← Chapters

မိစ္ဆာဧကရာဇ်က သေချင်နေသည်လော

Vol. 83 Ch. 1155

မိစ္ဆာဧကရာဇ်က သေချင်နေသည်လော

Vol. 83 Ch. 1155

ဗုဒ္ဓဧကရာဇ်၊ ညဧကရီ၊ ယဉ်ဧကရာဇ်နှင့် ရွှမ်ဧကရာဇ်တို့က အမှန်ပင် ပန်းရဉ်နယ်မြေတွင် ရှိမနေကြပေ။ သူတို့က ထိုနယ်မြေ၏ မြောက်ဘက်ရှိ ပင်လယ်နက်သို့ သွားခဲ့ခြင်းပင်။ လက်ရှိတွင် သူတို့က ဆန်းကြယ်နယ်မြေတစ်ခုထဲတွင် ပိတ်မိနေကြပေသည်။

ပန်းရဉ်နယ်မြေ၊ နတ်မြင်းပျံနယ်မြေနှင့် သားရဲလူသားနယ်မြေတို့၏ မြောက်ဘက်တွင် သွေးညအကြောက်တရားပင်လယ်ထက် ပိုကြီးသော ပင်လယ်တစ်ခုရှိသည်။ ပင်လယ်ရေများက မည်းနက်နေသဖြင့် ထိုပင်လယ်ကို ပင်လယ်နက်ဟု အမည်ပေးခဲ့သည်။

ပင်လယ်နက်တွင် စွမ်းအားကြီး မိစ္ဆာများစွာရှိပြီး ကျွန်းများလည်း အများအပြားရှိသည်။ ထိုပင်လယ်မှ ပင်လယ်မိစ္ဆာအားလုံးက အလွန်အဆိပ်ပြင်းကြပြီး အားကောင်းသော တိုက်ခိုက်စွမ်းရည်များ ရှိကြသည်။ ပင်လယ်ရေကပင် အဆိပ်ရှိနေသည်။ ထို့ကြောင့် ယခင်တွင် ထိုပင်လယ်ရှိ ကျွန်များပေါ်၌ လူများနေခဲ့ကြသော်လည်း အထက်ပါ အကြောင်းများကြောင့် နေရာရွှေ့ပြောင်းခဲ့ကြရသည်။ ထိုစဉ်ကတည်းက ပင်လယ်နက်သည် ပင်လယ်မိစ္ဆာများ၏ ကျက်စားရာနေရာတစ်ခု ဖြစ်လာတော့သည်။ ထိုပင်လယ်သို့ လူသားများ သွားခဲပေသည်။

ဗုဒ္ဓဧကရာဇ်နှင့် အခြားဧကရာဇ်များသည် ဝတ်ရုံနက်နှင့်လူတစ်ယောက်နောက်သို့ ခြေရာခံလိုက်ရင်း ပင်လယ်နက်ထဲသို့ ရောက်သွားခြင်းဖြစ်သည်။ ထိုဝတ်ရုံနက်က နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ပင်။ သူ၏ အမြန်နှုန်းက သိပ်မမြန်သော်လည်း သူ့တွင် ထူးခြားသော ရှောင်တိမ်းခြင်းစွမ်းရည်တစ်ခု ရှိပေသည်။ ထို့ကြောင့် ဧကရာဇ်လေးပါးသည်ပင် သူ့ကို မျက်ခြေပြတ်သွားပြီး ပင်လယ်နက်ထဲရှိ ဆန်းကြယ်နယ်မြေတစ်ခုထဲတွင် ပိတ်မိသွားခဲ့သည်။

ဆန်းကြယ်နယ်မြေက သိပ်မခိုင်မာပေ။ သို့သော် ၎င်းနယ်မြေက အလွန်ထူးခြားပြီး နယ်မြေထဲတွင် သဘာဝပုံရိပ်ယောင်အစီအရင်များ ရှိသည်။ ဗုဒ္ဓဧကရာဇ်တို့က အလွန်စွမ်းအားကြီးသော်လည်း ထိုပုံရိပ်ယောင်အစီအရင်များကို ဖောက်မထွက်နိုင်ဖြစ်နေကြသည်။ ထို့ကြောင့် သူတို့သည် လှည့်ပတ်သွား၍သာ ထွက်ပေါက် ရှာနေကြရလေသည်။

