်။
ဆန်းကြယ်နတ်ဘုရားနန်းတော်က မည်မျှ မြန်သနည်း။ ၎င်းက နှစ်နာရီအတွင်း အကွာအဝေးမည်မျှ ပျံသန်းနိုင်သနည်း။ ၎င်းသာ နှစ်ရက်၊ သုံးရက်ကြာ တန်းတန်းမတ်မတ် ပျံသန်းမည်ဆိုပါက ကောင်းကင်ကြယ်တာရာနယ်မြေကို ဖြတ်သွားနိုင်သည်ဟု ကျန်းရီ တွေးလိုက်သည်။ သို့သော် ထိုအခိုက်တွင် ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက အဆုံးကို အာရုံမခံမိသေးပေ။
‘ဒီနေရာက တကယ့်ကို တမလွန်လောကလား။ အကန့်အသတ်မရှိ ကျယ်တာလား’
ကျန်းရီသည် နောက်ထပ်ဆယ်မိနစ် ဆက်ပျံသန်းပြီးနောက် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရပ်တန့်လိုက်၏။ သူ နေနက်မိစ္ဆာနွယ်များစွာကို အာရုံခံမိလိုက်သည်။ အကယ်၍ ၎င်းတို့ကသာ လူသားများကို တိုက်ခိုက်လိုပါက ကောင်းကင်ကြယ်တာရာနယ်မြေ ပျက်သုဉ်းသွားသည်မှာ ကြာလောက်ပေပြီ။ သို့သော် ယခုအထိ ကောင်းကင်ကြယ်တာရာနယ်မြေ ရှိနေသေးသည်ဖြစ်၍ သူ အတန်ငယ် စိတ်အေးသွားသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျန်းရီသည် အနက်ရောင်နကျယ်ကောင်များ၏ နကျယ်ရည်ကို ခိုးယူရန် ကြိုးစားရင်း ထိုနေနက်မိစ္ဆာနွယ်များဖြင့် ကြုံခဲ့ရကာ မြေအောက်လောကကို ရှာတွေ့ခဲ့သည်။ ယခု မြေအောက်လောက,က အလွန်ကျယ်သဖြင့် နေနက်မိစ္ဆာနွယ်များလည်း အများအပြား ရှိနေသည်။ ၎င်းတို့သာ လူသားများကို တိုက်ခိုက်လိုလျှင် တိုက်ခိုက်ပြီးသွားလောက်ပြီဖြစ်သည်။ ထိုမှနေ၍ ကောက်ချက်တစ်ခု ဆွဲနိုင်သည်။ နေနက်မိစ္ဆာနွယ်များက အသက်ရှင်နေသော လူသားများကို တမင်တိုက်ခိုက်ကြမည် မဟုတ်ပေ။
ကျန်းရီသည် အခြားတစ်ဘက်သို့ ဦးတည်ချက်ပြောင်း၍ ကီလိုမီတာရာကျော် ပျံသန်းသွားလိုက်သည်။ မြေအောက်လောက၏ အဆုံးကို ရှာမတွေ့နိုင်ကြောင်း အတည်ပြုပြီးနောက်တွင် သူ အထက်သို့သာ ပျံတက်လိုက်သည်။ သူ့ခေါင်းထဲတွင် မေးခွန်းများစွာနှင့် ပြည့်နှက်နေပေပြီ။ အကယ်၍ ထိုမြေအောက်လောက,က တမလွန်လောက မဟုတ်လျှင် တုန်လှုပ်ဖွယ် အခြားလျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေရပေမည်။
သို့သော် ကျန်းရီတွင် ဆက်စုံစမ်းရန် အချိန်မရှိပေ။ သူ အရှေ့ဘက် တော်ဝင်နယ်မြေကို သွားရဦးမည်။ ကျန်းယွင်ဟိုင်၊ ယွင်ချန်းထျန်းနှင့် အခြားသူများက သူ လာကယ်မည်ကို စောင့်နေကြသည်။
ကျန်းရီသည် မြေပေါ်သို့ ပြန်ရောက်သောအခါ အမှန်ပင် ချမ်ဝမ်ကွမ်းတို့နှင့် အလွန်ဝေးနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍ ချမ်ဝမ်ကွမ်းဆီသို့ ပျံသွားလိုက်သည်။ ချမ်ဝမ်ကွမ်းဆီသို့ ပြန်ရောက်ရန် နှစ်နာရီကြာ ပျံသန်းခဲ့ရသည်။ နယ်မြေပေါ်ရှိ ပင်လယ်မိစ္ဆာများအားလုံးနှင့် အထီးကျန် အရှေ့ပိုင်းပင်လယ်ရှိ စွမ်းအားကြီး ပင်လယ်မိစ္ဆာတော်တော်များများကို ရှင်းပစ်ပြီးကြောင်း အတည်ပြုပြီးသောအခါ ကျန်းရီသည် ချမ်ဝမ်ကွမ်းတို့ကို ခေါ်၍ အနောက်ဘက်သို့ ဦးတည်သွားလိုက်သည်။
ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သုံး၍ ကောင်းကင်ရှောင်တိမ်းခဲ့ခြင်းဖြစ်ရာ တစ်နေ့အတွင်းမှာပင် ကျန်းရီတို့ မြို့သို့ ပြန်ရောက်သွားကြသည်။ ကျန်ဝူရွှမ်းနှင့် စစ်ထူရီရှောင်တို့လည်း ပြန်ရောက်နေပေပြီ။ သူတို့လည်း မည်သည့်သဲလွန်စမှ မရခဲ့ကြချေ။
“သွားကြမယ်...”
