နားလည်မှုလွဲခြင်းလော
Vol. 83 Ch. 1157
ရွှီး...
မိစ္ဆာဧကရာဇ်မြို့ပတ်ပတ်လည်ရှိ အကာအရံအလွှာက ပွင့်သွား၏။ ထို့နောက် မိစ္ဆာဧကရာဇ်က အော်ပြောလိုက်သည်။
“သိုင်းသမားအားလုံး လူကြီး၊ လူငယ်မရွေး နားထောင်ကြ။ မြို့ထဲက ကိုယ်နဲ့သိတဲ့သူကို ခေါ်ပြီး ထွက်သွားကြတော့။ ရှီးမျိုးနွယ်ဝင်တွေ... မိစ္ဆာသုတ်သင်အစီအစဉ်ကို စတင်မယ်”
မိစ္ဆာဧကရာဇ်၏ အမိန့်က ဩဇာကြီးသည်။ မြို့ထဲမှ လူအားလုံးက သူ့စကားကို နာခံကြသည်။ ထို့ကြောင့် သိုင်းသမားတိုင်းသည် သူတို့နှင့်အတူ လူတစ်ယောက်၊ နှစ်ယောက်ကို ခေါ်၍ မြို့ရိုးကို ခုန်ကျော်ကာ မြို့နှင့် ဝေးနိုင်သမျှ ဝေးဝေးသို့ ပြေးကြလေသည်။ သူတို့အားလုံးက အရည်အချင်းရှိကြသူများဖြစ်သည်။ သူတို့ထဲမှ အဆင့်အနိမ့်ဆုံးသူပင် ဗာဂျရာအဆင့် သို့မဟုတ် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ရှိကြသည်။ သို့ဖြစ်ရာ မြို့အကာအရံအလွှာ ပွင့်သွားလျှင် သူတို့ အလွယ်တကူ ထွက်ပြေးနိုင်ပေသည်။
မိနစ်ပိုင်းအတွင်းမှာပင် မြို့သူမြို့သား တစ်ဝက်ကျော်လောက်က မြို့ထဲမှ ထွက်ပြေးသွားသည်။ ရှီးမျိုးနွယ်မှ အဆင့်နိမ့်သိုင်းသမားများကလည်း မြို့သူမြို့သားများကို မြို့ထဲမှ ခေါ်ထုတ်သွားကြသည်။ ထိုအချိန်အတောအတွင်း ကျန်းရီက သူတတ်နိုင်သလောက် စတင် သတ်ဖြတ်နေပြီဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ မြို့တစ်ခွင်လုံးတွင် လှည့်ပတ်ပျံသန်းကာ ရှီးမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများနှင့် တပ်သားများကို လိုက်လံတိုက်ခိုက်နေသည်။ ထိုမိနစ်အနည်းငယ်အတွင်း သူ လူလေးထောင်ကျော် ငါးထောင်နီးပါးကို သတ်ပစ်နိုင်ခဲ့သည်။
ဝုန်း...ဝုန်း...ဝုန်း...
နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်သည် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ဝင်တိုက်မှုကြောင့် အနောက်သို့ လွင့်ပျံထွက်သွား၏။ သူတို့က အတွင်းအား ထုတ်ထားကျသော်လည်း ဆန်းကြယ်နတ်ဘုရားနန်းတော်က ဖိချလိုက်သောအခါ အသားများစုတ်ပြတ်ကာ အရိုးများ ကျိုးသွားသည်။ နန်းတော်အောက်ရှိ အဆောက်အဦများလည်း ပြားကပ်သွားသည်။ မိစ္ဆာဧကရာဇ်ရဲတိုက်ဝန်းသည်လည်း အထိအခိုက်များနေသည်။ ရဲတိုက်ဝန်းထဲရှိ ရဲတိုက်ဆယ်လုံးကျော် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
“သတ်ကြ...သတ်ကြ...”
