← Chapters

ပျံ့နှံ့နေသော ကောလာဟလ

Vol. 83 Ch. 1154

ပျံ့နှံ့နေသော ကောလာဟလ

Vol. 83 Ch. 1154

“အဲ့ဒါဆို အခု ကျွန်တော်တို့ ဘာလုပ်ရမလဲ”

ကျန်းရီ၏ အတွေးများ လုံးဝရှုပ်ထွေးနေပေပြီ။ အခြေအနေက လွန်စွာ နားလည်ရခက်လာခဲ့သည်။ အကယ်၍ သူသာ သတိမထားပါက တစ်စုံတစ်ယောက်၏ အသုံးချခံ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူ မဆင်မခြင် မလုပ်ဝံ့ပေ။ မဟုတ်လျှင် သူ ကျန်းယွင်ဟိုင်တို့ကို မကယ်နိုင်ရုံသာမက ကိုယ့်သေတွင်းကိုယ်တူးသလိုလည်း ဖြစ်သွားပေလိမ့်မည်။

“စောင့်ရမယ်”

ဗုဒ္ဓဧကရာဇ်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ငါ၊ ရွှယ်ဧကရာဇ်၊ ညဧကရီ၊ ယဉ်ဧကရာဇ်နဲ့ ဓားဧကရာဇ်တို့က သတင်းအချက်အလက်တွေ ပိုစုဆောင်းဖို့ လူတွေ စေလွှတ်ထားပြီးပြီ။ ရှေးဟောင်းမျိုးနွယ်တွေလည်း လှုပ်ရှားနေကြပြီ။ ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းထဲက ဆက်သွယ်လို့ရတဲ့ ဂိုဏ်းတွေကိုလည်း ငါ ဆက်သွယ်ပြီးသွားပြီ။ အခုဆို အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးမှာ ထောက်လှမ်းရေးတွေ ခြေချင်းလိမ်နေပြီး ကြိုးကိုင်သူ ထပ်လှုပ်ရှားမှာကို စောင့်နေကြတယ်။ သူ ထပ်လှုပ်ရှားတဲ့အချိန်ကျရင် ငါတို့ သူ့ကို သက်သေနဲ့အတူ မိမှာပဲ။ အဲ့ကျမှ ငါတို့တွေ အင်အားပူးပေါင်းပြီး သူ့ကို ရှင်းပစ်ကြမယ်။ သူက ဘယ်သူပဲဖြစ်ဖြစ် အဲ့လိုလူမဆန်တဲ့ကိစ္စမျိုးကို လုပ်ရဲတယ်ဆိုတော့ လုံးဝခွင့်လွှတ်ပေးလို့ မရဘူး”

“အွန်း...”

ရီချန်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကြိုးကိုင်သူက လူမဆန်တော့ဘူး။ ဘယ်မျိုးနွယ်ကြီးကမှ သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ကျန်းရီ... ရှင် စိတ်ချနေပါ”

“ကောင်းပြီလေ... အဲ့လိုဆိုလည်း ကျွန်‌တော် စောင့်နေပါ့မယ်”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ သူသည် ဗုဒ္ဓဧကရာဇ်ကို ယုံကြည်နေဆဲဖြစ်သည်။ ဗုဒ္ဓဧကရာဇ်က သူ့ကို စောင့်ခိုင်းနေရာ သူ စောင့်မည်ဖြစ်သည်။ ထို့နောက်တွင် သူ ဗုဒ္ဓတောင်မှ ပြန်ထွက်လိုက်ပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်လိုက်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ဗုဒ္ဓတောင်၏ မြောက်ဘက်ရှိ မြက်ခင်းပြင်ပေါ်တွင် ဆင်းသက်လိုက်သည်။ အကယ်၍ ကြိုးကိုင်သူက သူ့ကို ဆက်သွယ်မည်ဆိုလျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ လူစေလွှတ်လိုက်မည်ဖြစ်သည်။

