← Chapters

အသက်မဲ့နယ်မြေ

Vol. 47 Ch. 652

အသက်မဲ့နယ်မြေ

Vol. 47 Ch. 652

ဝမ်ဝေ့က အသက်မဲ့နယ်မြေ အပြင်ဘက် ကူးပြောင်းတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်၏။ ထို့နောက် သူက နောက်ကျမည်ဖြစ်၍ အဖွဲ့ကို အရင်သွားဖို့ ပြောလိုက်၏။ နာရီဝက်ကြာမြင့်ပြီးသည့်နောက်တွင် သူက ရောက်ရှိလာသည်။

“ တစ်ခုခုဖြစ်လို့လား” လီကျွင်းက မေးလိုက်၏။

“ မဟုတ်ဘူး။ ငါ့ရဲ့ တွင်းနက်ကြီး ဖွဲ့စည်းနှုန်းတွေကို မြှင့်တင်ပေးနိုင်တဲ့ အခွင့်အရေးတစ်ခုကို ခံစားမိလို့။ အဲဒါကြောင့် သွားယူတာ” ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်လိုက်၏။ တိမ်တိုက်များက အနီရောင်သန်းနေပြီး မြေကြီးက မရဏမီးခိုရောင် ဖြစ်နေလေသည်။ သူက ပတ်ဝန်းကျင်မှ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အလွယ်တကူ တိုက်စားနိုင်သည့် ကြောက်မက်ဖွယ် အငွေ့အသက်မျိုးကို ခံစားမိလိုက်သည်။

မိုးမြေ၏ စည်းမျဉ်းများက ဖရိုဖရဲဖြစ်နေကာ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်နှင့် သူတော်စင်အဆင့်များကို ဤနေရာ၌ အသုံးမဝင်လုနီးပါး ပြုလုပ်ထား၏။ အာကာပြင်က ဖရိုဖရဲဖြစ်နေသည့်အတွက် သာမန်နည်းလမ်းဖြင့် ကူးသန်းသွားလာခြင်းကို တားဆီးထားသည်။

“ တကယ်ကို ဆိုးရွားတဲ့နေရာပဲ” ဝမ်ဝေ့က ပြောလိုက်၏။ သူက မနီးမဝေးတွင် ဧရာမအနီရောင် တံခါးချပ်ကြီးကို မြင်လိုက်ရသည်။ ကောင်းကင်ရွေးချယ်ခံအားလုံးက ထိုနေရာတွင် စုဝေးနေကြ၏။

“ တကယ်လား။ ကျွန်တော်တော့ ကြိုက်တယ်” လီကျွင်းက ပြောလိုက်၏။

“ ရှင်ကတော့ ကြိုက်မှာပေါ့။ ဒီနေရာက ရှင့်အတွက် ကောင်းကင်ဘုံလို ဖြစ်နေမှာလေ။” ယန်းလီလင်းက ပြောလိုက်၏။ ထိုအန္တရာယ်များသည့် အငွေ့အသက်များက သတ်ဖြတ်ရေးတာအိုကို ကျင့်ကြံသည့်သူ တစ်ယောက်အတွက် အားဖြည့်ဆေး ဖြစ်၏။

“ အဲ့လိုတော့ မဟုတ်ပါဘူး”

ဝမ်ဝေ့က ထိုစုံတွဲကို လျစ်လျူရှုထားပြီး လူအားလုံးကို လေ့လာဆန်းစစ်လိုက်သည်။ ဤမျိုးဆက်ရှိ ကောင်းကင်ရွေးချယ်ခံအားလုံးက ရောက်ရှိနေကြပြီး သူက ကံကြမ္မာအရိပ်များမှတဆင့် သူတို့အကြောင်း သိထားသော်လည်း မမြင်ဖူး၊ မဆက်ဆံဖူးသည့် လူများစွာလည်း ရှိနေသည်။

ရှုရှစ်က ဒီမှာမရှိဘူးပဲ။ သူမက နောက်ကျနေတာလား…

ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် မိုရှင်းယွင်ကို ကြည့်လိုက်သည်။ သူက သူမရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည့်အတွက် အားလုံး၏ အာရုံကို ဖမ်းစားသွားခဲ့၏။

