ရှုပ်ထွေးကာ နားလည်ရန်ခက်သော
Vol. 83 Ch. 1153
ဗုဒ္ဓဧကရာဇ်နှင့် ယဉ်ရို့ပင်းတို့ နှစ်ယောက်စလုံးက တွင်တွင်ငြင်းနေကြသည်။ ထို့ကြောင့် ကျန်းရီ အတန်ငယ် စိတ်ရှုပ်နေသည်။ သူ၏ ခန့်မှန်းချက်က မှားခဲ့ခြင်းလော။
သို့သော် အရိပ်ဧကရာဇ်၏ သတင်းကတော့ မမှားနိုင်ပေ။ ဝူမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်က အမှန်ပင် ပျောက်သွားခဲ့သည်။ ကောင်းကင်ကြယ်တာရာနယ်မြေတွင်လည်း အမှန်ပင် နတ်ဘုရားတစ်ပိုင်းအချို့ ထွက်ပေါ်လာခဲ့ကာ ကျန်းယွင်ဟိုင်၊ ရွှေယို့လန်၊ ယွင်ချန်းထျန်းနှင့် အခြားသူများကို ဖမ်းခေါ်သွားခဲ့သည်။
ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် အရိပ်ဧကရာဇ်၏ လူများကို လျှို့ဝှက်စုံစမ်းခိုင်းရန် ဆုံးဖြတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူကိုယ်တိုင် လူလုံးထွက်ပြရန်လည်း ပြင်ဆင်လိုက်သည်။ သို့ဆိုလျှင် ကြိုးကိုင်သူက သေချာပေါက် သူ့ကို ဆက်သွယ်ရန် ကြိုးစားပေလိမ့်မည်။ ကြိုးကိုင်သူက ကျန်းယွင်ဟိုင်တို့ကို မသတ်ဘဲ ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်ရာ ကျန်းယွင်ဟိုင်တို့ကို အသုံးချ၍ ကျန်းရီကို ခြိမ်းခြောက်လိုခြင်းဖြစ်ကြောင်း သိသာပေသည်။
အရှေ့ဘက် တော်ဝင်နယ်မြေက တိုင်းတာ၍ မရလောက်အောင် ကျယ်ပြောသည်။ ကျန်းရီ၏ ရန်သူများကလည်း မရေမတွက်နိုင်အောင်ပင်။ အကယ်၍ သူသာ ကျန်းယွင်ဟိုင်တို့ကို သူ့ဘာသာ ရှာမည်ဆိုလျှင် ကောက်ရိုးပုံထဲ အပ်ရှာရသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် နောက်ကွယ်မှ ကြိုးကိုင်သူက သူ့ဘာသာ လူလုံးထွက်ပြလာအောင် လုပ်ရမည်ဖြစ်သည်။
ကျန်းရီသည် ဗုဒ္ဓဧကရာဇ်အားကြည့်၍ ပြောလိုက်၏။
“ဗုဒ္ဓဧကရာဇ်... နယ်မြေတွေက စစ်ပွဲတွေက ဆက်စပ်နေတယ်လို့ ဧကရာဇ် ထင်ပါသလား။ သွေးညအကြောက်တရားပင်လယ်က သားရဲဒီရေနဲ့ အထီးကျန် အရှေ့ပိုင်းပင်လယ်က သားရဲဒီရေက ဆက်စပ်နေတယ်လို့ရော ထင်ပါသလား”
“အဲ့ကိစ္စတွေ အကုန်လုံးက ဆက်စပ်နေလောက်တယ်”
ဗုဒ္ဓဧကရာဇ်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“သွေးညအကြောက်တရားပင်လယ်ရဲ့ သမိုင်းတစ်လျှောက်မှာ သားရဲဒီရေက သုံးကြိမ်ပဲ တက်ခဲ့သေးတယ်။ အဲ့ဒါကလည်း လူသားတွေက အရင်ဆုံး စကျူးကျော်ခဲ့ကြလို့ပဲ။ မင်းလည်း အရင်တုန်းက သားရဲဒီရေကို တွေ့ခဲ့ဖူးမှာပေါ့။ သားရဲဒီရေ တက်လာတာနဲ့ မိစ္ဆာသားရဲတွေအကုန်လုံးက အသိစိတ်ပျောက်ကုန်ပြီး သွေးဆာလာကြတယ်။ ဒီတစ်ခေါက် သွေးညအကြောက်တရားပင်လယ်မှာ သားရဲဒီရေတက်တော့ မိစ္ဆာအရှင်နှစ်ပါးလည်း အသိစိတ်ပျောက်သွားခဲ့တယ်။ တကယ်လို့ ဓားဧကရာဇ်သာ ကိုယ်တိုင်ဝင်မတားခဲ့ရင် သွေးညအကြောက်တရားပင်လယ်ရဲ့ တောင်ဘက်က နယ်မြေတွေအကုန်လုံး ပျက်သုဉ်းသွားမှာပဲ”