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကန့်အသတ်အစီအရင်များကို ထိန်းချုပ်၍ လူများကို နန်းတော်ထဲသို့ ပို့လိုက်၏။ သူသည် ကျန်းမျိုးနွယ်ဝင်များ၊ ကျန်မျိုးနွယ်ဝင်များနှင့် ချမ်မျိုးနွယ်ဝင်များကို လကြေးမုံကန်သို့ မပို့လိုက်ဘဲ မိစ္ဆာဝိညာဉ်တောင်ကြားသို့ ပို့လိုက်သည်။ သို့သော် သူသည် တောင်ကြားထဲမှ မိစ္ဆာသားရဲအားလုံးကို ထောင့်တစ်နေရာသို့ ပို့၍ အကန့်အသတ်အစီအရင်များသုံးကာ ချုပ်ထားလိုက်သည်။ ထိုမှ ၎င်းတို့က မည်သူ့ကိုမှ အန္တရာယ် မပြုနိုင်မည် ဖြစ်သည်။
“လောလောဆယ်တော့ ဒီမှာပဲ နေကြပေါ့။ သစ်ပင်တွေ ခုတ်ပြီး အိမ်ဆောက်ချင်လည်း ဆောက်လို့ရပါတယ်။ ဒီနေရာမှာ စွမ်းအင်ဆေးလုံးတွေ အများကြီး ရှိပါတယ်... ခင်ဗျားတို့ အစာမာတွေ စားစရာ မလိုပါဘူး။ ပြီးတော့ ဒီက မိုးမြေအတွင်းအားကလည်း အရမ်းသိပ်သည်းတယ်။ ခင်ဗျားတို့ ဒီမှာ အနားယူရင်း ကျင့်ကြံကြပေါ့”
ကျန်းရီသည် မှာစရာရှိသည်များကို မှာကြားပြီးနောက် ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့ကို ခေါ်ကာ ကျန်လူများကို ဆက်၍ နေရာချထားပေးလိုက်သည်။ ထို့နောက်မှ သူ ယဉ်ရို့ပင်း၏ ဆန်းကြယ်ဧကရာဇ်စံအိမ်ဆီသို့ သွားလိုက်လေသည်။
“ကျန်းရီ... ဘာဖြစ်လို့လဲ”
ယဉ်ရို့ပင်းသည် ကောင်းကင်ပန်းချီကားကို လေ့လာနေရင်း တစ်စုံတစ်ယောက် တည်နေရာပြောင်းရွှေ့လာသည်ကို အာရုံခံမိလိုက်၍ နောက်လှည့်ကြည့်လိုက်သည်။ ကျန်းရီက အလွန်ပင်ပန်းနွမ်းနယ်နေပြီး စိတ်ဖိစီးနေပုံပေါ်သည်။ ထို့ကြောင့် သူမ စိုးရိမ်တကြီးဖြင့် သူ့ထံသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။
ကျန်းရီက ကောင်းကင်ကြယ်တာရာနယ်မြေတွင် ဖြစ်ပျက်ခဲ့သော ကိစ္စအားလုံးကို ယဉ်ရို့ပင်းအား ပြောပြလိုက်သည်။ ထို့နောက် သူ ယဉ်ရို့ပင်းကို ကြည့်ကာ မေးလိုက်သည်။
“ရို့ပင်း... မင်း ငါ့အတွက် အဲ့ကိစ္စတွေကို သုံးသပ်ပေးနိုင်မလား။ ငါ့အဘိုးနဲ့ ကျန်တဲ့သူတွေကို ကယ်နိုင်ဖို့ ငါ ဘာလုပ်သင့်လဲ။ အခု ငါ့ဦးနှောက်က ရှုပ်ထွေးနေတော့ သေချာမစဉ်းစားနိုင်ဘူး ဖြစ်နေတယ်”
ယဉ်ရို့ပင်းတစ်ယောက် တိတ်ဆိတ်သွား၏။ ခေတ္တမျှ ကြာပြီးနောက်မှ သူမ ခေါင်းခါကာ ပြောလိုက်သည်။