ထို့နောက် ပြောရလျှင် ဤမျိုးဆက်တွင် တာအိုသက်သေပြနိုင်ချေ အမြင့်ဆုံးရှိသည့်သူကို မည်သူက မသိဘဲ နေမည်နည်း။

“ ရုပ်သေးရုပ်လား” ဝမ်ဝေ့က ခေတ္တမျှ လေ့လာပြီးသည့်နောက်တွင် ပြောလိုက်၏။

“ မဟုတ်…” သူမက စကားဆုံးအောင် မပြောလိုက်ရခင် ဝမ်ဝေ့က သူ့လက်ချောင်းကို ချိုးလိုက်သည့်အခါ သူမက အစိတ်စိတ်အမြွာမြွာ ပေါက်ကွဲထွက်သွားသည်။

“ ခင်ဗျားတို့ ထွက်သွားမလား ဒါမှမဟုတ် ဒီဟာနဲ့ အတူတူ ဖြစ်သွားချင်လား” ဝမ်ဝေ့က မိုမျိုးနွယ်မှ လူများကို ကြည့်ကာ ပြောလိုက်၏။

“ မင်း ဒီလိုလုပ်လို့ မရဘူး။”

“ ရတယ်။ ကျုပ် ဘာစည်းမျဉ်းမှ ချိုးဖောက်နေတာ မဟုတ်ဘူး” သူက လက်ကို ချိုးလိုက်သည့်အခါ ထိုလူများက ပျောက်ကွယ်သွားပြီး အမည်မသိနေရာတစ်ခုသို့ ကူးပြောင်းသွားကာ စည်းပိတ်ခံလိုက်ရသည်။ သူ့အပြုအမူများက မိုမျိုးနွယ်ကို အမှတ်အသားပြားရယူမည့်ကိစ္စကို မတားဆီးနိုင်ကြောင်း သိထားလေ၏။ သူတို့က သူ့နောက်မှ ဝင်ရောက်နိုင်သလို အကောင်းဆုံးအနေဖြင့် သနားစဖွယ် တစ်ယောက်ယောက်ဆီမှလည်း ယူဆောင်နိုင်သည်။

ကောင်းကင်တာအိုက အမှတ်အသားပြားသည် ရယူထားသည့် လူနှင့် ချိတ်ဆက်ထားလိမ့်မည်ဟု ဖော်ပြထားခြင်း မရှိပေ။ ထိုအမှတ်အသားပြား အခြေအနေက အားလုံးအတွက် မရှင်းလင်းသေးပေ။

ဝမ်ဝေ့က သူ့ဘေးနားက အကြည့်များကို လျစ်လျူရှုထားပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်ဆီ လျှောက်လှမ်းလာလိုက်၏။

“ ကြွက်စုတ် မင်းက ဆက်ပုန်းနေဦးမယ်လို့ ထင်နေတာ”

“ ဂိုဏ်းချုပ် ဝမ်ဝေ့ ဒါက ကျုပ်တို့ ပထမဆုံး တွေ့တဲ့အချိန်ပါ။ ခင်ဗျားကို ကျုပ်က ရန်စမိလို့လား” ယွီကျူးက အပြစ်ကင်းသည့် မျက်နှာဖြင့် စိတ်ရှုပ်ထွေးကာ ပြန်လည်ပြန်ဖြေလိုက်၏။ သူသာလျှင် မဟုတ်ပေ။ ဝိညာဉ်မျိုးနွယ်မှ လူများကလည်း သူတို့နှစ်ဦးကြားမှ ပဋိပက္ခအကြောင်း စဉ်းစားနေကြသည်။

“ မင်းက ငါ့ကို တခြားသူတွေထက် ပိုသိပါတယ်။ ငါက အဆင့်အတန်းတို့၊ ဂုဏ်သတင်းတို့ကို ဂရုစိုက်နေတဲ့သူမျိုး မဟုတ်ဘူး။ မင်းရဲ့ အားကိုးက ဘာလဲ”

