← Chapters

မိစ္ဆာဧကရာဇ်မြို့ကို သွေးလွှမ်းစေခြင်း

Vol. 83 Ch. 1156

မိစ္ဆာဧကရာဇ်မြို့ကို သွေးလွှမ်းစေခြင်း

Vol. 83 Ch. 1156

မိစ္ဆာဧကရာဇ်မြို့ထဲတွင် တိတ်ဆိတ်နေသည်။ မကြာသေးခင်က ရှီးမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်အချို့က လီမျိုးနွယ်နှင့် တိုက်ခိုက်ခဲ့သည်။ သို့သော် မြို့သူမြို့သားများကတော့ မထိခိုက်ခဲ့ပေ။ မြို့သူမြို့သားများသည် သူတို့က အမြဲ ဘေးကင်းလုံခြုံလိမ့်မည်၊ ရှီးမျိုးနွယ်ရှိနေသ၍ မိစ္ဆာဧကရာဇ်မြို့က လုံခြုံလိမ့်မည်ဟု တွေးခဲ့ကြသည်။ မည်သူကမှ မိစ္ဆာဧကရာဇ်မြို့ကို တိုက်ခိုက်ကျူးကျော်ဝံ့မည်မဟုတ်ဟုလည်း ယုံကြည်ထားကြသည်။

သို့သော် ယနေ့တွင်မူ သတင်းတစ်ခုက တစ်မြို့လုံးကို ပွက်လောရိုက်သွားစေသည်။ မြို့သူမြို့သားအားလုံး စတင် တုန်လှုပ်လာကြသည်။ သူတို့က ကမ္ဘာပျက်ဘေးကို တွေ့ကြုံနေရသလိုပင်။

ကျန်းရီက မိစ္ဆာဧကရာဇ်မြို့သို့ လာနေပေပြီ။ သူ မိစ္ဆာဧကရာဇ်မြို့သို့ ရောက်ရန် ကီလိုမီတာတစ်ထောင်သာ လိုတော့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ မိစ္ဆာဧကရာဇ်မြို့မှ မြို့သူမြို့သားများသည် ကျန်းရီ၏အန္တရာယ်ကို ကြောက်ရွံ့နေခဲ့ရသည်။ ကျန်းရီက သူတို့၏ အိပ်မက်ဆိုး ဖြစ်ခဲ့သည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို စီး၍ မိစ္ဆာဧကရာဇ်မြို့ကို ဖျက်ဆီးပစ်လိမ့်မည်ဟု သူတို့ ခန့်မှန်းထားခဲ့ကြသည်။ ကျန်းရီက သူတို့၏ အိမ်များနှင့် မိသားစုများကို ပျက်စီးစေပေလိမ့်မည်။

သို့သော် ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်မြို့မှ ထွက်လာပြီးနောက်တွင် မည်သည့်မျိုးနွယ်ကိုမှ မတိုက်ခိုက်ခဲ့ပေ။ မည်သည့်ပြဿနာမှလည်း မရှာခဲ့ချေ။ ထို့ကြောင့် မိစ္ဆာဧကရာဇ်မြို့မှ မြို့သူမြို့သားများသည် အေးအေးချမ်းချမ်း နေထိုင်နိုင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ကျန်းရီက သူတို့ထံသို့ လာနေပေပြီ။ သူက ရှီးဒေသတွင် ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့သည်။ သို့ဖြစ်၍ သူတို့၏ အိပ်မက်ဆိုးများက လက်တွေ့ဖြစ်လာပြီဖြစ်သည်။

မိစ္ဆာဧကရာဇ်မြို့ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ တည်နေရာပြောင်းရွှေ့အစီအရင်များတွင်လည်း လူများ ပြုံတိုးနေသည်။ ကျန်းရီက မည်သည့်အခါတွင်မှ အရပ်သူ၊ အရပ်သားများကို မသတ်ခဲ့သော်လည်း သာမန်လူများကမူ ထိုအကြောင်းကို မသိကြပေ။ သူတို့သိသည်မှာ ကျန်းရီက သွေးစုပ်မိစ္ဆာတစ်ကောင်ဟူ၍ပင်။