“ကျန်းရီ... ဒီကိစ္စက သေချာပေါက် ဝူမျိုးနွယ်ရဲ့လက်ချက် မဟုတ်ဘူး။ တကယ်ပဲ ဝူမျိုးနွယ်က နောက်ကွယ်မှာ ရှိနေတာဆိုရင်တော့ ဝူရှန့်က ရူးသွားတာပဲ ဖြစ်ရမယ်။ သူက တကယ်ပဲ အဲ့ကိစ္စကို ကြိုးကိုင်ခဲ့တာဆိုရင် တစ်လောကလုံးရဲ့ ဘုံရန်သူ ဖြစ်သွားမှာပဲ။ တခြားမျိုးနွယ်ရှစ်ခုကသာ အဲ့အကြောင်းကို သိသွားရင် သူတို့တွေ ပူးပေါင်းပြီး ဝူမျိုးနွယ်ကို ရှင်းပစ်ကြလိမ့်မယ်။ အဲ့ကိစ္စကို လုပ်ခဲ့တဲ့သူက ဘယ်သူဖြစ်ဖြစ် တော်တော် လူမဆန်တဲ့လူတစ်ယောက်ပဲ။ ဘယ်မျိုးနွယ်ကမှ အဲ့လိုလုပ်ရပ်မျိုးကို လက်ခံမှာ မဟုတ်ဘူး။ ဝူရှန့်က ရှင့်ကို ဘယ်လောက်ပဲ မုန်းတီးပါစေ သူ့ကိုယ်သူ လောကတစ်ခုလုံးရဲ့ ဘုံရန်သူတော့ အဖြစ်ခံမှာ မဟုတ်ဘူး... ဟုတ်တယ်မလား”
“ဝူမျိုးနွယ် မဟုတ်ဘူးပေါ့”
ကျန်းရီ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“အဲ့ဒါဆို ဘယ်သူလဲ။ ရှီးမျိုးနွယ်လား၊ ထူမျိုးနွယ်လား၊ ဒါမှမဟုတ် ငါနဲ့ ရန်ငြိုးရှိတဲ့ တခြားမျိုးနွယ်တစ်ခုခုလား”
“ကျွန်မလည်း မသေချာဘူး...”
ယဉ်ရို့ပင်းက သက်ပြင်းသဲ့သဲ့ချကာ ပြောလိုက်သည်။
“ဒါပေမဲ့ အဲ့လို လူမဆန်တဲ့ကိစ္စမျိုးကို လုပ်ခဲ့တာ ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲက မျိုးနွယ်တစ်ခုခု ဖြစ်လိမ့်မယ်လို့တော့ ကျွန်မ မထင်ဘူး။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှာ လူသားမျိုးနွယ်ကို ကာကွယ်ရမယ်ဆိုတဲ့ စည်းမျဉ်းရှိတယ်။ အဲ့လို လူမျိုးတုံးသတ်ဖြတ်တဲ့ ကိစ္စမျိုးကို လုပ်တဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ ရန်သူ ဖြစ်လာမှာပဲ”
“အဲလိုဆို အခု ငါ ဘာလုပ်ရမလဲ”
ကျန်းရီ အလွန်ခေါင်းရှုပ်နေပြီး မည်သို့ဆက်လုပ်ရမည်မသိ ဖြစ်နေသည်။
ယဉ်ရို့ပင်းက ပြတ်သားစွာ ပြောလိုက်သည်။
“အရမ်းရိုးရှင်းပါတယ်... ရှင် အရှေ့ဘက် တော်ဝင်နယ်မြေကို သွားပြီး ဗုဒ္ဓဧကရာဇ်၊ ညဧကရီ၊ ရွှမ်ဧကရာဇ်နဲ့ တခြားသူတွေကို သွားရှာသင့်တယ်။ သူတို့ကို ကူပြီးစုံစမ်းပေးဖို့ အကူအညီတောင်းလိုက်ပေါ့။ နောက်ကွယ်က ကြိုးကိုင်သူကို ရှာတွေ့မှ ဘာဆက်လုပ်ရမလဲဆိုတာကို ဆုံးဖြတ်ပေါ့”
***