တော်သေးသည်မှာ ဗုဒ္ဓဧကရာဇ်က အကန့်အသတ်အစီအရင်များစွာကို မြင်နိုင်၍ပင်။ သူတို့နေရာတွင် အခြားသူများဆိုပါက ထိုဆန်းကြယ်နယ်မြေထဲတွင် ထာဝရပိတ်မိနေလောက်သည်။ မည်သို့ပင်ဖြစ်စေ ဧကရာဇ်လေးပါးသည်လည်း ထိုဆန်းကြယ်နယ်မြေထဲမှနေ၍ အချိန်တိုအတွင်း ပြန်ထွက်နိုင်မည် မဟုတ်ပေ။ နယ်မြေထဲရှိ ပုံရိပ်ယောင်အစီအရင်များက အလွန်ရှုပ်ထွေးသည်။ ထို့ကြောင့် ၎င်းတို့ထဲမှ ထွက်နိုင်ရန် အချိန်တစ်ခုယူရပေလိမ့်မည်။

ဗုဒ္ဓအင်ပါယာက ဗုဒ္ဓတောင်မှ လျှို့ဝှက်ထွက်သွားခဲ့ခြင်းမှာလည်း ဗုဒ္ဓဧကရာဇ်ကြောင့်ဖြစ်သည်။ ဗုဒ္ဓဧကရာဇ်ကို ဆက်သွယ်ရမရကြောင်း သူက အစောဆုံး သိခဲ့သူဖြစ်သည်။ သို့သော် ထိုကိစ္စကို လူသိရှင်ကြား အဖြစ်ခံ၍ မဖြစ်ပေ။ မဟုတ်လျှင် ရီမျိုးနွယ်က ပြဿနာများနှင့် ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် ဗုဒ္ဓအင်ပါယာသည် နတ်ဘုရားတစ်ပိုင်း ပညာရှင်အနည်းငယ်ကို ခေါ်၍ ပန်းရဉ်နယ်မြေသို့ လျှို့ဝှက်သွားခဲ့သည်။ သူတို့သည်လည်း ဗုဒ္ဓဧကရာဇ်ကို ခြေရာခံရင်း ပင်လယ်နက်ထဲသို့ ရောက်သွားကြလေသည်။

ရီချန်ကမူ ဗုဒ္ဓဧကရာဇ်ကို အလွယ်တကူ ဆက်သွယ်နိုင်လိမ့်မည်ဟု ထင်ခဲ့၍ ထိုအကြောင်းကို များစွာ မတွေးခဲ့ပေ။

ရီမျိုးနွယ်သည် ဗုဒ္ဓဧကရာဇ်ကို ဆက်သွယ်၍ မရသဖြင့် ဗုဒ္ဓအင်ပါယာကိုသာ လှမ်း၍ ဆက်သွယ်ကြသည်။ ဗုဒ္ဓအင်ပါယာက သတင်းကို လက်ခံရလိုက်သော်လည်း ထိုကိစ္စကို အရေးမစိုက်အားပေ။ သူကလည်း ဗုဒ္ဓဧကရာဇ်အတွက် စိုးရိမ်နေရသည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် ရီမျိုးနွယ်ဝင်များအားလုံး တိုက်ပွဲအတွက် အသင့်ပြင်ထားရန်သာ သတင်းပြန်ပို့လိုက်သည်။ ရီမျိုးနွယ်သည်လည်း ကျန်းရီကို အရေးစိုက်မနေတော့ဘဲ ရီမျိုးနွယ် ပိုင်ဆိုင်သော ဒေသလေးခုကို ကာကွယ်ရန် မျိုးနွယ်မှ စွမ်းအားကြီး သိုင်းပညာရှင်များကို စေလွှတ်လိုက်သည်။ မြို့ကြီးများစွာကလည်း မြို့အကာအရံများကို နှိုးထားလိုက်ကြပြီး နေ့ညမပြတ် ကင်းစောင့်နေကြပေသည်။

ထိုသို့ဖြင့် မည်သည့်ဧကရာဇ်ကမှ ကျန်းရီက မိစ္ဆာဧကရာဇ်မြို့သို့ သွားနေကြောင်းကို မသိတော့ပေ။ တိုက်ပွဲဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် ကျန်ဧကရာဇ်များက ထိုအကြောင်းကို သိသွားလျှင်လည်း ဝင်ပါမည်မဟုတ်ဘဲ ဘေးမှသာ ရပ်ကြည့်နေလောက်ပေသည်။

