← Chapters

အသက်ဓာတ် စွတ်ပြုတ်နှင့် သီးခြားနတ်ဆေးလုံး

Vol. 70 Ch. 967

အသက်ဓာတ် စွတ်ပြုတ်နှင့် သီးခြားနတ်ဆေးလုံး

Vol. 70 Ch. 967

မိုဝူကျိက ပြန်မဖြေပေ။ သူက ထောင်ချောက်ထဲ ရောက်သွားကြောင်း မှန်းဆမိလိုက်ပြီး ထိုထောင်ချောက်အကြောင်း နားမလည်ခင်အထိ ဘာမှပြော၍ မဖြစ်သေးပေ။

သူ့စိတ်စွမ်းအားဖြင့် လူအိုကြီး၏ သဘောတူ စာချုပ်ကို စစ်ဆေးကြည့်စဉ်အခါက ဤနေရာကို ဆေးခန်း သို့မဟုတ် ဆေးဆိုင်အဖြစ် ဆက်လက်ဖွင့်ရမည် ဖြစ်ပြီး အကြွင်းမဲ့ ကုထုံး ဆေးခန်းဟု ဆက်လက် ချိတ်ဆွဲထားရန်သာ ပါရှိပေသည်။ သူက သဘောတူချက်များကို ချိုးဖောက်နေခြင်း မဟုတ်ချေ။ ဆေးခန်းက ဆေးလုံး မရောင်းနိုင်သလို တခြားစီးပွားရေး မလုပ်နိုင်ကြောင်း မည်သူကများ ပြောခဲ့သနည်း။

သို့သော် မိုဝူကျိ၏ စိတ်စွမ်းအားက သဘောတူစာချုပ်ပေါ် ထပ်မံ ရောက်ရှိသွားသည့်အခါ ကြောင်အမ်းသွားမိ၏။ အပိုစာကြောင်းများ ပေါ်လာလေသည်

“ အကြွင်းမဲ့ ကုထုံး ဆေးခန်းက အောင်းမျိုးနွယ်၏ စီးပွားရေး တစ်ခု ဖြစ်၏။ ဌားရမ်းသူများက အောက်ပါ အခြေအနေ သတ်မှတ်ချက်များကို လိုက်နာသဘောတူရမည်။ ပထမဦးစွာ ဤဆိုင်ကား ဆေးခန်း ဖြစ်ရမည်။ ဒုတိယ လတိုင်း၏ ၁၇ ရက်မြောက်နေ့တိုင်းတွင် ဌားရမ်းသူက အောင်းမျိုးနွယ်စုအား အသက်ဓာတ် စွတ်ပြုတ် တစ်ပန်းကန် ပေးရမည်။ အသက်ဓာတ် စွတ်ပြုတ်ရဲ့ ပါဝင်ပစ္စည်းများက အဆင့် ၅ သွေးကြောမြစ်၊ အဆင့် ၅ မီးတောက်လှိုင်း ဝါး၊ အဆင့် ၅ အဖူးအပွင့် သစ်သီး  ….. ”

ဒုတိယ သတ်မှတ်ချက် စတင် ပေါ်လာသည်။

အသက်ဓာတ်စွတ်ပြုတ်၏ ပါဝင်ပစ္စည်းများကို ကြည့်လိုက်ပြီးနောက် မိုဝူကျိက လေအေးများသာ မှုတ်ထုတ်လိုက်တော့သည်။ နတ်ဘုရားနယ်မြေတွင် ဖြစ်စေ၊ နတ်ဘုရားကုန်းမြေတွင် ဖြစ်စေ အဆင့် ၅  နတ်ဆေးပင်များက အဆင့် အမြင့်ဆုံး ဖြစ်ကြသည်။ မိုးမြေစည်းမျည်းများ၏ ကန့်သတ်ချက်ကြောင့် နတ်ဘုရားနယ်မြေနှင့် နတ်ဘုရားကုန်းမြေ နှစ်ခုလုံး၌ အဆင့် ၆ ဆေးပင်များမှာ မတည်ရှိနိုင်လောက်သည့်အထိ ရှားပါးလှပေသည်။

