← Chapters

အသက်ဓာတ် စွတ်ပြုတ်အတွက် ရောက်ရှိလာခြင်း

Vol. 70 Ch. 968

အသက်ဓာတ် စွတ်ပြုတ်အတွက် ရောက်ရှိလာခြင်း

Vol. 70 Ch. 968

အကြွင်းမဲ့ ကုထုံး ဆေးခန်းသည် ကြီးမားသည်ဟု ယူဆ၍ မရသော်လည်း မသေးငယ်ပေ။ ပင်မဆိုင်ခန်းအပြင် ပထမအထပ်၌ လူနာကြည့် နှစ်ခန်း ပါရှိသေး၏။ ဒုတိယအထပ်၌ ဧည့်ခန်းနှင့် ကျင့်ကြံရေး အခန်းနှစ်ခန်း ပါရှိပေသည်။

မိုဝူကျိ ကျင့်ကြံရေး အခန်းထဲ ဝင်သွားပြီးနောက် သူက တံခါး၌ အတားအဆီးများ ချကာ ပိတ်ထားလိုက်သည်။ ထို့နောက် သူက သဘောတူစာချုပ်အား ထုတ်ယူလိုက်၏။

လူအိုကြီးက နတ်ဘုရားဘုရင် ဖြစ်သောကြောင့် သူ့အနေနှင့် ကျောက်စိမ်းစာချုပ်အတွင်းရှိ ထောင်ချောက်ကို မမြင်နိုင်တာ ပုံမှန်သာ ဖြစ်ပေသည်။ သူ့အသိစိတ်ပင်လယ်က ပိုအားကောင်းနေလျှင်ပင် နတ်ဘုရားဘုရင်နှင့် မယှဉ်နိုင်သေးပေ။ သို့သော်လည်း သူက တစ်ခုခု သတိမထားမိလျှင်ပင် အမှန်တမ်း မှန်ကန်နေသည်ဟု မဆိုလိုကြောင်း သတိတစ်ခု ပေးသလို ဖြစ်သွားသည်။

အပိုသတ်မှတ်ချက်က ကျောက်စိမ်းပေလွှာအတွင်း ပေါ်လာပြီ ဖြစ်၏။ ထိုအရာမှာ ဖုံးကွယ်ရေး သင်္ကေတတချို့ကြောင့် ဖြစ်ရမည်။ သူက ယခင် မမြင်နိုင်သည့် အကြောင်းအရင်းမှာ သူ့အစီအရင်တာအိုက လူအိုကြီးထက် နိမ့်ကျနေ၍ မဟုတ်ဘဲ သူ့စိတ်စွမ်းအားက အလွန်အားနည်းနေ၍ ဖြစ်ပေသည်။

ယခု သူက လူအိုကြီး၏ နည်းလမ်းကို သိသွားပြီ ဖြစ်၍ ချိုးဖောက်ဖို့ရာ အခွင့်အရေး ရှိလာလေပြီ။

မိုဝူကျိ၏ စိတ်စွမ်းအားက ကျောက်စိမ်းပေလွှာပေါ် ကျရောက်သွားသည်။ ဒုတိယအကြိမ် လေ့လာပြီးနောက် ထိုစာတန်းများက မည်သို့ ပေါ်လာကြောင်း အတိအကျ နားလည်သဘောပေါက်သွားတော့သည်။

ယခင် သူ ကျောက်စိမ်း ပေလွှာ သဘောတူစာချုပ်ကို ရခဲ့စဉ်အခါက ထိုစာတန်းများက မပါရှိသေးပေ။ ပြဿနာကား ထိုကျောက်စိမ်းပေလွှာ၏ ပါဝင်အကြောင်းအရာတွင် မဟုတ်လောက်ဘဲ လူအိုကြီး၏ စိတ်ဝိညာဉ် အမှတ်အသား၌သာ ဖြစ်ရမည်။

