← Chapters

သေမျိုးတဖန် အပိုင်း (၆)

Vol. 47 Ch. 647

သေမျိုးတဖန် အပိုင်း (၆)

Vol. 47 Ch. 647

ဝမ်ဝေ့၏ ၂၈ ဘဝမြောက်တွင်

သူက တူညီသည့် ဇာတ်သိမ်းခန်းအတွင်း မျက်လုံးကို ဖွင့်လာပြီးဖက်တီးကျွင်းကလည်း သူ့ကို စိုးရိမ်တကြီး ကြည့်နေလေသည်။ သို့သော်လည်း ကွဲပြားချက်က သူ့တွင် ပြုံးပျော်နေသည့် အပြုံးမျိုး ရှိနေ၏။ ယခင်ဘဝက သူသည် နှစ် ၂၀ နှောင်းပိုင်းအတွင်း သူ့ရောဂါ၏ ကုထုံးကို ဖန်တီးနိုင်ခဲ့သည်။ ထို့ကြောင့် ဝမ်ဝေ့က ဤဘဝတွင် သက်တောင့်သက်သာနေဖို့ ဆုံးဖြတ်ထားပြီး လူငယ်ဘဝ၏ နောင်တရစရာများကို ပြန်လည်ဖြည့်တင်းမည် ဖြစ်သည်။

“ ဖက်တီး ငါ အဆင်ပြေတယ်” ဝမ်ဝေ့က ပြောလိုက်၏။

“ ကောင်းတယ်”

“ ဒါနဲ့လေ ငါ့ဆီမှာ အကြံတစ်ခု ရှိလာတယ်။ မင်းရော ကျောင်းရဲ့ ပန်းပွင့်လေး ယန်းလီလင်းကို တွဲဖို့ပြောလိုက်ပါလား။ ငါလည်း ဝူဟုန်ကို ဖွင့်ပြောတော့မယ်”

ဖက်တီးကျွင်းက သူ့ကို အရူးတစ်ယောက်အလား ကြည့်လိုက်၏။ သူက လက်ကိုမြှောက်ကာ သူ့အစ်ကိုကြီးနဖူးကို စမ်းလိုက်ပြီး “ အဆင်ပြေရဲ့လား”

“ အဆင်ပြေမှပြေပဲ”

“ အဲဒါဆို ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာတုန်း”

“ ငါတို့က တစ်ခါပဲ ငယ်တာလေ။ ဘာလို့ မစွန့်စားရမှာလဲ။ ပြောရရင် ဘာများအဆိုးဆုံး ဖြစ်နိုင်မှာမလို့လဲ။ ငြင်းဆန်မှုလား။ လူအများကြားမှာ ငါတို့ကို အရှက်ခွဲတာက အဆိုးဆုံးဖြစ်လာနိုင်ချေ ရှိတာပဲ။ ဒါပေမဲ့ အဲ့လိုဆိုရင် သူတို့ရဲ့ အကျင့်စရိုက် ဆိုးရွားတာကို ဖော်ပြနေတာဆိုတော့ ငါတို့က အဲလိုလူမျိုးတွေနဲ့ ဆက်သွယ်ဖို့ လိုဦးမှာမလို့လား”

ဖက်တီးကျွင်းက ထိုစကားများသည် အဓိပ္ပာယ်ရှိကြောင်း ထင်မိ၏။ တစ်ချိန်တည်းဆိုသလို တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားမိကာ သူက ပြန်လည်ချေပဖို့ စကားကို မရှာနိုင်ပေ။

“ ငါရော သူမကို ဖွင့်ပြောလို့ အဆင်ပြေပါ့မလား”

“ ဘာလို့ မပြေရမှာလဲ”

ဖက်တီးကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီးနောက် “ ငါ ဝိတ်လျှော့ပြီးမှ ဆိုရင်ရော။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်ကျရင် အခွင့်အရေးက ပိုများမယ်ထင်တယ်”

သူက ကျောင်း၏ ပန်းပွင့်လေးနောက်လိုက်နေကြသည့် ရုပ်ချောချော ချမ်းချမ်းသာသာ အမျိုးသားများစွာကို သိထားလေသည်။ သူ့မိသားစုက ပိုက်ဆံရှိသော်လည်း ရုပ်ပိုင်းဆိုင်ရာအရ လိုအပ်ချက် ရှိနေလေသည်။