တကယ်တော့ ဤစွတ်ပြုတ်ကား အဆင့် ၅ အပင်ခြောက်မျိုး၊ အဆင့် ၄ အပင် ၁၂ မျိုးနှင့် အဆင့် ၃ အပင် ၁၈ မျိုးတို့ လိုအပ်နေသည်။ အကယ်၍ သူကိုယ်သူ ရောင်းလျှင်ပင် ထိုမျှ များပြားလှသော ဆေးပင်များအား ရမည် မဟုတ်ပေ။ အကယ်၍ သူ့တွင် အဆင့် ၅ ဆေးပင်များ ရှိနေပါက အဆင့် ၅ နတ်ဆေးလုံးဘုရင် ဖြစ်ရန် လေ့ကျင့်နေသည်မှာ ကြာမြင့်လောက်လေပြီ။

ထိုလူအိုကြီးက သူ့အား  သူ့စိတ်စွမ်းအားဖြင့် အပို သတ်မှတ်ချက်များကို မမြင်နိုင်ကြောင်း အသေအချာသိ၍ အသုံးချကာ  ထောင်ချောက်ဆင်ခဲ့ခြင်းသာ ဖြစ်၏။

ထိုစဉ် မိုဝူကျိက ထိုလူအိုကြီးသည် နတ်ဘုရားဘုရင်မှန်း သေချာသိသွားတော့သည်။

“ ဖြစ်နိုင်တယ်တော့ မထင်ဘူး။ လူအိုကြီးရှင်းက ဆိုင်ကို တကယ်ကြီး ဌားခဲ့တာပေါ့။ မှတ်သားစရာပဲ ” မျက်နှာနီ တာဝန်ခံက မိုဝူကျိ တိတ်ဆိတ်နေသည်ကို မြင်သောအခါ စတင် ရယ်မောတော့သည်။

မိုဝူကျိ စိတ်ထဲ လေးလံမိသွားတော့သည်။ လူအိုကြီးက နတ်ဘုရားဘုရင် ဖြစ်သော်လည်း အောင်းမျိုးနွယ်အား လစဉ် လတိုင်း အသက်ဓာတ်စွတ်ပြုတ် ဆက်သရသည်။ တစ်ဖက်တွင် သူက ခြူတစ်ပြားပင် မရှိသည့် ကနဦး နတ်ဘုရားအဆင့် ငတိလေး တစ်ဦး ဖြစ်နေလေရာ နှုတ်မြိန်မည် မဟုတ်ပေ။

လတိုင်း၏ ၁၇ ရက်မြောက်နေ့ ….

ယနေ့ကား ၁၃ ရက်မြောက် ဖြစ်၍ အောင်းမျိုးနွယ်စု အသက်ဓာတ် စွတ်ပြုတ် လာယူဖို့ လေးရက်တာမျှသာ လိုအပ်တော့သည်။

“ ဒါက ဆေးခန်း မဟုတ်ဘူးလို့ ဘယ်သူက ပြောလို့လဲ။ မျက်လုံးကို သေချာဖွင့်ပြီး ကြည့်လိုက် …. အပြင်ဘက်မှာ အကြွင်းမဲ့ ကုထုံး ဆေးခန်း ဆိုင်းဘုတ်ရှိလား ကြည့်လိုက်ဦး။ ဘာကိစ္စမှ မရှိရင် ထွက်သွားတော့  …. ကျုပ်  လူနာ ကြည့်ရဦးမယ် ” မိုဝူကျိက အေးစက်စွာ ပြောလိုက်သည်။

သူက အောင်းမျိုးနွယ်အပေါ် အနည်းငယ် ထိတ်လန့်မိသွားသည်။ လူအိုကြီးပင် ကြောက်နေခဲ့ရသည် မဟုတ်ပါလော။ သို့သော်လည်း သူက ကောင်းကင်နတ်ဘုရား တာဝန်ခံအား ကြောက်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ချေ။

