← Chapters

စောင့်မည်

Vol. 83 Ch. 1158

စောင့်မည်

Vol. 83 Ch. 1158

ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို သုံး၍ မိစ္ဆာဧကရာဇ်မြို့ကို ထပ်ခါ ထပ်ခါ အာရုံခံလိုက်၏။ သို့သော် သူသည် ချမ်ကွေ့နှင့် ကျန်ရီမင်တို့ကို ရှာမတွေ့ပေ။ သူ ရင်တုန်သွား၏။ ထို့နောက် သူသည် စာတစ်စောင်ကို ထုတ်ကာ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကာအရံအပြင်သို့ ပို့လိုက်သည်။ စာက မိစ္ဆာဧကရာဇ်ထံ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။

“အဲ့စာကို ကြည့်လိုက်။ ကျွန်တော့်ရဲ့ လူတွေကလည်း အဲ့ကိစ္စမှာ ရှီးမျိုးနွယ်က အကြီးအကဲတစ်ယောက် ပါဝင်ပတ်သတ်နေတယ်ဆိုတာကို စုံစမ်းရထားတယ်။ အစောက ကျွန်တော်တိုက်ခိုက်ခဲ့တဲ့ ခြံဝန်းက ဘယ်အကြီးအကဲရဲ့ ခြံဝန်းလဲ။ အဲ့လူကို ထုတ်ပေးပါ... ပြီးမှ သူ ဘာတွေ သိထားလဲဆိုတာကို ကျွန်တော်တို့ မေးကြတာပေါ့။ မိစ္ဆာဧကရာဇ်... ဒီနေ့ ခင်ဗျား ကျွန်တော့်ရဲ့ ဦးလေးနှစ်ယောက်ကို ပြန်မပေးရင်၊ ရှင်းပြချက်တစ်ခု မပေးရင် ကျွန်တော် ရှီးမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်”

“မင်း သူတို့ကို ကယ်ချင်ရင် မိစ္ဆာဧကရာဇ်မြို့ကို ချက်ချင်း လာခဲ့ပါ။ တကယ်လို့ မင်း လဝက်အတွင်း ရောက်မလာဘူးဆိုရင် သူတို့ရဲ့ ခေါင်းတွေကိုပဲ ရလိမ့်မယ်”

မိစ္ဆာဧကရာဇ်သည် စာကို ဖတ်ပြီးနောက် မျက်နှာပျက်သွား၏။ ချက်ချင်းပင် သူ အော်ပြောလိုက်သည်။

“မှားပြီး စွပ်စွဲတာပဲ။ အဲ့ဒါက မှားပြီး စွပ်စွဲတာပဲ။ ကျန်းရီ... တွေးကြည့်ပါ။ ငါ့မှာသာ ဓားစာခံတွေ ရှိနေမယ်ဆိုရင် ဘာလို့ မိစ္ဆာသုတ်သင်ဆေးလုံးကို သုံးနေဦးမှာလဲ။ ပြီးတော့ ငါက မင်းနဲ့ သေတဲ့အထိ တိုက်ခိုက်ပါ့မလား။ တစ်ယောက်ယောက်က ငါ့ကို အကွက်ဆင်ခဲ့တာ။ ငါ့ဘိုးဘေးတွေကို တိုင်တည်ပြီး ကျိန်တယ်... အဲ့ကိစ္စက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး။ ငါ့မျိုးနွယ်က လူအများစုကလည်း ဘာတွေဖြစ်နေလဲဆိုတာတောင် မသိကြဘူး။ ကောင်းကင်ကြယ်တာရာနယ်မြေက လူသန်းရာချီကို သတ်တယ်ဆိုတဲ့ကိစ္စကလည်း ငါတို့လူတွေ လုပ်တာ မဟုတ်ဘူး”

ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင့်ဖြင့် ရှီးမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများနှင့် အကြီးအကဲများ၏ မျက်နှာထားများကို အာရုံခံလိုက်၏။ သူတို့အားလုံးက နားမလည်နိုင်ဖြစ်နေကြကြောင်း သူ သိလိုက်ရသည်။ ထို့ကြောင့် သူ မိစ္ဆာဧကရာဇ်၏ စကားကို အတန်ငယ် ယုံလာသည်။ အကယ်၍ မိစ္ဆာဧကရာဇ်ထံတွင် အမှန်ပင် ဓားစာခံများ ရှိနေပါက သူတို့ကို ထုတ်သုံး၍ ကျန်းရီကို ခြိမ်းခြောက်ပေလိမ့်မည်။ သို့ဆိုလျှင် မိစ္ဆာဧကရာဇ်သည် သူ့လူများ သေဆုံးနေသည်ကို ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေရန် လိုမည်မဟုတ်ပေ။

“အာ...”