“ တကယ်လို့ သူမက မင်းရဲ့ သွင်ပြင်ကို ဂရုစိုက်တယ်ဆိုရင် သူမက မင်းနဲ့ မထိုက်တန်ဘူး” ဝမ်ဝေ့က လိမ်ညာလိုက်၏။ အမျိုးသမီးအများစုက လက်တွဲဖော်ရွေးချယ်တဲ့အခါ ရုပ်ရည်ကို ထည့်သွင်းစဉ်းစားကြသည်မှန်း သိထားသည်။ လူတချို့က ခပ်ဝဝပုံစံကို သဘောကျကျပြီး တချို့အမျိုးသားများကမူ ခပ်ကြီးကြီး အမျိုးသမီးကို သဘောကျကြသည်။ သို့သော်လည်း သူက ထိုဖက်တီးလေး၏ ယုံကြည်ချက်ကို မြှင့်တင်ပေးဖို့ လိုအပ်နေ၏။

“ ပြီးတော့ မင်းက ဝိတ်လျှော့ချင်တယ်ဆိုရင် မင်းအတွက်ပဲ ဖြစ်သင့်တယ်။ တခြားသူကို ကျေနပ်စေဖို့ မဟုတ်ဘူး”

“ အဲလိုတော့လည်း ဟုတ်သား” ဖက်တီးကျွင်းက ပြောလိုက်၏။ သူ့အသံက အနည်းငယ် ကျယ်လောင်သွားသည့်အတွက် တခြားကျောင်းသားများ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ နှစ်ဦးသားက အသံတိုးတိုးလေးဖြင့် ဆက်ပြောလိုက်ကြ၏။

နေ့ခင်းဘက်တွင် ကျောင်းတစ်လျှောက် အံ့အားသင့်ဖွယ် သတင်းတစ်ခု ထွက်ပေါ်လာသည်။ ကျောင်းသားနှစ်ယောက်က ကျောင်းပန်းပွင့်လေး ယန်းလီလင်းနှင့် ဝူဟုန်တို့ကို တွဲဖို့ရာ တောင်းဆိုခဲ့ပြီး သူတို့ကလည်း လက်ခံခဲ့ကြသည်။ ကျောင်းသားများအနေဖြင့် ကျောင်း၏ ပန်းပွင့်လေး ၅ယောက်အနက် ၂ယောက်ပါသွားပြီး  ဖက်တီးကျွင်းဆီ တစ်ယောက်ပါသွားကြောင်း သဘောပေါက်သွားပြီးနောက် အရှုံးကို ခံစားခဲ့ကြရသည်။

အိမ်သို့ပြန်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့မိဘများအား အချိန်စက်ကွင်းအကြောင်း ပြောကာ ဖျောင်းဖျခဲ့၏။ ထို့နောက် သူက သူတို့၏ ငွေကြေးဆိုင်ရာအသုံးပြုကာ စမ်းသပ်ခန်းကို ဖန်တီးပြီး ပဝေသဏီကုန်းမြေမှ ပစ္စည်းတချို့ကို ရယူခဲ့သည်။ နောက်ဆုံးတွင် သူက မျိုးရိုးဗီဇရောဂါအတွက် ကုသနည်းကို ဖန်တီးနိုင်ခဲ့၏။

“ နောက်ဆုံးတော့ လွတ်လပ်သွားပြီ” ဝမ်ဝေ့က ရေရွတ်လိုက်၏။ သေခြင်းတရား၏ ဝန်ထုပ်ဝန်ပိုးမရှိဘဲ သူက ဘဝကို ပိုမိုပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ ဆုံးဖြတ်ထားသည်။ သူက အထက်တန်းကျောင်း၏ ပျော်စရာကောင်းသော နှစ်များ သို့မဟုတ် တက္ကသိုလ်၏ လွတ်လပ်ခွင့်ကို တွေ့ကြုံခံစားကြည့်ချင်သည်။

ယခင် သူက ထိုအတွေ့အကြုံများဖြင့် လွဲချော်ခဲ့ရ၏။

ဝူဟုန်နှင့် သူ့အချစ်ရေးကလည်း ပွင့်လန်းနေခဲ့သည်။ သူ့ညီအစ်ကိုကလည်း ဒုတိယနှစ်ရောက်သည့်အခါ ဖက်တီး မဟုတ်တော့ဘဲ အထက်တန်းကျောင်းနှင့် တက္ကသိုလ်တွင် လူအများ အားကျရသည့် စုံတွဲ ဖြစ်နေလေပြီ။