မျိုးနွယ်ကြီးများသည် ကျန်းရီက သာမန်အရပ်သူ၊ အရပ်သားများကို မသတ်ကြောင်း သိထားသော်လည်း လုံခြုံမှုရှိစေရန်အတွက် သူတို့မျိုးနွယ်များရှိ အားနည်သူများနှင့် အရေးပါသူများကို အခြားတစ်နေရာသို့ ပြောင်းရွှေ့ထားရန် ဆုံးဖြတ်လိုက်ကြသည်။ ကြောက်တတ်သော မျိုးနွယ်များဆိုလျှင် မျိုးနွယ်တစ်ခုလုံး ပြောင်း‌ရွှေ့သွားကြသည်။ ကျန်းရီက ရူးသွပ်စွာဖြင့် မိစ္ဆာဧကရာဇ်မြို့ကို သွေးလွှမ်းသွားစေမည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ ထို့ကြောင့် သူတို့ အရဲစွန့်၍ မဖြစ်ပေ။

ရှီးမျိုးနွယ်လည်း တုန်လှုပ်နေသည်။ သို့သော် ကောင်းသောတစ်ချက်မှာ သူတို့က မိစ္ဆာဧကရာဇ်မြို့ကို ပိုင်ခြင်းပင်။ ဆန်းကြယ်ဧကရာဇ်သည် ချက်ချင်းပင် ရှီးမျိုးနွယ်မှ မျိုးနွယ်ဝင်များကို နေရာပြောင်းရွှေ့ရန် အမိန့်ပေးလိုက်သည်။ သူတို့သည် မြို့ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်များကို မောင်ပိုင်စီးလိုက်သည်။ ထို့ကြောင့် အခြားမျိုးနွယ်မှ လူများက တည်နေရာပြောင်းရွှေ့အစီအရင်များကို မသုံးနိုင်ကြတော့ပေ။

ကျန်းရီ မိစ္ဆာဧကရာဇ်မြို့ပြင်သို့ ရောက်လာချိန်တွင် တည်နေရာပြောင်းရွှေ့အစီအရင်များက ၎င်းတို့၏ တာဝန်ကို ဆက်၍ထမ်းဆောင်နေဆဲဖြစ်သည်။ ရှီးမျိုးနွယ်ဝင်တော်တော်များများက မြို့ပြင်သို့ တည်နေရာပြောင်းရွှေ့သွားကြပြီဖြစ်သည်။ သို့သော် အကြီးအကဲအားလုံးနှင့် စစ်တပ်ကတော့ မြို့ထဲတွင် ကျန်ခဲ့သည်။ မိစ္ဆာဧကရာဇ်မြို့က ရှီးမျိုးနွယ်၏ အဓိကမြို့ဖြစ်သည်။ မိစ္ဆာဧကရာဇ်မြို့သာ ပျက်စီးသွားလျှင် ရှီးမျိုးနွယ်၏ ဂုဏ်သိက္ခာက အောက်ဆုံးအထိ ကျဆင်းသွားပေလိမ့်မည်။ ထို့ပြင် ရှီးမျိုးနွယ်ဝင်များက မာနကြီးသူများဖြစ်သည်။ ထို့ကြောင့် သူတို့တော်တော်များများသည် မိစ္ဆာဧကရာဇ်မြို့ထဲတွင် ကျန်ခဲ့ပြီး တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ရွှီး...

ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ထက်သို့ ပျံတက်သွားရာ တိမ်များ လှုပ်ခတ်သွားသည်။ ထို့နောက် နန်းတော်အပြင်ဘက်တွင် မီတာသုံးဆယ်မြင့်သော လူပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ ဆံပင်နီများက လေထဲတွင် ဝဲလွင့်နေသည်။ သူ အောက်ဘက်သို့ အေးစက်စက် ငုံ့ကြည့်ကာ အော်ပြောလိုက်သည်။

“မိစ္ဆာဧကရာဇ်... ထွက်လာပြီး စကားပြောပါ”

ကျန်းရီ၏ အသံထွက်ပေါ်လာသောအခိုက်တွင် ဆူညံပွက်နေခဲ့သော မြို့က ရုတ်ခြည်း တိတ်ဆိတ်သွားသည်။ နေရာပြောင်းရွှေ့ရန် ကြိုးစားနေကြသူများလည်း ရုတ်တရက် တုံ့သွားကြသည်။ ကျန်းရီထံမှ ထွက်လာသော သတ်ဖြတ်အရှိန်အဝါက အလွန်အားကောင်းသဖြင့် သူတို့သည် တစ်ချက်လှုပ်လိုက်မိသည်နှင့် အသတ်ခံရလိမ့်မည်ဟု ခံစားနေကြရလေသည်။