မိစ္ဆာဧကရာဇ်က သူ့မျိုးနွယ်မှ အကြီးအကဲအားလုံးကို ကြည့်၍ အော်ပြောလိုက်သည်။

“အဲ့ခြံဝန်းက ဘယ်သူ့ခြံဝန်းလဲ”

“မျိုးနွယ်ခေါင်းဆောင်ကို တင်ပြပါတယ်... အဲ့ခြံဝန်းက အကြီးအကဲဟူရဲ့ ခြံဝန်းလို့ထင်ပါတယ်”

အကြီးအကဲတစ်ယောက်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ မိစ္ဆာဧကရာဇ်က လက်ဝှေ့ယမ်းကာ မေးလိုက်သည်။

“အကြီးအကဲဟူက ဘယ်မှာလဲ။ သူ့ကို ရှာကြ”

မြို့ထဲမှ လူများသည် ချက်ချင်း လှုပ်ရှားလိုက်ကြပြီး ထိုအကြီးအကဲဟူကို မြို့အနှံ့ လိုက်ရှာလိုက်ကြသည်။ သူတို့သည် ကောင်းကင်စိတ်အာရုံများ ထုတ်၍လည်း ရှာကြသည်။ မကြာခင်တွင် လူတစ်ယောက်က အော်ပြောလိုက်သည်။

“ရှီးဟူက ဟိုမှာ... ဒါပေမဲ့... သူက အသက်မရှိတော့တဲ့ပုံပဲ”

ဝှစ်...

အော်ပြောလိုက်သော အကြီးအကဲက ရဲတိုက်တစ်ခုထံသို့ ပျံသန်းသွားလိုက်၏။ ခေတ္တကြာပြီးနောက် သူ အလောင်းတစ်လောင်းကို သယ်၍ ပြန်ပျံသန်းလာသည်။ ထိုအလောင်းက အသက်မရှိတော့သည်မှာ အတော်လေး ကြာနေသည့်ပုံပင်။ အေးစက်တောင့်တင်းနေပေပြီ။ သူ၏မျက်နှာကလည်း မည်းနက်နေသည်။ ကြည့်ရသည်မှာ သူက အဆိပ်မိခဲ့ပုံရသည်။

“သူက သေနိုင်လောက်တဲ့အဆိပ် မိသွားတာပဲ။ ဇီဝိန်ခြွေကြာပန်းအဆိပ်....”

အကြီးအကဲအချို့က အလောင်းကို အတန်ကြာ စစ်‌ဆေးပြီးနောက် ပြောလိုက်၏။ သူတို့ထဲမှ တစ်ယောက်က လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။

“ရှီးဟူ သေနေတာ အနည်းဆုံး နေ့ဝက်လောက်ရှိပြီ။ သူက ကျန်းရီ ရောက်မလာခင် သေသွားတာပဲ”

ကျန်းရီက ဆန်းကြယ်ဧကရာဇ်စံအိမ်ထဲတွင် လက်ဝှေ့ယမ်းလိုက်ရာ စံအိမ်ထဲတွင် နန်းတော် အပြင်ဘက်မှပုံရိပ် ထွက်ပေါ်လာ၏။ ထို့နောက် သူ ရှီးဟူကို လက်ညှိုးထိုးကာ လီဖေးယွီတို့ဘက်လှည့်၍ ပြောလိုက်၏။

“လူကြီးမင်းတို့... ကျေးဇူးပြုပြီး ကျွန်တော့်အတွက် အတည်ပြုပေးပါ။ အဲ့အကြီးအကဲက လူကြီးမင်းတို့ တွေ့ခဲ့တဲ့ အကြီးအကဲလား”