ထိုလူအိုကြီး၏ စိတ်ဝိညာဉ် အမှတ်အသားက လုံးဝ ရှင်းလင်းနေလေ၏။ သူက ထိုကျောက်စိမ်းစာချုပ်၌ လူအိုကြီးသည် အလွန် အရေးကြီးကြောင်း တွေးမိခဲ့သေး၏။ ယခုအခါ သူက လူအိုကြီးသည် ထိုစာတန်းအပို ထည့်လို၍ ဖြစ်ကြောင်း အပြည့်အဝ နားလည်သွားတော့သည်။

လူအိုကြီးက အတားအဆီး ချိတ်ပိတ်ခြင်းတို့၌ ဆရာတစ်ဆူ ဖြစ်ကြောင်း သိသာလှသည်။ သူက စိတ်ဝိညာဉ်အမှတ်အသားအတွင်း ကူးပြောင်းရေး အစီအရင် တစ်ခု ချန်ထားခဲ့လေ၏။ လူအိုကြီးက အကြွင်းမဲ့ ကုထုံး ဆေးခန်းမှ ထွက်သွားသည့်အခါ ထိုစာတန်းများကို ကူးပြောင်းရေး အစီအရင်မှ တဆင့် ကျောက်စိမ်းပေလွှာပေါ်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

ထိုစာတန်းများက နောက်မှ ရောက်လာကာ အရင်စာကြောင်း အဆုံးကြားတွင် ကြားကွက်လပ် သေးသေးလေး ဖြစ်နေပြီး ထောင့်နေရာ၌ စိတ်ဝိညာဉ် အမှတ်အသား ရှိနေသောကြောင့် ကန့်လန့် မဖြစ်နေပေ။

မိုဝူကျိက ပြောစရာ ဆွံ့အမိသွားသည်။ အကယ်၍ သူသာ ဤကျောက်စိမ်းပေလွှာအား ထာဝရကမ္ဘာအတွင်း ထည့်ထားခဲ့ပါက လူအိုကြီး၏ ကျင့်ကြံဆင့်သည် နတ်ဘုရားဘုရင်အဆင့် ဖြစ်စေကာမူ လူအိုကြီးသည် ထိုစာတန်းများအား ကူးပြောင်းပို့ဆောင်နိုင်မည် မဟုတ်ပေ။

တစ်ချိန်တည်းဆိုသလို မိုဝူကျိက စိတ်ထဲမှ အေးစက်စွာ ရယ်မောမိလိုက်သည်။

ကျင့်ကြံရေးနှင့် စိတ်စွမ်းအားတို့နဲ့ ပတ်သတ်လာရင် ကျုပ်က ခင်ဗျားကို မမှီပေမဲ့ အတားအဆီးနဲ့ အစီအရင်တာအိုအကြောင်း ပြောချင်ရင်တော့ ကျုပ်က ခင်ဗျားကို ကြောက်နေမှာ မဟုတ်ဘူး ….

လူအိုကြီး၏ နည်းလမ်းအရ သူသည် အနည်းဆုံး အဆင့် ၄ နတ်ဘုရား အစီအရင်ဆရာ တစ်ယောက် ဖြစ်ရမည်။ သူ့ ချိတ်ပိတ်မှု အရည်အချင်းမှာလည်း  သိပ်မကွာလောက်ပေ။

တစ်ဖက်တွင် မိုဝူကျိက အဆင့် ၄ နတ်ဘုရား အစီအရင် တစ်ယောက် ဖြစ်ခဲ့သည်မှာ ကြာမြင့်လှလေပြီ။ ထို့အပြင် သူက အတားအဆီးနှင့် အမှတ်အသားများကို လေ့လာထားသေး၏။ ပြောရလျှင် သူ့ကိုယ်ပေါ် ကပ်တွယ်လာသည့် စိတ်ဝိညာဉ် အမှတ်အသားများက ဘုရားသခင်ပင် ရေတွက်နိုင်မည် မဟုတ်ချေ။

