← Chapters

လူသားများ၏လုပ်ရပ်

Vol. 83 Ch. 1152

လူသားများ၏လုပ်ရပ်

Vol. 83 Ch. 1152

ကျန်းရီသည် ယဉ်ရို့ပင်း၏ အကြံပေးချက်အတိုင်းလုပ်ရန် ရွေးချယ်လိုက်သည်။ ဗုဒ္ဓဧကရာဇ်က လွန်စွာ အမြော်အမြင်ကြီးပြီး အသိပညာကြွယ်ဝသူတစ်ယောက် ဖြစ်သည်။ ထို့ပြင် သူက အကြင်နာတရားလည်းရှိကာ တစ်လောကလုံးအပေါ် မေတ္တာထားပေသည်။ မူလတွင် ကျန်းရီသည် မြောက်ဘက်ဧရာဇ်မြို့သို့ တိုက်ရိုက်သွားလိုခဲ့သည်။ သို့သော် ယခုတွင်မူ သူ ဗုဒ္ဓဧကရာဇ်ထံသို့ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ရှောင်တိမ်းခြင်းကို ထပ်မံသုံးလိုက်သည်။ ကျန်းရီသည် လူထောင်ကျော်ကိုခေါ်၍ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ဦးတည်သွားနေပေပြီ။

ထိုအခိုက်တွင် အရှေ့ဘက် တော်ဝင်နယ်မြေကလည်း အေးချမ်းမနေပေ။ နယ်မြေအလယ်ပိုင်းရှိ ဒေသကြီးအချို့က ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြသည်။ ပဋိပက္ခက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပြီး အိမ်နီးချင်း ဒေသဒါဇင်ကျော်ကိုပါ ပျံ့နှံ့သွားသည်။

ပဋိပက္ခ ဖြစ်ရသည့်ကြောင်းက မရှင်းပေ။ ဒေသကြီးအချို့က ရုတ်တရက် ထ၍တိုက်ခိုက်ခဲ့ကြခြင်းပင်။ တိုက်ပွဲက တစ်လကျော်အတွင်းမှာပင် ပတ်ဝန်းကျင် ဒေသများအထိ ကူးစက်သွားသည်။ အကြောင်းကမည်သို့ဖြစ်စေ ယခုတွင် အရှေ့ဘက် တော်ဝင်နယ်မြေ၏ အလယ်ပိုင်းတွင် လုံးဝပရမ်းပတာ ဖြစ်နေပေပြီ။ တိုက်ပွဲများက နေရာအနှံ့တွင် ဖြစ်ပွားနေပြီး နေ့စဉ်နေ့တိုင်း လူပေါင်း သန်းဆယ်ချီ၍ သေဆုံးနေကြသည်။

အ‌ရှေ့ဘက် တော်ဝင်နယ်မြေတွင် ဒေသတစ်ရာ့ရှစ်ခုရှိသည်။ ထို့ကြောင့် ဒေသအချို့ကြားတွင် တိုက်ပွဲဖြစ်ပွားခြင်းက သာမန်သာဖြစ်သည်။ သို့ဖြစ်၍ ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည် အစပိုင်းတွင် ဝင်မပါခဲ့ပေ။ ထိုတိုက်ပွဲက ရှေးဟောင်းမျိုးနွယ်နှစ်ခုကြားမှ အားပြိုင်မှုသာ ဖြစ်ပြီး မကြာခင်တွင် ပြန်ငြိမ်သွားလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာသောခါ ရွှမ်ဧကရာဇ်သည် ဆက်ငြိမ်မနေနိုင်တော့ဘဲ နတ်ဘုရားတစ်ပိုင်းအချို့ကို စေလွှတ်၍ ငြိမ်းချမ်းရေး ညှိနှိုင်းစေလိုက်သည်။ အခြေအနေက လက်ရှိထက် ပိုဆိုးလာမည်ကို သူမလိုချင်ပေ။