“ မင်းက သတ္တိကောင်းသားပဲ ….  သူတို့ကို ဆိုင်ဌား ပြောင်းသွားပြီဆိုတာ အသိပေးလိုက်ပါ့မယ်။ သူတို့က ဌားရမ်းခကို တိုးလိမ့်မယ် ထင်တယ် ” ဤကောင်းကင်နတ်ဘုရား အဆင့် တာဝန်ခံက မိုဝူကျိအား အကျပ်ကိုင်လိုသော်လည်း မိုဝူကျိသည် အကြောက်အလန့်မရှိ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအရာက သူ့အား မချင့်မရဲ ဖြစ်စေသည်။

“ ထွက်သွားစမ်း ” မိုဝူကျိက မောင်းထုတ်ဖို့ရာ တုံ့ဆိုင်းမနေချေ။

သူက ဤတာဝန်ခံသည် သူ့အား ပြစ်မှုတချို့ ချမှတ်ပေးရန် မျှော်လင့်မိနေသည်။ ဤနည်းလမ်းဖြင့် သူက မိုးကောင်းကင်ဂိုဏ်းမှ ထုတ်ပယ်ခံရနိင်၏။

ဤတာဝန်ခံက အရူး မဟုတ်ပေ။ သူက အေးစက်စက်သာ ပြောလိုက်၏  “ ကျုပ် ထွက်သွားမယ်။ နောက်ရက်နည်းနည်းကြာရင် သေချာပေါက် ပြန်လာပြီးတော့ကို ပြပွဲကို  ကြည့်ဦးမယ် ”

ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားတော့သည်။ အကယ်၍ တခြားသော ဆိုင်ပိုင်ရှင်များက သူ့အား ထိုကဲ့သို့‌ ပြောဆိုလျှင် ထိုလူအား ဂုတ်မှ ဆွဲထုတ်လာမိလောက်လေပြီ။ သို့သော်လည်း အကြွင်းမဲ့ ကုထုံး ဆေးခန်းကိုတော့ မလုပ်ရဲချေ။ အကယ်၍ သူသာ အပြစ်တင်ခံရလျှင် သူ့၌ အသက်တစ်ရာလောက် ပါလျှင်ပင် ထိုအမှားအတွက် ပေးဆပ်ဖို့ရာ လုံလောက်မည် မဟုတ်ချေ။

“ သခင်ကြီး ” ရွိုက်ကောလည်း  တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။

မိုဝူကျိက လက်ဝှေ့ပြကာ ရွိုက်ကောအား ထပ်မပြောဖို့ တားလိုက်သည်။ ထို့နောက် သူက အမျိုးသမီးနှင့် လူငယ်လေးထံ လှည့်ကာ  “ လူနာကို ခေါ်ခဲ့ပါ။ ကျုပ် တစ်ချက် ကြည့်ရအောင် ”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ ” လူငယ်လေးက အမျိုးသမီးကို တွဲခေါ်လာလေသည်။

မိုဝူကျိက သဘောတူညီချက်နှင့် ပတ်သတ်၍ စိုးရိမ်မိနေဆဲ ဖြစ်သည်။ သူက ပုံမှန်အတိုင်းသာ ပြောလိုက်၏  “ ထိုင်ပါဦး … အရင်ဆုံး သွေးခုန်နှုန်း အရင်စမ်းကြည့်ရအောင် ”

မိုဝူကျိက ဆေးပညာရပ်နှင့် ပတ်သတ်၍ သိပ်မကျွမ်းကျင်ပေ။ သို့သော်လည်း ဆေးပညာရပ်သည် ကျင့်ကြံသူနှင့် သေမျိုးများကြား လုံးဝ မတူညီပေ။ ထို့ကြောင့် မိုဝူကျိ ဆေးပညာ တာအိုအကြောင်း များစွာ မသိထားသော်လည်း သူ့အသက်ဓာတ် လမ်းကြောင်းဖြင့် အံ့ဖွယ်ကိစ္စများ လုပ်ဆောင်နိုင်စွမ်း ရှိသည်။