“အဲ့ဒါဆို ဘာလို့ အရှေ့ဘက် တော်ဝင်နယ်မြေမှာ စစ်ပွဲအကြိမ်ရေက ဆနဲ့ချီပြီး တိုးလာရတာလဲ”
ကျန်းရီက စိတ်ဝင်တစားဖြင့် ထပ်မေးလိုက်သည်။
ဗုဒ္ဓဧကရာဇ်က မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။
“နောက်ကွယ်က အကြောင်းအရင်းကိုတော့ ငါတို့လည်း အတည်မပြုရသေးဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က တိုက်ပွဲတွေ ဖြစ်လာအောင် နောက်ကွယ်ကနေ ကြိုးကိုင်နေတာ ဖြစ်ရမယ်။ ဒီတစ်ခေါက် တိုက်ပွဲကြီးတွေမှာ တူညီချက် တစ်ခုပဲရှိတယ်။ တိုက်ပွဲတွေကို စခဲ့တဲ့ အရေးပါတဲ့ မျိုးနွယ်ဝင်တွေက တိုက်ပွဲထဲမှာ သေသွားကြတာပဲ။ ချွင်းချက်တစ်ခုတောင် မရှိခဲ့ဘူး။ အဲ့ဒါကြောင့် ငါတို့ လူတွေစေလွှတ်ပြီး စုံစမ်းခဲ့ပေမယ့် တိကျတဲ့ သဲလွန်စတွေကို မရခဲ့ဘူး။ တိုက်ပွဲတွေ ဘာလို့ စဖြစ်လာလဲဆိုတာကို ဘယ်သူမှ အတိအကျ မသိကြဘူး... ဒီအတိုင်း ခန့်မှန်းချက်တွေပဲ ရှိတယ်”
“အဲ့လောက်တောင် အစွမ်းထက်တယ်လား”
ကျန်းရီသည် ထိုကဲ့သို့သော ဗျူဟာမျိုးကို အမုန်းဆုံးဖြစ်သည်။ ထို့နောက် သူ တွေးတော သုံးသပ်လိုက်သည်။
“အဲ့လိုမျိုး လုပ်နိုင်လောက်တဲ့ အင်အားကို ပိုင်ဆိုင်ထားတဲ့ အုပ်စုတွေက အများကြီးမရှိဘူး။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက လုပ်တာမဟုတ်ဘူးလို့ ဧကရာဇ်က အပြတ်ပြောထားမှတော့... တော်ဝင်မျိုးနွယ်ကြီးတွေက လုပ်တာများ ဖြစ်နေမလး။ ဒါမှမဟုတ် ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းလား။ ဟုတ်သား... ကောင်းကင်တမလွန်ဂိုဏ်းက နံပါတ်(၁)ဂိုဏ်းမလား။ သူတို့များ ဖြစ်နေမလား”
“ကောင်းကင်တမလွန်ဂိုဏ်းလား... မဖြစ်နိုင်ဘူး”
ဗုဒ္ဓဧကရာဇ်က ခေါင်းခါကာ ပြောလိုက်သည်။
“ကောင်းကင်တမလွန်ဂိုဏ်းက အရမ်းလျှို့ဝှက်တဲ့ဂိုဏ်းပဲ။ အရှေ့ဘက် တော်ဝင်နယ်မြေမှာ ပဋိပက္ခတွေ မရေမတွက်နိုင်အောင် ဖြစ်ခဲ့ဖူးပေမယ့် ကောင်းကင်တမလွန်ဂိုဏ်းက တစ်ခါမှ ဝင်မပါခဲ့ဘူး။ သူတို့သာ ဒီလိုလုပ်ရပ်မျိုးကို လုပ်ချင်မယ်ဆိုရင် အရင်ကတည်းက လုပ်ပြီးလောက်ပြီ။ အဲ့ဂိုဏ်းက အရမ်းအင်အားကြီးတယ်။ သူတို့က ဒေသကြီးတွေကို အလွယ်လေး သိမ်းပိုက်ပစ်နိုင်တယ်။ ပြီးတော့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက အာဏာတပ်မက်တာမျိုးကို မင်း မြင်ခဲ့ဖူးလို့လား...”
“ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းနဲ့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှာ ဘိုးဘေးတွေက ချမှတ်သွားခဲ့တဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိတယ်။ ဂိုဏ်းနဲ့ မျိုးနွယ် အဓွန့်ရှည်တည်တံရေးက နံပါတ်(၁) ဦးစားပေးပဲ။ ဂိုဏ်းချုပ်က ရူးသွပ်တဲ့ကိစ္စတွေကို လုပ်ချင်မယ်ဆိုရင်တောင် အကြီးအကဲတွေအကုန်လုံးက ငြင်းမှာပဲ။ ဂိုဏ်းချုပ်တစ်ယောက်တည်းနဲ့တော့ ဘာမှ ဖြစ်မြောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး...”
“ကျန်းရီ... မင်းက ငါတို့လို မျိုးနွယ်ကြီးတွေကို နားမလည်ဘူးထင်တယ်။ အကြီးအကဲခန်းမက အကြီးအကဲတွေသာ မဲပေးပြီး ဖြုတ်ချလိုက်ရင် မျိုးနွယ်ခေါင်းဆောင်ဖြစ်ဖြစ်၊ ဂိုဏ်းချုပ်ဖြစ်ဖြစ် ရာထူးက ဆင်းပေးရမှာပဲ”
“မျိုးနွယ်ခေါင်းဆောင်တွေကိုတောင် ဖယ်ထုတ်ပစ်နိုင်တာလား”
ကျန်းရီ မျက်တောင်ပုတ်ခတ်လိုက်၏။ ထိုစကားကို သူ ယုံကြည်ရခက်နေသည်။ များသောအားဖြင့် မျိုးနွယ်ခေါင်းဆောင်မှာ တစ်မျိုးနွယ်လုံးရှိ စွမ်းအားအကြီးဆုံး သိုင်းပညာရှင်ဖြစ်သည်။ ဥပမာအားဖြင့် ဗုဒ္ဓဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်၊ တိုက်ပွဲဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် အခြားဧကရာဇ်များကို ကြည့်ပါ။ ရီမျိုးနွယ်တွင် အကြွင်းမဲ့အာဏာရှိသော ဗုဒ္ဓဧကရာဇ်ကဲ့သို့သော လူတစ်ယောက်က အကြီးအကဲတစ်စုကြောင့် ရာထူးမှ ဆင်းပေးရနိုင်သည်လော။ ထိုအကြီးအကဲများက သူ၏လုပ်ရပ်များကိုပင် ထိန်းချုပ်နိုင်သည်လော။
“မင်းက မယုံဘူးလား”
ဗုဒ္ဓဧကရာဇ်က ခပ်သဲ့သဲ့ပြုံးကာ ဆက်ပြောလိုက်သည်။
“မျိုးနွယ်တိုင်းမှာ အကြီးအကဲခန်းမဆိုတာ အာဏာအရှိဆုံးဌာနပဲ။ အကြီးအကဲခန်းမက မျိုးနွယ်ခေါင်းဆောင်ကို သူ့ရာထူးက ဖြုတ်ချနိုင်တယ်.. တကယ်လို့ မျိုးနွယ်ခေါင်းဆောင်က အကြီးအကဲခန်းမရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်မယ်ဆိုရင် မျိုးနွယ်ကနေ မောင်းထုတ်ခံရလိမ့်မယ်။ အဲ့ကိစ္စကို တခြားမျိုးနွယ်တွေ သိသွားအောင်လည်း လူသိရှင်ကြား ကြေညာခံရလိမ့်မယ်၊ နယ်မြေတစ်ခွင်လုံးက သူ မောင်းထုတ်ခံရတဲ့ကိစ္စကို သိသွားလိမ့်မယ်...”