မိစ္ဆာဧကရာဇ်ရဲတိုက်ဝန်းထဲတွင်လည်း အသံတစ်သံပင် မကြားရအောင် တိတ်ဆိတ်နေသည်။ မိစ္ဆာဧကရာဇ်ကလည်း ထွက်ပေါ်မလာခဲ့ချေ။ ထို့ကြောင့် ကျန်းရီ စိတ်မရှည်ဖြစ်လာပြီး ထပ်အော်ပြောလိုက်သည်။

“မိစ္ဆာဧကရာဇ်... ကျွန်တော့်ကို နည်းနည်းတော့ လေးစားမှုပြပါ။ ကျွန်တော်က မိစ္ဆာဧကရာဇ်ရဲတိုက်ထဲကို ဝင်လာမှာ ခင်ဗျားက ကျွန်တော်နဲ့ ထွက်တွေ့မှာလား”

ရုတ်တရက် မြို့ထဲတွင် ရုတ်ရုတ်သဲသဲ ပြန်ဖြစ်သွားသည်။ ကျန်းရီ၏ လေသံက ခက်ထန်ပေသည်။ ထိုခြိမ်းခြောက်မှုကလည်း လေးလံသည်။ အကယ်၍ မိစ္ဆာဧကရာဇ် ထွက်မလာလျှင် ကျန်းရီက သေချာပေါက် မြို့ကို တိုက်ခိုက်ပေလိမ့်မည်။ မကြာခင်မှာပင် လူအားလုံး ပြန်တိတ်သွားသည်။ သူတို့ မိစ္ဆာဧကရာဇ်ရဲတိုက်ဝန်းကို လှမ်းကြည့်လိုက်ကြပြီး မိစ္ဆာဧကရာဇ် ထွက်လာပါစေဟု မျှော်လင့်နေကြလေသည်။

“တောက်...”

ကျယ်လောင်သော တောက်ခေါက်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ လူအားလုံး တုန်လှုပ်သွားကြသည်။ ထို့နောက်တွင် မိစ္ဆာဧကရာဇ်ရဲတိုက်ဝန်းထဲမှနေ၍ လူရိပ်တစ်ခု ပျံထွက်လာသည်။ ထိုလူရိပ်က မြို့အထက်သို့ ပျံတက်ကာ ကျန်းရီ၏ပုံရိပ်ကြီးကို အေးစက်စက်ကြည့်ကာ ပြောလိုက်လေသည်။

“ကျန်းရီ... မင်း လက်စားချေချင်ရင် ချေလိုက်။ ရှီးမျိုးနွယ်ဝင်တွေက သူရဲဘောကြောင်တဲ့သူတွေ မဟုတ်ဘူး။ ငါ မင်းကို ရှင်းရှင်းပဲ ပြောမယ်... မင်း မိစ္ဆာဧကရာဇ်မြို့ကို တိုက်ခိုက်လိုက်တာနဲ့  မင်းနဲ့ ရှီးမျိုးနွယ်ကြားမှာ မဆုံးနိုင်တဲ့ရန်ငြိုးတွေ ရှိသွားလိမ့်မယ်။ မင်းရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ မျိုးနွယ်ဝင်တွေက သေချာပေါက် ငါတို့ရဲ့ ဒေါသကို ခံစားရလိမ့်မယ်”

ကြည့်ရသည်မှာ မိစ္ဆာဧကရာဇ်က မည်သို့လုပ်ရမည်မသိ ဖြစ်နေပုံပင်။ သူ့ကဲ့သို့ ဂုဏ်သရေရှိ ဧကရာဇ်တစ်ပါးက ကျန်းရီ၏ မိသားစုဝင်များနှင့် မိတ်ဆွေများကို အသုံးချ၍ပင် ကျန်းရီကို ခြိမ်း‌ခြောက်နေသည်။ သို့သော် သူ့ကိုလည်း အပြစ်မဆိုသာပေ။ သူတစ်ယောက်တည်း စွမ်းအားဖြင့် ဆန်းကြယ်နတ်ဘုရာနန်းတော်ကို ခုခံနိုင်မည် မဟုတ်ပေ။ ထို့ပြင် သူသည် ရှောင်ထွက်၍လည်း မသွားလိုချေ။ ထို့ကြောင့် သူ ကျန်းရီကို သတိပေး၊ ခြိမ်းခြောက်ရန်သာ တတ်နိုင်တော့သည်။

