သူကျွန်မကိုဘာလို့ကယ်တာလဲ
Vol. 5 Ch. 83
ပေထင်းဟွမ်နှင့် နန်စီတို့ပူးပေါင်းတိုက်ခိုက်သည့်အတွင်းတွင် နှစ်ယောက်လုံးသည် အားအကောင်းဆုံး နည်းလမ်းများကိုသာအသုံးပြုခဲ့ကြ သည်။ သန္ဓေပြောင်းသွေးဝက်ရိုင်းကျားသည် သေခြင်းထက်ပင် အခြေအနေ ပိုဆိုးခဲ့သည်။ မှော်ပြဒါလုံးကို ပေထင်းဟွမ်ထုတ်လိုက်ပြီးနောက်တွင် တောထဲမှ သွေးဝက်ရိုင်းကျားများသည် အတိုက်အခိုက်ရပ်ကာ ဖရိုဖရဲဖြစ်သွား လေ၏။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ အားလုံးသည် အသက်ပြင်း ပြင်းရှူလိုက်ကြသည်။ သွေးစက်ကျသံကိုသာ ကြားရလေတော့သည်။ အားလုံး သည် ပေထင်းဟွမ်၏လက်ဖဝါးကိုကြည့်လိုက်ကြသည်။
“ရှောင်ကျို့”
ရှန်းယန်ဖိုနှင့်တခြားနှစ်ယောက်သည် သူမကို ဝန်းရံလိုက်ကြသည်။ ပေထင်းဟွမ်၏ လက်ဖဝါးမှာ သွေးဝက်ရိုင်းကျားဘုရင်၏ ချွန်ထက်လှသော ဦးချိုကြောင့် အပေါက်ဖြစ်သွားလေ၏။ လှပသောလက်ဖဝါးပေါ်မှ အသားများ သည် စုတ်ပြဲနေရာ ကြည့်ရသူအဖို့ ရင်နာစရာပင်။ ရှန်းယန်ဖိုသည် ပေထင်း ဟွမ်၏လက်ကိုဆုပ်ကိုင်ကာ ပြောလေသည် “ရှောင်ကျို့ ငါ မင်းကို ဆေးစည်း ပေးမယ်”
သူ ပြောပြီးသည်နှင့် ဝတ်ရုံထောင့်မှ သန့်ရှင်းသောအပိုင်းကို ဆွဲဖြဲလိုက် သည်။ ရန့်ရှောင်ကျယ်သည် ကျောက်စိမ်းပုလင်းငယ်တစ်လုံးထုတ်ကာ ထိုထဲမှ ဆေးကိုလောင်းချလိုက်၏။ ထိုဆေးသည် ရွှေဒဏ်ရာဆေးမှုန့်ဖြစ်သည်။ ထိုပုလင်းငယ်ကို ဈေးကွက်ထဲတွင် ပတ္တမြား ၁၀ တုံးနှင့်ရောင်းချကြသည်။
အနံ့ခပ်ဖျော့ဖျော့ထွက်လာသည်။ သူ ဆေးမှုန့်ဖြူးပြီးနောက် ဒဏ်ရာမှာ ချက်ချင်းအနာရပ်သွားသည်။ အေးစိမ့်သောခံစားချက်သည် သူမ၏လက်ဆီသို့ ပျံ့သွား၏။ ဤသေးငယ်သောဒဏ်ရာသည် သူမအတွက် မပြောပလောက် သော်လည်း ဂရုစိုက်တတ်သော သူမ၏သူငယ်ချင်းများကြောင့် သက်တောင့် သက်သာခံစားသွားရစေသည်။ အမြဲတမ်းအသည်းမာလေ့ရှိသောသူမသည် သတိလျှော့လိုက်ကာ ပူနွေးသောနွေဦး၏အရသာကို ခံစားလိုက်မိသည်။
ရှန်းယန်ဖိုသည် သူမ၏လက်ဖဝါးကို အဝတ်ဖြင့် စည်းနှောင်ပေးသည်။ သူသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးရတနာကို ကိုင်တွယ်နေသည့်အလား အထူးတလည်ဂရုတစိုက်လုပ်ပေးသည်။ သူသည် ဂရုစိုက်ပေးသည်။