တခြားသော ကောင်းကင်ရွေးချယ်ခံများက တာအိုအခွင့်အလမ်းဂိုဏ်း၏ ပုံရိပ်အကြောင်းနှင့် မမျှတသည့် အကြောင်းအရင်းအတွက် လူတစ်ယောက်ကို သတ်လိုက်ခြင်းမှ ပြဿနာဖြစ်လာမည်ကို စိုးထိတ်ကြသည်။ သို့သော်လည်း ဝမ်ဝေ့ကမူ ထိုအရာများကို လိုအပ်လာသည့်အခါမှသာ ဂရုစိုက်၏။ သို့သော် သူက ယွီကျူးကို သတ်ဖြတ်စာရင်းတွင် ထည့်ထားပြီးပြီဖြစ်သည့်အတွက် …

“ ကောင်းပြီလေ။ ကြည့်ကြတာပေါ့”

ဝုန်း

မည်သူမှ မတုံ့ပြန်နိုင်ခင် သူက ယွီကျူးကို ပျောက်ကွယ်သွားအောင်အထိ ထိုးချလိုက်သည်။ ထိုသူက တုံ့ပြန်ဖို့ အနည်းငယ်မျှပင် မခုခံနိုင်လိုက်ပေ။ ထိုစဉ်ဝမ်ဝေ့က စောင့်ဆိုင်းနေ၏။ ထင်ထားသည့်အတိုင်း မီးတောက်တစ်ခု ရုတ်ချည်းထွက်ပေါ်လာကာ ယွီကျူး၏ ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို ပြန်လည်ကောင်းမွန်လာသည်။

“ ထာဝရဇာမဏီရဲ့ စာလိပ်” သူက ပြောလိုက်၏ “ အဲဒါဆိုတော့ မင်းက သစ္စာဖောက်တွေထဲက တစ်ယောက်ကို”

အားလုံးက သူ့အား လှည့်ကြည့်လိုက်ပြီး သစ္စာဖောက်ဆိုသည့် အဓိပ္ပာယ်က ဘာကိုဆိုလိုကြောင်း စဉ်းစားနေကြသည်။

သစ္စာဖောက်က ဘယ်သူ့အတွက်လဲ…

လူများစွာက စိတ်ရှုပ်ထွေးနေကြ၏။ ထိပ်သီးကောင်းကင်ရွေးချယ်ခံအများစုက သူသည် အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ဝင်ရောက်စွက်ဖက်လိုသည့် တခြားကမ္ဘာမှ သစ္စာဖောက်အကြောင်း ပြောနေခြင်း ဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြသည်။

“ သစ္စာဖောက်လား။ ဘာတွေပြောနေတာလဲ” ယွီကျူးက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ ဟုတ်တယ်။ မင်းရဲ့ စွမ်းရည်ကို ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုဖြစ်ပြီးတော့ ထာဝရဇာမဏီရဲ့ အမွေအနှစ်ကို လက်ခံရရှိခဲ့တယ်လို့ ပြောလို့ရတယ်” ဝမ်ဝေ့က ပြောလိုက်ပြီးသည့်နောက်တွင် နောက်ထပ် ထပ်မံထိုးလိုက်ပြန်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထိုလူက အသက်ပြန်ရှင်လာ၏။

“ ငါက မင်းဝိညာဉ်နဲ့အတူ မင်းရဲ့ ခန္ဓာကိုယ်ထဲက အမှုန်တစ်ခုချင်းစီအထိ ရှင်းထုတ်ပစ်ခဲ့တယ်။ ဒါပေမဲ့ မင်းက အကောင်းအတိုင်း ရှိနေတုန်းပဲ”

“ အဲဒါက ကျုပ်က မသေမျိုး ဖြစ်နေလို့လေ” ယွီကျူးက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏ “ ခင်ဗျားက ကျုပ်ကို ဘာလို့ သတ်ချင်နေမှန်း မသိပေမဲ့ ဒါက ကိစ္စမရှိဘူး”

ဝမ်ဝေ့က ဆက်လက် မတိုက်ခိုက်တော့ဘဲ ယွီကျူးကို ခေတ္တမျှလေ့လာလိုက်၏ “ ငါ သိပြီ။ မင်းက အားကောင်းတဲ့ ပုဂ္ဂိုလ်နဲ့ ဆက်နွယ်နေတာပဲ။ အဲဒီပုဂ္ဂိုလ် အသက်ရှင်နေသရွေ့ မိုးမြေကြားမှာ မင်းကို သတ်နိုင်တဲ့ အရာမရှိဘူး”

