← Chapters

သေမျိုးတဖန် နောက်ဆုံးအပိုင်း

Vol. 47 Ch. 648

သေမျိုးတဖန် နောက်ဆုံးအပိုင်း

Vol. 47 Ch. 648

ဝမ်ဝေ့က သူ့ကျောင်းထိုင်ခုံမှာ ထိုင်ရင်း အသက်ရှူလိုက် ပြန်ထုတ်လိုက် လုပ်နေသည်။ သူက စားပွဲပေါ် တံတောင်ဆစ် ထောက်ကာ လက်ဖြင့် မှီထားလိုက်၏။

သုံးဆယ်မြောက် ဘဝ…

သူက သေဆုံးမှုကို မည်မျှကြုံတွေ့စေရစေကာမူ တစ်ကြိမ်တိုင်းစီတွင် အတွေ့အကြုံက မသာယာလှပေ။

သူက ဘေးနားမှ ဆူညံသံများကို လျစ်လျူရှုလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။ သူက သူ၏ နှလုံးခုန်သံကို အာရုံစိုက်ထားလိုက်ပြီး ပတ်ဝန်းကျင်၏ ဆူညံသံများမှ ဖြည်းဖြည်းချင်း ကင်းကွာစေလိုက်၏။ သူက သူ့နှလုံးခုန်သံကိုသာ ကြားရတော့သည့်အချိန် တည်ငြိမ်ကာ အေးဆေးလာမိသည်။

ဒါ အလုပ်ဖြစ်မလား ကြည့်ရအောင်…

သူက မျက်လုံးမှိတ်လိုက်ပြီး တရားထိုင်သည့် နည်းစနစ်ကို အသုံးပြုကာ အကြွင်းမဲ့တိတ်ဆိတ်ခြင်း အနေအထားသို့ ဝင်ရောက်လိုက်သည်။ သူက စိတ်၏ အတွင်းပိုင်းသို့ သွားနေစဉ် မျောလွင့်နေသည့် အလင်းရောင်ငါးခုကို မြင်လိုက်ရပြီး သူ့မျက်နှာအထက် ရှားရှားပါးပါး အပြုံးတစ်ခု ထွက်ပေါ်လာသည်။

သူက မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန် သူ့ကို  စိုးရိမ်ကြီးစွာ ကြည့်နေသည့် ဖက်တီးကျွင်းကို မြင်လိုက်ရ၏ “ မင်းအတွက် တစ်ခုခုရှိတယ်”

“ တစ်ခုခုကို ထားဦး။ ဒါနဲ့ အဆင်ပြေရဲ့လား”

“ သိပ်မကြာခင် မင်း နားလည်သွားမှာပါ” ဝမ်ဝေ့က ဖက်တီးကျွင်း၏ နဖူးအထက် လက်နှစ်ချောင်းတင်ကာ မျက်လုံးမှိတ်လိုက်သည် “ အဲဒါက နာလောက်တယ်။ အဆင်သင့်ပြင်ထား”

ထို့နောက် ချက်ချင်းဆိုသလို ဖက်တီးကျွင်းက နာကျင်စွာ အော်ညည်းလိုက်ရပြီး သူ့အကြည့်များက ပြောင်းလဲသွားကာ ယခင်လို ငယ်ရွယ်တတ်ကြွသည့် ပုံစံ မဟုတ်တော့ပေ။ ထိုအစား ဘဝ၏ လောကဓံများကို ဖြတ်သန်းလာရသည့် အကြည့်မျိုး ဖြစ်နေ၏။ လီကျွင်းက ခဏတာ ယိုင်လဲသွားသည့်အတွက် ဝမ်ဝေ့က ကူတွဲလိုက်ရသည်။

“ အဲဒါဆိုတော့ ငါ ကျရှုံးသွားတာပဲ” လီကျွင်းက သူ့အသက်ရွယ်နှင့် မလိုက် ရင့်ကျက်နေသည့် အကြည့်မျိုးဖြင့် ပြောလိုက်သည် “ ဒီဘဝက ဘယ်လိုလဲ”