***

ဆယ့်တစ်ရက်အတွင်းမှာပင် ကျန်းရီတို့ အာကာပျံဒေသသို့ ရောက်သွားသည်။ ထိုဒေသက လီမျိုးနွယ်၏ ပိုင်နက်ဖြစ်ပြီး ရှီးမျိုးနွယ်၏ ဒေသလေးခုနှင့် နီးပေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က လူသူကင်းရှင်းသော နေရာတစ်ခုတွင် ထွက်ပေါ်လာ၏။ ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ အာကာပျံဒေသသို့ ရောက်နေပြီဖြစ်ကြောင်း အတည်ပြုပြီးသောအခါ သူသည် ချက်ချင်းပင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တောင်ကြီးတစ်လုံးဆီသို့ ပျံသန်းသွားစေ၍ ပုန်းကွယ်နေစေလိုက်သည်။

ဤတစ်ကြိမ်တွင် ကျန်းရီက လူကယ်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။ လူသတ်ရန် မဟုတ်ပေ။ ထို့ကြောင့် သူသည် မိစ္ဆာဧကရာဇ်မြို့သို့ မဆင်မခြင်ဖြင့် တန်းမသွားလိုက်ပေ။ သတ်မှတ်ထားသောအချိန် ပြည့်ရန် လေးရက်လိုပေသေးသည်။ သူ ဆက်မလှုပ်ရှားခင် သတင်းအချက်အလက်များကို လုံလုံလောက်လောက် စုဆောင်းရပေမည်။

“အာကာပျံဒေသလား”

ရီချန်က မျက်ခုံးပင့်၍ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“ကျွန်မ အပြင်ကို သွားပြီး သတင်းတွေ စုံစမ်းလိုက်ရမလား။ ကျွန်မရဲ့ အဘိုးက လီမျိုးနွယ်က လီဖေးယွီကို တစ်ကြိမ် ကယ်ခဲ့ဖူးတယ်။ လီဖေးယွီကလည်း နှစ်တိုင်း ကျွန်မအဘိုးကို အရိုအသေလာပေးတယ်။ လီမျိုးနွယ်ကသာ သူတို့ရဲ့ အရင်းအမြစ်တွေကို သုံးပြီး စုံစမ်းပေးမယ်ဆိုရင် မိစ္ဆာဧကရာဇ်မြို့ထဲက အခြေအနေကို အလွယ်လေး သိရမှာပဲ”

“ကောင်းပြီ...”

လက်ရှိတွင် ကျန်းရီ အလိုအပ်ဆုံးမှာ သတင်းအချက်အလက်များ ဖြစ်သည်။ ထို့ကြောင့် သူ ပြန်ပြောလိုက်သည်။

“ရီချန်... မင်း လီမျိုးနွယ်ကို ကျန်ရီမင်တို့ ဘယ်မှာရှိနေလဲဆိုတာကိုရော စုံစမ်းခိုင်းလို့ ရမလား။ ဒါက သူ့ရဲ့ ပုံတူပန်းချီပါ။ သူတို့သာ သူ့ကို ကယ်ပေးနိုင်မယ်ဆိုရင် ငါ ကျန်းရီ လီမျိုးနွယ်ကို ကျေးဇူးပြန်ဆပ်မှာပါ”

“ထပ်ပြီးတော့ ကျေးဇူးကြွေးအတင်ခံဦးမှာလား...”

ရီချန်က ကျန်းရီကို ကြည့်လိုက်သည်။ သူက သူမအပေါ်တွင်ပင် ကျေးဇူးကြွေးနှစ်ခု တင်နေသည် မဟုတ်ပါလား။ သို့သော် သူမသည် သေချာစဉ်းစားပြီးနောက် ကျန်းရီအပေါ်တွင် ကျေးဇူးကြွေးရှိထားခြင်းက အလွန်အဖိုးတန်သဖြင့် လီမျိုးနွယ်က သေချာပေါက် အကောင်းဆုံးလုပ်လောက်သည်ဟု တွေးလိုက်သည်။ ထို့ကြောင့် သူမ မည်သို့မှ မပြောတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်လေသည်။