မိုဝူကျိ၏ စိတ်စွမ်းအားက ထိုအမျိုးသမီး၏ ဝိညာဉ်လမ်းကြောင်းများဆီ ရောက်ရှိသွားသည့်အခါ သူက အံ့ဩတုန်လှုပ်သွားတော့သည်။ ထိုမိန်းမအိုကြီးက လောကနတ်ဘုရား ဖြစ်နေသည်။

ဘယ်အချိန်ကစပြီး အဆင့်မြင့် ကျင့်ကြံသူတွေ ဒီလောက်တောင် များပြားနေရတာလဲ ….

သူ့အား လိမ်ညာခဲ့သည့် လူအိုကြီးက နတ်ဘုရားဘုရင် ဖြစ်ပြီး ယခု သူ လက်ခံလိုက်သည့် လူနာကား လောကနတ်ဘုရား အဆင့် ကျင့်ကြံသူ ဖြစ်နေပြန်သည်လား …

မကြာခင် မိုဝူကျိက နာမကျန်းဖြစ်နေသည့် အကြောင်းအရင်းကို ရှာတွေ့သွားသည်။ မိုဝူကျိက ဆေးပညာ တာအိုကို မသိသော်လည်း ဤမိန်းမအိုကြီး၏ နာမကျန်းဖြစ်မှုမှာ အတော်‌လေး ရိုးရှင်းလှပေသည်။ ဝိညာဉ်လမ်းကြောင်းများ မည်းနက်ကာ ပျက်စီးသွားခြင်း၊ သွေးကြောများ ခမ်းခြောက်သွားခြင်းနှင့် ကမ္ဘာဦး စိတ်ဝိညာဉ် ပြိုလဲခြင်းတို့ ဖြစ်သည်။

“သမားတော်ဆရာကြီး ကျုပ်အစ်မရဲ့ ဖျားနာမှုအကြောင်းကို မေးလို့ ရမလား ” လူငယ်လေးက မိုဝူကျိအား စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။

မိုဝူကျိက လူငယ်လေး၏ စကားကို ကြားဟန်မပေါ်ဘဲ နိဗာန တိတ်ဆိတ်မှု ပင်လယ်အကြောင်းကို တွေးနေမိ၏။

ဒါက နိဗာန တိတ်ဆိတ်မှု ပင်လယ်ရေ တိုက်စားမှုကြောင့် ဖြစ်လာတဲ့ လက္ခဏာတွေ မဟုတ်ဘူးလား …

သူက လူသားတာအိုကို ကျင့်ကြံပြီး ဝိညာဉ်ကြောနှင့် ဝိညာဉ်လမ်းကြောင်းတို့ မပါရှိပေ။ ထို့ကြောင့် သူက နိဗာန တိတ်ဆိတ်မှု ပင်လယ်၏ တိုက်စားမှုကို မခံခဲ့ရပေ။

သူက နိဗာန တိတ်ဆိတ်မှု ပင်လယ်ရေ တိုက်စားမှုကို ကာကွယ်နိုင်သော်လည်း တိုက်စားခံရသည့် လူနာများကို ကုသပေးနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

မိုဝူကျိက ခေါင်းခါတော့မည့်ဆဲဆဲတွင် ထိုမိန်းမအိုကြီး  ထိုလက္ခဏာများ ခံစားနေလျက်နှင့် ကြာကြာအသက်ရှည်မည် မဟုတ်ကြောင်း ရုတ်ချည်း သတိပြုမိသွားသည်။ ဆိုလိုသည်မှာ သူတို့နှစ်ယောက်တွင် နည်းလမ်းတချို့ ရှိနေပေလိမ့်မည်။