“ အကြိမ် ၃၀မြောက် ဘဝပဲ။ ဒါပေမဲ့ မင်းကိုယ်မင်း အပြစ်မတင်သင့်ဘူး”

“ ငါက မင်းကိုတောင် မကာကွယ်နိုင်တာ။ ဘယ်သူ့ကို အပြစ်တင်ရမှာတုန်း”

“ ကိစ္စတွေက အဲလိုမျိုး မရိုးရှင်းဘူးဆိုတာကို ငါတို့လည်း သိတာပဲလေ။ ဘာဖြစ်ဖြစ် အကောင်းဘက်ကနေ အာရုံစိုက်ကြတာပေါ့။ လီလင်းရဲ့ နည်းလမ်းက အလုပ်ဖြစ်တယ်”

စတုတ္ထမြောက် မျိုးရိုးဗီဇ စစ်သည်တော်များသည် သူတို့၏ ဦးနှောက်ကို ဆင့်ကဲပြောင်းလဲကာ စကြဝဠာ၏ သံလိုက်စက်ကွင်းတချို့ကို အာရုံခံနိုင်ခဲ့သည်။ ထိုဖြစ်စဉ်ကို သိပ္ပံပညာရှင်များက မြင့်မားသည့် အသိစိတ် ရယူခြင်းဟု ခေါ်ဝေါ်ခဲ့ကြ၏။

“ ဝမ်ဝေ့၏ အဖွဲ့က ၅ဆင့်မြောက်နှင့်အထက် မျိုးရိုးဗီဇစစ်သည်တော်များရှိ မြင့်မားသည့် အသိစိတ်၏ ထပ်မံဆင့်ကဲပြောင်းလဲခြင်းသည် သူတို့၏ အသိစိတ်ကို နောက်ထပ် ခန္ဓာကိုယ်အတွင်း ကူးပြောင်းနိုင်ပြီး ခန္ဓာကိုယ်ကို စွန့်ပစ်ကာ အသိစိတ်သက်သက် သက်ရှိဖြစ်လာနိုင်ကြောင်း၊ ဝိညာဉ်သက်ရှိဖြစ်လာနိုင်ကြောင်း ကောက်ချက်ချခဲ့ကြသည်။

ထို့ကြောင့် သူတို့က သူတို့၏ မြင့်မားသော အသိစိတ် အစိတ်အပိုင်းတစ်ခုသည် ဝမ်ဝေ့ဆီ ရောက်နိုင်မလားဟု စမ်းသပ်ကြည့်ခဲ့ကြပြီး သူ သေဆုံးသွားပြီး ထပ်မံ ပြန်စသည့်အခါ အချိန်စက်ကွင်းအတွင်း ခေါ်ဆောင်သွားသည့် ထိုစွမ်းအားက သူတို့ကိုပါ တစ်ခါတည်းခေါ်ဆောင်သွားလိမ့်မည်။

မြင့်မားသည့် အသိစိတ်ကို ပိုင်းခြားရခြင်းက နည်းပညာမှတဆင့် အချိန်တချို့ယူခဲ့ရသည်။ ဝမ်ဝေ့၏ ၃၅နှစ်မြောက် မွေးနေ့မတိုင်ခင် အဖွဲ့က အစီအစဉ်ကို အောင်မြင်ခဲ့ခြင်း ဖြစ်၏။

“ တခြားသူတွေဆီ သွားရအောင်” ဝမ်ဝေ့က ဝူဟုန်၊ လီလင်းနှင့် သူ့မိဘများနှင့် သွားရောက်တွေ့ဆုံလိုက်သည်။ ယခင်ဘဝ၏ မှတ်ဉာဏ်များကို ရယူပြီးသည့်နောက်တွင် အဖွဲ့က သူတို့က တစ်ယောက်နှင့်တစ်ယောက် မိတ်ဆွေဖွဲ့ကာ ရင်းနှီးဖို့ရာ မလိုတော့သည့်အတွက် အသက်ရှင်နိုင်ချေ ပိုမိုမြင့်မားလာကြောင်း ခံစားမိလိုက်ခဲ့ကြသည်။