သို့သော် ထိုခြိမ်းခြောက်မှုက ကျန်းရီ၏ သံသယကို ပိုခိုင်မာသွားစေမည်ဖြစ်ကြောင်းကို မည်သူက သိခဲ့မည်နည်း။ ကျန်းရီကို ပိုဒေါသထွက်လာသည်။ ချမ်ကွေ့နှင့် ကျန်ရီမင်တို့က ရှီးမျိုးနွယ်မှ အကြီးအကဲတစ်ယောက်၏ ခြံဝန်းထဲတွင် ရှိနေသည်။ ထို့ကြောင့် ကျန်းရီသည် မိစ္ဆာဧကရာဇ်က ထိုနှစ်ယောက်ကို အသုံးချ၍ သူ့ကို ခြိမ်းခြောက်နေခြင်ဟု ယူဆမိသွားသည်။

ကျန်းရီသည် အလွန်ဒေါသထွက်နေသော်လည်း မည်သို့မှ ပြန်ပြောလိုက်ပေ။ ထိုအစား သူသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ မိစ္ဆာဧကရာဇ်မြို့ထဲတွင် ရီချန်၊ လီဖေးယွီနှင့် အခြားသူများ ရောက်နေပြီလောဟု အာရုံခံလိုက်သည်။ သူ အရိပ်ဧကရာဇ်၏လူများကိုလည်း ရှာလိုက်သည်။ ချမ်ကွေ့တို့ အဖမ်းခံထားရသော ခြံဝန်းကိုလည်း သူ ရရှိထားသော သတင်းအချက်အလက်များအရ လျင်မြန်စွာပင် ရှာနိုင်လိုက်သည်။

ရီချန်၊ ပဉ္စမအကြီးအကဲ၊ လီဖေးယွီနှင့် လီမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်တို့က မြို့ထဲသို့ ရောက်နေပေပြီ။ သူတို့က ရီချန်၏ အစွမ်းထက်ရုပ်ဖျက်ဆေးကိုသုံး၍ ရုပ်ဖျက်ထားကြသည်။ ထို့ကြောင့် မိစ္ဆာဧကရာဇ်ပင် သူမတို့ကို တမင်လိုက်မရှာလျှင် သတိထားမိမည် မဟုတ်ပေ။

‘သူတို့က နေရာယူပြီးပြီ’

ကျန်းရီသည် ရီချန်တို့ကို လျင်မြန်စွာ အာရုံခံလိုက်နိုင်၏။ သူမက ယောက်ျားတစ်ယောက်အဖြစ် ရုပ်ဖျက်ထားသော်လည်း တစ္ဆေဘုရင် မျက်နှာဖုံးကို ဝတ်ထားပေသေးသည်။ ထို့ပြင် သူမဆောင်းထားသော ခေါင်း‌ဆောင်းအောက်မှနေ၍လည်း ခရမ်းရောင်ဆံပင်စ‌အနည်းငယ် ထွက်နေသည်။ သူမတို့နှင့် မလှမ်းမကမ်းတွင် အရိပ်ဧကရာဇ်၏ လူများက အချက်ပြသင်္ကေတအချို့ ချန်ထားခဲ့သည်။ ထို့ကြောင့် ကျန်းရီက ချမ်ကွေ့တို့ ရှိနေသော ခြံဝန်းကို လျင်မြန်စွာ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ရီချန်တို့က ထိုခြံဝန်းနှင့် မျက်နှာချင်းဆိုင်ရှိ စားသောက်ဆိုင်တစ်ဆိုင်ထဲတွင် ထိုင်နေကြသည်။

ခြံဝန်းက ကြီးပုံပေါ်သည်။ ခြံဝန်းပတ်ပတ်လည်တွင်လည်း စွမ်းအားကြီး အကာအရံများ ကာရံထားသည်။ ထို့ကြောင့် ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ခြံဝန်းထဲ ဖောက်မဝင်နိုင် ဖြစ်နေသည်။ ကျန်းရီ မျက်လုံးမှိတ်ကာ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။

ရွှီး...ရွှီး...