နတ်ဘုရားတစ်ပိုင်းများ ရောက်သွားသောအခါ အခြေအနေကို လျင်မြန်စွာ ထိန်းနိုင်လိုက်သည်။ မိသားစုမျိုးနွယ်ကြီးအချို့ကိုလည်း ဖိနှိပ်နိုင်ခဲ့သည်။ ထိုမျိုးနွယ်များက နောက်တွင် ထပ်မံတိုက်ခိုက်တော့မည် မဟုတ်ဟု ကတိပေးကာ သူတို့၏ စစ်သည်များကို ပြန်ခေါ်ခဲ့ကြသည်။ သို့သော် ထိုနေရာမှ ပဋိပက္ခကို ရှင်းပြီးနောက်တွင် နယ်မြေ၏ အရှေ့အလယ်ပိုင်းတွင် အခြားပြဿနာတစ်ခု ပေါ်ပေါက်လာသည်။ မိုမျိုးနွယ်နှင့် အခြားရှေးဟောင်းမျိုးနွယ်တစ်ခုက စတင် တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ကျန်မျိုးနွယ်က ဝင်မထိန်းခဲ့သဖြင့် ထိုမျိုးနွယ်နှစ်ခု၏ တိုက်ပွဲက ပြင်းထန်လာခဲ့သည်။ သူတို့၏လက်အောက်ခံ မျိုးနွယ်ငယ်များကလည်း ယခင်တွင် ဆက်ဆံရေးကောင်းနေခဲ့ကြသော်လည်း ယခု တိုက်ပွဲထဲတွင် ဝင်ပါလာကြသည်။ ထိုသို့ဖြင့် နောက်ထပ်တိုက်ပွဲကြီးတစ်ပွဲ စတင်လာ‌တော့သည်။

ကျန်းရီတို့ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ရောက်ရှိလာချိန်တွင် နယ်မြေ၏ အရှေ့တောင်ဘက်တွင် ကိစ္စကြီးတစ်ခု ဖြစ်ပွားနေသည်။ ဒေသကြီးအချို့က အချင်းချင်း စစ်ဖြစ်နေကြသည်။ ထို့အပြင် နတ်မြင်းပျံနယ်မြေနှင့် သားရဲလူသားနယ်မြေတို့ကလည်း အပြန်အလှန် စစ်ကြေညာထားသည်။

ထိုသတင်းများ ပျံ့နှံ့သွားသောအခါ အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ မကြာသေးမီကာလအတွင်း တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည် မဟုတ်ပါလား။ ထို့ပြင် ယင်းတိုက်ပွဲများ ဖြစ်ပွားရသော အကြောင်းများကလည်း အသေးအဖွဲလေးများဖြစ်ပြီး ရယ်စရာကောင်းပေသည်။ အမှိုက်ကစ ပြာသာဒ်မီးလောင်ခြင်းပင်။

ယခင်ကသာဆိုလျှင် ဧကရာဇ်ကိုးပါးသည် ပြဿနာများ၏ အကြောင်းအရင်းကို ရှာဖွေကာ ဖြေရှင်းရန် ကြိုးစားပေလိမ့်မည်။ သို့သော် ကျန်းရီပြဿနာ ဖြစ်ပွားပြီးနောက်တွင် တိုက်ပွဲဧကရာဇ်က အလွန်တိတ်ဆိတ်နေခဲ့သည်။ သူက အစည်းအဝေးများအတွက် အခြားဧကရာဇ်များကို တာဝန်ယူ စုစည်းပေးသူဖြစ်သည်။ ယခု သူက တိတ်ဆိတ်နေရာ အခြားဧကရာဇ်များသည် သူတို့ဘာသာ ဆက်သွယ်၍ လူများစေလွှတ်ကာ တိုက်ပွဲများ နောက်ကွယ်မှ အကြောင်းအရင်းများကို စုံစမ်းခဲ့ကြသည်။