“ ငါတို့ရဲ့ အစီအစဉ်တစ်ခုက အလုပ်ဖြစ်တာ တော်သေးတယ်” ယန်းလီလင်းက ပြောလိုက်၏။

“ အဲဒါဆို ငါတို့ရဲ့ နောက်ထပ် အစီအစဉ်ကရော”

“ ၅ဆင့်မြောက် မျိုးရိုးဗီဇ စစ်သည်တော်ပဲ။ ငါတို့အားလုံးသာ အဲ့လောက် အားကောင်းမယ်ဆိုရင် ဒီကမ္ဘာမှာ ငါတို့ကို သတ်နိုင်တဲ့အရာ ရှိမှာ မဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်၏။

“ အဲဒါက ပြောသလောက်တော့ မလွယ်ဘူး” ယုယန်က ပြောလိုက်သည် “ ငါတို့တွေက ၅ဆင့်မြောက်ရဲ့ မြင့်မားတဲ့ အသိစိတ်အကြောင်းကို လေ့လာခဲ့ပေမဲ့ နှစ်၂၀အတွင်းမှာ အဲဒီအဆင့်ကို ဘယ်လိုရောက်ရှိနိုင်မှာလဲ”

သူမ ပြောသည်က အမှန်ဖြစ်၏။ ၄ဆင့်မြောက် မျိုးရိုးဗီဇစစ်သည်တော်ကို ရောက်ရှိခြင်းက အဖွဲ့အတွက် တုန်လှုပ်ဖွယ် တာဝန်တစ်ခု ဖြစ်နေလေပြီ။ ပိုမိုမြင့်မားသည့် ဆင့်ကဲပြောင်းလဲမှုက စွမ်းအားများစွာနှင့် အရင်းအမြစ်၊ အချိန်များစွာ လိုအပ်လိမ့်မည်။

“ အချိန်မြှင့်တင်ရေးအခန်းကို ဖွဲ့စည်းဖို့ အချိန်စက်ကွင်းအကြောင်းကို လေ့လာချင်တာလား” ဝူဟုန်က မေးလိုက်၏။

“ အတိအကျပဲ။” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ ဒီလိုနည်းပညာအဆင့်မျိုးက အလွယ်တကူ မဖန်တီးနိုင်ဘူး”

“ ဒါပေမဲ့ ငါတို့ဆီမှာအချိန်ရှိပါသေးတယ်”

သူတို့ဆီမှာ အချိန်ရှိလေရာ ဘာများကုန်ဆုံးမည်နည်း။

ဝမ်ထျန်းက သူ့သား၏ ပုခုံးကို ပုတ်လိုက်စဉ် ယုယန်ကမူ မငိုဖို့ရာ အကောင်းဆုံး ကြိုးစားနေ၏။ ထို့နောက် အဖွဲ့က ဆက်လက် လှုပ်ရှားလိုက်ကြသည်။ ဝူဟုန်နှင့် ဝမ်ဝေ့က အချိန်စက်ကွင်းအကြောင်း တာဝန်ယူထားပြီး ယန်းလီလင်းနှင့် ယုယန်တို့က ၅ဆင့်မြောက် မျိုးရိုးဗီဇစစ်သည်တော် လမ်းစဉ်ကို အားစိုက်နေကြသည်။ လီကျွင်းနှင့် ဝမ်ထျန်းကမူ ဝမ်ဝေ့၏ သေဆုံးမှုထံ ဖြစ်လာနိုင်သည့် အန္တရာယ်အားလုံးကို တွက်ချက်ပြီး ကာကွယ်ဖို့ရာ တာဝန်ယူထားကြ၏။