ကျန်းရီသည် ပဉ္စမအကြီးအကဲကို တည်နေရာပြောင်းရွှေ့၍ ခေါ်လိုက်ပြီး အစိမ်းရောင်ပုလဲတစ်လုံး ပေးလိုက်သည်။ ထို့နောက် သူ သူမထံသို့ အသံပို့လွှတ်ကာ အရိပ်ဧကရာဇ်၏ လူများနှင့် ဆက်သွယ်ပေးရန် တောင်းဆိုလိုက်သည်။ ပြီးနောက်တွင်မူ သူ ရီချန်ကို ကြည့်၍ ပြောလိုက်လေသည်။

“သူက ငါ့ရဲ့ မိတ်ဆွေတစ်ယောက်ပါ။ သူက မင်းကို ကာကွယ်ပေးပါလိမ့်မယ်”

ရီချန်က ပဉ္စမအကြီးအကဲကို ထူးဆန်းစွာ ကြည့်လိုက်၏။ သို့သော် မည်သို့မှတော့ မပြောလိုက်ပေ။ ထို့နောက် ကျန်းရီသည် ရီချန်နှင့် ပဉ္စမအကြီးအကဲတို့ကို နန်းတော်အပြင်ဘက်သို့ ပို့ပေးလိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်း ထုတ်လွှတ်ကာ သူမတို့နှစ်ယောက်ကို အာရုံခံထားလိုက်သည်။ သူမတို့ အန္တရာယ်နှင့် ကြုံတွေ့ရသည်နှင့် သူက ချက်ချင်းသွား၍ ကူညီမည်ဖြစ်သည်။

“ကျန်းရီ... မစိုးရိမ်ပါနဲ့။ အကုန်လုံး အဆင်ပြေသွားမှာပါ”

ယဉ်ရို့ပင်းသည် ကျန်းရီ၏ သုန်မှုန်နေသော မျက်နှာထားကို မြင်၍ သူ့ကို နောက်ကျောမှ သိုင်းဖက်ကာ နှစ်သိမ့်လိုက်သည်။ ကျန်းရီက သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ပြန်ပြောလိုက်သည်။

“ငါသာ သူတို့နှစ်ယောက်ကို ဘေးကင်းကင်နဲ့ ကယ်တင်နိုင်မယ်ဆိုရင်၊ အဲ့ကိစ္စက ရှီးမျိုးနွယ်နဲ့ ဘာမှ မပတ်သတ်ဘူးဆိုရင်... ငါ ဘယ်သူ့ကိုမှ သတ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ကိစ္စက တကယ်ပဲ မိစ္ဆာဧကရာဇ်နဲ့ ပတ်သတ်နေတယ်ဆိုရင်တော့ ငါ ရှီးမျိုးနွယ်ကို ပြန်ပေးဆပ်ခိုင်းရမယ်။ ကောင်းကင်ကြယ်တာရာနယ်မြေက လူသန်းရာချီရဲ့ သွေးကြွေးအတွက် လက်စားချေရမယ်...”

“အရင်ဆုံး မင်း ခဏလောက် အနားယူလိုက်ပါ။ ခဏနေရင် ငါ ပြန်လာခဲ့မယ်”

ကျန်းရီသည် လက်ရှိကိစ္စကို ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့ကို မပြောထားပေ။ ထို့ကြောင့် ကျန်းရီ ထရပ်လိုက်ပြီး လကြေးမုံကန်သို့ သွားရန် ဟန်ပြင်လိုက်သည်။ ယဉ်ရို့ပင်းက ခေါင်းညိတ်ရုံသာ ညိတ်လိုက်၏။ သူမက ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်၍ မမေးရမည့်ကိစ္စ၊ မပြောရမည့်ကိစ္စတို့ကို ကောင်းစွာသိပေသည်။

ကျန်းရီ လကြေးမုံကန်သို့ သွားလိုက်၏။ ထိုနေရာမှ အငွေ့အသက်ကလည်း လေးလံနေသည်။ ချမ်ဝမ်ကွမ်းတို့က ကန်လယ်ရှိ အပန်းဖြေအဆောက်အအုံလေးထဲတွင် ထိုင်ကာ မှိုင်တွေစွာဖြင့် သေရည်သောက်နေကြသည်။ သူတို့သည် ကျန်းရီ ရောက်လာသည်ကို မြင်လိုက်သောအခါ ခပ်သွက်သွက် ထရပ်လိုက်ကြသည်။

“ဦးလေးချမ်၊ ဦးလေးကျန်တို့နဲ့ ပတ်သတ်တဲ့ သတင်း ရှိတယ်”