ကံကောင်းစွာဖြင့် သူက စောစီးစွာ သိလိုက်ရ၏။ အကယ်၍ သူသာ နောက်ထပ် ရပ်အနည်းငယ်လောက် စောင့်ဆိုင်းမိပါက စိတ်ဝိညာဉ် အမှတ်အသားသည် အပိုစာတန်းအကုန် ထိုးပြီးလောက်လေပြီ။ ထိုအခါ သူ့အစီအရင်တာအိုက လူအိုကြီးထက် များစွာကျော်လွန်နေလျှင်ပင် ထိုသတ်မှတ်ချက်အား ဖယ်ရှားဖို့ရာ နောက်ကျလွန်းသွားပြီ ဖြစ်၏။

စိတ်စွမ်းအားဖြင့်  ကျောက်စိမ်းပေလွှာပေါ် တစ်ခုပြီး တစ်ခု ထုတ်ဖော်လိုက်သည်။ ထိုအာကာပြင် သင်္ကေတများကို မိုဝူကျိက အင်မော်တယ်လောက၏ ဓားအကျဉ်းထောင်အတွင်း သင်ယူခဲ့ခြင်း ဖြစ်၏။ ထိုသင်္ကေတများက သူ့အား များစွာ ကူညီပေးခဲ့သည်။

အကယ်၍ တခြားလူ ဖြစ်နေပါက လူအိုကြီး၏ ကူးပြောင်းရေး အချက်အလက်များ ပျက်ပြယ်ဖို့ရာ ကျောက်စိမ်းပေလွှာပေါ် ရေးထွင်းရမည် ဖြစ်၏။ သို့သော် မိုဝူကျိက အာကာပြင် သင်္ကေတများကို ထိန်းချူပ်ထားသောကြောင့် အစီအရင် သင်္ကေတများ ရေးထွင်းဖို့ မလိုတော့ပေ။ သူ့အစီအရင် သင်္ကေတများက ကျောက်စိမ်းပေလွှာပေါ် ကပ်ညှိစေဖို့ရာ လုံလောက်ပေသည်။

နောက်ထပ် သုံးရက်ကာ ကျော်လွန်သွားလေ၏။ မိုဝူကျိက သူ့အစီအရင် သင်္ကေတများကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ လူအိုကြီး၏ စိတ်ဝိညာဉ် အမှတ်အသားမှ ကူးပြောင်းထားသော အချက်အလက်များက အစအနမရှိ ပျောက်ကွယ်သွားပြီ ဖြစ်၏။

မည်သည့် အရိပ်အယောင်မှ မမြင်ရတော့ပေ။

မိုဝူကျိက သက်ပြင်းချလိုက်ပြီး သူ့တင်းကျပ်နေသည့် ရင်ဘတ်ကြီးလည်း ပြေလျော့သွားတော့သည်။ ထိုစဉ် လူအိုကြီး၏ စိတ်ဝိညာဉ် အမှတ်အသားသည်လည်း အသက်မဲ့သွားပြီး နောက်ထပ် တစ်ကြိမ် အပိုစာတန်းများ မပို့လွှတ်နိုင်တော့ချေ။

မိုးကောင်းကင်မြို့သည် မိုးကောင်းကင်ဂိုဏ်း၏ ပိုင်နက်အဖြစ် သတ်မှတ်၍ ရပြီး သူသည်လည်း မိုးကောင်းကင်ဂိုဏ်းမှ ကိုယ်တိုင်ကိုယ်ကျ  ဖိတ်ကြားလာသောသူ ဖြစ်၏။ သူ့၌ ကင်းထောက် ကျောက်စိမ်းပြားပင် ရှိနေသေး၏။ သူက အကြောင်းအရင်း ခိုင်လုံသည့်ဘက်တွင် ဖြစ်နေသရွေ့ အောင်းမျိုးနွယ်စုသည် မည်မျှပင် အင်အားကြီးစေကာမူ သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

မိုဝူကျိအတွက် ပထမခြေလှမ်းမျှသာ ရှိသေး၏။

ကျောက်စိမ်းပေလွှာက အောင်းမျိုးနွယ်၏ အသက်ဓာတ်စွတ်ပြုတ်အကြောင်း မပြောထားကြောင်း ပြလိုက်သည့်အခါ အောင်းမျိုးနွယ်စုသည် ဆိုးဆိုးရွားရွား ဒေါသူပုန်ထသွားနိုင်သည်။ ဤအခါ သူက ချီခွန်းကို အကူအညီတောင်းရန် ဖိတ်ကြားရန် လိုအပ်နေသည့် အကြောင်းအရင်း ဖြစ်၏။

အကယ်၍ သူက အကြောင်းအရင်း ခိုင်လုံသည့်ဘက်တွင် ရှိနေပြီး ချီခွန်းက သူ့အတွက် ဝင်ပြောပေးလျှင် အောင်းမျိုးနွယ်စုသည် လူအိုကြီးနောက်သာ ဆက်လိုက်ကြလိမ့်မည်။

မိုဝူကျိက အောင်းမျိုးနွယ်စုသည် လူအိုကြီးကို ရှာမည် ဖြစ်ကြောင်း ၉၀ ရာခိုင်နှုန်းလောက် သေချာသိနေသည်။ မဟုတ်လျင် လူအိုကြီးသည် သူတို့အား နှစ်များစွာ ကြာသည့်အထိ ကြောက်ရွံ့နေမည် မဟုတ်ချေ။

အောင်းမျိုးနွယ်စုသာ လူအိုကြီးကို ဖမ်းမိသည်နှင့် သူက လေ့ကျင့်ဖို့ရာ အဆင့် ၅ ‌နတ်ဆေးပင်များ ရလာနိုင်သည်။

လူအိုကြီးက အောင်းမျိုးနွယ်စုအား လတိုင်း အသက်ဓာတ်စွတ်ပြုတ် ပေးရသည် ဖြစ်ရာ သူ့၌ အဆင့် ၅ ဆေးပင်များ မည်မျှ ပေါနေမည်နည်း။

အကယ်၍ လူအိုကြီးက သူ့ဆိုင်ကို ပြန်လိုချင်လျှင် သူက အဆင့် ၅ ဆေးပင်များ အလျော်တောင်းလိုက်ရုံသာ ဖြစ်၏။

မိုဝူကျိက မတော်တဆ ဖြစ်ရပ်သာ မရှိလာခဲ့လျှင် သူ့အကြံအစည်သည် ၉၀ ရာခိုင်နှုန်းလောက် အောင်မြင်နိုင်ခြေ ရှိထားသည်။ သူ မိုဝူကျိအပေါ် ရိုက်စားလာလုပ်၍ မရပေ။ အကယ်၍ အမြတ်ထုတ်ဖို့ရာ ကြိုးစားကြည့်ပါက ပြန်လည် ပေးဆပ်ရမည် ဖြစ်၏။

………..…

မိုဝူကျိက ဒုတိယအထပ်မှ ဆင်းလာသည့်အခါ ချီခွန်းကို မြင်လိုက်ရသည်။

“ ဆေးလုံးဆရာမို နောက်ဆုံးတော့ ထွက်လာပြီပေါ့ဗျာ။ ကျုပ် ခင်ဗျားကို လေးရက်လောက် စောင့်နေရတာ ” ချီခွန်းက မိုဝူကျိ ထွက်လာသည်နှင့် မိုဝူကျိအား တက်ကြွစွာ နှုတ်ဆက်လိုက်သည်။