ဤဘဝတွင် အသက်ရှင်ဖို့ ကြိုးစားခြင်းကို လက်လျှော့မည်မဟုတ်ပေ။

သူတို့က အချိန်ကုန်ဆုံးပြီး ပုန်းအောင်းနိုင်စေရန် မြေအောက်ဗုံးခိုကျင်းကိုပင် တည်ဆောက်ဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် မြေအောက်ထဲ သွားလာနိုင်သည့် ၄ဆင့်မြောက်သတ္တဝါအုပ်စုက သူတို့အား သတ်ဖြတ်သွားခဲ့သည်။

နောက်ထပ် ကြိုးစားမှုကမူ အာကာသယာဉ် တည်ဆောက်ကာ သူတို့၏ သုတေသီအဖွဲ့နှင့် ဂြိုလ်မှ ထွက်ခွာသွားခြင်း ဖြစ်၏။ ကံဆိုးစွာဖြင့် အဖွဲ့သားတစ်ယောက်က ဂြိုလ်သားမျိုးစိတ်ကြောင့် ကူးစက်ခံလိုက်ရပြီး ယာဉ်ပေါ်တွင် သောင်းကျန်းကာ အားလုံးကို သတ်ပစ်ခဲ့သည်။

အဖွဲ့က ထပ်မံထပ်မံ ကြိုးစားကြပြီး ဤတစ်ကြိမ်တွင် သူတို့ချည်းသာ အာကာသယာဉ်ပေါ်သို့ ရောက်ရှိနေလေပြီ။ သူတို့က မူမမှန်သည့် စကြဝဠာအပြောင်းအလဲဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရပြီး သေဆုံးသွားခဲ့သည်။

အကြိမ် ၅၀မြောက် ဘဝတွင်မူ သူတို့က သုတေသနကို ပြီးမြောက်ခဲ့ကြ၏။ အချိန်မြှင့်တင်ရေးဖြင့် အဖွဲ့က ၅ဆင့်မြောက် မျိုးရိုးဗီဇစစ်သည်တော်များ ဖြစ်လာကြသည်။ သူတို့၏ သေဆုံးမှုက ဂြိုလ်ပေါက်ကွဲမှုကြောင့် ဖြစ်၏။ သဘောတရားအရ ၅ဆင့်မြောက်အဆင့် မျိုးရိုးဗီဇစစ်သည်တော်များသည် ဂြိုလ်ပျက်စီးမှုတွင် အသက်ရှင်နိုင်သင့်ပေသည်။ ကံဆိုးစွာဖြင့် ပေါက်ကွဲမှု၏ တကယ့်အကြောင်းအရင်းက လျှို့ဝှက်သုတေသနလုပ်ငန်းတစ်ခုက မှားယွင်းသွားပြီး ကမ္ဘာ၏ ဗဟိုကို ထိရောက်စေကာ ပေါက်ကွဲမှုကို အရှိန်မြှင့်တင်သွားခဲ့ခြင်း ဖြစ်၏။

အဖွဲ့က ထပ်မံ ကြိုးစားခဲ့ကြပြန်သည်။ သူတို့က ၅ဆင့်မြောက်ကို ရောက်ရှိပြီးနောက် ဂြိုလ်မှ ထွက်လာခဲ့ကြ၏။ သူတို့၏ အင်အားဖြင့် စကြဝဠာအတွင်း ရှင်သန်နိုင်သင့်ပေသည်။ ကံဆိုးစွာဖြင့် သူတို့သည် ၆ဆင့်မြောက် စကြဝဠာသက်ရှိများနှင့် တွေ့ဆုံခဲ့ကြရ၏။

