သားရဲဧကရာဇ်မြို့
Vol. 83 Ch. 1159
ကျန်းရီတစ်ယောက် မိစ္ဆာဧကရာဇ်မြို့တွင် သောင်းကျန်သွားသည်ဆိုသော သတင်းက အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည်။ သို့သော် အချက်အလက်များက ပြောင်းလဲခံခဲ့ရသည်။ ရှီးမျိုးနွယ်သည် သူတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ကျန်းရီက လက်စားလာချေခြင်းဟု ကောလာဟလတစ်ခု ဖြန့်ခဲ့သည်။ မည်သူကမှ ချမ်ကွေ့နှင့် ကျန်ရီမင်တို့၏ အကြောင်းကို မပြောကြချေ။
အရှေ့ဘက် တော်ဝင်နယ်မြေသည် အစောကတည်းက ရှုပ်ထွေးနေပြီဖြစ်သော်လည်း ယခုတွင် ပိုဆိုးလာသည်။ ကျန်းရီက ရေနစ်သူ ဝါးကူထိုးသကဲ့သို့ တော်ဝင်နယ်မြေတွင် ပြဿနာရှာနေသည်။ အကယ်၍ ဧကရာဇ်ကိုးပါးမျိုးနွယ်စုသာ ပျက်စီးသွားပါက မည်သူက တော်ဝင်နယ်မြေကို ကာကွယ်ပေးမည်နည်း။ ထို့ကြောင့် နယ်မြေရှိ လူတိုင်းသည် ကျန်းရီကို သူတို့၏ အသက်များကို ခြိမ်းခြောက်နေသည့် မိစ္ဆာတစ်ကောင်ဟု ကျိန်ဆဲနေကြလေသည်။
သို့သော် သတင်းအချက်အလက်များကို ပိုရခဲ့သော မျိုးနွယ်ကြီးများမှာမူ မိစ္ဆာဧကရာဇ်မြို့ဖြစ်ရပ်၏ နောက်ကွယ်မှ အကြောင်းကို အနည်းငယ် ပိုသိကြသည်။ ကောင်းကင်ကြယ်တာရာနယ်မြေတွင် လူသန်းရာချီသေဆုံးသွားသော ကိစ္စကို လျှို့ဝှက်ထား၍ မရပေ။ သူတို့သည် အဘယ်ကြောင့် ကျန်းရီက မိစ္ဆာဧကရာဇ်မြို့သို့သွား၍ ပြဿနာရခြင်းကိုလည်း သိကြသည်။ သို့သော် ထိုမျိုးနွယ်ကြီးများသည် နှုတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်ကြသည်။ ကျန်းရီအတွက် ကူပြောပေးလျှင် သူတို့အတွက် မည်သည့် အကျိုးမှ မရှိသည့်အပြင် ရှီးမျိုးနွယ်၊ ကျန်မျိုးနွယ်နှင့် ဝူမျိုးနွယ်တို့က သူတို့အပေါ် ရန်ငြိုးထားနိုင်ပေသည်။ ထို့ပြင် လူများ၏ ကျိန်ဆဲခြင်းက ကျန်းရီအပေါ် အမှန်တကယ် ထိခိုက်နိုင်သည်လည်း မဟုတ်ပေ။
သုံးရက်ကြာပြီးနောက် ရှီးမျိုးနွယ်ဝင်အချို့က ကျန်းရီကို လာရှာကြ၏။ သို့သော် သူတို့သည် သတင်းအနည်းငယ်သာ ရခဲ့သည်။ ချမ်ကွေ့နှင့် ကျန်ရီမင်တို့က အမှန်ပင် မိစ္ဆာဧကရာဇ်မြို့သို့ ခေါ်လာခံခဲ့ရသည်။ ရှီးဟူကလည်း ဝတ်ရုံနက်ဝတ်ဆင်ထားသော လူအချို့နှင့် အဆက်အသွယ် လုပ်ခဲ့သည်။ သို့သော် ရှီးဟူက အာဏာရှိသော အကြီးအကဲတစ်ယောက်ဖြစ်၍ သူ လျှို့ဝှက်၍ လုပ်ခဲ့သော ကိစ္စများကို သာမန်မျိုးနွယ်ဝင်များက မသိခဲ့ပေ။ ထို့ကြောင့် မည်သူကမှ ဝတ်ရုံနက်ဝတ်ဆင်ထားသော လူများအကြောင်းကို မသိကြချေ။