“ ဒါနဲ့ မင်း အခု ဘာပြောလိုက်တာလဲ ” မိုဝူကျိက အသိပြန်ကပ်လာသည်။ လူငယ်လေးက ပြန်မဖြေခင် မိုဝူကျိက လူငယ်လေး၏ စကားကို ပြန်မှတ်မိသွားပြီး  “ ဒါက မင်းအစ်မလား ”

“ ဟုတ်ပါတယ်။ သမားတော်ဆရာကြီး … ဒါက ကျုပ်အစ်မပါ။ အစ်မ အခြေအနေ ဘယ်လိုရှိလဲဗျ ” လူငယ်လေးက မိုဝူကျိသည် သူမကို မကယ်တင်နိုင်ကြောင်း ပြောမည်ကို စိုးရိမ်နေမိသည်။

မိုဝူကျိက နိဗာန တိတ်ဆိတ်မှု ပင်လယ်၏ ဂုဏ်သတ္တိကိုသာ တိတ်တဆိတ် ကျိန်ဆဲလိုက်တော့သည်။ ထိုမိန်းမအိုကြီးက လူငယ်လေး၏ အစ်မ ဖြစ်သည်ဟု ဆိုလိုခြင်းမှာ လူငယ်လေးထက် များစွာ အသက်ကြီးနေမည် မဟုတ်ပေ။ သို့သော် နိဗာန တိတ်ဆိတ်မှု ပင်လယ်ရေ တိုက်စားမှုကို ရင်ဆိုင်ပြီးနောက် သူမက ဆိုးရွားစွာ အသက်အရွယ် ကြီးရင့်လာခြင်း ဖြစ်၏။

“ အရင်ဆုံး ကျုပ်မေးခွန်းတွေကို ဖြေပါဦး။ မင်း အစ်မက နိဗာန တိတ်ဆိတ်မှု ပင်လယ်ရေ တိုက်စားခံထားရတာ မလား။ နိဗာန တိတ်ဆိတ်မှု ပင်လယ်ရေ တိုက်စားခံထားရတဲ့သူက သေသွားကြတာပဲလေ။ မင်းအစ်မက ဘယ်လိုလုပ် ဒီအချိန်အထိ အသက်ရှင်နေတာလဲ ” မိုဝူကျိက သံသယဖြင့် မေးလိုက်သည်။

သူက လူငယ်လေးကို မေးနေသော်လည်း ထိုအမျိုးသမီးကို ကြည့်နေဆဲသာ ဖြစ်၏။

လူငယ်လေးက မြန်မြန် ပြောလိုက်သည်  “ကျုပ် အစ်မက စကား မပြောနိုင်တော့ပါဘူး။ သူမ အခုထိ အသက်ရှင်နေတဲ့ အကြောင်းအရင်းက ကျုပ် ရထားတဲ့ ဆေးနည်းကြောင့်ပါ။ ကံမကောင်းတာက ကျုပ်အတွက် ဆေးဖော်စပ်ပေးမဲ့ ဆေးလုံးဆရာ မတွေ့သေးဘူး။ အဲဒါနဲ့ အရိုးရှင်းဆုံးနည်းလမ်းကို အသုံးချပြီးတော့ နိဗာန တာအိုသဲကို ရေနဲ့ ကြိုတိုက်နေတာပါ ”

“ ဆေးနည်းလား ” မိုဝူကျိက အံ့အားသင့်မိသွားသည်။

နိဗာန တိတ်ဆိတ်မှု ပင်လယ်ရေ တိုက်စားမှုကို ဖြေရှင်းနိုင်သည့် ဆေးလုံး ရှိတာလား ….