အကြိမ် ၅၉မြောက် ဘဝတွင် သူတို့က အချိန်စက်ကွင်း၏ နယ်နိမိတ်ကို ကျော်လွန်၍ ၆ဆင့်မြောက်ကို ရောက်ရှိနိုင်သည့် နည်းလမ်းကို ဖန်တီးခဲ့ကြသည်။ ဂြိုလ်သားအင်ပါယာက သူတို့ဂြိုလ်ကို ရှာဖွေတွေ့ရှိခဲ့၍ အဆင့်(၆) ဂြိုလ်သားများစွာကို တိုက်ခိုက်ရင်း သေဆုံးခဲ့ကြရသည်။

အကြိမ် ၆၀မြောက်ဘဝမှ အဖွဲ့သည် ဤအခြေအနေကို ဖြေရှင်းဖို့ အချိန်စွမ်းအားကို အသုံးပြုဖို့ရာ အာရုံစိုက်ထားခဲ့သည်။ သူတို့က အချိန်စက်ဝန်းမှ လွတ်မြောက်စေနိုင်သည့် စွမ်းအားကို လေ့လာဖို့ အာရုံစိုက်ထားခဲ့ကြသည်။ ကံဆိုးစွာဖြင့် သူတို့သည် မည်သို့ဖန်တီးထားကြောင်း နားမလည်နိုင်ကြပေ။

ထို့ကြောင့် သူတို့က ကွဲပြားသည့် နည်းဗျူဟာတစ်ခုကို စမ်းသပ်ကြည့်ခဲ့ကြသည်။ သူတို့သည် အတိတ် သို့မဟုတ် အနာဂတ်သို့ ထွက်ပြေးလွတ်မြောက်ခြင်း ဖြစ်၏။ အတိတ်ကို ပြန်လည်သွားလာခြင်းက သူတို့သည် ဝမ်ဝေ့အနေဖြင့် ထိုအချိန်စက်ဝန်းထဲတွင် မည်သို့ ပိတ်မိနေကြောင်း သတင်းအချက်အလက်ကို ရှာဖွေနိုင်လိမ့်မည်။ ထို့အပြင် သူတို့က သူတို့နှစ်ဦးသာ တည်ရှိနေလျှင် မည်သို့ဖြစ်လာမည်ကို သိချင်မိကြ၏။

ကံဆိုးစွာဖြင့် ထိုအကျိုးဆောင်မှုကလည်း အသုံးမဝင်ခဲ့ကြပေ။

သူတို့က သတင်းအချက်အလက်အသစ်ကို ရှာဖွေမတွေ့ရှိခဲ့ရသလို ဝမ်ဝေ့သည် သူ့လူငယ်ပုံစံကို တွေ့ပြီးသည့်နောက်တွင်ပင် ဘာမှအပြောင်းအလဲ ဖြစ်မလာခဲ့ပေ။ သူ့အနာဂတ်ခန္ဓာကိုယ်က ၃၅နှစ်ရောက်သွားသည့်အခါ မတော်တဆ ဖြစ်ပြီး သေဆုံးခဲ့ရသည်။

ထို့နောက် သူတို့က အနာဂတ်ကို သွားရောက်ဖို့ ကြိုးစားလိုက်၏။ ဝမ်ဝေ့ အမြဲတမ်း သေဆုံးသည့်နှစ်က ၂၁၃၆ နှစ် ဖြစ်၏။ ထို့ကြောင့် အဖွဲ့က သူတို့သာ ထိုနှစ်ကို ကျော်လွန်၍ သွားလာခဲ့လျှင် မည်သို့ ဖြစ်လာမည်ကို သိချင်မိသည်။

မည်သည့်အရာမှ ဖြစ်မလာခဲ့ပေ။ ဝမ်ဝေ့၏ မွေးဖွား အသက်က ၃၅ နှစ်ရောက်သည်နှင့် သေဆုံးရသည်။