ကျန်းရီသည် ယဉ်ရို့ပင်းကို ဗုဒ္ဓဧကရာဇ်မြို့ထဲသို့ စေလွှတ်ကာ အရိပ်ဧကရာဇ်၏ ပုလဲလုံးကို သုံး၍ အရိပ်ဧကရာဇ်၏လူများနှင့် ဆက်သွယ်စေလိုက်သည်။ သူတို့အား ကျန်းယွင်ဟိုင်တို့ကို ဆက်ရှာဖွေခိုင်းရပေမည်။ အရိပ်ဧကရာဇ်၏ လူများနှင့် ဆက်သွယ်ရန် သူက ကျန်းရီဖြစ်နေသဖြင့် ပေါ်လွင်လွန်းနေသည်။ သို့သော် ယဉ်ရို့ပင်းက လူအချို့နှင့် တွေ့ဆုံခြင်းမှာမူ မလိုလားအပ်သော အာရုံစိုက်မှုများကို ခံရမည် မဟုတ်ပေ။ ထို့ပြင် ယဉ်ရို့ပင်းသည် ရီချန်ထံသို့သွား၍ ရီမျိုးနွယ်မှ ထောက်လှမ်းရေးများ ရရှိထားသော သတင်းများကိုလည်း စုံစမ်းနိုင်သည် မဟုတ်ပါလော။

ကျန်းရီသည် ထပ်မံ၍ အခန်းအောင်းလိုက်၏။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ဗုဒ္ဓတောင်၏ မြောက်ဘက်တွင် ရှိနေပြီး ဗုဒ္ဓဧကရာဇ်က ဗုဒ္ဓမြို့ထဲတွင် ရှိနေ၍ ကျန်းရီတို့အတွက် အလွန်လုံခြုံမှုရှိနေပေသည်။ အကယ်၍ အရေးပါသော သတင်းတစ်ခုခု ရှိလာပါကလည်း ဗုဒ္ဓဧကရာဇ်က သူ့အား ချက်ချင်း လှမ်းအကြောင်းကြားပေလိမ့်မည်။ ထို့ကြောင့် သူသည် အတွင်းအား ကျင့်ကြံနေလိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့လည်း ဝင်ကာ ဆန်းကြယ်ဧကရာဇ် ချန်ထားခဲ့သော ကောင်းကင်ပန်းချီကားကို ‌လေ့လာနေလိုက်သည်။

အခြေအနေများက မည်သို့ပင်ဖြစ်စေ ကျန်းရီ အင်အားကြီးနေမှ ဖြစ်လာနိုင်သည့် အရာအားလုံးနှင့် ရင်ဆိုင်နိုင်မည် ဖြစ်သည်။

***

မကြာခင်မှာပင် အရှေ့ဘက် တော်ဝင်နယ်မြေ၌ ကိစ္စတစ်ခု ဖြစ်လာသည်။ ဤတစ်ခေါက်တွင် နယ်မြေ၏ အရှေ့ပိုင်း၊ ရှီးမျိုးနွယ်၏ပိုင်နက် မြောက်ဘက်တွင် ဖြစ်လာခြင်းပင်။ ထိပ်တန်းရှေးဟောင်းမျိုးနွယ်ဆယ်ခုထဲမှ လီမျိုးနွယ်က အခြားရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုဖြစ်သည့် လုံမျိုးနွယ်ကို စစ်ကြေညာလိုက်ခြင်းပင်။

စစ်ကြေညာရခြင်းအကြောင်းမှာ အသေးအဖွဲလေးသာ ဖြစ်သည်။ သို့သော် ထိုအသေးအဖွဲကိစ္စကြောင့်ဖြင့် လုံမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်က လူများကို ခေါ်၍ လီမျိုးနွယ်၏ မြို့တစ်မြို့ကို ဖျက်ဆီးပစ်လိုက်သည်။ ထိုအခါ လီမျိုးနွယ်ခေါင်းဆောင် လီဖေးယွီက ဒေါသူပုန်ထသွားပြီး နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်စုကို ကိုယ်တိုင်ဦးဆောင်၍ ပြန်တိုက်ခိုက်ခဲ့သည်။ သူသည် လုံမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းကို သတ်ပစ်လိုက်ပြီး လုံမျိုးနွယ်ထံမှ ရှင်းပြချက် တောင်းခဲ့သည်။