ပေထင်းဟွမ်သည် သူမ၏လက်ဖဝါးမှ ထုံကျဉ်မှုကိုခံစားရပြီးဖြစ်သည်။ ၎င်းမှာ သူမ၏ဒဏ်ရာကို ကုသနေခြင်းဖြစ်သည်။ သူမသည် ဤကာလရှိ ဆေးများကို မလေးစားဘဲမနေနိုင်ပေ။ လုံးဝကို မှော်ဆန်သည်။ ၂၁ ရာစုမှ ဆေး ကုသခြင်းများထက်ပင် အဆင့်မြင့်သည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ပြင်းထန်သောဒဏ်ရာကို ကုသနေကြောင်း ခံစားမိသည်။
“ငါ အချိန်ရှိရင်တော့ အဂ္ဂိရတ်ပညာကို လေ့လာရမယ်.. အသက်ကယ်တဲ့ နည်းလမ်းဆိုတာ အမြဲရှိနေတာပဲ” ပေထင်းဟွမ်သည် စိတ်ပိုင်းဖြတ်ထားသည်။
သူတို့၏မျက်လုံးထဲမှ ရင်နာနေမှုများနှင့် စိုးရိမ်နေသည်များကိုမြင်သော အခါ ပေထင်းဟွမ်ပြုံးပြီး နှစ်သိမ့်ပေးလေသည် “ဒီဒဏ်ရာကဘာမှမဟုတ်ပါ ဘူး.. မှော်သားရဲတောမှာ အသက်မသေရင်ပဲရနေပြီ.. ဒါက ဘာမှမဟုတ်ဘူး”
“လူဆိုးကြီး ငါတို့ဘယ်လောက် စိုးရိမ်နေလဲဆိုတာသိရဲ့သားနဲ့ ဒီလိုစကားကို ပြောနေသေးတယ်” ချင်ရှဲလင်သည် ငိုတော့မည့်ပုံဖြစ်နေသည်။ ပေထင်းဟွမ်အစား သူမသာ ဒဏ်ရာရလိုက်ချင်သည်။
“ဟုတ်တယ် ရှောင်ကျို့.. မင်းကိုယ်မင်း တန်ဖိုးထားပြီး ကာကွယ်ပါ.. ငါ.. ငါ… မင်းဒဏ်ရာရတာမြင်ရင် ငါသေလိမ့်မယ်” ရှန်းယန်ဖို ထိုစကားပြောချိန် တွင် သူ့မျက်နှာမှာ နီရဲနေသည်။ ထိုစကားမှာ မသင့်တော်၍လား စိတ်လှုပ်ရှား နေ၍လားဆိုတာကိုတော့ မသိနိုင်ပေ။
ကံကောင်းစွာပင် ကျန်နှစ်ယောက်မှာ များများစားစားမတွေးကြပေ။ ရန့်ရှောင်ကျယ်သည် မပျော်မရွှင်ဖြင့် ပေထင်းဟွမ်အား ထိုးလေသည် “ကောင်လေး မင်း ငါ့အရင်သေသွားရင်တော့ ငါငရဲသွားရင်တောင် မင်းကို ဆွဲခေါ်သွားမှာ”
ဆရာနန်စီသည် နန်ကုန်းချန်ရှီး၏ ဒဏ်ရာများကို စစ်ဆေးနေသည်။ သူမသည် ကြောက်လန့်သွားရုံသာဖြစ်ကာ ဘာမှမဖြစ်ပေ။ သူမ၏ဝမ်းဗိုက်မှာ ဒဏ်ရာဖြစ်မသွားပေ။ ပေထင်းဟွမ်သည် အလွန်မြန်ဆန်ကာ တိကျသည်။ သူသည် အလွန်တရာ အံ့ဩဖွယ်ကောင်းသောကလေးဖြစ်သည်။
“ဆရာ သူ ဘာလို့ကျွန်မကိုကယ်တာလဲ” နန်ကုန်းချန်ရှီးသည် မြေပေါ် တွင်ထိုင်ပြီး ပေထင်းဟွမ်အား မှိုင်တွေစွာကြည့်လေသည်။ လူငယ်၏ မျက်နှာ တွင် အပြုံးတစ်ခုဖြစ်ပေါ်လာရာ သူ၏အေးစက်သောမျက်နှာကို နူးညံ့သွားစေ သည်။ သူမ၏ဝမ်းဗိုက်ကို ထိလိုက်သောလက်၏ အနွေးဓာတ်မှာ ရှင်းလင်းနေ သည်။ အစောလေးကတင် သူမ သေရွာသို့ရောက်လုနီးပါးဖြစ်ခဲ့သည်။ နူးညံ့ပြီး အားကောင်းသော အင်အားတစ်ခုသည် သူမကို သေရွာမှပြန်ခေါ်ခဲ့သည်။ ထိုနွေးထွေးသောတိုက်ခိုက်မှုကို သူမ၏တစ်ဘဝလုံးတွင် မေ့နိုင်တော့မည် မဟုတ်ပေ။
***