ထို့နောက် အဖွဲ့က မူမမှန်မှုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ အကယ်၍ သူတို့က အချိန်မြှင့်တင်ရေးကို တွက်ချက်ကြည့်လျှင် ဝမ်ဝေ့က ၃၅နှစ်ထက် ကျော်အောင် နေထိုင်နိုင်လေသည်။ သို့သော် သူက ၂၁၃၆ နှစ်တွင် အမြဲတမ်း သေဆုံးလေ့ရှိ၏။ သို့သော် ယခုတွင် အနာဂတ်သို့ သွားလာပြီးသည့်နောက်တွင်ပင် သူ၏ သေဆုံးသည့် အချိန်ကို မည်သို့တွက်ချက်ကြောင်း နားမလည်နိုင်တော့ပေ။

သူတို့က ထိုသတင်းအချက်အလက်ကို အရေးသာချက်အဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့ကြ၏။ သို့သော်လည်း သိပ်မကြာခင် သူတို့က စည်းမျဉ်းနှင့်လုပ်ထုံးလုပ်နည်းများကို မသိသည့်အတွက် ထိုအတွေးအခေါ်အပေါ် လက်လျှော့လိုက်ကြသည်။

ဝမ်ဝေ့ သေဆုံးမည့် အချိန်အတိအကျကို မသိဘဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်သည့် အပြောင်းအလဲ အရေအတွက်က သိသိသာသာတိုးလာသည်။

အကြိမ်တစ်ရာမြောက် ဘဝတွင်

ဝမ်ဝေ့က ကမ်းခြေတွင် လမ်းလျှောက်နေရင်း အတွေးနက်နေမိ၏။ သူက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး “ မင်းတို့တွေက ဘာလို့ ငါ့နောက်လိုက်လာတာလဲ”

“ မင်း လက်လျှော့မှာကို ငါတို့က စိုးရိမ်နေကြတာ”

“ လက်လျှော့ရမှာလား ဟူး” သူက လှည့်ကာ ထပ်မံလမ်းလျှောက်လိုက်သည်။

ဒါမှမဟုတ် ငါက ဒါကို ရပ်တန့်ဖို့ ဒီလိုလုပ်ဖို့ လိုနေတာများလား…

ငါ့ကံကြမ္မာကို လက်ခံလိုက်ပြီးတော့ လက်လျှော့ဖို့လား…

ဝမ်ဝေ့က သဲသောင်ပြင်ကို ကြည့်ရင်း တွေးလိုက်မိသည်။

ဖွီး

သူက မြေပြင်ပေါ် မကျေမနပ်ဖြင့် ထွေးထုတ်လိုက်၏။ သူက လက်လျှော့ဖို့ ငြင်းဆန်လေသည်။ သူက သူ့ကိုယ်သူ ဤသို့ခံစားရအောင် လုပ်သည့်သူကို ထိုးနှက်ပစ်မည်ဟု ကတိပေးထားခဲ့သည်။ အမုန်းတရားကြောင့် ဖြစ်နေလျှင်ပင် သူက မအောင်မြင်မချင်း ရပ်တန့်မည် မဟုတ်ပေ။

သူက စိတ်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် အခြေအနေကို သုံးသပ်ကြည့်ပြီး ယခင် တွေ့ကြုံခဲ့သမျှအရာအားလုံးကို ပြန်လည်သုံးသပ်လိုက်သည်။

ကြည့်ရတာ ဒါက လှည့်စားတဲ့ ဂိမ်းတစ်ခုလိုပဲ…

သူက ထိုသို့ခံစားရသည်မှာ အနာဂတ်၏ ဖြစ်ရပ်များကြောင့် ဖြစ်၏။ သူက ကစားပွဲ၏ နယ်နိမိတ်အလွန်ကို သွားသလိုမျိုး ဖြစ်ကာ စည်းမျဉ်းများ မသိဘဲ အနိုင်ရရှိဖို့ ပိုမိုခက်ခဲလာသည်။