ရှီးမျိုးနွယ်ဝင်များက အသံကုန် ဟစ်အော်လိုက်သည်။ မြို့ထဲရှိ မြို့သူမြို့သား အများစုက မြို့ပြင်သို့ ရောက်သွားသောအခါ ရှီးမျိုးနွယ်ဝင်များသည် အနီရောင်ဆေးလုံးတစ်လုံးကို ထုတ်၍ သောက်လိုက်ကြသည်။ တဖြည်းဖြည်းဖြင့် သူတို့၏ စွမ်းအားက တိုးတက်လာသည်။ သာမန်ကောင်းကင်ဧကရာဇ်များက ထိုဆေးလုံးကို သောက်လိုက်လျှင် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် စွမ်းအားကို ပိုင်ဆိုင်သွားမည်ဖြစ်သည်။ ထို့ပြင် ဆေးလုံးက သူတို့၏ စွမ်းအားကို တိုးမြှင့်ပေးနိုင်ရုံသာမက သူတို့ အသုံးပြုသော တာအိုပုံသဏ္ဌာန်များ၏ စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပေသည်။
“လခွမ်းပဲ...”
ကျန်းရီသည် အပြင်ဘက်မှ မြင်ကွင်းကြောင့် မျက်နှာပျက်သွား၏။ စက္က့န်သုံးဆယ်အတွင်းမှာပင် သိုင်းသမား သုံးရာကျော်က ကြယ်ခြောက်ပွင့်နှင့် အထက် သိုင်းပညာရှင်များ ဖြစ်သွားကြသည်။ ထို့ပြင် အရေအတွက်က တိုး၍သာ နေသည်။ အကယ်၍ ရှီးမျိုးနွယ်မှ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များသာ နတ်ဘုရားတစ်ပိုင်းများကဲ့သို့ ဖြစ်လာပါက အခြေအနေ ဆိုးသွားပေလိမ့်မည်။ ရှီးမျိုးနွယ်တွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ထောင်နှင့်ချီ၍ ရှိသည် မဟုတ်လော။
ထောင်ချီသော နတ်ဘုရားတစ်ပိုင်းများက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တစ်ပြိုင်တည်း တိုက်ခိုက်မည်ဆိုလျှင် ထိုတိုက်ခိုက်မှုက မည်မျှ အားကောင်းမည်နည်း။
ဆန်းကြယ်နတ်ဘုရားနန်းတော်က လျင်မြန်စွာ ပျံသန်းနေသော်လည်း မြို့ထဲတွင် ဖြစ်နေ၍ ရှောင်စရာနေရာ များများစားစား မရှိပေ။ အကယ်၍ ရှီးမျိုးနွယ်ဝင်များက သူတို့၏ အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်လိုက်လျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်သည် ၎င်း၏စွမ်းအင်များစွာကို သုံး၍ ခုခံရပေလိမ့်မည်။ သူတို့က အချိန်တစ်ခုကြာသည်အထိ အစွမ်းကုန် တိုက်ခိုက်နေမည် ဆိုလျှင် ကျန်းရီ သူတို့အားလုံးကို သတ်မပစ်နိုင်ခင်မှာပင် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကာအရံက ပျက်စီးသွားပေလိမ့်မည်။
“ဘာတွေ ဖြစ်နေတာလဲ”
ထိုအခိုက်တွင် ရီချန်၊ လီဖေးယွီနှင့် အခြားသူများက ဆန်းကြယ်ဧကရာဇ်စံအိမ်ထဲသို့ ရောက်လာကြသည်။ ရီချန်နှင့် ယဉ်ရို့ပင်းသည် ကျန်းရီ၏ မျက်နှာထားကို မြင်လိုက်သောအခါ စိုးရိမ်တကြီး မေးလိုက်ကြသည်။
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထိန်းချုပ်၍ လူအများဆုံးရှိနေသော ရဲတိုက်ဆီသို့ ပျံသန်းသွားစေလိုက်သည်။ သူ ရှီးမျိုးနွယ်ကို ဖိအားပေးလိုနေသည်။ သူသည် နန်းတော်ကို ထိန်းချုပ်နေရင်း ရီချန်ကိုလည်း ရှင်းပြလိုက်သည်။
“ရှီးမျိုးနွယ်ဝင်တွေက ဆေးလုံးတစ်မျိုးကို သောက်လိုက်ကြတယ်။ အခု သူတို့ထဲက ရာဂဏန်းလောက်က နတ်ဘုရားတစ်ပိုင်းစွမ်းအားတွေကို ပိုင်ဆိုင်ကုန်ကြပြီ။ အဲ့ဒါက ဘယ်လိုဆေးလုံးမျိုးလဲ”
“မိစ္ဆာသုတ်သင်ဆေးလုံး”
ရီချန်နှင့် ယဉ်ရို့ပင်းတို့က တစ်ချိန်တည်း ရေရွတ်လိုက်ကြသည်။ ယဉ်ရို့ပင်းက ခပ်သွက်သွက် ပြောလိုက်သည်။
“ကျန်းရီ... မြန်မြန်... ဆန်းကြယ်နတ်ဘုရားနန်းတော်ကို အဝေးကို မောင်းသွားလိုက်တော့။ မိစ္ဆာသုတ်သင်ဆေးလုံးရဲ့ အာနိသင်က မိနစ်ပိုင်းလောက်ပဲ ခံမှာ။ ရှီးမျိုးနွယ်က အဲ့မိနစ်ပိုင်းအတွင်း အစွမ်းကုန်သုံးပြီး ရှင့်ကို ရှင်းပစ်ချင်နေတာ။ အဲ့ဆေးလုံးရဲ့ အာနိသင် ကုန်သွားတာနဲ့ သူတို့က တစ်လလောက် တိုက်ခိုက်နိုင်တော့မှာ မဟုတ်ဘူး။ အခုလောလောဆယ် သူတို့ကို ရှောင်ကြတာပေါ့”
“ကောင်းပြီ...”