အကယ်၍ ရွိုက်ကောသာ မိုဝူကျိသည် နောက်တဆင့် တက်လှမ်းတော့မည့်ဆဲဆဲ ဖြစ်ပြီး အခန်းပိတ် လေ့ကျင့်ဖို့ လိုအပ်ကြောင်း မပြောထားလျှင် ချီခွန်းက မိုဝူကျိအား နှောင့်ယှက်ပြီးလောက်လေပြီ။

မိုဝူကျိက ချီခွန်းကို မြင်သောအခါ သက်ပြင်းချလိုက်မိ၏။ အကယ်၍ ဤနေရာ၌ ချီခွန်း မရှိပါက သူ့တွင် ကင်းထောက် ကျောက်စိမ်းပြားသာ ရှိသည့်အတွက် သိပ်စိတ်မအေးပေ။ ယခု ချီခွန်းက လူကိုယ်တိုင် ရောက်နေပြီ ဖြစ်၍ ကိစ္စများက ပိုမို လွယ်ကူသွားလောက်၏။

“ ဟားဟား ကျုပ်လည်း ခင်ဗျားကို ရှာမလို့ဗျို့ ” မိုဝူကျိက ရယ်မောကာ ပြောလိုက်သည်။ ချီခွန်း ရောက်ရှိလာပြီ ဖြစ်၍ သူ့စိတ်အခြေအနေမှာ များစွာ တိုးတက်လာလေသည်။

ချီခွန်းက သူ ရောက်လာသည့်အခါ ပြောဖို စကားများကို ပြန်တွေးမိပြီး အနည်းငယ် အားနာကာ ချီတုံချတုံ ဖြစ်မိသွားသည်။

ချီခွန်းက မိုဝူကျိအား မည်သို့ ပြောရမည်ကို တွေးတောနေစဉ် မှုန်မှိုင်းမှိုင်း အသံတစ်သံ ထွက်ပေါ်လာ၏  “ဆိုင်ပိုင်ရှင် ဘယ်မှာလဲ။ ကျုပ် အသက်ဓာတ်စွတ်ပြုတ် လာယူ … အာ တာအိုရောင်းရင်းချီလည်း ရှိနေတာလား ”

ချီခွန်းက ထိုလူကို မြင်လိုက်သည့်အခါ ပုံမှန်အတိုင်းသာ ခေါင်းညိတ်ပြလိုက်ပြီး “ အစောင့်အောင်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ တကယ်ကို တိုက်ဆိုင်တာပဲ … ”

သူ့စကားမဆုံးခင် ချီခွန်းက တစ်ခုခုကို တွေးမိဟန်ဖြင့် မိုဝူကျိအား အံ့ဩတကြီး ကြည့်လိုက်သည်  “ ဆေးလုံးဆရာမို … ဒါက အကြွင်းမဲ့ ကုထုံး ဆေးခန်း မဟုတ်ဘူးမလား ”

မိုဝူကျိက မရေမရာဖြင့် ခေါင်းညိတ်လိုက်ပြီး  “ ဟုတ်ပါတယ်။ ဒီဆိုင်က အကြွင်းမဲ့ ကုထုံး ဆေးခန်းပါ။ ကျုပ်က ဒီဆေးခန်းကို ဌားချင်တော့ ဆေးခန်းအဖြစ် ဆက်ဖွင့်ဖို့ လိုအပ်လို့လေ။ ကြည့်ပါဦး ဒီနောက်က နှစ်ယောက်က ကျုပ်ဆီ လာကုကြတာ …. ”

ချီခွန်း၏ မျက်နှာမှာ အနည်းငယ် ဟန်ပျက်သွား၏။ သူ ချီခွန်းက အောင်းမျိုးနွယ်၏ စည်းမျည်းများကို မည်သို့ မသိဘဲ နေမည်နည်း။ သူက မိုဝူကျိအား သတိမပေးနိုင်လိုက်ခင် မိုဝူကျိက ထောင်ချောက်အတွင်း ကျရောက်သွားပြီ ဖြစ်၏။