ယွီကျူးက နှလုံးခုန်နှုန်းမြန်လာသည်။ သို့သော်လည်း သူ့အမူအရာက တသတ်မတ်တည်း ကျန်ရှိနေဆဲဖြစ်၏ “ ဒါက ထာဝရဇာမဏီစာလိပ်ရဲ့ ထူးခြားအံ့ဖွယ် တစ်ခုပါ”

“ ဒါက သူ မတက်လှမ်းခင်တုန်းကဟာ မဟုတ်ဘဲနဲ့ ဒိုင်မေးရှင်းအမြင့်က ထူးခြားအံ့ဖွယ်ထဲက တစ်ခုပဲ”

ဝမ်ဝေ့ကပြောလိုက်သည့်အတွက် ယွီကျူးက မျက်မှောင်ကြုတ်လုနီးပါး ဖြစ်သွားသည်။ ထိုလူနှင့် ဆက်ဆံရခြင်းက ကြောက်ဖို့ကောင်းလှသည်။

သူက အားနည်းသည့်လူများကို အလွယ်တကူ ဖိအားပေးနိုင်သည့် သဘာဝအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သို့သော် အကြောက်ဆုံးအပိုင်းက သူ့မျက်ဝန်းသည် လျှို့ဝှက်ချက်အားလုံးကို ထိုးဖောက်မြင်နိုင်စွမ်းရှိဟန်ပေါ်၏။ ထိုအရာအပြင် သူ့စိတ်က အသေးဆုံးသတင်းအချက်အလက်အထိ ရယူနိုင်လောက်အောင် စူးရှနေသည်။

“ နောက်တစ်ခေါက် ထပ်ပြောမယ်။ ခင်ဗျား ပြောနေတာတွေကို ကျုပ်မသိဘူး”

“ ထာဝရဇာမဏီရဲ့ ခွေးကဖြေရှင်းဖို့ ခက်သားပဲ။ တခြားသူတွေကရော ဘယ်လိုလဲ” ဝမ်ဝေ့က ခေါင်းအသာစောင်းက ယွီကျူးအား ကြည့်လိုက်၏ “ အော် အဲဒီခွေးဆိုတဲ့ စကားလုံးက မင်းကို ဒေါသထွက်စေတာလား။ ဒါက ဒီလိုမသေနိုင်စွမ်းကို ရဖို့အတွက် တစ်ယောက်ယောက်ရဲ့ နင်းဖတ်ဖြစ်လာမဲ့ တန်ကြေး မဟုတ်ဘူးလား။ အခု မင်းကိုယ်မင်း ခွေးလို့အခေါ်ခံရတာကို နေသားကျသင့်ပြီမဟုတ်ဘူးလား”

“ သခင်လေးဝမ်ဝေ့ ဗုဒ္ဓတောင် အမျက်ဒေါသထွက်နိုင်ပါတယ်” ယွီကျူးက အံကြိတ်ကာ ပြောလိုက်၏။

“ ဘာဖြစ်ဖြစ် မင်း စည်းပိတ်ခံရရင် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရသေးတာပေါ့”

ယွီကျူး ဝန်းကျင်တွင် သင်္ကေတများ ထွက်ပေါ်လာသည့်အတွက် သူက အကောင်းဆုံးကြိုးစားကာ ခုခံလိုက်သည်။ ကံဆိုးစွာဖြင့် သူက သူ စည်းပိတ်ခံရသည့်နေရာရှိ ကမ္ဘာငယ်တစ်ခုပါဝင်သော သတ္တုလုံးငယ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဝမ်ဝေ့က ခေတ္တမျှ စောင့်ဆိုင်းပြီးသည့်နောက်တွင် ဝိညာဉ်မျိုးနွယ်တစ်ယောက်ကြား  မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ယွီကျူးက ပြန်လည်ပေါ်ထွက်လာ၏။