ထို့ပြင် ကျန်းရီက မိစ္ဆာဧကရာဇ်မြို့ကို တိုက်ခိုက်ခဲ့၍ မြို့က ပျက်စီးသွားပြီး သဲလွန်စများ ပျောက်သွားခဲ့သည်။ ရှီးဟူကလည်း ဝတ်ရုံနက်များအကြောင်းကို ဖုံးကွယ်ထားခဲ့ရာ မည်သို့မှ သူတို့ကို ခြေရာခံ၍မရ ဖြစ်နေသည်။ ထို့ကြောင့် ယခုတွင် ချမ်ကွေ့နှင့် ကျန်ရီမင်တို့က မည်သည့်နေရာတွင် ရှိနေကြောင်းကို မည်သူမှ မသိကြပေ။
မိစ္ဆာဧကရာဇ်သည် ရှီးဟူ၏ ဝိညာဉ်ချိပ်စည်း မရှိတော့ကြောင်းလည်း ကျန်းရီထံ အသံပို့လွှတ်ကာ ပြောလိုက်သည်။ ရှီးဟူက အခြားတစ်ယောက်၏ ဝိညာဉ်ကျွန် ဖြစ်သွားခဲ့ခြင်းပင်။ ထို့ကြောင့် သူ လုပ်ခဲ့သော အရာအားလုံးက ရှီးမျိုးနွယ်နှင့် မဆိုင်ပေ။ ထို့ပြင် ရှီးမျိုးနွယ်ဝင်များစွာလည်း သေဆုံးခဲ့သဖြင့် သတင်းအချက်အလက်များကို ဆက်စုံစမ်းရန် ခက်ခဲနေသည်။ အကယ်၍ ထိုအတွက်ကြောင့်နှင့် ကျန်းရီက ရှီးမျိုးနွယ်ကို ပြဿနာရှာမည်ဆိုလျှင်လည်း ရှီးမျိုးနွယ်က မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။
မိစ္ဆာဧကရာဇ်၏ လေသံက အလွန်မခံမရပ်နိုင်သည့်အသံ ပေါက်နေသည်။ သို့သော် ကျန်းရီသည် သတင်းအချက်အလက်များ မစုံလင်သည့်အပေါ် ဒေါသမထွက်ပေ။ ရှီးမျိုးနွယ်၏ စုံစမ်းမှုက စေ့စပ်ကာ အကျိုးအကြောင်းညီသည်။ ထို့ကြောင့် ရှီးမျိုးနွယ်က ခိုကပ်ခဲ့သည်ဟု သူ မဆိုနိုင်ချေ။ ဝတ်ရုံနက်များက အရည်အချင်းရှိလွန်းသည်ဟုသာ သူ ဆိုရပေမည်။
ကျန်းရီ အကြံကုန်နေချိန်တွင် ဝတ်ရုံနက်တစ်ယောက်က ဆန်းကြယ်နတ်ဘုရားနန်းတော်အနီးသို့ ညအချိန်၌ ရောက်လာခဲ့သည်။ ကျန်းရီသည် ပဉ္စမအကြီးအကဲကို ချက်ချင်း စေလွှတ်၍ ထိုလူကို ဖမ်းခိုင်းလိုက်သည်။ သို့သော် ဝတ်ရုံနက်သည် အဖမ်းခံလိုက်ရသည်နှင့် ရုတ်တရက် သွေးနက်များ အန်လိုက်၏။ သူ သူ့ကိုယ်သူ သတ်သေသွားပေပြီ။ ပဉ္စမအကြီးအကဲက ဝတ်ရုံနက်ထံမှနေ၍ ပန်းချီကားသုံးချပ်နှင့် စာတစ်စောင် ပြန်ယူလာခဲ့သည်။
ပန်းချီကားများမှာ ချမ်ကွေ့၊ ကျန်ရီမင်နှင့် ကျန်းယွင်ဟိုင်တို့၏ ပုံတူပန်းချီကားများ ဖြစ်သည်။ ကျန်းယွင်ဟိုင်၏ ပုံတူပန်းချီကာ ကိုယ်လုံးပြည့်ပုံ ဖြစ်သည်။ ထို့ကြောင့် သူ၏လက်တစ်ဘက်က ကျိုးနေကြောင်းကို တွေ့ရသည်။ ပန်းချီကားသုံးချပ်စလုံးက အသေးစိတ်ကျပေသည်။ ထို့ကြောင်း ၎င်းတို့ကို လူအစစ်များကိုကြည့်၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း သိသာပေသည်။
စာထဲတွင်မူ စာနှစ်ကြောင်းသာပါသည်။