“အဲ့လိုကိစ္စမျိုး တကယ် ဖြစ်ခဲ့ဖူးတယ်။ အရင်တုန်းက ကျန့်မျိုးနွယ်က မျိုးနွယ်ခေါင်းဆောင်တစ်ယောက်က စိတ်ထင်တိုင်း လုပ်ခဲ့တယ်... အကြီးအကဲခန်းမကသာ သူ့ကို မတားခဲ့ရင် ကျန့်မျိုးနွယ်က ပျက်သုဉ်းသွားလောက်ပြီ။ အဲ့တုန်းက အဲ့မျိုးနွယ်ခေါင်းဆောင်က မျိုးနွယ်ကနေ မောင်းထုတ်ခံရပြီး အခြားဧကရာဇ်မျိုးနွယ်တွေရဲ့ ပူးပေါင်းသတ်ဖြတ်တာကို ခံခဲ့ရတယ်။ အကြီးအကဲခန်းမရဲ့ အရေးအကြီးဆုံး တာဝန်က မျိုးနွယ်ထဲက အုပ်ချုပ်ရေးပိုင်းကိစ္စတွေ မဟုတ်ဘူး... မျိုးနွယ်ကို အဓွန့်ရှည်တည်တံ့အောင် လုပ်ဖို့ပဲ...”
“အို့...”
ကျန်းရီ ခေါင်းရှုပ်သွားသည်။ သူ ဗုဒ္ဓဧကရာဇ်ကို ကြည့်ကာ မေးလိုက်သည်။
“ဧကရာဇ်ကိုးပါးမျိုးနွယ်စုလည်း မဖြစ်နိုင်ဘူး၊ ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းလည်း မဖြစ်နိုင်ဘူးဆိုရင်... ဧကရာဇ်ရဲ့ စကားတွေအရ သံသယဖြစ်စရာဆိုလို့ ရှေးဟောင်းမျိုးနွယ်တွေပဲ ကျန်တော့တာပေါ့။ ဒါပေမဲ့ အဲ့ရှေးဟောင်းမျိုးနွယ်တွေမှာလည်း အကြီးအကဲခန်းမတွေ ရှိကြတယ် မဟုတ်ဘူးလား”
“ရှိတော့ရှိတယ်... ဒါပေမဲ့ မတူဘူး”
ဗုဒ္ဓဧကရာဇ်က ခေါင်းခါကာ ပြောလိုက်သည်။
“သမိုင်းတစ်လျှောက်မှာ ရှေးဟောင်းမျိုးနွယ် ဘယ်လောက်များများ ပျောက်ကွယ်သွားခဲ့လဲ။ အဲ့ရှေးဟောင်းမျိုးနွယ်တွေ ပျောက်ကွယ်သွားခဲ့ရတာက သူတို့မှာ ငါတို့လို စည်းစနစ်တွေ မရှိလို့ပဲ။ ရှေးဟောင်းမျိုးနွယ်တွေရဲ့ မျိုးနွယ်ခေါင်းဆောင်တွေက အကြီးအကဲခန်းမထက် ပိုအင်အားကြီးပြီး ပိုအာဏာရှိကြတယ်။ အဲ့ဒါကြောင့် ဒီတစ်ခေါက်ကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ထိပ်တန်းရှေးဟောင်းမျိုးနွယ်ဆယ်ခုထဲက တစ်ခုပဲ ဖြစ်ရမယ်လို့ ငါထင်တယ်”
“ထိပ်တန်းရှေးဟောင်းမျိုးနွယ်ဆယ်ခုလား”
ကျန်းရီသည် ထိုအမည်ကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူ ရီချန်ကို လှမ်းကြည့်လိုက်၏။ ရီချန်က ရှင်းပြလိုက်သည်။
“တကယ်တော့... ရှေးဟောင်းမျိုးနွယ်တွေက အများကြီးရှိတယ်။ ဒါပေမဲ့ ထိပ်တန်းရှေးဟောင်းမျိုးနွယ်ဆယ်ခုက အရမ်းအင်အားကြီးတယ်။ အဲ့မျိုးနွယ်ဆယ်ခုက ဧကရာဇ်ကိုးပါးမျိုးနွယ်စုနဲ့တောင် ယှဉ်နိုင်တယ်။ သူတို့ထဲက အင်အားအကြီးဆုံး မျိုးနွယ်ကတော့ ထန်မျိုးနွယ်ပဲ... သူ့နောက်မှာ မိုမျိုးနွယ်၊ လီမျိုးနွယ်၊ ရှစ်မျိုးနွယ်၊ ယဲ့မျိုးနွယ်၊ လျှိုမျိုးနွယ်၊ စစ်မျိုးနွယ်၊ တုံမျိုးနွယ်၊ မာမျိုးနွယ်နဲ့ ရွှမ်မျိုးနွယ်တို့ ရှိတယ်။ အဲ့ရှေးဟောင်းမျိုးနွယ် ဆယ်ခုက အရမ်းစွမ်းအားကြီးတယ်။ အဓိကကတော့ ထန်မျိုးနွယ်၊ လီမျိုးနွယ်နဲ့ မိုမျိုးနွယ်ပဲ။ သူတို့က အရှေ့ဘက် တော်ဝင်နယ်မြေက ထိပ်တန်း ကုန်သည်အဖွဲ့အစည်းသုံးခုကို ထိန်းချုပ်ထားတယ်။ သူတို့သာ ကိစ္စတစ်ခုခုကို စချင်ရင် အလွယ်လေး စလို့ရတယ်...”