လီဖေးယွီတို့က သူတို့၏ ပုံစံအမှန် ပြန်ပြောင်းထားပြီးပြီဖြစ်သည်။ ယခုတွင် လီဖေးယွီက အဘိုးအိုးတစ်ယောက် မဟုတ်တော့ဘဲ အသက်လတ်ပိုင်းအရွယ် သူရဲကောင်းတစ်ယောက် ဖြစ်သွားပေပြီ။ သူ၏ မျက်နှာက လေးထောင့်ဆန်ပြီး သူ၏ နားရွက်များက ကြီးသည်။ သူ၏ အကြည့်ကလည်း ကျားရဲတစ်ကောင်ကဲ့သို့ စူးရှသည်။ သူက အကြီးအကဲတစ်ယောက်ကို လှည့်ကြည့်၍ ပြောလိုက်သည်။

“အဘိုးရီ... တစ်ချက် ကြည့်ကြည့်လိုက်ပါ”

လီမျိုးနွယ်က အကြီးအကဲတစ်ယောက်က ပုံရိပ်ကို ကြည့်၍ အတည်ပြုလိုက်သည်။

“ဟုတ်တယ်...သူပဲ။ အဲ့ခြံဝန်းက သူ့ဟာပဲ။ လွန်ခဲ့တဲ့သုံးရက်က ကျုပ်လူတွေက သူ့ခြံဝန်းထဲမှာ ချမ်ကွေ့နဲ့ ကျန်ရီမင်တို့ကို တွေ့ခဲ့တာ။ အဲ့ကတည်းက သူတို့ ပြန်မထွက်လာကြသေးဘူး။ ဒါပေမဲ့ ကျုပ်တို့ ဝင်ရှာတော့ကြ သူတို့က ဘာလို့ပျောက်နေရတာလဲဆိုတာတော့ ကျုပ်လည်း မသိဘူး”

ရီချန်က ရုတ်တရက်ကြီး သက်ပြင်းချလိုက်သည်။

“တစ်ယောက်ယောက်က အကွက်ဆင်ခဲ့တာပဲ။ အဲ့လူ ဘာလိုချင်တာလဲဆိုတာ ထင်ရှားပါတယ်။ သူက ကျန်းရီကို အသုံးချပြီး ရှီးမျိုးနွယ်ကို ဖျက်ဆီးပစ်ချင်နေတာပဲ။ အဲ့လိုဆို အရှေ့ဘက် တော်ဝင်နယ်မြေက ပိုပြီး ပရမ်းပတာ ဖြစ်သွားလိမ့်မယ်”

“လခွမ်းပဲ...”

ကျန်းရီ ဆဲလိုက်ပြီး မျက်လုံးမှိတ်ကာ စက္ကန့်များစွာကြာအောင် တွေးတောလိုက်သည်။ ထို့နောက် သူ အပြင်သို့ အသံပို့လွှတ်လိုက်သည်။

“မိစ္ဆာဧကရာဇ်... အဲ့ကိစ္စကို ခင်ဗျား သိထားလား၊ မသိထားဘူးလားဆိုတာကို ကျွန်တော် ဂရုမစိုက်ဘူး။ ခင်ဗျားတို့မျိုးနွယ်က အကြီးအကဲတစ်ယောက်က ကျွန်တော့်ရဲ့ လူတွေကို ပြန်ပေးဆွဲခဲ့တယ်။ တကယ်လို့ ခင်ဗျား ပြန်ပေးဆွဲခံရတဲ့ လူနှစ်ယောက်ကို ရှာမပေးဘူးဆိုရင် ကျွန်တော် ခင်ဗျားတို့က ပြဿနာ ရှာရလိမ့်မယ်...”

“...”