ကျန်းရီက ကန်လယ်ရှိ အဆောက်အအုံသို့ လျင်မြန်စွာ သွားကာ ချမ်ဝမ်ကွမ်းတို့ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။ ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့၏ မျက်နှာများက ပို၍ပင် တည်သွား၏။ ချမ်ဝမ်ကွမ်းက အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။

“ခေါင်းဆောင်... သူတို့ကို ကယ်နိုင်မယ်ဆိုရင် ရအောင်ကယ်ရမယ်။ မကယ်နိုင်ဘူးတော့ဆိုရင်တော့ ကျုပ်အဖေနဲ့ ဦးလေးကျန်အတွက် လက်စားချေပေးပါ။ ဒါပေမဲ့ ညှိနှိုင်းမယ့် နေရာမှာတော့ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရန်သူလက်ထဲ ထည့်ပေးလိုက်လို့မရဘူး၊ ခေါင်းဆောင် အသေခံလို့ မဖြစ်ဘူး။ ကျုပ်တို့အားလုံး သေသွားမယ်ဆိုရင် အဖေနဲ့ ဦးလေးကျန်လည်း သေမှာပဲ... ဘာမှထူးမှာ မဟုတ်ဘူး”

ကျန်ဝူရွှမ်းကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ်... ကြိုးကိုင်သူက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တောင်းလောက်တယ်။ ငါတို့ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဆုံးရှုံးလိုက်ရရင် အကုန် သေရလိမ့်မယ်။ အဲ့လိုတော့ အဖြစ်ခံလို့ မရဘူး”

“ကျွန်တော်တို့က ညှိနှိုင်းရမယ့်အဆင့်ကို မရောက်သေးပါဘူး။ ရီချန်နဲ့ အရိပ်ဧကရာဇ်ရဲ့ လူတွေဆီက သတင်းကို စောင့်ကြတာပေါ့။ ကျွန်တော်တို့မှာ အချိန်လေးရက် ကျန်ပါသေးတယ်”

ကျန်းရီသည် နဖူးကို ဖျစ်လိုက်ပြီး သေရည်ခွက်တစ်ခွက်ကို ယူကာ တစ်ကြိုက်တည်း မော့သောက်လိုက်သည်။ သူတို့ ရီချန်နှင့် ပဉ္စမအကြီးအကဲ ပြန်လာမည့်အချိန်ကို စိတ်ရှည်ရှည် စောင့်နေရပေမည်။

***

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးရက်ကုန်သွားသည်။ သို့သော် ရီချန်နှင့် ပဉ္စမအကြီးအကဲတို့က မည်သည့်သတင်းမှ ပြန်မပို့သေးပေ။ ယခုတွင် တစ်ရက်သာ ကျန်တော့သည်။ ထို့ကြောင့် ကျန်းရီ ပို၍ စိုးရိမ်စိတ်များလာသည်။ သတ်မှတ်ချိန်က ပြည့်တော့မည်ဖြစ်သည်။ အကယ်၍ ရီချန်နှင့် ပဉ္စမအကြီးအကဲတို့သာ အချိန်မီ ပြန်မလာလျှင် အရင်ဆုံး သူ မိစ္ဆာဧကရာဇ်မြို့သို့ သွားထားရပေမည်။

နေ့လယ်ခင်း...

နောက်ဆုံးတွင် ရီချန်က အာကာပျံမြို့မှနေ၍ သတင်းလှမ်းပို့သည်။ ပဉ္စမအကြီးအကဲက သူမကို သယ်၍ အလျင်မြန်ဆုံး ပြန်လာနေပေပြီ။ ကျန်းရီသည် ချက်ချင်းပင် ဆန်းကြယ်ဧကရာဇ်စံအိမ်သို့ သွားစောင့်နေလိုက်သည်။ သူမတို့ ပြန်ရောက်လာသောအခါ သူ သူမတို့ကို ဆန်းကြယ်ဧကရာဇ်စံအိမ်အတွင်းသို့ တည်နေရာပြောင်းရွှေ့ကာ ခေါ်၍ စိတ်လှုပ်တရှား မေးလိုက်လေသည်။

“အခြေအနေက ဘယ်လိုလဲ”