“ ဪ … ခင်ဗျားက  တာအိုရောင်းရင်းချီရဲ့ မိတ်ဆွေပေါ့။ အရင်ဆုံး  ကျုပ်ကို အသက်ဓာတ်စွတ်ပြုတ် ပေးပါ ” အစောင့်အောင်း၏ သွင်ပြင်က သူ စကားပြောဟန်နှင့် ဆင်တူပြီး  အနည်းငယ် မှုန်မှိုင်းမှိုင်း နိုင်လှသည်။

မိုဝူကျိက မျက်မှောင်ကျုတ်ကာ  “ ဘာအသက်ဓာတ်စွတ်ပြုတ်လဲ ”

မိုဝူကျိ စကားကို ကြားပြီး အစောင့်အောင်း၏ အမူအယာက အေးစက်သွားကာ  “ မင်းရဲ့ နောက်ခံက ကြီးကျယ်တယ် ထင်ပြီးတော့ မိုးကောင်းကင်မြို့ရဲ့ စည်းမျည်းကို သွေဖယ်မယ်ပေါ့လေ။ မင်းကို ဆယ်ရှိုက်စာ အချိန်ပေးမယ်။ အခုချက်ချင်း အသက်ဓာတ်စွတ်ပြုတ်ကို ပေးလိုက် ”

“ ဆေးလုံးဆရာမို တကယ်လို့ မိုးကောင်းကင်မြို့ရဲ့ စည်းမျည်းကို ဖောက်ဖျက်မိရင် ကျုပ်တောင် ခင်ဗျားကို ကာကွယ်ပေးနိုင်မှာ  မဟုတ်ဘူး ” ချီခွန်းက မိုဝူကျိထံ စိုးရိမ်တကြီး စိတ်ဖြင့် ဆက်သွယ်ကာ သတိပေးလိုက်သည်။

မိုဝူကျိက ချီခွန်းအား ခေါင်းညိတ်ပြကာ အစောင့်အောင်းအား အေးစက်စက် ကြည့်လိုက်ပြီး  “ အစောင့်အောင်း … ခင်ဗျားပြောနေတာကို ကျုပ် တကယ် မသိတာပါ။ ပြီးတော့ ကျုပ်က ဆေးခန်းဖွင့်ထားတယ်ဆိုတာတော့ အမှန်ပါ။ ဒါပေမဲ့ အသက်ဓာတ်စွတ်ပြုတ်ပေးဖို့ တစ်ခါမှ သဘောမတူဖူးသလို အဲဒါနဲ့ ပတ်သတ်ပြီးတော့လည်း သဘောတူရေးထိုးထားတာ မရှိဘူး။ ခင်ဗျားတို့ အောင်းမျိုးနွယ်က အပြင်လူကို အကျပ်ကိုင် ခြိမ်းခြောက်နေတာရော မဖြစ်နိုင်ဘူးလား ”

“ ဆေးလုံးဆရာမို ခင်ဗျား အသက်ဓာတ်စွတ်ပြုတ်ကို ပြင်ဆင်ပေးဖို့ တကယ်ကြီး သဘောမတူခဲ့ဘူးလား။ အဲလို သဘောတူစာချုပ်မျိုးကို သဘောမတူခဲ့ဘူးလား ” ချီခွန်းက မိုဝူကျိ စကားကို ကြားသောအခါ စိုးရိမ်တကြီး မေးလိုက်သည်။

မိုဝူကျိက ပြတ်ပြတ်သားသားဖြင့်  “ ဟင့်အင်”

ချီခွန်းက မိုဝူကျိအား ခေါင်းညိတ်ပြကာ  “ ဆေးလုံးဆရာမို အသက်ဓာတ်စွတ်ပြုတ်ကို ပေးဖို့ လက်မှတ်မရေးထိုးခဲ့ဘူးဆိုရင် မိုးကောင်းကင်မြို့မှာ ဘယ်သူကမှ ခင်ဗျားရဲ့ ဆံချည်မျှင်တောင် ထိရဲမှာ မဟုတ်ဘူး ”