ဗုဒ္ဓဧကရာဇ်၊ ရွှမ်ဧကရာဇ်နှင့် အခြားဧကရာဇ်များသည် လူများစေလွှတ်ကာ ပဋိပက္ခများကို ဖျန်ဖြေပေးခြင်း၊ တိုက်ပွဲများနောက်ကွယ်မှ အကြောင်းအရင်းများကို စုံစမ်းခြင်းတို့ လုပ်ခဲ့ကြသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ တစ်ယောက်ယောက် ရောက်ရှိလာသည်နှင့် ညှိနှိုင်းမှုများက အလွယ်တကူ ပြီးမြောက်သွားကြသည်။ အခြေအနေကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ပဋိပက္ခများ စတင်လာရသည့် အကြောင်းအရင်းများအတွက်မူ အဖြေမရှာနိုင်ခဲ့ပေ။ ဥပမာပြရသော် မိုမျိုးနွယ်နှင့် အခြားရှေးဟောင်းမျိုးနွယ်တို့ စတင် တိုက်ခိုက်ခဲ့ကြခြင်းမှာ သူတို့မျိုးနွယ်နှစ်ခုမှ သခင်လေးနှစ်ယောက်က အချင်းချင်း မနာလိုဖြစ်ကြရာမှ တစ်ယောက်ချင်းယှဉ်ပြိုင်တိုက်ခိုက်ရာတွင် တစ်ယောက်က တစ်ယောက်ကို သတ်မိခဲ့၍ဖြစ်သည်။ အသတ်ခံရသော သခင်လေး၏ မျိုးနွယ်မှ သိုင်းပညာရှင်များသည် ထိုကိစ္စကို အခဲမကျေနိုင်၍ တပ်သားများကို ဦးဆောင်ကာ အခြားမျိုးနွယ်ကို သွားရောက်တိုက်ခိုက်ခဲ့သည်။ ထိုမှစ၍ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အရေးမပါသော သခင်လေးတစ်ယောက် သေဆုံးခဲ့ခြင်းမှာ ထိုမျှကြီးကျယ်သော ကိစ္စတစ်ခု မဟုတ်ချေ။

အတိတ်တွင် ထိုကဲ့သို့သော ကိစ္စမျိုးကို အလွယ်တကူ ဆွေးနွေး ဖြေရှင်းနိုင်ခဲ့ကြသည်။ သေဆုံးသူအတွက် လျော်ကြေးပေးလိုက်လျှင် ပြေလည်သွားကြသည်ချည်းသာ။ သို့သော် ဤတစ်ကြိမ်တွင်မူ နှစ်ဘက်စလုံးက မဆင်မခြင်ဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ဝင်ဖျန်ဖြေတော့မှ ထိုမျိုးနွယ်နှစ်ခုစလုံး သူတို့၏ လုပ်ရပ်များအတွက် နောင်တရကြသည်။ ထိုကိစ္စတစ်ခုလုံးက မည်မျှ ရယ်စရာကောင်းပါသနည်း။

ဧကရာဇ်ကိုးပါးမျိုးနယ်စုမှ တမန်တော်သည် ထိုကိစ္စ၏ အကြောင်းအရင်းက ပေါ်သွားပြီဖြစ်သဖြင့် ဆက်၍ မစုံစမ်းလိုတော့ပေ။ တိုက်ပွဲကလည်း ရပ်တန့်သွားပြီး တိုက်ပွဲနောက်ကွယ်မှ အကြောင်းအရင်းကိုလည်း သိလိုက်ရပြီဖြစ်၍ ဆက်စုံစမ်းနေလျှင်လည်း အပိုသာ ဖြစ်ပေလိမ့်မည်။ သူသာ ဆက်စုံစမ်းနေလျှင် လူများသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ပုံကြီးချဲ့လိုနေခြင်းဟု ထင်သွားမည်ဖြစ်သည်။

***

ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင်သာ နေနေခဲ့ပြီး အပြင်သို့ မထွက်ခဲ့ပေ။ ထို့ပြင် သူက စတင် ကျင့်ကြံနေပြီဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် သူ၏ကျင့်ကြံနှုန်းက အဆတစ်သောင်း ပိုမြန်သည်။ သူသာ ထိုအမြန်နှုန်းနှင့် ဆက်ကျင့်ကြံပါက သူ၏ သတ္တမကြယ်စက်လုံးကို အခက်အခဲမရှိ အသွင်ပြောင်းနိုင်ပေလိမ့်မယ်။

ကောင်းကင်ကြယ်တာရာကျွန်းမှနေ၍ အရှေ့ဘက် တော်ဝင်နယ်မြေ၏ အရှေ့မြောက်ဘက်ရှိ ဗုဒ္ဓဒေသသို့ သွားရသောခရီးက အလွန်ဝေးကွာသည်။ အကယ်၍ ကောင်းကင်ဧကရာဇ်အဆင့် သာမန်သိုင်းသမားတစ်ယောက်ကသာ တည်နေရာပြောင်းရွှေ့အစီအရင်များကို မသုံးဘဲ ပျံသန်း၍ သွားမည်ဆိုပါက ရှစ်နှစ်မှ ဆယ်နှစ်ကြာအောင် သွားရပေလိမ့်မည်။ သို့သော် ကျန်းရီက ရက်နှစ်ဆယ်အတွင်းမှာပင် ရောက်သွားခဲ့သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အမြန်နှုန်းက အမှန်ပင် မြန်ပေသည်။