“ထန်မျိုးနွယ်လား”
ကျန်းရီ မျက်ခုံးပင့်လိုက်၏။ သူသည် ထိုမျိုးနွယ်အကြောင်းကို မတွေးမိခဲ့ပေ။ ထိုအခိုက်တွင်မှ သူ အချက်အလက်များကို ဆက်စပ်ကြည့်လိုက်ပြီး ထန်မျိုးနွယ်က အမှန်ပင် အင်အားကြီးကြောင်း သဘောပေါက်သွားသည်။ ထန်မျိုးနွယ်က အရှေ့ဘက် တော်ဝင်နယ်မြေတွင် အကြွယ်ဝဆုံးမျိုးနွယ် ဖြစ်နိုင်သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည်ပင် ကြွယ်ဝမှုတွင် ထန်မျိုးနွယ်ကို မယှဉ်နိုင်လောက်ပေ။ အကယ်၍ နောက်ကွယ်မှ ကြိုးကိုင်သူမှာ အမှန်ပင် ထန်မျိုးနွယ် ဆိုပါက ကိစ္စများကို အလွယ်တကူ လုပ်ဆောင်နိုင်ပေလိမ့်မည်။
“အဲ့ဒါက အဓိပ္ပာယ်မရှိဘူး”
ကျန်းရီ ချက်ချင်း ခေါင်းခါကာ ပြောလိုက်သည်။
“ထန်မျိုးနွယ်ရဲ့ စည်းမျဉ်းတွေကလည်း အရမ်းတင်းကြပ်တာပဲ။ သူတို့က စီးပွားရေးပဲ လုပ်တာ... ဩဇာတွေ၊ အာဏာတွေကို အရေးစိုက်တာ မဟုတ်ဘူး။ အဲ့လိုကိစ္စတွေကို လုပ်တာက ထန်မျိုးနွယ်အတွက် ဘာအကျိုးရှိစေမှာမို့လို့လဲ။ ပြီးတော့ သူတို့က ဘာမှ မလုပ်ဘဲ နေခဲ့တာ နှစ်တွေအများကြီးရှိခဲ့ပြီမလား... ဘာလို့ အခုမှ ထလုပ်ရမှာလဲ”
“အကျိုးရှိတာပေါ့”
ရီချန်က ပြတ်သားစွာ ပြောလိုက်သည်။
“တကယ်လို့ အရှေ့ဘက် တော်ဝင်နယ်မြေသာ ပရမ်းပတာဖြစ်သွားရင် အကြီးမားဆုံး ဆုံးရှုံးရမှာက ဧကရာဇ်ကိုးပါးမျိုးနွယ်စုပဲ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ ဩဇာအာဏာက အများကြီး ကျဆင်းသွားလိမ့်မယ်။ အဲ့လိုဆို အရှေ့ဘက် တော်ဝင်နယ်မြေမှာ ထန်မျိုးနွယ်က နံပါတ်(၁) ဖြစ်သွားလိမ့်မယ်။ ဘာလို့ သူတို့က အရင်တုန်းက မလုပ်ဘဲ အခုမှ ထလုပ်ရတာလဲဆိုတာကတော့ ရှင် ထွက်ပေါ်လာလို့ပဲ။ ဆန်းကြယ်ဧကရာဇ်မြို့က ရှင့်ရဲ့တိုက်ပွဲက ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ အာဏာကို ခြိမ်းခြောက်နိုင်ခဲ့တယ်။ အဲ့တော့ အခုအချိန်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ရှင်းပစ်ဖို့ အကောင်းဆုံး အချိန်ပဲ...”
“ပြီးတော့.. ရှင် စဉ်းစားကြည့်ပါ၊ ကောင်းကင်ကြယ်တာရာနယ်မြေမှာ တစ်ခုခု ဖြစ်ခဲ့တယ်လို့ ကြားလိုက်တာနဲ့ ရှင် ဘယ်သူတွေကို အရင်ဆုံး သံသယဖြစ်ခဲ့လဲ။ သေချာပေါက် ဝူမျိုးနွယ်၊ ရှီးမျိုးနွယ်နဲ့ ထူမျိုးနွယ်တို့ကို သံသယဖြစ်ခဲ့မှာပေါ့... ဟုတ်တယ်မလား။ ရှင် အဲ့မျိုးနွယ်သုံးခုနဲ့ စပြီး တိုက်ခိုက်လိုက်ပြီဆိုတာနဲ့ တစ်ယောက်ယောက်က ကြားကနေပြီး အကျိုးအမြတ်ရသွားတော့မှာပဲ...”