ရီချန်က ခပ်သွက်သွက် ရှင်းပြလိုက်သည်။

“ရှင့်ရဲ့ ဦးလေးနှစ်ယောက်က တကယ်ပဲ မိစ္ဆာဧကရာဇ်မြို့ထဲမှာပဲ။ ဒါပေမဲ့ သူတို့က မိစ္ဆာဧကရာဇ်ရဲတိုက်ဝန်းထဲမှာတော့ မဟုတ်ဘူး။ သူတို့က မြို့ထဲက ခြံဝန်းတစ်ခုထဲမှာ... ဒါပေမဲ့ အဲ့ခြံဝန်းကိုလည်း ရှီးမျိုးနွယ်က အကြီးအကဲတစ်ယောက်ပိုင်တာ။ အဲ့ခြံဝန်းကို အနည်းဆုံး သိုင်းပညာရှင်သုံးရာလောက်က စောင့်ကြပ်နေကြတယ်”

ပဉ္စမအကြီးအကဲကလည်း ခေါင်းညိတ်လိုက်သည်။ အရိပ်ဧကရာဇ်၏လူများက ထိုသတင်းများပင် ရခဲ့သည်။ ကျန်းရီ ချက်ချင်း ထရပ်လိုက်ပြီး အော်ပြောလိုက်သည်။

“တကယ်ပဲ ရှီးမျိုးနွယ်ရဲ့ လက်ချက်လား။ မိစ္ဆာဧကရာဇ်က သေချင်နေတာလား”

“ကျန်းရီ... စိတ်လိုက်မာန်ပါ မလုပ်နဲ့”

ရီချန်က ကျန်းရီကို လျင်မြန်စွာ ဆွဲထားလိုက်ပြီး ပြောလိုက်သည်။

“အဲ့ကိစ္စကို မိစ္ဆာဧကရာဇ်က မသိတာလည်း ဖြစ်နိုင်တယ်။ ရှီးမျိုးနွယ်က အဲ့လို လူမဆန်တဲ့ကိစ္စမျိုးကို မလုပ်လောက်ဘူး။ ပြီးတော့ အခြားတစ်ခု ရှိသေးတယ်။ အဲ့ခြံဝန်းထဲမှာက လူနှစ်ယောက်ပဲ ရှိတာ။ ကောင်းကင်ကြယ်တာရာနယ်မြေကနေ ဖမ်းခေါ်သွားခံရတဲ့လူတွေက နှစ်ယောက်မကဘူးမလား။ အဲ့တော့... အဲ့ဒါက သေချာပေါက် ထောင်ချောက်တစ်ခုပဲ။ လီဖေးယွီကလည်း ရှင့်ဦးလေးနှစ်ယောက်ကို ကယ်ပေးနိုင်တယ်လို့ ပြောတယ်။ ရှင် မဆင်မခြင် မလုပ်ပါနဲ့”

“ငါ မဆင်မခြင် မလုပ်ပါဘူး”

ကျန်းရီက အေးစက်စက် ပြောလိုက်သည်။

“ဒါပေမဲ့ အဲ့ ရှီးမျိုးနွယ်က အကြီးအကဲကိုတော့ ဖမ်းရမယ်။ အဲ့ဒါမှ ငါတို့ သူ့ကို ကြိုးကိုင်သူက ဘယ်သူလဲဆိုတာ စစ်မေးနိုင်မှာ။ ကြိုးကိုင်သူကို သိရမှာ ငါ့အဘိုးနဲ့ ကျန်တဲ့သူတွေကို ကယ်နိုင်မှာ။ အဲ့တော့ ငါ မိစ္ဆာဧကရာဇ်မြို့ကို သွားရလိမ့်မယ်...”

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ...”

ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်စံအိမ်ထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်၍ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ရီချန်.. လီမျိုးနွယ်ကို ထပ်သွားလိုက်ပါ။ လီဖေးယွီကို လူတွေခေါ်ပြီး မိစ္ဆာဧကရာဇ်မြို့ထဲ လျှို့ဝှက်ပြီး ဝင်ခိုင်းထားလိုက်.. ငါက မိစ္ဆာဧကရာဇ်မြို့ကို ပေါ်တင်ပျံသွားပြီး မြို့ကလူတွေကို အာရုံလွှဲထားလိုက်မယ်။ လူတွေ ငါ့ကို အာရုံစိုက်နေတုန်း မင်းတို့က ငါ့ဦးလေးနှစ်ယောက်ကို လျှို့ဝှက်ပြီး ကယ်လိုက်ပေါ့။ ကျန်တဲ့ကိစ္စတွေကိုတော့ ကြုံမှ ကြုံသလို ဖြေရှင်းရမှာပဲ”

***

All Chapters