မိစ္ဆာဧကရာဇ်နှင့် ရှီးမျိုးနွယ်မှ လူများက မျက်လုံးပင့်လိုက်ကြ၏။ ထိုကိစ္စက အကွက်ဆင်ခံရခြင်းဖြစ်ကြောင်းကို ကျန်းရီလည်း သိသည်။ ထို့ပြင် သူက ရှီးမျိုးနွယ်ဝင်များစွာကိုလည်း သတ်ခဲ့သည်။ သို့ပင်လျှင် သူက တောင်းပန်မည့်အစား သူတို့ကို ခြိမ်းခြောက်နေသည်လော။ ယင်းမှာ တရားလွန်လှပေသည်။ သို့သော် ရှီးမျိုးနွယ်သည်လည်း အခြားသူများအပေါ် အမြဲ ထိုသို့ပင် ပြုမူခဲ့သည် မဟုတ်ပါလော။ ယခုတွင် ကြမ္မာက တစ်ပတ်ပြန်လည်လာပြီး သူတို့က အခြားသူ၏ အနိုင်ကြံမှုကို ခံနေရပြီဖြစ်သည်။

ရှီးမျိုးနွယ်က မည်သူကမှ ကျန်းရီကို ပြန်မပြောဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းရီတွင် ဆန်းကြယ်နတ်ဘုရားနန်းတော် ရှိနေ၍ပင်။ သူက ရှီးမျိုးနွယ်တစ်ခုလုံးကို အမှန်ပင် ဖျက်ဆီးပစ်နိုင်ပေသည်။

ထို့ပြင် ရှီးမျိုးနွယ်မှ အကြီးအကဲတစ်ယောက်က အမှန်ပင် ထိုအကွက်ဆင်မှုထဲတွင် ပါဝင်ပတ်သတ်နေကြောင်း ထင်ရှားနေသည်။ သို့ဖြစ်၍ ဆက်လက်ငြင်းခုန်နေလျှင်လည်း အကျိုးရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် မိစ္ဆာဧကရာဇ်က အံကြိတ်၍သာ ပြောလိုက်ရသည်။

“အဲ့ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ လူတွေက ဘယ်သူတွေလဲဆိုတာတောင် ငါမသိဘူး။ အဲ့တော့ ငါက သူတို့ကို ဘယ်လို သွားရှာပေးရမှာလဲ။ ငါ့အကြီးအကဲက အသုံးချခံခဲ့ရတာ။ အခု မိစ္ဆာဧကရာဇ်မြို့ကလည်း ဒီလိုပုံစံ ဖြစ်နေပြီ။ ငါက ဘယ်လို သွားရှာရမှာလဲ...”

ဝှစ်...ဝှစ်...

ကျန်းရီက ချမ်ကွေ့နှင့် ကျန်ရီမင်တို့၏ ပုံတူပန်းချီများကို ဆန်းကြယ်နတ်ဘုရားနန်းတော်အပြင်သို့ ပို့၍ မိစ္ဆာဧကရာဇ်လက်ထဲသို့ ထည့်ပေးလိုက်၏။ ထို့နောက် သူ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို အချိန်သုံးရက်ပေးမယ်။ ခင်ဗျား သူတို့ကို ရှာမတွေ့ဘူးဆိုရင်တောင် သဲလွန်စတွေတော့ ရှာတွေ့ရမယ်။ ခင်ဗျားရဲ့ မျိုးနွယ်က အကြီးအကဲက အသုံးချခံလိုက်ရတာဆိုတော့ ခင်ဗျားက အဲ့အတွက် ရှင်းပြချက်တစ်ခုတော့ ပေးရမှာပဲ။ မဟုတ်ရင်တော့...”

ရွှက်...ရွှက်...

ဆန်းကြယ်နတ်ဘုရားနန်းတော်က ကောင်းကင်ရှောင်တိမ်းခြင်းကို ထပ်မံသုံး၍ မြောက်ဘက်သို့ ဦးတည်သွားလိုက်သည်။ ကျန်းရီက အရူးတစ်ယောက် မဟုတ်ပေ။ ယခုတွင် သူက အခြားလူတစ်ယောက်၏ ဓားအဖြစ် ရှီးမျိုးနွယ်ဝင်များစွာကို သတ်မိခဲ့ပြီဖြစ်သည်။ သူ ထပ်၍ အသုံးချခံတော့မည် မဟုတ်ပေ။