ကျန်းရီက အရူးတစ်ယောက် မဟုတ်ပေ။ မြို့ထဲတွင် ကျန်ရီမင်နှင့် ချမ်ကွေ့တို့ကို ရှာမတွေ့သဖြင့် သူတို့ မဆုတ်ဘဲ အစွမ်းကုန် ပြန်တိုက်ခိုက်မည်ဆိုလျှင်လည်း မည်သည့်အကျိုးမှ ရှိမည် မဟုတ်ပေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ထက်သို့ ပျံတက်သွားပြီး အာကာပြင်အက်ကြောင်းအတွင်း ဝင်သွားလိုက်သည်။ ကျန်းရီက ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလိုက်ခြင်းပင်။
“အား...အား... ကျန်းရီ.. ကောင်စုတ်၊ မင်း သတ္တိရှိရင် ထွက်မပြေးနဲ့”
မိစ္ဆာဧကရာဇ်က ဒေါသတကြီး အော်ပြောလိုက်သည်။ ထို့နောက် ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်သွားပြီး မိစ္ဆာဧကရာဇ်မြို့ထဲရှိ နေရာတော်တော်များများ ပျက်စီးသွားပြီး ဖုန်မှုန့်များ တထောင်းထောင် ထသွားသည်။ တစ်မြို့လုံး ပျက်စီးနေပေပြီ။ တစ်ချိန်က လှပခဲ့သော မိစ္ဆာဧကရာဇ်မြို့က ယခုတွင် အကျဉ်းတန်သွားပြီဖြစ်သည်။ မိစ္ဆာဧကရာဇ်ရဲတိုက်ဝန်းအတွင်းရှိ ရဲတိုက်များစွာလည်း ဖျက်ဆီးခံခဲ့ရသည်။ အဆိုးဆုံးမှာ ရှီးမျိုးနွယ်မှ သိုင်းသမားများ ထောင်နှင့်ချီ၍ သေခဲ့ခြင်းပင်။ ထို့ပြင် နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်လည်း သေဆုံးခဲ့သည်။
“မိစ္ဆာသုတ်သင်ဆေးလုံးကို သောက်လိုက်တဲ့သူတွေ အကုန်လုံး အခု ပြန်ဆုတ်ကြတော့။ ကျန်တဲ့သူတွေ နေခဲ့ကြ”
မိစ္ဆာဧကရာဇ်သည် စိတ်ပြန်တည်ငြိမ်လာသည်နှင့် ချက်ချင်း အမိန့်ပေးလိုက်သည်။ သို့သော် သိုင်းသမားများက အံကြိတ်ကာ ပြန်မဆုတ်ဘဲ ပေ၍ ရပ်နေကြသည်။ ထိုစဉ် အကြီးအကဲတစ်ယောက်က အော်ပြောလိုက်လေသည်။
“မျိုးနွယ်ခေါင်းဆောင်... နှစ်ပေါင်းခုနစ်သိန်းကျော်ခဲ့ပါပြီ... မိစ္ဆာဧကရာဇ်မြို့က ရှီးမျိုးနွယ်ရဲ့ လက်ထဲမှာ ရှိနေခဲ့တာ အဲ့လောက်ကြာခဲ့ပါပြီ။ ကျုပ်တို့က မြို့နဲ့အတူ ရှင်မယ်၊ မြို့နဲ့အတူ ကျဆုံးမယ်။ ကျုပ်တို့ မိစ္ဆာဧကရာဇ်မြို့အတွက် အသေခံလိုပါတယ်။ ကျုပ်တို့ကို ခွင့်ပြုပေးပါ မျိုးနွယ်ခေါင်းဆောင်”
“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်ပြုပေးပါ မျိုးနွယ်ခေါင်းဆောင်”