ဗုဒ္ဓဒေသအနီးသို့ ရောက်လာသောအခါ ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးတော့ဘဲ ပျံသွားရန်သာ ဆုံးဖြတ်လိုက်သည်။ သူသည် ရေကန်လေးသို့သွား၍ ဗုဒ္ဓဧကရာဇ်ကို ရှာလိုက်၏။ သို့သော် သူ ရေကန်လေးသို့ ရောက်သောအခါ ဗုဒ္ဓဧကရာဇ်က သူ့အား အသံပို့လွှတ်၍ ဗုဒ္ဓတောင်သို့ လာရန် ပြောလိုက်သည်။ ဗုဒ္ဓဧကရာဇ်က ရေကန်လေးဘေးတွင် နေခဲ့သော်လည်း ယခုတွင် ဗုဒ္ဓတောင်သို့ ရောက်နေပေသည်။ ထို့ကြောင့် ကျန်းရီ၏ မျက်နှာထားက အလွန်တည်သွားသည်။ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့၍လော။

ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဗုဒ္ဓတောင်သို့ ပျံသန်းသွားစေလိုက်၏။ ထို့နောက် ရီချန်၏ ဦးဆောင်မှုဖြင့် သူ ဗုဒ္ဓဧကရာဇ်၏ စာကြည့်ခန်းထဲသို့ ရောက်သွားသည်။ အမှန်ပင် တစ်စုံတစ်ခု ဖြစ်ခဲ့ကြောင်း သူ သေချာသွားပေပြီ။ ဗုဒ္ဓဧကရာဇ်၏ မျက်နှာထားက အလွန်တည်နေသည်။ ထို့ပြင် ဗုဒ္ဓဧကရာဇ်က မျက်မှောင်ကြုတ်ထားသဖြင့် သူ၏ မျက်ခုံးဖြူနှစ်ဘက်က ထိစပ်လုနီးပါး ဖြစ်နေသည်။ ဗုဒ္ဓဧကရာဇ်သည် ကျန်းရီ ဝင်လာသောအခါ ကျန်းရီကို မနှုတ်ဆက်လိုက်ပေ။

“ဘာဖြစ်ခဲ့တာလဲ”

ကျန်းရီက လေသံတိုးတိုးဖြင့် ‌မေးလိုက်သည်။ ဗုဒ္ဓဧကရာဇ်သည် ကျန်းရီကို ကြည့်လိုက်ပြီး ရီချန်ကို လက်ဟန်ပြ၍ ပြောလိုက်သည်။

“ချန်အာလး... ကျန်းရီကို အကြောင်းစုံ ပြောပြလိုက်ပါဦး”

ရီချန်က စာကြည့်ခန်းထဲသို့ ဝင်ပြီးနောက် မျက်နှာဖုံးကို ချွတ်လိုက်၍ ထိုအခိုက်တွင် သူမ၏ အလွန်တည်နေသော မျက်နှာလေးကို တွေ့နေရသည်။ သူမသည် မြေပုံတစ်ချပ်ကို ထုတ်လိုက်ပြီး နံရံပေါ်တွင် ချိတ်ဆွဲလိုက်သည်။ မြေပုံပေါ်တွင် ကောင်းကင်ကြယ်တာရာနယ်နမိတ်ရှိ နယ်မြေများအားလုံးကို အသေစိတ် ရေးဆွဲထားသည်။ ထို့နောက် သူမက မြေပုံကို လက်ညှိုးညွှန်ကာ ပြောလိုက်သည်။