ကျန်းရီသည် ရှီးမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများစွာကို သတ်ခဲ့၏။ ထိုသူများအထဲတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်ကျော်လည်း ပါပေသည်။ ယင်းမှာ ရှီးမျိုးနွယ်အတွက် ကြီးမားသော ဆုံးရှုံးမှုပင်။ သူတို့၏ ဂုဏ်သိက္ခာက အောက်ဆုံးသို့ ကျဆင်းသွားပေပြီ။ ရှီးမျိုးနွယ်အနေဖြင့် ထိုအခြေအနေမှ ပြန်ဦး‌မော့လာနိုင်ရန် ခက်ခဲပေလိမ့်မည်။ နောက်ဆုံးတွင် ကျန်းရီသည် သူနှင့် ရှီးမျိုးနွယ်ကြားမှ ရန်ငြိုးက ပြေသွားပြီဟု ဆိုနိုင်ပြီဖြစ်သည်။

ဆန်းကြယ်နတ်ဘုရားနန်းတော်က အဝေးသို့ ခပ်ဖြည်းဖြည်း ပျံသန်းနေသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ ပတ်ဝန်းကျင်ကို အာရုံခံနေ၏။ ရှီးဟူ သေခဲ့သည်မှာ နေ့ဝက်ကျော်ခဲ့ပြီဖြစ်သည်။ ကြိုးကိုင်သူကလည်း ထိုအချိန်လောက်ကမှ မိစ္ဆာဧကရာဇ်မြို့မှနေ၍ ထွက်သွားခြင်းဖြစ်မည်။ ချမ်ကွေ့နှင့် ကျန်ရီမင်တို့က ကြိုးကိုင်သူအစစ်အမှန်နှင့် ရှိနေလောက်သည်။ ထို့ကြောင့် ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကာ သူတို့ကို ရှာလိုနေခြင်းဖြစ်သည်။

သို့သော် ဆန်းကြယ်နတ်ဘုရားနန်းတော်နှင့် နေ့ဝက်ကြာပျံသန်းရှာဖွေပြီးနောက်တွင်ပင် ကျန်းရီသည် မည်သည့်မသင်္ကာစရာကိုမှ မတွေ့ရသေးပေ။ ချမ်ကွေ့နှင့် ကျန်ရီမင်တို့ကိုလည်း ရှာမတွေ့သလို မည်သည့် သံသယဖြစ်ဖွယ်လူကိုမှလည်း မတွေ့ချေ။

“အရှင်လီနဲ့ အကုန်လုံးကို ကျေးဇူးတင်ပါတယ်”

ကျန်းရီသည် မျက်လုံးဖွင့်၍ လီဖေးယွီကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူ လက်ဆုပ်ကာ ပြောလိုက်သည်။

“အရှင်လီတို့ ပြန်ပေးဆွဲခံရတဲ့ လူနှစ်ယောက်ရဲ့ သတင်းကို ဆက်စုံစမ်းပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် ကျန်းရီ အရှင်လီတို့အပေါ်မှာ ကျေးဇူးကြွေးကြီးတစ်ခု တင်သွားပါပြီ။ နောက်ကျ အရှင်လီတို့ အကူအညီတောင်းစရာရှိရင် ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ပြောပါ”

“ဟားဟားဟား...”

လီဖေးယွီက ကျယ်လောင်စွာ ရယ်လိုက်သည်။

“ညီလေးကျန်း... ညီလေးက ယဉ်ကျေးလွန်းနေပါပြီ။ အရင်တုန်းက ဗုဒ္ဓဧကရာဇ်က အစ်ကို့ကို အများကြီး ကူညီပေးခဲ့ဖူးတယ်။ အခု သခင်မလေးချန်က အကူအညီတောင်းမှတော့ အစ်ကိုက ညီလေးတို့ကို အကောင်းဆုံး ကူညီပေးရမှာပေါ့။ ကျေးဇူးပြန်ဆပ်တာတွေ၊ ဘာတွေ ပြောနေစရာ မလိုပါဘူး။ ဒါပေမဲ့ အခုကစပြီး ညီလေးက အစ်ကို့ကို မိတ်ဆွေတစ်ယောက်လို့တော့ သဘောထားပေးရမယ်။ နောက်ကျ ညီလေး အားရင် ဖေးယွီမြို့ကို လာလည်ပေါ့။ အဲ့တော့မှ အစ်ကိုတို့ နည်းနည်းလောက် သောက်ကျမယ်။ အခုတော့ အစ်ကိုတို့ သွားလိုက်ပါဦးမယ်”