“ဒါပေမဲ့ အဲ့ဒါတွေက ခန့်မှန်းချက်တွေပဲ ရှိပါသေးတယ်။ သက်သေမရှိသေးသ၍ ဘယ်မျိုးနွယ်ကိုမှ လက်ညှိုးထိုးလို့ရမှာ မဟုတ်ဘူး”
ရီချန်က ဆက်ပြောလိုက်သည်။
“ပြောရမယ်ဆိုရင်... အပြစ်သားကျွန်းကလည်း သံသယဝင်စရာပဲ။ တွေးကြည့်ပါ... ဧကရာဇ်ကိုးပါးမျိုးနွယ်စုသာ ပျက်စီးသွားမယ်ဆိုရင် ဘယ်သူတွေက အကျိုးအမြတ်ရမလဲ။ အပြစ်သားကျွန်းက မျိုးနွယ်(၁၃)ခုမလား။ ကျန်းရီ... သူများရဲ့ အသုံးချခံ မဖြစ်ပါစေနဲ့။ ရှင်ကတော့ သူတို့ကို ယုံကြည်လို့ရတယ်လို့ ထင်မှာပဲ။ ဒါပေမဲ့ မျိုးနွယ်တစ်ခုလုံးရဲ့ အကျိုးနဲ့ ပတ်သတ်လာတဲ့အခါကျရင် ကိုယ်မလုပ်ချင်တာကိုလည်း လုပ်ကြရတယ်။ အင်း... အဲ့ဒါကလည်း ခန့်မှန်းချက်ပါပဲ။ ကျွန်မက ဖြစ်နိုင်ခြေတွေကို ပြောပြရုံပါ။ ဒါပေမဲ့ ရှင် သတိတော့ထားဖို့ လိုလိမ့်မယ်။ တိကျတဲ့သက်သေမရှိဘဲ မဆင်မခြင် မလုပ်ပါနဲ့”
“ဟ...”
ကျန်းရီ စိတ်လှုပ်ရှားသွားသည်။ ရီချန်၏ ခန့်မှန်းချက်များက ဘက်မလိုက်ဟု မဆိုနိုင်သော်လည်း လုံးဝကြီး အကျိုးအကြောင်း မညီသည်တော့ မဟုတ်ပေ။ စစ်ထူအောင်းသည် မျိုးနွယ်(၁၃)ခု၏ အကျိုးအတွက် သူ မလုပ်လိုသည်များကို အမှန်ပင် လုပ်နိုင်လောက်သည်။ ကျန်းရီကို အသုံးချ၍ အရှေ့ဘက် တော်ဝင်နယ်မြေကို ပရမ်းပတာ ဖြစ်သွားအောင် လုပ်နိုင်လျှင် မျိုးနွယ်(၁၃)ခုအတွက် သေချာပေါက် အကျိုးရှိမည်ဖြစ်သည်။
ထို့ပြင် မြောက်ဘက်ဧကရာဇ်မြို့တွင် သိုင်းပညာရှင်များစွာ ရှိသည်။ အရိပ်ဧကရာဇ်သည် သူ၏သူလျှိုများကို မြောက်ဘက်ဧကရာဇ်မြို့ထဲသို့ ပို့နိုင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ အဘယ်ကြောင့် ယခုတစ်ခေါက်တွင်မှ ဝူမျိုးနွယ်၏ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက် ရုတ်တရက် ပျောက်သွားသည့်ကိစ္စအကြောင်းကို သတင်းရရသနည်း။ ဤမတိုင်ခင်အထိ ကျန်းရီသည် ထိုအကြောင်းကို များစွာ မတွေးတောခဲ့ပေ။ ယခုတွင်မူ သူ သံသယဖြစ်လာပေပြီ။ မျိုးနွယ်ကြီးများ၏ မျိုးနွယ်ခေါင်းဆောင်တိုင်းသည် မျိုးနွယ်၏အကျိုးအတွက်ဆိုလျှင် အရာအားလုံးကို စတေးနိုင်ကြသည်။ သို့ဖြစ်ရာ သူ သတိမပြတ်ထားမှ ဖြစ်ပေလိမ့်မည်။
ကျန်းရီသည် အခြေအနေက ပိုရှုပ်ထွေးလာကာ နားလည်ရခက်လာသည်ဟု ခံစားလာရလေသည်။ နေရာတိုင်းတွင် ရန်သူများ ရှိနေသကဲ့သို့ပင်။
***