အခြားလူများကလည်း အော်ကာ တောင်းဆိုလိုက်ကြသည်။ ယဉ်ရို့ပင်းနှင့် ရီချန်တို့ မသိခဲ့သည်မှာ မိစ္ဆာသုတ်သင်ဆေးလုံးကို သောက်ပြီးလျှင် သောက်လိုက်သူက ဆက်၍ တိုးတက်မလာနိုင်တော့ဟူသော အချက်ပင်။ သူတို့က လက်ရှိအဆင့်၊ လက်ရှိစွမ်းအားမှာပင် တစ်သက်လုံး တစ်နေတော့မည်ဖြစ်သည်။ သိုင်းသမားများအတွက် ထိုအရာက သေခြင်းထက် ဆိုးပေသည်။ ထို့ကြောင့်လည်း သိုင်းသမားများစွာက မြို့နှင့်အတူ ကျဆုံးလိုနေခြင်းဖြစ်ပေသည်။
“ရှိစေတော့... ရှိစေတော့”
မိစ္ဆာဧကရာဇ်က သူ့မျိုးနွယ်မှ အကြီးအကဲအုပ်စုကို ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူ သက်ပြင်းချကာ ပြောလိုက်လေသည်။
“ဒီနေ့မှာ ရှီးမျိုးနွယ်က ပျက်သုဉ်းရမယ်ဆိုရင်လည်း အဲ့ဒါ ငါတို့ရဲ့ ကံကြမ္မာပဲ။ အားလုံးပဲ စိတ်မပူပါနဲ့။ ငါ ကျန်းရီကို လက်စားပြန်ချေမှာပါ။ ကျန်းရီရဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေအကုန်လုံးလည်း သေစေရမယ်”
***
အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မိနစ်အနည်းငယ် ကုန်ဆုံးသွားသည်။
အချိန်ပြည့်သွားသည်နှင့် မိစ္ဆာသုတ်သင်ဆေးလုံးကို သောက်ထားသူအားလုံး မြေပြင်သို့ ဆင်းသက်လိုက်ကြသည်။ သူတို့က သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေကြပြီး အလွန်အားနည်းလာကြသည်။ ထို့ကြောင့် သူတို့အားလုံး မြို့ရင်ပြင်တွင် တင်ပျဉ်ခွေ ထိုင်နေကြရသည်။ သူတို့အတွက် မတ်တပ်ရပ်ရန်ပင် ခက်ခဲနေပေသည်။
နောက်ထပ်မိနစ်အနည်းငယ် ထပ်မံကုန်ဆုံးသွားသည်။ မိစ္ဆာဧကရာဇ်မြို့ထဲရှိ လေထုက တုန်ခါလာပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်က အာကာပြင်အက်ကြောင်းထဲမှနေ၍ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ကျန်းရီ၏ အေးစက်စက်အသံက မြို့တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားခဲ့လေသည်။
“အဲ့မိစ္ဆာသုတ်သင်ဆေးလုံးကို ထပ်သောက်ကြပါဦး။ မင်းတို့တွေ မင်းတို့ရဲ့လူ ဘယ်နှစ်ယောက်လောက်ကို အဆုံးရှုံးခံနိုင်မလဲဆိုတာကို ကြည့်ကြတာပေါ့။ ငါက ကောင်းကင်ရှောင်တိမ်းခြင်းကို အကြိမ်အများကြီး ဆက်သုံးနိုင်သေးတယ်။ ဒီနေ့ မိစ္ဆာဧကရာဇ်မြို့နဲ့ ရှီးမျိုးနွယ် ပျက်သုဉ်းသွားမှာ ငါ ရပ်မယ်”
“အား...အား....”