အဲဒါဆိုတော့ ငါက စည်းမျဉ်းတွေကြားမှာ ဂိမ်းကို အနိုင်ရရှိအောင် ကစားဖို့ လိုတယ်…

ထို့နောက် သူက အခြေအနေတစ်ခုလုံးကို အမည်မသိ ပုဂ္ဂိုလ်တစ်ယောက်နှင့် ယှဉ်ပြိုင်နေရသလိုမျိုး စိတ်ကူးကြည့်လိုက်သည်။

အဲဒါကို ကံကြမ္မာလို့ပဲ ခေါ်လိုက်ရအောင်…

သဲပေါ်တွင် ကံကြမ္မာနှင့် မျက်နှာချင်းဆိုင်တွင် သူ့နာမည်ကို ရေးသားလိုက်ပြီးသည့်နောက် မျဉ်းနှစ်ကြောင်းဆွဲလိုက်သည်။ အဆုံးသတ်တွင် သူက တစ်ဖက်တွင် ၁၆ လို့ရေးပြီး တခြားတစ်ဖက်တွင် ၃၅ ဟု ရေးလိုက်သည်။ ထို့နောက် သူက ၃၅ကို အမှားခြစ်ကာ ၂၁၃၆ ဟု ထပ်မံရေးသားလိုက်သည်။

ငါ့ရဲ့ အကြီးမားဆုံး လုပ်ဆောင်မှုက မြင့်မားတဲ့ အသိစိတ်ကူးပြောင်းမှုပဲ…

ဝမ်ဝေ့က သူ့နာမည်ကို ကံကြမ္မာနှင့် ဆန့်ကျင်ဘက်၌ ရေးသားလိုက်သည်။ ထိုလှုပ်ရှားမှုက သူ့အား အထောက်အပံ့တချို့ဖြစ်လာစေကာ ဤတိုက်ပွဲကို ဆက်လက်တိုက်ဖို့ရာ အကူအညီဖြစ်လာစေသည်။ မဟုတ်ပါက သူသည် ဤသို့ အများကြီး လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ဒီဟာက ဉာဏ်များပြီးတော့ ဉာဏ်ကောင်းတယ်…

သူက ခနဲ့သည့် အပြုံးမျိုးဖြင့် တွေးလိုက်သည်။

ဘာလို့ အဲလိုလုပ်နေတာလဲ။ ဒီစိတ်၊ မှတ်ဉာဏ်၊ အတွေး၊ ဒါတွေက ဂိမ်းစည်းမျဉ်းရဲ့ တစ်စိတ်တစ်ပိုင်းလား…

သူက မျက်မှောင်ကြုတ်ကာ အတွေးနက်နေမိ၏။

ကံကြမ္မာက အကြွင်းမဲ့မဟုတ်ဘူး။ ဖြစ်နိုင်ချေ ရှိခွင့်ပြုထားတယ်။ တကယ်လို့ အကြွင်းမဲ့ မဟုတ်ဘူးဆိုရင် အဲဒါကို လွှမ်းမိုးနိုင်မှာပေါ့။ ဒါပေမဲ့ ဘယ်လိုမျိုးလဲ…

ဝမ်ဝေ့က သူသည် ထိုသို့စွမ်းအားမျိုးကို လွှမ်းမိုးနိုင်သည်ဟု တွေးထင်လောက်အောင် မတုံးအပေ။

စည်းမျဉ်းနဲ့ ကန့်သတ်ချက်တွေထဲကနေ ကစားပြီးတော့ လှည့်စားရမယ်…

ဤဘဝတွင် ဝမ်ဝေ့က သူ့ရောဂါကို ကုသရုံအပြင် ဘာမှထူးထူးခြားခြား အရာမျိုးကို မလုပ်ဆောင်ခဲ့ပေ။ သူ ၃၅နှစ် ရောက်ရှိသည့်အခါ အဖွဲ့က သူ့ကို အဖုံးနှစ်ခုပါသည့် စက်အတွင်း ထားခဲ့ကြ၏။ အချိန်ကျရောက်လာသည့်အခါ စက်က ဘိဘိ မြည်လာကာ သူ့သေဆုံးမှုကို ပြသနေသည်။