သူ့ဘဝ၏ တစ်ခုတည်းသော ဆိုးကျိုးမှာ သူ့ဖျားနာမှုကြောင့် မျိုးရိုးဗီဇစစ်သည်တော် လမ်းစဉ်အတွက် ပါရမီ ဆိုးရွားနေခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ အတွေ့အကြုံ၊ ဗဟုသုတ၊ အရင်းအမြစ်နှင့် အချိန်များစွာ ရှိသည့်အတွက် စိတ်ထဲမထားပေ။ သူက ထိုလမ်းစဉ်အပေါ် တစ်စုံတစ်ခု အောင်မြင်ရယူနိုင်၏။ သူက သူ့ဇနီးနှင့် သူငယ်ချင်းများက တတိယအဆင့် ရောက်သည့်အခါ သူက ပထမအဆင့် စစ်သည်တော် ဖြစ်လာခဲ့သည်။

သို့သော်လည်း ဝမ်ဝေ့က ထိုအရာကို ဂရုမစိုက်ပေ။ သူက သိပ္ပံကမ္ဘာကို ပြောင်းလဲစေခဲ့သည့် စာတမ်းတချို့ကို ရေးသားခဲ့သည့်အတွက် အောင်မြင်သည်ဟုပင် ယူဆလို့ရသည်။

ယနေ့တွင် သူက ၃၅ နှစ်မြောက် မွေးနေ့ကို ဆင်နွှဲနေပြီး သူ့အတွက် ထူးကဲသည့် နှစ်တစ်ခုလည်း ဖြစ်၏။ ကြီးကျယ်သည့် အခမ်းအနားတစ်ခု ဖြစ်သော်လည်း လူတချို့ကသာ နာမည်ကျော် သိပ္ပံပညာရှင် ဒေါက်တာဝမ်ဝေ့က ဤသို့သော ကြီးကျယ်ခမ်းနားသည့် အခမ်းအနားမျိုး ကျင်းပသည့် အကြောင်းအရင်းကို သိကြသည်။

ဝမ်ဝေ့က လသာဆောင်ကနေ အားလုံးကို ကြည့်လိုက်သည်။ သူက မိန့်ခွန်းပြောဖို့ရာ ဖန်ခွက်ကို မြှောက်လိုက်၏။

ဘန်း

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ သူ့ရှေ့မှ စားပွဲခုံကို ကြည့်လိုက်မိသည်။

“ အဆင်ပြေရဲ့လား” ဖက်တီးကျွင်းက မေးလိုက်၏။

သူ့အား ကြည့်လိုက်ပြီးနောက် သူ့မျက်ဝန်းအထက် ခံစားချက်များစွာ ဖြတ်ပြေးသွားသည်။

“ လန့်အောင် လုပ်နေတာပဲ။ တစ်ခုခုများ ဖြစ်လို့လား”

“ ဘာမှမဖြစ်ပါဘူး။ အိပ်မက်ဆိုးတစ်ခုပါပဲ” ဝမ်ဝေ့အား သူ့အား ထိုင်ဖို့ရာ လက်ဟန်ပြလိုက်သည်။

ဒါက သေနတ်သံပဲ …

သူက အခြေအနေကို စဉ်းစားကြည့်သည့်အခါ သူ့ဦးခေါင်းထဲ ထိုးဖောက်သွားသည့် ခံစားချက်ကို အမှတ်ရနေဆဲဖြစ်သည်။ သူက ထိုအတွေ့အကြုံကို ပြန်လည်စဉ်းစားပြီးသည့်နောက်တွင် သူက အကြောက်တရားနှင့် ထိတ်ထိတ်ပြာပြာဖြစ်မှုကို ခံစားမိလိုက်သော်လည်း သူ့စိတ်ကို အလျင်အမြန် တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

ငါ့ရဲ့ အချိန်စက်ဝန်း ထပ်ခါထပ်ခါ ဖြစ်နေတာက ရောဂါကြောင့် မဟုတ်ဘဲနဲ့ ၃၅နှစ်အရွယ်မှာ သေဆုံးမှုကြောင့်ပဲ။ အဲဒါက ကံကြမ္မာဆက်နွယ်မှုဆိုတာလား…

သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားကာ အခြေအနေကို သုံးသပ်ကြည့်လိုက်၏။ ထို့နောက် သူက လက်ဖြင့် စားပွဲခုံကို ရိုက်ချလိုက်သည်။

“ ဘယ်ကောင်က ငါ့ကို ဒီအထဲ ထည့်ထားတာတုန်း။ ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ နတ်ဘုရားဖြစ်ဖြစ် မိစ္ဆာဖြစ်ဖြစ်၊ ကောင်းကင်ဘုံဖြစ်ဖြစ် ငါ ထွက်လာတာနဲ့ မင်းတို့တစ်ဘဝလုံးထဲမှာ တည်ရှိမှုကို နောင်တရအောင် လုပ်ပေးမယ်”