ညှိနှိုင်းမှုများက အစပိုင်းတွင် အဆင်ပြေနေခဲ့သည်။ သို့သော် အကြောင်းအချို့ကြောင့် ညှိနှိုင်းရေး ပျက်ခဲ့သည်။ ထို့နောက် နှစ်ဘက်စလုံး လုံမြို့အပြင်ဘက်တွင် စတင် တိုက်ခိုက်ခဲ့ကြသည်။ လုံမျိုးနွယ်က ရှီးမျိုးနွယ်ထံမှ အကူအညီတောင်းခဲ့သည်။ နောက်ဆုံးတွင် ရှီးမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းအချို့ ရောက်ရှိသွားခဲ့ပြီး အကြောင်းပြချက်ကောင်းစွာ မရှိဘဲနှင့် လီဖေးယွီနှင့် စစ်ခင်းခဲ့ကြတော့သည်။

ထိုအဖြစ်အပျက်က မိစ္ဆာဧကရာဇ်၊ ဗုဒ္ဓဧကရာဇ်၊ ရွှမ်ဧကရာဇ်နှင့် အခြားဧကရာဇ်များကို အာရုံစိုက်သွားစေသည်။ ဗုဒ္ဓဧကရာဇ်၊ ရွှမ်ဧကရာဇ်နှင့် ညဧကရီတို့က တိုက်ပွဲနေရာသို့ ကိုယ်တိုင်သွား၍ အခြေအနေ ပိုဆိုးမလာရန် ကာကွယ်လိုက်ကြသည်။ ထို့ပြင် သူတို့သည် စစ်ဖြစ်ရသော အကြောင်းအရင်းကိုလည်း လျှို့ဝှက်စုံစမ်းလိုက်ကြသည်။ သို့သော် စုံစမ်းပြီးနောက်တွင် ထိုအဖြစ်က အလွန်ရိုးရှင်းကြောင်းကို သိလိုက်ရသည်။ မည်သည့် လျှို့ဝှက်အကြံအစည်မှ ရှိခဲ့ပုံ မပေါ်ချေ။

တစ်ခုတည်းသော ပြဿနာမှာ...

လူအားလုံးက ပို၍ မဆင်မခြင် ဖြစ်လာပုံ ပေါ်နေခြင်းပင်။ သူတို့သည် အတန်ငယ် စိတ်သဘောထားမတိုက်ဆိုင်သည်နှင့် စတင် တိုက်ခိုက်ကြသည်။ အရေးကြီးသောအချက်မှာ လီဖေးယွီက တည်ငြိမ်သူတစ်ယောက်ဖြစ်ပြီး ရှီးမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများက အကြီးအကဲများ ဖြစ်နေခြင်းပင်။ ထိုနတ်ဘုရားတစ်ပိုင်းများက ဖျန်ဖြေရန် ရောက်လာခဲ့ခြင်းဖြစ်သော်လည်း စစ်ပွဲထဲတွင် ဝင်ပါခဲ့ခြင်းမှာ ထူးဆန်းနေပေသည်။

ဗုဒ္ဓဧကရာဇ်တို့သည် အချိန်အတော်ကြာ စုံစမ်းခဲ့၏။ သို့သော် မည်သည်ကိုမှ ရှာမတွေ့ခဲ့ချေ။ ထို့ပြင် ယင်းကိစ္စ မပြီးသေးခင်မှာပင် နယ်မြေတစ်ခွင်၌ အခြား ကိစ္စကြီး၊ ကိစ္စငယ်များ ဖြစ်လာသည်။ ထို့ကြောင့် ဗုဒ္ဓဧကရာဇ်တို့သည် ရွေးချယ်စရာ မရှိတော့ဘဲ ထွက်သွားရလေတော့သည်။

အရှေ့ဘက် တော်ဝင်နယ်မြေတွင် တိုက်ပွဲများစွာ ဖြစ်ပျက်နေချိန်၌ နယ်မြေ၏ အနောက်ဘက်ရှိ ပန်းရဉ်နယ်မြေက နတ်မြင်းပျံနယ်မြေကို ရုတ်တရက် စစ်ခင်းခဲ့သည်။ ထို့ပြင် သွေးညအကြောက်တရားပင်လယ်၏ တောင်ဘက်ရှိ နယ်မြေခြောက်ခုကလည်း အချင်းချင်း စတင် စစ်ခင်းခဲ့ကြသည်။ သွေးညအကြောက်တရားပင်လယ်၏ မြောက်ဘက်ရှိ နယ်မြေအချို့ကလည်း စစ်ဖြစ်နေကြသည်။