ဆန်းကြယ်နတ်ဘုရားနန်းတော်က အနက်ရောင်အလင်း လင်းလက်လာ၏။ နန်းတော် ပတ်ဝန်းကျင်မှ အာကာပြင်က စုတ်ပြဲသွားသည်။ ထို့နောက် နန်းတော်သည် မြို့ထဲသို့ ပျံဝင်သွားလေသည်။ တစ်မြို့လုံး တုန်ခါသွားသည်။ နန်းတော်က မြို့လေထုကို ဖြတ်သန်း၍ ချမ်ကွေ့တို့ ရှိနေသော ခြံဝန်းဆီသို့ ဦးတည်ပျံသန်းသွားလိုက်သည်။

ဝုန်း...

ခြံဝန်းပတ်ပတ်လည်ရှိ အကာအရံများက ခိုင်မာသော်လည်း ဆန်းကြယ်နတ်ဘုရားနန်းတော်၏ စွမ်းအားနှင့်မူ မယှဉ်နိုင်ပေ။ နန်းတော်က ဝင်တိုက်လိုက်သည်နှင့် အကာအရံများ ရုတ်ခြည်း ပျက်စီးသွားသည်။ ထို့နောက် ကျန်းရီ အော်ပြောလိုက်သည်။

“အခုပဲ...”

ဝှစ်...ဝှစ်...ဝှစ်...

ခြံဝန်း၏ မျက်နှာချင်းဆိုင်ရှိ စားသောက်ဆိုင်ထဲမှနေ၍ လူခုနစ်ယောက် ပျံထွက်လာသည်။ သူတို့အားလုံးက စွမ်းအားကြီးအရှိန်အဝါ ရှိကြသည်။ ကြောက်မက်ဖွယ် နတ်ဘုရားတစ်ပိုင်း အရှိန်အဝါများက ပတ်ဝန်းကျင်ရှိ လူများနှင့် ခြံဝန်းထဲရှိ အစေခံများကို လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားစေသည်။ ထို့ကြောင့် သူတို့အားလုံး ကြောက်ရွံ့တကြီး အော်ဟစ်လိုက်ကြသည်။

“အတင့်ရဲလိုက်တာ...”

မိစ္ဆာဧကရာဇ် ဒေါသူပုန်ထသွားပေပြီ။ သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ အမြန်ဆုံးအလျင်ဖြင့် ပျံသန်းသွားလိုက်သည်။ သူ့လက်များကလည်း လင်းလက်လာသည်။ တစ်ချိန်တည်းမှာပင် သူ အော်ပြောလိုက်သည်။

“အကြီးအကဲတွေအားလုံး... အခု လှုပ်ရှားကြ။ ကျန်းရီကို သတ်ဖို့ အစီအစဉ်(၁)ကို လုပ်ဆောင်ကြ”

ဝှစ်...ဝှစ်....

မိစ္ဆာဧကရာဇ်ရဲတိုက်ဝန်းထဲမှနေ၍ နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက် ပျံထွက်လာသည်။ သူတို့နောက်မှနေ၍ မရေမတွက်နိုင်သော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များလည်း လိုက်လာကြသည်။ ထိုနတ်ဘုရားတစ်ပိုင်းများက လီဖေးယွီတို့ကို စတင် တိုက်ခိုက်လိုက်သည်။ သူတို့က ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မဖျက်ဆီးနိုင်သော်လည်း ကျန်းရီ ခေါ်လာခဲ့သော လူများကို သတ်နိုင်ပေသည်။

“အာ... ဘယ်သူမှ မရှိဘူးလား”

လီဖေးယွီတို့က ကောင်းကင်စိတ်အာရုံများဖြင့် ခြံဝန်းထဲသို့ အာရုံခံလိုက်ကြ၏။ သို့‌သော် ချမ်ကွေ့နှင့် ကျန်ရီမင်တို့က ခြံဝန်းထဲတွင် ရှိမနေပေ။ ကျန်းရီသည်လည်း ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ရှာလိုက်သည်။ သူလည်း ချမ်ကွေ့နှင့် ကျန်ရီမင်တို့ကို ရှာမတွေ့ချေ။

“ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို မြန်မြန်လာခဲ့”