အကယ်၍ လူအိုကြီးသာ မိုဝူကျိတွင် ဤသို့ နောက်ခံကောင်းကောင်း ရှိနေပြီး သူ့ထက် ပိုကောင်းသည့် အစီအရင် တစ်ယောက် ဖြစ်နေမှန်း သိလျှင် မိုဝူကျိအား ရွေးချယ်ခဲ့မည် မဟုတ်ပေ။

အစောင့်အောင်း၏ မျက်နှာအမူအယာမှာလည်း ပျက်ယွင်းသွားတော့သည်။ သူက မိုဝူကျိကို ဆက်လက်၍ ဖိအားမပေးတော့ဘဲ ဓားပျံများစွာ ပို့လွှတ်လိုက်သည်။

အစောင့်အောင်းက သတင်းပို့ ဓားပျံများ ပို့လွှတ်လိုက်သည်ကို မြင်ပြီး ချီခွန်းကလည်း နောက်ကောက် ကျမနေပေ။ သူသည်လည်း သတင်းပို့ဓားပျံများစွာ ပို့လွှတ်လိုက်၏။

ချီခွန်း၏ မိုဝူကျိအပေါ် အမြင်မှာ မဆိုးလှပေ။ မိုဝူကျိက တည့်တိုးဆန်ကာ ဖြောင့်မတ်သူတစ်ဦး ဖြစ်၏။ ထို့အပြင် မိုဝူကျိက ကူညီဖို့ရာ ရောက်လာခြင်း ဖြစ်ပြီး သူက မိုဝူကျိအား နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်အကြောင်း မိတ်ဆက်ပေးထားခြင်းသာ ဖြစ်၏။ ယခု မိုဝူကျိက မိုးကောင်းကင်ဂိုဏ်းအား ကိုယ်စားမပြုနိုင်တော့သောကြောင့် သူက နိဗ္ဗာန် အသိပညာရပ်ကျောင်းတော်ဆီ ဝင်နိုင်မည် မဟုတ်တော့ပေ။ ထိုမျှတင် မကသေးဘဲ မိုဝူကျိက နှင်းစက်စိမ်းဆန် စိုက်ပျိုးသည့် နည်းလမ်းကို ဝေမျှပေးရဦးမည် ဖြစ်၏။ ထိုအရာက ချီခွန်းအနေနှင့် မိုဝူကျိအပေါ်  အားနာသွားစေသည်။

ထိုအကြောင်းအရင်းများကြောင့် ယခုကိစ္စ၌ သူက မိုဝူကျိဘက်မှ အပြည့်အဝ ထောက်ခံပေးနေခြင်း ဖြစ်၏။

မိုဝူကျိက သက်ပြင်းချလိုက်သည်။ ကိစ္စများက စီစဉ်ထားသည့်အတိုင်း ဖြစ်လာလေ၏။ သူက ချီခွန်းဘက် လှည့်ကာ လက်နှစ်ဖက် ယှက်လိုက်ပြီး  “ တာအိုရောင်းရင်း ချီ ကျေးဇူးပါ။ ဒီကိစ္စတော့ ခင်ဗျားအပေါ် အကြွေးတင်သွားပြီ ”

ချီခွန်းနှင့် မိုဝူကျိတို့ စကားပြောနေစဉ် ပုံရိပ်နှစ်ခု ဆင်းသက်လာသည်။

မိုဝူကျိက အစောင့်အောင်းဘေးသို့ လူနှစ်ယောက် ဆင်းသက်လာသည်ကို မြင်သောအခါ မျက်မှောင်ကျုတ်မိသွားသည်။ သူက သူတို့ကျင့်ကြံဆင့်ကို မမြင်နိုင်သော်လည်း တစ်ယောက်မှာ နတ်ဘုရားဘုရင် ဖြစ်ပြီး နောက်တစ်ယောက်မှာ လောကနတ်ဘုရား ဖြစ်ကြောင်း ပြောနိုင်လေ၏။