ယခုတွင် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေပေပြီ။ ဗုဒ္ဓဧကရာဇ်နှင့် အခြားဧကရာဇ်များသည် နေရာအနှံ့သို့ သွားကာ ပဋိပက္ခများကို ကြားဝင်ဖျန်ဖြေပေးရန် ကြိုးစားကြပြီး နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေကြသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ရှိ လူသားအားလုံး ကြောက်ရွံ့နေပေပြီ။ ထို့ပြင် ကောလာဟလတစ်ခုကလည်း ပျံ့နှံ့နေသည်။

“ဆန်းကြယ်ဧကရာဇ်နန်းတော် ထွက်ပေါ်လာရင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ကပ်ဘေးကြီးတစ်ခုကို ခံရပြီး ပျက်စီးသွားလိမ့်မယ်”

ထိုကောလာဟလက အကြီးမားဆုံး ကောလာဟလဖြစ်သည်။ ထို့ပြင် ၎င်းက ဆန်းကြယ်ဧကရာဇ်ထံမှ စတင်ခဲ့ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် လူများစွာသည် ၎င်းကို ယုံကြည်နေကြသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ လူများပင် ယုံကြည်ကြသည်။ ထိုစကားကို ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ မှတ်တမ်းများထဲတွင် မှတ်တမ်းတင်ထားသည် မဟုတ်ပါလား။

ကျန်းရီသည် တစ်လကြာ အခန်းအောင်းကျင့်ကြံပြီးနောက် အပြင်သို့ ထွက်လိုက်၏။

ဝတ်ရုံနက်ဝတ်ဆင်ထားသော လူတစ်ယောက်က ဆန်းကြယ်နတ်ဘုရားနန်းတော် အပြင်ဘက်သို့ လျှို့ဝှက်ရောက်လာခဲ့ပြီး ပန်းချီကားနှစ်ချပ်နှင့် စာတစ်စောင်ကို ပေးခဲ့သည်။ ထို့နောက် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တစ်ကြိမ်တိုက်ခိုက်လိုက်ပြီး ချက်ချင်းပင် အဆိပ်သောက်ကာ နန်းတော်အပြင်ဘက်၌ သူ့ကိုယ်သူ သတ်သေသွားခဲ့သည်။

ပန်းချီကားများမှာ ချမ်ကွေ့နှင့် ကျန်ရီမင်တို့၏ ပုံများဖြစ်သည်။ စာထဲတွင်မူ အကယ်၍ ကျန်းရီက သူ၏မိတ်ဆွေများကို ကယ်တင်လိုလျှင် မိစ္ဆာဧကရာဇ်မြို့သို့ ချက်ချင်းလာခဲ့ရန် ရေးထားသည်။ လဝက်အတွင်း သူ ရောက်မလာခဲ့ပါက သူ့မိတ်ဆွေများ၏ ဦးခေါင်းများကိုသာ ရပေလိမ့်မည်။

ကျန်းရီသည် စာကို ဖတ်ပြီးနောက် ဗုဒ္ဓတောင်သို့ ချက်ချင်း သွားလိုက်သည်။ သို့သော် ဗုဒ္ဓဧကရာဇ်က ပန်းရဉ်နယ်မြေသို့ ရောက်နေပြီး ဗုဒ္ဓအင်ပါယာကလည်း အပြင်သို့ ရောက်နေပေသည်။ ထို့ကြောင့် ကျန်းရီဿည် ရီချန်ကိုသာ သွားရှာလိုက်ရသည်။ ရီချန်နှင့် ယဉ်ရို့ပင်းတို့က သူ့ကို မိစ္ဆာဧကရာဇ်မြို့သို့ မသွားရန် ချက်ချင်း တားကြသည်။

ရီချန်က ကျန်းရီကို အလေးအနက်ကြည့်ကာ ပြောလိုက်သည်။

“ကျန်းရီ... အဲ့ဒါက အငှားဓားနဲ့ လူသတ်ဖို့ လုပ်နေတယ်ဆိုတာ အသိသာကြီးပဲ။ တကယ်လို့ ရှင်သာ မိစ္ဆာဧကရာဇ်မြို့ကို သွားပြီး ပြဿနာရှာလိုက်ရင် ကြိုးကိုင်သူဖြစ်စေချင်တဲ့အတိုင်း လုပ်လိုက်သလို ဖြစ်မသွားဘူးလား”