“ပြီးခဲ့တဲ့နှစ်လအတွင်းမှာတင် အရှေ့ဘက် တော်ဝင်နယ်မြေမှာ တိုက်ပွဲပေါင်း သုံးဆယ့်ရှစ်ပွဲ ဖြစ်ပွားခဲ့တယ်၊ လူပေါင်း သန်းတစ်ထောင်ကျော် သေဆုံးခဲ့တယ်။ နတ်မြင်းပျံနယ်မြေနဲ့ သားရဲလူသားနယ်မြေတို့ကလည်း အပြန်အလှန် စစ်ကြေညာခဲ့တယ်၊ သိုင်းသမားတွေနဲ့ အရပ်သူအရပ်သား သန်းတစ်ရာကျော် သေခဲ့တယ်။ သွေးညအကြောက်တရားပင်လယ်မှာလည်း သားရဲဒီရေ တက်ခဲ့တယ်... ပင်လယ်ရဲ့ တောင်ဘက်က နယ်မြေသုံးခုစလုံး ပျက်စီးသွားပြီ။ ကျန်းရီ... ရှင့်ရဲ့ မွေးရပ်မြေ ကောင်းကင်ကြယ်တာရာနယ်မြေလည်း ပြဿနာနဲ့ ကြုံခဲ့ရတယ်မလား။ လူသန်းရာချီ သေခဲ့တယ်မလား။ အကုန် စုစုပေါင်းလိုက်ရင် ပြီးခဲ့တဲ့ နှစ်လ၊ သုံးလအတွင်းမှာ လူပေါင်းသန်းနှစ်ထောင်ကျော် သေခဲ့တယ်”

“ဘာ...”

ကျန်းရီ မျက်လုံးပြူးသွားပြီး ဗုဒ္ဓဧကရာဇ်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ နှစ်လ၊ သုံးလအတွင်း လူပေါင်းသန်းနှစ်ထောင်ကျော် သေသွားခဲ့သည်လော။ ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးတွင် စုစုပေါင်း လူအရေအတွက် မည်မျှ ရှိသနည်း။ ကျန်းရီသည် အရေအတွက်ကို သေချာမသိသော်လည်း ထိုအတိုင်းသာ ဆက်ဖြစ်နေလျှင် လူသားမျိုးနွယ်က တစ်နှစ်၊ နှစ်နှစ်အတွင်း မျိုးတုံးသွားမည်ကိုမူ သိပေသည်။

ဗုဒ္ဓဧကရာဇ်က မျက်လုံးမှိတ်ကာ သက်ပြင်းလေးလေးတစ်ချက်ချ၍ ပြောလိုက်သည်။

“ဆန်းကြယ်ဧကရာဇ်က အနာဂတ်ကို ကြိုမြင်ခဲ့တယ်။ အဲ့ဒါကြောင့် သူက ငါ့တို့အတွက် သတိပေးချက်တစ်ခု ချန်ခဲ့တယ်... ဆန်းကြယ်နတ်ဘုရားနန်းတော် ပြန်ထွက်ပေါ်လာရင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်တဲ့။ သူ ပြောတာ တကယ်မှန်တာပဲ”

“ကပ်ဘေးကြီးတစ်ခုလား”

ကျန်းရီသည် ဆန်းကြယ်ဧကရာဇ် ပြောခဲ့သော စကားများကို ပြန်တွေးလိုက်၏။

“လာမယ့်နှစ်တွေမှာ ကောင်းကင်ကြယ်တာရာနယ်နမိတ်က သိပ်အေးချမ်းတော့မှာ မဟုတ်ဘူး။ မင်းသာတတ်နိုင်မယ်ဆိုရင် အစွမ်းကုန်သုံးပြီး လူသားမျိုးနွယ်ကို ကာကွယ်ရမယ်။ မင်း လူတိုင်းကို မကယ်နိုင်ဘူးဆိုရင်တောင် လူသားမျိုးနွယ် လုံးဝမျိုးမတုံးသွားအောင်တော့ ကြိုးစားရမယ်”

ယခင်တွင် ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်၏ စကားများကို အလေးအနက် မထားခဲ့ပေ။ ဆန်းကြယ်ဧကရာဇ်မြို့မှတိုက်ပွဲ ပြီးနောက်တွင် သူ ထိုအကြောင်းကို မေ့သွားခဲ့သည်။ ယခုတွင်မူ ဗုဒ္ဓဧကရာဇ်က ထိုအကြောင်းကို ပြောလိုက်၍ သူ ပြန်မှတ်မိသွားသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော် ပြန်ထွက်ပေါ်လာခဲ့သည်မှာ လအနည်းငယ်သာ ရှိသေးသော်လည်း ကောင်းကင်ကြယ်တာရာနယ်နမိတ်ရှိ လူသန်းနှစ်ထောင်ကျော်က သေသွားခဲ့ပြီလော။ အမှန်ပင် ဆန်းကြယ်ဧကရာဇ် ပြောခဲ့သလို ကပ်‌ဘေးကြီးတစ်ခု ဖြစ်လာတော့မည်လော။