မိစ္ဆာဧကရာဇ်သည် ကျန်မျိုးနွယ်ဝင်များကို မိစ္ဆာသုတ်သင်ဆေးလုံး သောက်ရန် အမိန့်ပေးလိုသော်လည်း ကျန်းရီ၏ စကားကို ကြားလိုက်သောအခါ ဒေါသတကြီး အော်လိုက်သည်။ ထို့နောက် သူ စိတ်ပြောင်းသွားပြီး သူ့လူများကို ဆေးလုံး မသောက်ရန် တားလိုက်လေသည်။
ကျန်းရီက သူတို့သုံးနေသော ဆေးလုံးအကြောင်းကို သိထားသည်။ ထို့ပြင် သူက ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ စိတ်ကြိုက် ရှောင်ထွက်သွားနိုင်နေသည်။ သူက ယခုကဲ့သို့ ထွက်သွားလိုက်၊ ပြန်လာလိုက်နှင့် လုပ်နေမည်သာ။ ထို့ကြောင့် မိစ္ဆာဧကရာဇ်၏ မိစ္ဆာသုတ်သင်အစီအစဉ်က လုံးဝ ရှုံးနိမ့်သွားပေပြီ။ လက်ရှိအခြေအနေတွင် သူတို့သည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မည်သို့မှ ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ကျန်းရီက သူတို့အားလုံးကို သတ်ပစ်မည်ကိုသာ စောင့်နေရတော့မည်ဖြစ်သည်။
“ကျန်းရီ... မိစ္ဆာကောင်၊ ငါတို့ သရဲတွေ ဖြစ်သွားရင်တောင် မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”
“ကျန်းရီ... မင်းက ရူးနေတာပဲ။ ဗုဒ္ဓဧကရာဇ်ကလည်း ကန်းနေလို့ မင်းကို ကာကွယ်ပေးခဲ့တာ ဖြစ်မယ်။ မပူနဲ့... ရှီးမျိုးနွယ်ဝင်တစ်ယောက် အသက်ရှင်ကျန်ရင်တောင် မင်းနဲ့ မင်းချစ်ရတဲ့သူတွေ အကုန်လုံးကို သတ်ပစ်ပြီး လက်စားချေမယ်”
“ဟုတ်တယ်... မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ။ ငါတို့က သေတဲ့အထိ လက်လျှော့မှာ မဟုတ်ဘူး”
ရှီးမျိုးနွယ် အကြီးအကဲများက ကျန်းရီကို ဒေါသတကြီး အော်ပြောလိုက်ကြသည်။ ထို့နောက် သူတို့သည် ဆန်းကြယ်နတ်ဘုရားနန်းတော်ဆီသို့ မိုက်ရူးရဲဆန်စွာ ပျံသန်းသွားလိုက်ပြီး အစွမ်းကုန် တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။ သူတို့ တိုက်ခိုက်ရင်း အသေခံမည် ဖြစ်သည်။
ဝှစ်...
ဆန်းကြယ်နတ်ဘုရားနန်းတော်က အနက်ရောင် မြားတစ်စင်းအလား ၎င်းလမ်းတွင် ပိတ်နေသော ရှီးမျိုးနွယ်မှ တပ်သားများကို ဝင်တိုးသွားလိုက်သည်။ ကျန်းရီသည် ပတ်ဝန်းကျင်ကို အာရုံခံ၍ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
“ငါက ရူးနေတာတဲ့လား။ စောက်ပေါက်ကရတွေ... ငါက ငါတို့ကြားက ရန်ငြိုးကို သင်ပုန်းချေချင်ခဲ့တယ်၊ မင်းတို့ ရှီးမျိုးနွယ်ကို လက်စားမချေတော့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ မင်းတို့တွေက ဘာလုပ်ခဲ့လဲ။ မင်းတို့က ကောင်းကင်ကြယ်တာရာနယ်မြေက သန်းရာချီတဲ့ လူတွေကို သတ်ပစ်ခဲ့တယ်။ အဲ့လူတွေက ဘာအမှားတွေများ လုပ်ခဲ့ဖူးလို့လဲ။ မင်းတို့က လူမှ ဟုတ်ကြသေးရဲ့လား။ မင်းတို့က သူများတွေအပေါ် ရက်ရက်စက်စက် လုပ်ခဲ့မှတော့ ငါကလည်း မင်းတို့အပေါ် ရက်ရက်စက်စက် ပြန်လုပ်ရမှာပဲ။ ဒီနေ့ ရှီးမျိုးနွယ်က လူတိုင်း သေရမယ်”
“နေဦး...”