‘အဲ့လူသုံးယောက်က သားရဲဧကရာဇ်ရဲတိုက်ဝန်းထဲမှာ ရှိနေတယ်။ မင်း အဲ့ကို လဝက်အတွင်း ရောက်မလာဘူးဆိုရင် သူတို့ သေချာပေါက် သေလိမ့်မယ်’
“ထပ်ပြီးတော့ အဲ့ဒါပဲလား”
ကျန်းရီသည် ဒေါသတကြီးဖြင့် သူ့အရှေ့မှ အစိမ်းရောင် သစ်သားစားပွဲကို ထုရိုက်လိုက်၏။ ထိုအဖိုးတန်စားပွဲက ကျိုးသွားလေသည်။ ယဉ်ရို့ပင်းနှင့် ရီချန်တို့သည်လည်း စာကို ဖတ်ပြီးနောက် ရုတ်ခြည်း မျက်နှာထား ပြောင်းသွားကြသည်။
“ကျန်းရီ... ဒီတစ်ခေါက် ကျွန်မတို့ အလျင်လိုလို့ မဖြစ်ဘူး။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် နယ်မြေတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားလိမ့်မယ်။ ကြိုးကိုင်သူရဲ့ ရည်ရွယ်ချက်က ရှင်းတယ်။ သူက အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံးကို ရှုပ်ထွေးသွားစေချင်တာ... အဲ့ဒါမှာ သူလိုချင်တာကို ရနိုင်မှာ”
“ငါ သိပါတယ်”
ကျန်းရီက စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ ငါ မသွားဘဲနေလို့ ရပါ့မလား”
ရီချန်သည် ကျန်းရီကို စိုက်ကြည့်လိုက်ပြီး သိမ်မွေ့သောလေသံဖြင့် ပြောလိုက်သည်။
“ကျန်းရီ... ရှင် သွားလို့ရပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ဘယ်သူ့ကိုမှ မသတ်ပါနဲ့။ သားရဲဧကရာဇ်မြို့ထဲကို ကျွန်မပဲ အရင်ဆုံး ဝင်သွားမယ်။ ကျွန်မက သားရဲဧကရာဇ်ကို အကူအညီတောင်းပြီး ဓားစာခံတွေကို ကယ်ခိုင်းလို့ရတယ်”
“မဖြစ်ဘူး...”
ကျန်းရီ ခေါင်းခါလိုက်သည်။
“မင်းတစ်ယောက်တည်း ဝင်သွားမယ်ဆိုရင် အရမ်းအန္တရာယ်များတယ်။ တကယ်လို့ ကြိုးကိုင်သူက အဲ့အကြောင်းကို သိသွားပြီး မင်းကိုပါ ဖမ်းသွားရင် ငါ ဘာလုပ်ရတော့မှာလဲ”
“အဲ့လိုဖြစ်မှာ မဟုတ်ပါဘူး”
ရီချန်က သိမ်မွေ့စွာ ပြုံးလိုက်သည်။
“ရီမျိုးနွယ်မှာ ရုပ်ဖျက်ဆေး ရှိပါတယ်။ ပြီးတော့ ကျွန်မက ပဉ္စမအကြီးအကဲကိုလည်း ခေါ်သွားမှာပဲ။ ပြီးတော့ လီမျိုးနွယ်ကနေ နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်လောက် သွားခေါ်ပြီးလည်း ကျွန်မကို ကာကွယ်ပေးခိုင်းလို့ ရပါတယ်။ ကျွန်မ လုံခြုံမှာပါ.. ရှင် စိတ်မပူပါနဲ့။ ကျွန်မ သားရဲဧကရာဇ်မြို့ထဲမှာလည်း သတိထားမှာပါ။ မြို့ထဲရောက်တာနဲ့ ချက်ချင်း သားရဲဧကရာဇ်ကို ဆက်သွယ်ပြီး ကိစ္စအကုန်လုံးကို ရှင်းပြလိုက်ရင် သားရဲဧကရာဇ်က သေချာပေါက် ဓားစာခံတွေကို ကယ်ပေးမှာပါ”