မိုဝူကျိက ဆေးနည်းကို အမှန်တကယ် မြင်တွေ့လိုမိသည်။ အနည်းဆုံးတော့ နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း၏ ဆေးနည်းများ၌ ဤကဲ့သို့ ဆေးနည်းမျိုး မပါရှိပေ။ သို့သော်လည်း သူက မဖြစ်နိုင်ခြင်း မဟုတ်ကြောင်း သိထား၏။ ဤဆေးနည်းမှာ အဖိုးမဖြတ်နိုင်လောက်ပေ။ လူငယ်လေးက သူ့အား မည်သို့ ပြမည်နည်း။

“ သမားတော်ကြီးကို ဆေးနည်း ပြလို့ ရပါတယ် ” မိုဝူကျိ စဉ်းစားနေစရာ မလိုတော့ဘဲ လူငယ်လေးက ကျောက်စိမ်းပေလွှာ တစ်ခုထုတ်ကာ ပြလိုက်သည်။

မိုဝူကျိက အမျိုးသမီး၏ မျက်ဝန်းမှ စိုးရိမ်ပူပင်မှုကို သတိထားလိုက်မိ၏။ အကယ်၍ သူမသာ စကားပြောနိုင်ပါက သူမ မောင်လေးအား ဆေးနည်း ပြသခိုင်းမည် မဟုတ်ပေ။

သို့သော်လည်း သူမ မောင်ဖြစ်သူက ရွေးချယ်စရာ မရှိတော့သည့်အတွက် ဆေးနည်းကို ထုတ်ပြလိုက်ခြင်း ဖြစ်သည်။

မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ “ ဒီစီနီယာအစ်မကြီး စိတ်ချနေပါ။ တကယ်လို့ ကျုပ် ခင်ဗျားကို ကယ်ဖို့ ဆေးလုံး ဖော်စပ်နိုင်တယ်ဆိုရင် ဆေးနည်းကို မြင်လိုက်ရတဲ့အတွက် အလကား ဖော်စပ်ပေးပါ့မယ် ”

မိန်းမအိုကြီးက မတားဆီးနိုင်တော့မှန်း သိဟန်ဖြင့် ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးသာ မှိတ်ထားလိုက်တော့သည်။

မိုဝူကျိက ဖြန့်ကြည့်လိုက်သည့်အခါ စာလုံးသုံးလုံးကို မြင်လိုက်ရသည်။

  “ သီးခြားနတ်ဆေးလုံး ”

သီးခြားနတ်ဆေးလုံးက အဆင့် ၅ နတ်ဆေးလုံး ဖြစ်၏။ အဓိက ပါဝင်ပစ္စည်း သုံးမျိုးနှင့် သာမည ဆယ်မျိုးကျော် ပါဝင်ပေသည်။ အဓိက ပါဝင်ပစ္စည်းများမှာ ခရမ်း နိဗာန တာအိုသဲ၊ သင်္ကေတငါးသွယ် အသီးနှင့် ရေခဲပျော် ကြာ တို့ ဖြစ်ကြသည်။ အားလုံးက အဆင့် ၅ ဖြစ်၏။

မိုဝူကျိက နတ်ဘုရားဘုရင် ဝတ်ရုံစိမ်း၏ ကျောက်စိမ်းပေလွှာများကို မြန်မြန် ကြည့်ရှုထားသောကြောင့် အဆင့် ၅ ဆေးပင်အကြောင်း တွေ့ထား၏။ သူက အဆင့် ၅ နတ်ဆေးလုံးဘုရင်အဆင့် တက်လှမ်းရန် အဆင့်သင့် မဖြစ်သေးသောကြောင့် အဆင့် ၄ ဆေးပင်များအထိသာ ဖတ်ထားသေး၏။

ယခု သူက သင်္ကေတ ငါးသွယ် အသီးနှင့် ရေခဲပျော် ကြာ မိတ်ဆက်အကြောင်း အလွယ်လေး ပြန်ရှာတွေ့သွားသည်။ သူ့အာရုံဖမ်းစားသွားသည်က နိဗာန တာအိုသဲ ဖြစ်၏။