ယဉ်ရို့ပင်းကလည်း ကျန်းရီ၏ လက်မောင်းကို ဆုပ်ကိုင်၍ ဖျောင်းဖျလိုက်သည်။

“ကျန်းရီ... ရှင် သေချာတွေးပါ။ ရှင် ဗုဒ္ဓဧကရာဇ်ဆီ သတင်းလှမ်းပို့လိုက်ပြီး သူပြန်လာတာကို စောင့်နေမယ်ဆိုရင်‌ရော”

“ငါ ဆက်မစောင့်နိုင်တော့ဘူး”

ကျန်းရီက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

“ဒါက ထောင်ချောက်တစ်ခုဆိုတာကို ငါသိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါ မိစ္ဆာဧကရာဇ်မြို့ကို သွားရမယ်။ ကြိုးကိုင်သူက လူလုံးထွက်ပြပြီဆိုတော့ ငါ သူ့ကို သွားနှုတ်ဆက်ရမှာပေါ့။ မဟုတ်ရင် ငါ ဘယ်လိုလုပ် ငါ့မိသားစုနဲ့ မိတ်ဆွေတွေကို ကယ်နိုင်မှာလဲ။ စိတ်မပူပါနဲ့... ငါ မဆင်မခြင် လုပ်မှာ မဟုတ်ပါဘူး”

ရီချန်နှင့် ယဉ်ရို့ပင်းတို့ တစ်ချိန်တည်း မျက်လုံးပင့်လိုက်ကြ၏။ ကျန်းရီက မဆင်မခြင် မလုပ်လျှင် ကျန်းရီ ဟုတ်ပါဦးမည်လော။ သူမတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ကျန်းရီကို တား၍ရမည်မဟုတ်တော့ကြောင်း သူမတို့ သိပေသည်။ ထို့ကြောင့် သူမတို့ တစ်ပြိုင်တည်း ပြောလိုက်ကြသည်။

“ရှင် သွားချင်ရင် သွားလို့ရတယ်၊ ဒါပေမဲ့ ကျွန်မတို့ကိုပါ ခေါ်သွားရမယ်”

“သွားကြစို့...”

ကျန်းရီသည် ထိုအကြံကို မငြင်းလိုက်ပေ။ သူက စိတ်လိုက်မာန်ပါ လုပ်တတ်သူတစ်ယောက်ဖြစ်ကြောင်း သူ့ကိုယ်သူလည်း သိပေသည်။ ရီချန်နှင့် ယဉ်ရို့ပင်းတို့ နှစ်ယောက်သာ သူ့ဘေးတွင် သူ့ကို အကြံပေးနေလျှင်၊ သူနှင့်အတူ အစီအစဉ်များ ဆွဲပေးလျှင် ပိုကောင်းပေလိမ့်မည်။ သူ သူမတို့နှစ်ယောက်ကိုခေါ်၍ ဗုဒ္ဓတောင်မှ ထွက်သွားလိုက်သည်။ ရီချန်သည် ရီမျိုးနွယ်မှ အကြီးအကဲများအား ဗုဒ္ဓဧကရာဇ်ထံသို့ ဖြစ်ခဲ့သောအကြောင်းများကို သတင်းပို့ရန် မှာထားခဲ့သည်။ ထို့နောက် သူမသည် ကျန်းရီအနောက်သို့ လိုက်ကာ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်လိုက်သည်။ ပြီးနောက်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ထွက်သွားလေတော့သည်။

ဗုဒ္ဓဒေသက အရှေ့ဘက် တော်ဝင်နယ်မြေ၏ အရှေ့မြောက်ဘက်တွင် ရှိပြီး မိစ္ဆာဧကရာဇ်မြို့က အနောက်ဘက်တွင် ရှိသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ကောင်းကင်ရှောင်တိမ်းခြင်းနှင့် ဆိုလျှင်ပင် ဆယ်ရက်ကြာ သွားရပေလိမ့်မည်။