“ဘာလို့ အရှေ့ဘက် တော်ဝင်နယ်မြေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ရတာလဲ”

ကျန်းရီက စိတ်ဝင်တစား မေးလိုက်သည်။ ထို့နောက် သူ တစ်စုံတစ်ခုကို ရုတ်တရက် စဉ်းစားမိလိုက်၍ ဆက်ပြောလိုက်သည်။

“ကောင်းကင်ကြယ်တာရာနယ်မြေမှာ ဖြစ်ခဲ့တဲ့ကိစ္စကတော့ ကပ်‌ဘေးမဟုတ်ဘူး။ တစ်ယောက်ယောက်ကို နောက်ကွယ်က ကြိုးကိုင်နေခဲ့တာပဲ။ ကျွန်တော့်နဲ့ ရင်းနှီးတဲ့သူတွေ အဖမ်းခံလိုက်ရတယ်။  အဲ့နယ်မြေမှာ သားရဲဒီရေက နှစ်ရာကျော်ကြာမှ တစ်ကြိမ်ဖြစ်တာ... ဒါပေမယ့် ဒီတစ်ခေါက်ကတော့ နှစ်ပိုင်းအတွင်းမှာ နောက်တစ်ကြိမ် ထပ်ဖြစ်ခဲ့တာပဲ။ အဲ့ဒါက တစ်ယောက်ယောက်ရဲ့ လုပ်ရပ်ဆိုတာ သေချာတယ်။ ဝတ်ရုံနက်နဲ့လူတွေက ကောင်းကင်ကြယ်တာရာနယ်မြေက မြို့တွေကို လာတိုက်ခိုက်တာကို မြင်ခဲ့တဲ့သူတွေ ရှိတယ်...”

“အဲ့ဒါက လူတွေရဲ့လက်ချက်ဆိုတာ ကျွန်တော်သိတယ်”

ဗုဒ္ဓဧကရာဇ်က ခါးသက်သက်ရယ်လိုက်ပြီး ခေါင်းခါ၍ သက်ပြင်းချကာ ပြောလိုက်သည်။

“အရာအားလုံးက လူတွေရဲ့လက်ချက်ပဲ။ ဒါပေမဲ့ နောက်ကွယ်က‌နေ ကြိုးကိုင်နေတဲ့သူက အရမ်းလုံလုံခြုံခြုံ ပုန်းနေနိုင်တယ်။ ငါတို့ ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူး။ မကြာခင် နယ်မြေပေါ်မှာ လူတွေ ထပ်သေကြလိမ့်ဦးမယ်။ ဒီလိုအခြေအနေမှာတောင် တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်နဲ့ တခြားဧကရာဇ်တွေက ဝင်မပါကြသေးတာ ရယ်ချင်စရာပဲ။ ဒီကိစ္စကို ဆွေးနွေးဖို့အတွက် သူတို့ကို ငါ ဖိတ်ခေါ်ပြီးသွားပြီ... ဒါပေမဲ့ သူတို့အားလုံး ငြင်းလိုက်ကြတယ်”

ကျန်းရီ မျက်ခုံးပင့်ကာ မေးလိုက်သည်။

“နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူက ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲက ဖြစ်နေမလား...”

“မဖြစ်နိုင်ဘူး”

ဗုဒ္ဓဧကရာဇ်၏လေသံက ယဉ်ရို့ပင်း၏လေသံကဲ့သို့ပင် ပြတ်သားသည်။ ဗုဒ္ဓဧကရာဇ် ဆက်ပြောလိုက်သည်။

“ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်စည်းမျဉ်းတွေရှိတယ်။ ဘယ်သူမှ အဲ့လိုလုပ်ရပ်မျိုးတွေကို လုပ်ရဲကြမှာ မဟုတ်ဘူး။ မျိုးနွယ်ခေါင်းဆောင်က ရူးသွားရင်တောင် မဟာအကြီးအကဲတွေနဲ့ တခြားမျိုးနွယ်ဝင်တွေက အဲ့လိုကိစ္စကို သဘောတူမှာ မဟုတ်ဘူး။ ကြိုးကိုင်သူက သေချာပေါက် ဧကရာဇ်ကိုးပါးမျိုးနွယ်စုက မဟုတ်ဘူး”

***

All Chapters