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။
“မင်း သတိတော့ ထားရမယ်နော်။ မင်း သူတို့ကို ကယ်နိုင်၊ မကယ်နိုင်ဆိုတာက ဒုတိယဦးစားပေးပဲ... မင်းရဲ့ လုံခြုံရေးကိုပဲ ရှေ့တန်းတင်ရမယ်”
ရီချန်က ပြုံးရုံသာ ပြုံးပြလိုက်ပြီး မည်သို့မှ ပြန်မပြောတော့ပေ။ ထို့နောက် သူမသည် မျက်နှာဖုံးဝတ်လိုက်ပြီး ရုပ်ဖျက်ဆေးလုံးတစ်လုံးကို သောက်လိုက်သည်။ ရုတ်ခြည်းပင် သူမက ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ ဤတစ်ခေါက်တွင် သူမ ချပ်ဝတ်အပြည့်အစုံလည်း ဝတ်ဆင်လိုက်သည်။ ထို့ကြောင့် သာမန်လူတစ်ယောက်သည် ထိုယောက်ျားက ရီချန်ဖြစ်ကြောင်း ပြောနိုင်မည် မဟုတ်ပေ။ သူမ၏ စိတ်ဝိညာဉ်အရှိန်အဝါကို ရင်းနှီးသူမှသာ သူမကို မှတ်မိနိုင်ပေလိမ့်မည်။
ကျန်းရီသည် ပဉ္စမအကြီးအကဲနှင့် ရီချန်တို့ကို ဆန်းကြယ်နတ်ဘုရားနန်းတော် အပြင်ဘက်သို့ ပို့ပေးလိုက်၏။ ထို့နောက် သူ ကောင်းကင်စိတ်အာရုံကို ထုတ်၍ သူမတို့နှစ်ယောက်ကို အာရုံခံထားလိုက်သည်။ သူမတို့ အနီးဆုံးမြို့ထဲသို့ ဝင်သွားပြီး တည်နေရာပြောင်းရွှေ့သွားတော့မှ သူ စိတ်အေးသွားသည်။
ကျန်းရီသည် လကြေးမုံကန်မှ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းသမားနှစ်ယောက်ကို ခေါ်လိုက်၏။ ထို့နောက် သူသည် ထိုနှစ်ယောက်ကို အစိမ်းရောင်ပုလဲပေး၍ အရိပ်ဧကရာဇ်၏လူများကို သွားရှာရန် ခိုင်းလိုက်သည်။ သူက အရိပ်ဧကရာဇ်၏ လူများကို သားရဲဧကရာဇ်မြို့သို့ ချက်ချင်းသွား၍ ကျန်းယွင်ဟိုင်နှင့်အခြားသူများ ရှိနေသော နေရာကို ရှာစေလိုခြင်းပင်။
ကျန်းရီသည် သူ့အတွက်ကိုမူ မစိုးရိမ်ပေ။ သားရဲဧကရာဇ်မြို့က သူယခုရှိသောနေရာ၏ တောင်ဘက်တွင် တည်ရှိသည်။ သူသာ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးမည်ဆိုလျှင် သားရဲဧကရာဇ်မြို့သို့ ငါးရက်၊ ခြောက်ရက်အတွင်းမှာပင် ရောက်သွားနိုင်သည်။ ထို့ကြောင့် နောက်ရက်အနည်းငယ်နေမှ သူ စတင်ထွက်ခွာပေမည်။ အကယ်၍ သူ ထိုမြို့သို့ ရုတ်ခြည်း အလျင်စလို သွားလိုက်လျှင် မလိုလားအပ်သော အာရုံစိုက်မှုများကို ခံရနိုင်ပေသည်။
ကျန်းရီသည် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းသမားနှစ်ယောက်က မြို့ထဲသို့ ဝင်သွားသောအခါ ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ပတ်ဝန်းကျင်တွင် မည်သည့် ဝတ်ရုံနက်မှ မရှိကြောင်း အတည်ပြုပြီးမှ သူ လကြေးမုံကန်သို့ ပြန်သွားကာ ကျန်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်း၊ စစ်ထူရီရှောင်နှင့် အခြားသူများအား လက်ရှိအခြေအနေကို ပြောပြလိုက်သည်။ သူသည် ပြဿနာကို အားလုံးနှင့်အတူ သုံးသပ်လိုနေခြင်းပင်။