နိဗာန တာအိုသဲသည် နိဗာန တိတ်ဆိတ်မှု ပင်လယ်အတွင်းရှိ တာအိုဖွဲ့စည်းမှုကြောင့် ဖြစ်တည်လာသည့် သဲ ဖြစ်ပေသည်။  သဲအပေါ်ယံရှိ တာအိုအစက်အပျောက်များကို ဖယ်ရှားပြီးသည့်နောက်တွင် ကျင့်ကြံသူအနေနှင့် အတွင်းရှိ နက်နဲလှသော တာအိုကို အာရုံခံစားမိနိုင်သည်။ ခရမ်း နိဗာန တာအိုသဲသည် ကျင့်ကြံသူများအား နတ်ဘုရားဘုရင်အဆင့် တက်လှမ်းနိုင်စေဖို့ အသိအမြင်များ ပေးနိုင်စွမ်း ရှိသည်။

မိုဝူကျိက ပင်လယ်အောက်ခြေမှ ကောက်ယူလာသော ကျောက်တုံးအခဲကြီးက ဤမျှ အဖိုးတန်လိမ့်မည်ဟု မထင်ထားပေ။ သူက ထိုအသိအမြင်များအပေါ် အာရုံများစွာ မထားသော်လည်း ဤပစ္စည်းက သေချာပေါက် ငွေများစွာ တန်ပေလိမ့်မည်။ အကယ်၍ သူသာ ဤမျှ အဖိုးတန်မှန်း သိပါက များများ ကောက်ခဲ့မိလောက်၏။

လူငယ်လေး၏ ဆေးနည်းကို ဖတ်ရှုလိုက်ပြီးနောက် နိဗာန တာအိုသဲကို သုံး၍ သီးခြားနတ်ဆေးလုံး ဖော်စပ်နိုင်ပေသည်။ သီးခြားနတ်ဆေးလုံးသည် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်ကြောနှင့် ဝိညာဉ်လမ်းကြောင်းများကို ပြန်လည် ပြုပြင်ပေးနိုင်ပြီး ကမ္ဘာဦး စိတ်ဝိညာဉ်ကိုလည်း ပြန်လည် ကုသပေးနိုင်သည်။ ခန္ဓာကိုယ်အတွင်းရှိ သွေးများကို တည်ငြိမ်လာစေ၏။

မိုဝူကျိအတွက် ထိုအရာက တာအိုအသိအမြင်များထက် အဆတစ်သောင်းမက ပို၍ ကောင်းပေသည်။ အကယ်၍ သူသာ နတ်ဘုရားဘုရင်အဆင့်သို့ တက်လှမ်းလိုပါက တခြားသူများဆီမှ အသိအမြင်များကို မလိုချင်မိပေ။

မိုဝူကျိက တိတ်ဆိတ်နေသည်ကို မြင်၍ လူငယ်လေးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်  “ သမားတော်ကြီး ဒီဆေးနည်းရဲ့ အနောက်ဖက်မှာ နည်းလမ်း ပါသေးတယ်။ အဲဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ အသက်ဓာတ်ကို ထိန်းထားပေးပြီးတော့ ဝိညာဉ်လမ်းကြောင်း ပျက်စီးလာတာကို ကာကွယ်ပေးတယ်။ အစ်မက ခရမ်း နိဗာန တာအိုသဲကို ရှာတွေ့ခဲ့တာ …. ကျုပ်က အဆင့် ၅ ဆေးလုံးဘုရင်ကို ရှာမတွေ့တော့ ရေနဲ့ပဲ ဖျော်တိုက်နိုင်တယ် ”

ဤတစ်ကြိမ်၌ မိုဝူကျိက ဆေးနည်း အနောက်ဖက်ကို ဖတ်ကြည့်ပြီးသား ဖြစ်၏။ ခရမ်း နိဗာန တာအိုသဲနဲ့ ဆေးပင်အမျိုးမျိုးကို ရောနှော၍ ဖျော်တိုက်သည့် အသုံးပြုပုံကို မိတ်ဆက်ရေးသားထား၏။ ဤနည်းလမ်းက တစ်ဖက်လူ၏ ဝိညာဉ်လမ်းကြောင်း တိုက်စားမှုနှင့် သွေးကြောများ ခမ်းခြောက်လာမှုကို နှေးကွေးသွားစေသည်။