ကျန်းရီက ထပ်မံ၍ ကျေးဇူးတင်စွာ လက်ဆုပ်၍ အရိုအသေပေးလိုက်သည်။ လီ‌ဖေးယွီက ယောက်ျားကောင်းတစ်ယောက်ဖြစ်ကြောင်း သူ ပြောနိုင်သည်။ ရီချန်က အကူအညီတောင်းလိုက်သည်နှင့် လီဖေးယွီက ချက်ချင်းပင် အားတက်သရော ကူညီခဲ့သည်။ သူက အလွန်သစ္စာရှိပေသည်။ ကျန်းရီသည် လီဖေးယွီတို့ကို ရှေးဟောင်းအသုံးအဆောင်များ မပေးလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းက လောကွတ်ချော်သလိုမျိုး ဖြစ်သွားလိမ့်မည်ဟု သူခံစားရ၍ပေ။

ကျန်းရီသည် လီဖေးယွီတို့ကို အပြင်သို့ လိုက်ပို့လိုက်၏။ ပြီးမှ သူ နန်းတော်ထဲသို့ ပြန်ဝင်လာပြီး ထိုင်ခုံတွင် ထိုင်ကာ ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်တွေးတောလိုက်သည်။ ထို့နောက် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တောင်တန်းတစ်ခု၏ အလယ်ရှိ တောင်ကြားတစ်ခုတွင် ရပ်တန့်လိုက်သည်။

“ကျန်းရီ... အခု ကျွန်မတို့ ဘာလုပ်ကြမလဲ”

ယဉ်ရို့ပင်းတစ်ယောက် အကြံကုန်နေပေပြီ။ သို့သော် ရီချန်ကမူ တစ်စုံတစ်ခုကို တွေးမိလိုက်၍ သူမဘာသာ နားမလည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။

“ကျွန်မတို့ ထွက်မလာခင်က အဘိုးဆီကို သတင်းပို့လိုက်ဖို့ ကျွန်မ အကြီးအကဲတွေကို မှာခဲ့တယ်။ ဘာလို့ အဘိုးက ရောက်မလာရတာလဲ”

ကျန်းရီသည် ဗုဒ္ဓဧကရာဇ်အကြောင်းကို မတွေးတောလိုပေ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်က ရင်ဆိုင်နေရသော ကပ်ဘေးအကြောင်းကိုလည်း သူ မတွေးလိုချေ။ သူက ချမ်ကွေ့နှင့် ကျန်ရီမင်တို့ကိုသာ ကယ်တင်လိုနေပေသည်။ ကျန်အရာများအားလုံးကို အကြီးအကဲများ၏ လက်ထဲသို့ လွှဲပေးထား၍ရသည်။ သူက ကယ်တင်ရှင် မဟုတ်သလို လောကကြီးကို ကယ်တင်နိုင်လောက်အောင်လည်း အစွမ်းအစ မရှိသေးပေ။

“စောင့်မယ်”

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်သည်။

“မိစ္ဆာဧကရာဇ်က သဲလွန်စတွေ ရှာတွေ့တဲ့အထိ စောင့်မယ်၊ ကြိုးကိုင်သူ ထပ်လှုပ်ရှားလာမယ့်အချိန်အထိ စောင့်မယ်။ သူက ငါ့ကို အသုံးချပြီး ရှီးမျိုးနွယ်ကို ဖျက်ဆီးပစ်ဖို့ ကြံစည်ခဲ့တာဆိုတော့ တခြားမျိုးနွယ်တွေကို ဖျက်ဆီးပစ်ဖို့လည်း ငါ့ကို အသုံးချချင်မှာပဲ။ ကြိုးကိုင်သူ ထပ်လှုပ်ရှားတာနဲ့ ငါတို့ သဲလွန်စတွေ ပိုရလိမ့်မယ်”

***

All Chapters