ချမ်ဝမ်ကွမ်းတို့သည် အခြေအနေကို ကြားလိုက်ရသောအခါ ချက်ချင်း မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့ အတော်ကြာ တိတ်ဆိတ်သွားပြီး အတွေးနက်သွားကြသည်။ အတော်ကြာမှ ချမ်ဝမ်ကွမ်းက ရုတ်တရက် ပြောလိုက်သည်။
“ခေါင်းဆောင်... ဒီကိစ္စက ဧကရာဇ်ကိုးပါးမျိုးနွယ်စုနဲ့ မဆိုင်တဲ့ပုံပဲ။ ကြိုးကိုင်သူက ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို တိုက်ခိုက်ချင်နေတယ်ဆိုတာ သိသာတယ်.. အဲ့ဒါမှ နယ်မြေတစ်ခုလုံးက ရှုပ်ထွေးသွားမှာ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အပြန်အလှန် ဆက်စပ်နေတာ။ သူတို့ကတော့ အချင်းချင်း တိုက်ခိုက်ပြီး သူတို့ဂုဏ်သိက္ခာကျရအောင် လုပ်မှာ မဟုတ်ဘူး။ သူတို့မျိုးနွယ်စုထဲက မျိုးနွယ်စုတစ်ခု ဖျက်ဆီးခံလိုက်ရရင် သူတို့ရဲ့အင်အားလည်း ကျဆင်းသွားမှာပဲ။ အဲ့ဒါက သူတို့အတွက် ဘာအကျိုးမှ မရှိဘူး”
စစ်ထူရီရှောင်ကလည်း လက်ခံသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဝမ်ကွမ်းပြောတာ အဓိပ္ပာယ်ရှိတယ်။ အစ်ကိုက ရှန်းစီမျိုးနွယ်စုကဆိုတော့ ဧကရာဇ်ကိုးပါးမျိုးနွယ်စု ပျက်စီးတာကို မြင်ချင်တာပေါ့။ ဒါပေမဲ့ အခုကိစ္စက သူတို့နဲ့ မဆိုင်ဘူးလို့ အစ်ကိုထင်တယ်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စု တည်ရှိနေခဲ့တာ နှစ်ပေါင်းသိန်းနဲ့ချီခဲ့ပြီ။ ဘယ်သူကမှ သူတို့ကို ညီလေးလို မဆန့်ကျင်ရဲခဲ့ဘူး...”
“ညီလေးက ဝူမျိုးနွယ်နဲ့ ရှီးမျိုးနွယ်ကို တိုက်ခိုက်ခဲ့တယ်။ အဲ့တော့ အရှေ့ဘက် တော်ဝင်နယ်မြေက လူတွေရဲ့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုအပေါ်ထားတဲ့ ယုံကြည်မှုနဲ့ လေးစားမှုက ယိမ်းယိုင်လာတယ်။ လက်ရှိမှာ ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ ဩဇာက အောက်ဆုံးကို ရောက်နေလောက်ပြီ။ တစ်လျှောက်လုံး ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို မှီခိုခဲ့တဲ့ မျိုးနွယ်တွေကလည်း ဧကရာဇ်ကိုးပါးမျိုးနွယ်စု ပျက်စီးသွားတာနဲ့ အရှေ့ဘက် တော်ဝင်နယ်မြေက ကြီးကြီးမားမား လှုပ်ခတ်သွားတော့မယ်လို့ တွေးနေကြမှာပဲ...”