ရန်သူက အချိန်ကို အလွန်တိကျစွာ တွက်ချက်ထားသည်။ သူတို့သည် ထိုကိစ္စအတွက် ယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ မိစ္ဆာဧကရာဇ်မြို့သို့ လာခဲ့ရန် ခေါ်ခြင်းမှာ ထောင်ချောက်တစ်ခု ဖြစ်ဖို့များသည်။ သို့သော် ကျန်းရီတွင် ရွေးချယ်စရာ မရှိချေ။ ချမ်ကွေ့က ချမ်ဝမ်ကွမ်း၏အဖေဖြစ်ပြီး ကျန်ရီမင်က ကျန်ဝူရွှမ်း၏အဖေ ဖြစ်သည်။ ကျန်းရီသည်လည်း သူတို့နှစ်ယောက်စလုံးအပေါ် အကြွေးတင်နေသည်။ ထို့ပြင် ကြိုးကိုင်သူက မည်သူဖြစ်ကြောင်း မသိရပါက သူ ကျန်းယွင်ဟိုင်နှင့် အခြားသူများကို မည်သို့ကယ်ရမည်ကို သိမည် မဟုတ်ပေ။

ကျန်းရီတို့ ထွက်သွားပြီးနောက်တွင် ရီမျိုးနွယ်မှ အကြီးအကဲတစ်ယောက်က ချက်ချင်းပင် လျှို့ဝှက်သတင်းပို့အစီအရင်ကို ဖွင့်၍ ဗုဒ္ဓဧကရာဇ်အား မိစ္ဆာဧကရာဇ်မြို့သို့ ချက်ချင်းသွားဖို့ သတင်းပို့ရန် ပြင်ဆင်လိုက်သည်။ ကျန်းရီ လှုပ်ရှားလျှင် သေချာပေါက် တစ်ခုခု မှားသွားပေလိမ့်မည်။ ကျန်းရီက ကံဆိုးကြယ်ဖြစ်သည်။ သူသွားသောနေရာတိုင်းတွင် ပြဿနာဖြစ်ရသည်ချည်းသာ။

“ဟင်...”

သို့သော် သတင်းပို့အစီအရင်က သတင်းပို့၍မရ ဖြစ်နေသည်။ ရီမျိုးနွယ်မှ အကြီးအကဲအချို့ ခေတ္တမျှ မှင်တက်သွားကြသည်။ သူတို့ သတင်းပို့အစီအရင်ကို စစ်ဆေးလိုက်ရာ သူတို့ဘက်မှ အစီအရင်က ကောင်းသော်လည်း ဗုဒ္ဓဧကရာဇ်ဘက်မှ အစီအရင်က သတင်းလက်ခံ၍မရ ဖြစ်နေကြောင်းကို သိလိုက်ရသည်။

“မျိုးနွယ်ခေါင်းဆောင် တစ်ခုခု ဖြစ်နေလို့လား”

ဗုဒ္ဓဧကရာဇ်က ပန်းရဉ်နယ်မြေကို သွားခဲ့ခြင်းပင်။ အရှေ့ဘက် တော်ဝင်နယ်မြေနှင့် ပန်းရဉ်နယ်မြေက အလွန်ဝေးသော်လည်း ရီမျိုးနွယ်၏ သတင်းပို့အစီအရင်က သတင်းပို့နိုင်ပေသည်။ သို့သော် ယခုတွင် အဘယ်ကြောင့် သတင်းပို့၍မရ ဖြစ်နေသနည်း။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ဗုဒ္ဓဧကရာဇ်ဘက်တွင် တစ်ခုခု မှားယွင်းနေခြင်းသာ။ ဗုဒ္ဓဧကရာဇ်က ပန်းရဉ်နယ်မြေတွင် ရှိမနေခြင်း သို့မဟုတ် သတင်းပို့ချက်များ ဖြတ်သန်း၍ မရသည့် ဆန်းကြယ်နယ်မြေတစ်ခုအတွင်းသို့ ရောက်နေခြင်းတို့ ဖြစ်နိုင်သည်။

“တကယ်ပဲ ကပ်ဘေးကြီးတစ်ခု ဖြစ်လာတော့မှာလား”

ရီမျိုးနွယ်မှ အကြီးအကဲအချို့သည် လျှို့ဝှက်သတင်းပို့အစီအရင်အတွင်းမှ ပြန်ထွက်လိုက်ကြပြီး မည်းမှောင်နေသော အနောက်ဘက်ကောင်းကင်ကို ကြည့်လိုက်ကြသည်။ သူတို့ စိတ်မသက်မသာ ခံစားနေရပေသည်။ ပြင်းထန်သော မိုးကြိုးမုန်တိုင်းကြီးတစ်ခုက ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးကို ဖျက်ဆီးသွားတော့မလိုပင်။

***

All Chapters