ဖွီး

တခြားအဖုံးကို ဖွင့်လိုက်ပြီးသည့်နောက် လူငယ်လေးက ထွက်လာသည်။

“ အောင်မြင်သွားတယ်လား” ဝူဟုန်က မေးလိုက်၏။

“ အဲလိုဖြစ်ပုံပဲ” လူငယ်လေးက သေဆုံးနေသည့် ဝမ်ဝေ့ကို ကြည့်ကာ ပြောလိုက်သည် “ ကံကြမ္မာက ဝမ်ဝေ့ကို နှစ် ၂၁၃၆ နှစ်မှာ သေဆုံးစေချင်တာ။ သူက သေဆုံးခဲ့တယ်။ သူ့ အစီအစဉ်က ရိုးရိုးလေးပဲ။ ကံကြမ္မာကို လက်ခံပြီး သေဆုံးပြီးတော့ သူ့စိတ်၊ မှတ်ဉာဏ်နဲ့ အသိစိတ်ကို တခြားခန္ဓာကိုယ်ထဲ ကူးပြောင်းလိုက်ဖို့ပဲ။”

သူက ယခုအခါ ဇစ်မြစ်အသစ်ဖြင့် လူသစ် ဖြစ်နေလေပြီ။ သူက  အောင်မြင်မှု သေချာဖို့ရာအတွက် သူ့စိတ်ကို ကိုယ်ပွားအတွင်း ပို့ဆောင်မည့် အစီအစဉ်ကို သဘောမတူခဲ့ပေ။

“ အဲဒါဆိုတော့ မင်းက တကယ့်ဝမ်ဝေ့လား” လီကျွင်းက မေးလိုက်၏။

“ ဒီအဖြေက အတော်လေးက ဒဿနိက ဆန်တယ်” သူက ပြန်ဖြေလိုက်၏။ သူက မြင့်မားသည့် အသိစိတ်ကို နောက်ထပ် ခန္ဓာကိုယ်အတွင်း ကူးပြောင်းမပေးခဲ့ပေ။ ထိုအစား သူက မှတ်ဉာဏ်နှင့် အတွေးပုံစံကို စိတ်ရှင်းထုတ်ကာ ပြင်ဆင်ထားသည့် ခန္ဓာကိုယ်အတွင်း ကူးပြောင်းပေးခဲ့ခြင်း ဖြစ်၏။

ရုပ်ပိုင်းဆိုင်ရာအနေဖြင့် သူသည် ကွဲပြားသည်။ သို့သော် အယူအဆ သဘောတရားအရ ဝိညာဉ်ဆိုသည့်အရာမျိုး ရှိနေခဲ့လျှင်မူ သူ့တွင် ကွဲပြားသည့် ဝိညာဉ်မျိုး ရှိနေလိမ့်မည်။ သို့သော် တည်ရှိမှုအဆင့်တွင် သူက တူညီသည့် မှတ်ဉာဏ်၊ သဘောတရား၊ နှစ်သက်မှု၊ မနှစ်သက်မှု၊ အကြောက်တရား၊ လှုံ့ဆော်မှုနှင့် အရာအားလုံးက သူ့အား ဝမ်ဝေ့ ဖြစ်စေသည်။

ထိုအရာကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ရုတ်တရက် ပြုံးလိုက်ပြီးနောက် သူ့ဆံပင်က ခဲဖြူရောင် ပြောင်းလဲသွားကာ မျက်နှာကလည်း ပြောင်းလဲသွားသည်။ ထိုစဉ် သူ့မိသားစုက ပုံရိပ်ယောင်သာ ဖြစ်သည့်အတွက် ပျောက်ကွယ်သွား၏။

“ ဒါက စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံပဲ”

***

All Chapters