စစ်ထူရီရှောင်၏ အမြင်က ဘက်မလိုက်ပေ။ ထို့ပြင် သူက လိုရင်းကို တန်းပြောခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် စစ်ထူရီရှောင် ဆိုလိုခြင်သည်ကို ချက်ချင်း သိလိုက်သည်။ ဤကိစ္စတစ်ခုလုံးတွင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုအတွက် အကျိုးရှိမည့်အရာ တစ်ခုမှ မရှိပေ။ သူက ရှီးမျိုးနွယ်ဝင်များစွာကို သတ်ခဲ့ပြီး သူတို့၏မြို့ကို ဖျက်ဆီးခဲ့သည်။ အခြားလူများသည် ရှီးမျိုးနွယ်က မိမိ၏အိမ်ကိုပင် မကာကွယ်နိုင်သည့်မျိုးနွယ်ဟု မြင်ကြပေလိမ့်မည်။ သို့ဖြစ်ရာ အခြားမျိုးနွယ်များက ရှီးမျိုးနွယ်အပေါ် မည်သို့ မှီခိုနိုင်တော့မည်နည်း။
“ကျန်းရီ... ဒီတစ်ခေါက် မင်း သားရဲဧကရာဇ်မြို့ကို ရောက်တဲ့အခါ ကိုယ့်စိတ်ကိုယ် ထိန်းရမယ်”
ကျန်ဝူရွှမ်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
“ထူမျိုးနွယ်က မင်းကို ရိုင်းရိုင်းစိုင်းစိုင်း ပြောရင်တောင် မင်း လောလို့ မဖြစ်ဘူး။ မဟုတ်ရင် ကြိုးကိုင်သူက သူလိုချင်တာကို ရသွားလိမ့်မယ်။ အဲ့လိုဆို အကျိုးဆက်တွေခံရတော့ မင်း၊ ကောင်းကျိုးရတော့ သူ ဖြစ်သွားလိမ့်မယ်။ ဒီတစ်ခါက် မင်း စိတ်လိုက်မာန်ပါ လုပ်လိုက်ရင် နောက်တစ်ကြိမ်ကျ မြောက်ဘက်ဧကရာဇ်မြို့ ဒါမှမဟုတ် ယဉ်ဧကရာဇ်မြို့အလှည့် ရောက်လာမှာ...”
“အွန်း... ကျွန်တော် မှတ်ထားပါမယ်”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် သူ လကြေးမုံကန်၌ နေ့ဝက်ကြာ နေလိုက်သည်။ မကြာခင်မှာပင် ကောင်းကင်ဧကရာဇ် နှစ်ယောက်က အရိပ်ဧကရာဇ်၏ လူများနှင့် တွေ့ခဲ့ပြီဆိုသော သတင်းနှင့်အတူ ပြန်ရောက်လာကြသည်။ အရိပ်ဧကရာဇ်သည်လည်း နယ်မြေ အရှေ့ဘက်နှင့် တောင်ဘက်ရှိ ထောက်လှမ်းရေးများနှင့် စွမ်းအားကြီး သိုင်းသမားအားလုံးကို သားရဲဧကရာဇ်မြို့သို့ စေလွှတ်လိုက်ပြီဖြစ်သည်။ သူတို့က ကျန်းယွင်ဟိုင်တို့ကို သွားကယ်နေကြပေပြီ။
သုံးရက်ကြာပြီးနောက် ကျန်းရီ စတင်ထွက်ခွာလိုက်သည်။ သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ သားရဲဧကရာဇ်မြို့ဆီသို့ ဦးတည်သွားလိုက်သည်။ အခြေအနေက မည်သို့ပင်ဖြစ်စေ သူ သားရဲဧကရာဇ်မြို့ကိုတော့ သွားရပေမည်။ ကျန်းယွင်ဟိုင်တို့ကို ကယ်နိုင်၊ မကယ်နိုင်မှာမူ ရီချန်နှင့် အရိပ်ဧကရာဇ်၏ လူများအပေါ်တွင် မူတည်ပေသည်။
ငါးရက်ကြာပြီးနောက် ကျန်းရီသည် ထူမျိုးနွယ်၏ ပိုင်နက်အတွင်းသို့ ရောက်ရှိသွား၏။ ပတ်ဝန်းကျင်ဒေသများမှ လူများသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို တွေ့လိုက်သည်နှင့် အလွန်ကြောက်ရွံ့သွားကြသည်။ ကောလာဟလများကလည်း တောမီးကဲ့သို့ ပျံနှံ့သွားသည်။ အချို့ဆိုလျှင် အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဖြစ်ပျက်နေသော ပရမ်းပတာကိစ္စများ၏ နောက်ကွယ်မှ လူက ကျန်းရီဟုပင် ဆိုကြသည်။ ကျန်းရီ၏ ရည်ရွယ်ချက်က အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးကို သိမ်းပိုက်လိုခြင်းဟုလည်း ဆိုနေကြသည်။
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သားရဲဧကရာဇ်မြို့ဆီသို့ ခပ်ဖြည်းဖြည်းပျံသန်းသွားစေလိုက်သည်။ သို့သော် နောက်တစ်ရက်တွင် မမျှော်လင့်ထားသော ဧည့်သည်နှစ်ယောက်က နန်းတော်ကို တားလိုက်ကြသည်။ သူတို့မှာ ထန်မျိုးနွယ်မှ ထန်ရှန့်နှင့် ထန်မင်တို့ဖြစ်ပေသည်။
***