ဤအောင်းမျိုးနွယ်စုက နတ်ဘုရားဘုရင်ကိုပင် စေလွှတ်နိုင်သည့်အတွက် အမှန်တကယ်ကို ကြောက်ဖို့ ကောင်းလှသည်။ နတ်ဘုရားနယ်မြေ၏ ဝမ်ချွမ်းတာအိုကျောင်းတော်ပင် နှိုင်းယှဉ်၍ မရပေ။

ချီခွန်းက မြန်မြန် ရှေ့တိုးကာ လက်နှစ်ဖက် ယှက်လိုက်ပြီး “ နတ်ဘုရားဘုရင် ကွမ်းမိကို  ဂါဝရပြုပါတယ် ”

ချီခွန်းက လောကနတ်ဘုရား ဖြစ်ပေသည်။ သူက နတ်ဘုရားဘုရင်ကို ဂါရဝပြုလိုက်သော်လည်း တစ်ဖက် လောကနတ်ဘုရားကိုတော့ ယဉ်ကျေးနေစရာ မလိုအပ်ပေ။

ချီခွန်း နှုတ်ဆက်လိုက်သည့် နတ်ဘုရားဘုရင် ကွမ်းမိက ဝါးတုတ်နှင့် တူပေသည်။ သူက ချီခွန်းအား ခေါင်းညိတ်ပြလိုက်ပြီးနောက် မိုဝူကျိဘက် လှည့်ကာ  “ ဆိုတော့ မင်းက စည်းကမ်းတွေကို ဖောက်ပြီးတော့ အသက်ဓာတ်စွတ်ပြုတ် မပေးချင်တာပေါ့ ”

မိုဝူကျိ စိတ်ထဲ ဒေါသဖြင့် လောင်မြိုက်လာသည်။ ထိုခွေးသားက သူ့ကိုယ်သူ စကြဝဠာကြီး၏ ဗဟိုချက်အလား မှတ်ကာ ပြောဆိုနေသည်။

ထိုခွေးသားက ဒီကိစ္စရဲ့ အကြောင်းအရင်းကိုပင် မေးဖို့ရာ စိတ်ထဲ ရှိဟန် မပေါ်ပေ။ ထို့အပြင် ချီခွန်း ရှိနေသည့်အခါပင် ထိုကဲ့သို့ ဖြစ်နေသေးသည်။ အကယ်၍ ချီခွန်းသာ မရှိနေလျှင် ထိုလူက သူ့အား လက်ဝါးတစ်ချက် ရိုက်ထုတ်ပြီးလောက်လေပြီ။

“ ဟားဟား … တာအိုရောင်းရင်း ကွမ်းမိရဲ့ စကားတွေက အတော်လေးကို အာဏာရှင်ဆန်တာပဲ။ တကယ်လို့ ကျုပ်သာ ဖြစ်နေရင် ကျုပ် နှလုံးသားလေးတော့ လန့်လွန်းလို့ ခုန်ထွက်လာလောက်ပြီ ” နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့က မိုဝူကျိ၏ ဆိုင်အပြင်ဘက်သို့ ရောက်ရှိလာသည်။

ထိုအမျိုးသားကို ကြည့်ကာ မိုဝူကျိက စိတ်ထဲမှ ရေရွတ်မိလိုက်သည်။

နောက်ထပ် နတ်ဘုရားဘုရင် တစ်ယောက် ….

တစ်ဖက်တွင် အမျိုးသမီးကိုတော့ သူ မှတ်မိပေသည်။ သူမသည် သူနှင့်အတူ နတ်ဘုရားမြေနိမ့်မှ လာသည့် ယွီလောသာ ဖြစ်၏။

***

All Chapters