သူက ကြိုးဆွဲခံရသည်ထက် မုန်းတီးသည့်အရာ မရှိပေ။

ထို့နောက် ဝမ်ဝေ့က ရုတ်ချည်းဆိုသလို စာသင်ခန်းအတွင်း ရောက်ရှိနေသည်ကို သတိထားမိသွားကာ မျက်နှာပူမိသွားသည်။ နောက်ထပ်နာရီပိုင်းအကြာက ပိုမိုရှက်ဖို့ ကောင်း၏။ အကြောင်းမှာ သူက ကျောင်းအုပ်နှင့် သွားရောက်တွေ့ဆုံရပြီး သူ့အမေက ရုံးခန်းမှာ လာရောက်ထုတ်ယူရသည်။

သို့သော်လည်း ထိုညတွင် တည်ငြိမ်အောင် စိတ်ထိန်းပြီးသည့်နောက် ဝမ်ဝေ့က ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ခုကို သင်ယူခဲ့၏။ သူက အချိန်စက်ကွင်း၏ တည်ရှိမှုကို အဖွဲ့ထံ ပြောပြခဲ့သော်လည်း အကျိုးဆက် မရှိပေ။ မည်သူကမှ သူ့အား မယုံကြည်နိုင်ခြင်းကြောင့် ဖြစ်နိုင်သော်လည်း သူက ထိုစည်းမျဉ်း၏ အကန့်အသတ်ကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

နောက်တစ်ရက်တွင် သူက ဖက်တီးကျွင်း၊ ဝူဟုန်နှင့် ယန်းလီလင်းတို့အား ဖျောင်းဖျဖို့ ကြိုးစားခဲ့၏။ ထိုလူများက ယုံကြည်ရပြီး စွမ်းဆောင်ရည် ကောင်းမွန်သည့်သူများဖြစ်ကြောင်း သိထားသည်။ သူ့အသက်ကို ကယ်တင်ဖို့ အမည်မသိ ခရီးစဉ်အတွင်း မဟာမိတ်ကောင်း ဖြစ်လာနိုင်သည်။

ဝူဟုန်ကို ဖျောင်းဖျရခြင်းက ထင်ထားသည်ထက် ပိုမိုလွယ်ကူနေ၏။ သူမအား မည်သူမှ မသိသည့် အသေးစိတ်အချက်အလက် တချို့ပြောပြီးသည့်နောက်တွင် သူမက သူ့ကို အလွယ်တကူ ယုံကြည်လာသည်။ ဖက်တီးကျွင်းက နဂိုကတည်းက သစ္စာရှိသူဖြစ်ရာ သူတို့နေထိုင်ရာ ကမ္ဘာက ပုံရိပ်ယောင် တစ်ခုကလွဲ၍ ဘာမှမဟုတ်ဘူးဟု ပြောလျှင်ပင် ယုံကြည်မည်ဖြစ်ကြောင်း ပြောခဲ့၏။

တကယ့်ပြဿနာ ယန်းလီလင်း ဖြစ်သည်။ သို့သော်လည်း အနာဂတ်ဖြစ်ရပ် တချို့ကို တစ်လကျော်ကြာ ခန့်မှန်းပေးပြီးသည့်နောက်တွင် သူမက ယုံကြည်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ ထို့ကြောင့် နောက်တဆင့်က နည်းလမ်းရှာဖို့ ဖြစ်၏။

ထို့နောက် အဖွဲ့က ဝမ်ဝေ့၏ အသက်ကို ကယ်တင်ဖို့ အတူတကွ လုပ်ဆောင်ခဲ့သည်။ ဝူဟုန်က အချိန်စက်ဝန်း၏ အကြောင်းအရင်းကို ရှာဖွေဖို့ တာဝန်ယူထားပြီး လီကျွင်းကမူ ဝမ်ဝေ့ကို ကာကွယ်ဖို့ အားကောင်းသည့် စစ်တပ်ကို ဖန်တီးခဲ့သည်။ ယန်းလီလင်းကမူ ဝမ်ဝေ့အတွက် သူတို့၏ အနာဂတ်ကိုယ်မှလူငယ်ထံ အသိပညာပြောင်းလွှဲပေးနိုင်သည့် နည်းလမ်းကို ရှာဖွေခဲ့၏။ ထိုအခါ သူတို့က အတူတကွ လုပ်ဆောင်သည့်အခါ ပိုမိုအကျိုးသက်ရောက်မှုရှိပြီး လွယ်ကူလာလိမ့်မည်။