ကျန်းရီသည် အကြိမ်များစွာ ထပ်မံ အာရုံခံလိုက်ပြီးနောက် ချမ်ကွေ့တို့က မည်သည့်နေရာတွင်မှ ရှိမနေကြောင်း အတည်ပြုနိုင်လိုက်သည်။ ထို့ကြောင့် သူသည် ရီချန်နှင့် အခြားသူများ အသတ်ခံရမည်ကို စိုးရိမ်၍ သူတို့ကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ခေါ်လိုက်သည်။ ရီချန်က ဉာဏ်ထက်သူတစ်ယောက်ဖြစ်၍ ချက်ချင်းပင် ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ ပျံသန်းသွားသည်။ နန်းတော်ဂိတ်တံခါးက သူမအတွက် ဖွင့်ပေးထားသဖြင့် သူမ နန်းတော်ထဲသို့ တန်း၍ပျံဝင်သွားနိုင်သည်။

ရွှီ...ရွှီ....

အလင်းတန်း ဆယ်တန်း တောက်ပလာပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်လိုက်သည်။ မရေမတွက်နိုင်သော မြို့သူမြို့သားများသည် အလွန်ကြောက်ရွံ့နေသဖြင့် မြေပြင်မှ ခြေမကြွနိုင် ဖြစ်နေကြသည်။ ထူးခြားသော တာအိုပုံသဏ္ဌာန်များကို လေ့လာသင်ယူထားသည့် စွမ်းအားကြီး သိုင်းပညာရှင်များကလည်း လေထုကို အဆက်မပြတ် တုန်ခါစေနေသည်။ ထို့ကြောင့် လီဖေးယွီနှင့် အခြားသူများ သိသိသာသာ နှေးသွားသည်။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက လီဖေးယွီတို့ကို အာရုံခံမိလိုက်၏။ ထို့ကြောင့် သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်ကာ လီဖေးယွီတို့ဆီ ပျံသန်းသွားလိုက်ပြီး သူတို့အရှေ့တွင် ဆင်းသက်လိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း...

အလင်းတန်းဆယ်တန်းစလုံးက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တိုက်ခိုက်လိုက်၏။ သို့သော် နန်းတော်က အကောင်းအတိုင်း ရှိနေသေးပြီး အနက်ရောင်အလင်းသာ ပိုတောက်ပလာသည်။ အလင်းတန်းများနှင့် နန်းတော်တို့ ထိတိုက်သွားသည့် အဟုန်အားက ခြံဝန်း၏ မျက်နှာချင်းဆိုင်ရှိ စားသောက်ဆိုင်ကို ပျက်စီးသွားစေသည်။ ဆိုင်ထဲမှာ သာမန်မြို့သူမြို့သားများက အပျက်အစီးများအောက်တွင် ပိကာ သေဆုံးသွားကြသည်။

ဝှစ်...ဝှစ်...

နောက်ဆုံးတွင် လီဖေးယွီနှင့် အခြားသူများက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ အလျင်အမြန် ဝင်သွားလိုက်ကြသည်။ ထိုအခါမှ ကျန်းရီ သက်ပြင်းချနိုင်လိုက်သည်။ ယခုတွင် သူ အလွန်ဒေါသထွက်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရှီးမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများနှင့် စစ်တပ်ဆီသို့ ပျံသန်းသွားစေလိုက်သည်။

ကောင်းကင်ကြယ်တာရာနယ်မြေတွင် လူသန်းရာချီ အသက်ဆုံးရှုံးခဲ့ရသည်။ ကျန်းယွင်ဟိုင်နှင့် အခြားသူများကလည်း ပျောက်ဆုံးနေဆဲဖြစ်သည်။ ကျန်းရီသည် ပြီးခဲ့သော ရက်ပိုင်းအတွင်းတွင် အလွန်ဝမ်းနည်းခဲ့ရသည်။ ယခုတွင် ရီချန်ရော ယဉ်ရို့ပင်းပါ သူ့ကို မတားနိုင်ကြတော့ပေ။ သူ့ရင်ထဲမှာ ဒေါသများက ရှီးမျိုးနွယ်အပေါ် ပုံကျပေပြီ။ သူသည် မည်သည့်စကားမှ ထပ်မပြောခင်တွင် မိစ္ဆာဧကရာဇ်မြို့ကို သွေးဖြင့် ဖုံးလွှမ်းပစ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

***

All Chapters