မိုဝူကျိက အခြေအနေတချို့ကို နားလည်သွားသည်။ ဤမိန်းမအိုကြီးက ခရမ်း နိဗာနတာအိုသဲကို အသုံးပြု၍ နတ်ဘုရားဘုရင်အဆင့်သို့ တက်လှမ်းလိုခြင်း ဖြစ်ရမည်။ သို့သော်လည်း အဆုံးသတ်တွင် သူမ ကံတရား က မဆိုးလှသည့်အတွက် ခရမ်း နိဗာနတာအိုသဲကို ရှာတွေ့ခဲ့၏။ ကံမကောင်းသည်က ပင်လယ်ရေ၏ တိုက်စားမှုကို ခံလာရခြင်း ဖြစ်သည်။

ရလဒ်အနေနှင့် သူမ မောင်ဖြစ်သူက ခရမ်း နိဗာန တာအိုသဲကို ဖျော်တိုက်နေရသည်။ ဤနည်းလမ်းက သူမအသက်အား ကယ်တင်ဖို့ရာ မလုံလောက်သေးပေ။ ထိုကြိုးစားမှုအတွင်း သူမက ဆုံးရှုံးသွားသည်လား၊ အကျိုးမြတ်ရသည်လားကို ပြောဖို့ ခက်လှသည်။

မိုဝူကျိက ထိုအကြောင်းကို တွေးမိသွားသောအခါ လူငယ်လေးဆီ ဆေးနည်း ပြန်ပေးလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏  “ မင်းအစ်မကို ကုဖို့ အရမ်းခက်လိမ့်မယ်။ သူမက သီးခြားနတ်ဆေးလုံးကို လိုအပ်နေတာပဲ။ ငါက အခုလက်ရှိ အနေအထားနဲ့ သီးခြားနတ်ဆေးလုံးကို မဖော်စပ်နိုင်သေးဘူး။ ဒါပေမဲ့ ငါ့ဆီမှာ အကြံတစ်ခု ရှိတယ်။ တကယ်လို့ အလုပ်ဖြစ်ရင် မင်းအစ်မကို ကယ်ဖို့ မျှော်လင့်ချက် ရှိတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက ကျရှုံးနိင်ချေလည်း အရမ်းများတယ် ”

လူငယ်လေးက မြေပေါ် ဒူးထောက်ကာ  “ သမားတော်ကြီး ကျုပ်ဆီမှာ တခြားရွေးချယ်စရာလည်း မရှိတော့ပါဘူး။ ကျုပ်အစ်မကို ကယ်တင်နိုင်သရွေ့ ဘာမဆို လုပ်ပေးပါ့မယ်။ ကျုပ် သေရမယ်ဆိုရင်တောင် ဖြစ်အောင် လုပ်ပေးပါ့မယ် ”

မိုဝူကျိက လူငယ်လေးကို ထူပေးလိုက်ပြီး သက်ပြင်းချကာ  “ ဒီနည်းလမ်းက မင်းရဲ့ ဘေးကင်းမှုနဲ့တင် ဆိုင်နေတာ မဟုတ်ဘူး။ ငါ့ဘေးကင်းမှုနဲ့လည်း သက်ဆိုင်တယ်။ တကယ်လို့ မင်းမှာ ဘယ်မှ သွားစရာ မရှိတော့ဘူးဆိုရင် ဒီမှာ နေလို့ ရတယ်။ ငါ သုံးရက်လောက် အခန်းပိတ် လေ့ကျင့်ဖို့ လိုအပ်နေသေးတယ် ”

***

All Chapters