ဝမ်ဝေ့အတွက်မူ သူက ဤဘဝတွင် အားကောင်းသည့် မျိုးရိုးဗီဇစစ်သည်တော် ဖြစ်လာဖို့ ပါရမီအပေါ် အလေးထားခဲ့သည်။ တခြားသောတာဝန်များက အလွယ်တကူ ရရှိနိုင်သည့် ရိုးရိုးရှင်းရှင်းအရာများ မဟုတ်ပေ။ သူတို့က အကူအညီ လိုအပ်၏။

သူက ဤဘဝတွင် သေဆုံးခဲ့သည်မှာ သုတေသီ တစ်ယောက်က ပဝေသဏီကုန်းမြေမှ အန္တရာယ်များသည့် အပင်ကို မတော်တဆ ယူဆောင်လာခဲ့မိ၍ ဖြစ်သည်။ ထိုအပင်က သာမန်အပင်နှင့် တူသောကြောင့် သူမက အခန်းအလှဆင်မှုအဖြစ် အသုံးပြုခဲ့သည်။

ကံဆိုးစွာဖြင့် ထိုအရာက အန္တရာယ်များကာ အာရုံမခံနိုင်သည့် အဆိပ်များ ထုတ်လွှတ်လာသည့်အတွက် ပထမအဆင့် မျိုးရိုးဗီဇစစ်သည်တော်အောက်ရှိ လူအားလုံးကို သေစေနိုင်၏။ ထိုသေဆုံးမှုဖြင့် ဝမ်ဝေ့သည် သူသည် ၃၅နှစ်မျှသာ နေနိုင်သည့် အချိန်စက်ကွင်းအတွင်း ကျရောက်နေကြောင်း သေချာသွားခဲ့သည်။ သူက ဂရုမစိုက်မိပါက မဖြစ်နိုင်ဖွယ် နည်းလမ်းမျိုးဖြင့် သေဆုံးနိုင်သည်။

၂၉ ဘဝမြောက်တွင် သူက သူ့မျိုးရိုးဗီဇ၏ ပြဿနာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့ပြီး ဆင့်ကဲပြောင်းလဲမှုအတွက် မယုံနိုင်လောက်ဖွယ် ပါရမီကို ရယူနိုင်ခဲ့သည်။ ကံဆိုးစွာဖြင့် သူသည် စမ်းသပ်ခန်းအတွင်း တစ်စုံတစ်ခု မှားယွင်းသွားကာ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခဲ့၏။

လီကျွင်း၊ ယန်းလီလင်းနှင့် ဝူဟုန်တို့က သူတို့သည် တတိယအဆင့် ဖြစ်နေသော်လည်း သူ့အား အချိန်မှီ မကယ်တင်နိုင်ခဲ့ကြပေ။

၃၀ မြောက်ဘဝတွင် သူက ရောဂါကို ကုသပြီး မျိုးရိုးဗီဇပြဿနာနှင့် ပတ်သက်ပြီး ဖြေရှင်းခဲ့သည်။ အချိန်တိုအတွင်း သူနှင့် သူ့မိသားစုက အရင်းအမြစ်မြောက်များစွာကိုသုံးကာ လေးဆင့်မြောက် မျိုးရိုးဗီဇစစ်သည်တော်များ ဖြစ်လာခဲ့ကြသည်။

ဂြိုလ်အပေါ်တွင် အားအကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သူက သေဆုံးဆဲသာ ဖြစ်၏။

“ ဘယ်လိုလဲ”

သားရဲကပ်ဘေး...

ပဝေသဏီကုန်းမြေမှ သက်ရှိအားလုံး သို့မဟုတ် ထူးဆန်းသည့် မျိုးစိတ်အားလုံးက ကမ္ဘာ၏ ပိုင်နက်ကို ကျူးကျော်လာခဲ့ကြသည်။ ထိုဖြစ်ရပ်က လူသားများထံ ထိုနေရာ၏ ကြောက်လန့်စရာကောင်းမှုကို ထုတ်ဖော်ပြသခဲ့ပြီး ၄ဆင့်မြောက် သက်ရှိမြောက်များစွာ ဝင်ရောက်လာလေရာ ဝမ်ဝေ့သည် သူ့အမေကို ကာကွယ်ပေးရင်း ထိုသတ္တဝါက သူ့အား တစ်ကိုယ်လုံး ဝါးမျိုသွားသည့်အတွက် သေဆုံးခဲ့ရသည်။

***

All Chapters