မိစ္ဆာဧကရာဇ် မျက်လုံးပြူးသွားပြီး အော်ပြောလိုက်သည်။
“ကျန်းရီ... မင်း ဘာတွေ ပြောနေတာလဲ။ ဘယ်က သန်းရာချီတဲ့ လူတွေလဲ။ ငါတို့ရှီးမျိုးနွယ်က ဘယ်တုန်းက အဲ့လို လူမဆန်တဲ့ကိစ္စမျိုးကို လုပ်ခဲ့ဖူးလို့လဲ”
ကျန်းရီသည် မိစ္ဆာဧကရာဇ်၏ စကားများကို အရေးမစိုက်ဘဲ အနီးနားမှ လူများကို ဆက်လက်တိုက်ခိုက်လိုက်သည်။ အချိန်တိုအတွင်းမှာပင် သူ့လက်ချက်ဖြင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးယောက်နှင့် တပ်သားနှစ်ထောင်ကျော် ထပ်မံသေဆုံးသွားသည်။ ထို့နောက် သူသည် သတ်ဖြတ်မှုကို ခေတ္တရပ်ကာ ခြောက်ကပ်ကပ်ရယ်၍ ပြောလိုက်သည်။
“မိစ္ဆာဧကရာဇ်... ခင်ဗျား ယောက်ျားမဟုတ်ဘူးလား။ ကိုယ့်အပြစ်ကိုကိုယ် ဝန်မခံရဲဘူးလား။ ခင်ဗျားပဲ ကျွန်တော် ချစ်ရတဲ့သူတွေကို သတ်ပြီး ကျွန်တော့်ကို လက်စားချေမယ်လို့ မပြောခဲ့ဘူးလား။ ခင်ဗျား ကျွန်တော် ချစ်ရတဲ့သူတစ်ယောက်ကို သတ်ရင် ကျွန်တော်က ခင်ဗျားရဲ့လူ တစ်သောင်းကို သတ်မယ်။ ခင်ဗျား နှစ်ယောက်သတ်ရင် ကျွန်တော်က ခင်ဗျားရဲ့ မျိုးနွယ်တစ်ခုလုံးကို သတ်ပစ်မယ်။ တစ်ယောက်ကိုမှ အရှင်မထားဘူး”
“မဟုတ်သေးဘူး... မှားကုန်ပြီ...”
မိစ္ဆာဧကရာဇ်က တုန်လှုပ်စွာ အော်ပြောလိုက်သည်။
“ကျန်းရီ... အဲ့ဒါက နားလည်မှုလွဲတာ ဖြစ်ရမယ်။ ငါ ရှီးမျိုးနွယ်က ဘိုးဘေးတွေကို တိုင်တည်ပြီးတော့ ကျိန်တယ်... ငါ ကောင်းကင်ကြယ်တာရာနယ်မြေကို သွားလည်းမသွားခဲ့သလို အဲ့က သန်းရာချီတဲ့ လူတွေကိုလည်း မသတ်ခဲ့ဘူး။ အစောတုန်းက ငါက မင်းကို ခြိမ်းခြောက်ရုံ ခြိမ်းခြောက်လိုက်တာ။ ကျန်းရီ ဆက်မသတ်နဲ့တော့။ မင်း ဆက်သတ်နေရင် ရှီးမျိုးနွယ်ဝင်တွေ ကျန်တော့မှာ မဟုတ်ဘူး။ အဲ့ဒါက နားလည်မှုလွဲတာပဲ ဖြစ်ရမယ်...”
“နားလည်မှုလွဲတာလား”
ဆန်းကြယ်နတ်ဘုရားနန်းတော်က လေထဲတွင် ရပ်တန့်သွားသည်။ ကျန်းရီ၏ နီရဲနေသော မျက်ဝန်းများထဲတွင် တုန်လှုပ်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ အစောတွင် သူနှင့် လီဖေးယွီတို့သည် ရှီးမျိုးနွယ်မှ အကြီးအကဲ၏ ခြံဝန်းထဲတွင် ချမ်ကွေ့နှင့် ကျန်ရီမင်ကို မတွေ့ခဲ့ပေ။ အမှန်ပင် တစ်စုံတစ်ယောက် သူ့ကို အသုံးချ၍ ရှီးမျိုးနွယ်ကို ရှင်းပစ်ရန် ကြံစည်နေခြင်းပေလော။
***