“ မင်းကိုယ်မင်း သတ်သေပြီးတော့ အဆောင်သုံးပြီး တခြားနေရာမှာ ပြန်ပေါ်လာတာပဲ။ စည်းပိတ်တာကို ရှောင်ရှားဖို့ နည်းလမ်းက မဆိုးဘူးပဲ” ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်လိုက်၏။

“ မင်းက တခြားအဆောင်တွေနဲ့ ဆက်နွယ်နေတဲ့ ကံကြိုးကိုတောင် ဝှက်ထားနိုင်တဲ့ နည်းလမ်းကို အသုံးပြုထားတယ်။ မင်းရဲ့ နည်းလမ်းတွေက ငါ့ဆီက ဝှက်ထားနိုင်တယ်။ ဒါက မင်းရဲ့ ဝိညာဉ်မျိုးနွယ်စွမ်းရည်လား ဒါမှမဟုတ် တခြားတစ်ယောက်ဟာလား”

ဝမ်ဝေ့က ယွီကျူးနောက်မှ လူများကို ကြည့်လိုက်၏ “ မင်းရဲ့ တုံ့ပြန်မှုအရ မင်းရဲ့မျိုးနွယ်ကပဲ ဖြစ်ရမယ်။ အဲဒါဆိုတော့ မင်းက သူတို့ကို မင်းရဲ့ဇစ်မြစ်ကို တရားဝင်အဖြစ် ကျန်ရှိဖို့ကို ပြောထားတာဖြစ်ရမယ်”

“ မသေမျိုးရဲ့ အားနည်းချက်ဖြစ်တဲ့ ဒီလိုမျိုး ကာကွယ်နိုင်တဲ့ နည်းလမ်း မသုံးလောက်အောင် တုံးနေတာမျိုး မဟုတ်ဘူး”

“ အင်း” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးသည့်နောက်တွင် ယွီကျူး၏ မျက်ဝန်းထဲ စိုက်ကြည့်လိုက်သည် “ ငါက မင်း မျက်ဝန်းက မင်းအကြည့်တွေကို မကြိုက်ဘူး”

“ ခင်ဗျား ဘယ်လိုခံစားရတယ်ဆိုတာ ကိစ္စမရှိဘူး။ ခင်ဗျား တားမြစ်နိုင်တဲ့ အရာလည်း မရှိဘူး” သူက ပုခုံးမတ်မတ်ထားကာ ပြန်ဖြေလိုက်၏။

“မင်းက တစ်စိတ်တစ်ပိုင်းပဲ မှန်တယ်”

“ တစ်စိတ်တစ်ပိုင်းလား”

ဝမ်ဝေ့က လက်ကိုမြှောက်လိုက်ပြီးနောက် ယွီကျူး၏ ခေါင်းကို ကိုင်စွဲလိုက်သည်။ ထိုသူက လှုပ်ရှားဖို့ ကြိုးစားသော်လည်း အင်အားမဲ့နေပြန်သည်။ ဝမ်ဝေ့က သူ၏ ဦးခေါင်းခွံမှ ဆွဲကိုင်ထား၏။

“ သေခြင်းတရားထက် ကြောက်ဖို့ကောင်းတဲ့အရာတွေရှိတယ်ဆိုတာကို နားလည်သင့်တယ်”

“ အား”

ယွီကျူး၏ အော်သံက မိုးမြေအထက် ပဲ့တင်ထပ်သွားသည်။ နာကျင်မှုက ပြင်းထန်လွန်းသည့်အတွက် သူ့စိတ်က ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေကြောင်း ခံစားမိလိုက်၏။ သူက ကိုယ့်ကိုယ်ကို သတ်သေကာ လွတ်မြောက်ဖို့ ကြိုးစားလိုက်သည်။ ကံဆိုးစွာဖြင့် ဝမ်ဝေ့၏ လက်ထဲမှ စည်းမျဉ်းသည် ထိုသို့ မဖြစ်နိုင်အောင် တားဆီးထား၏။

“ ဒီလိုနာကျင်မှုအနည်းငယ်က မင်းကို ဖျက်ဆီးနိုင်လုနီးပါး ဖြစ်သွားတာပဲ” ဝမ်ဝေ့က မကျေမနပ်ဖြင့် ပြောလိုက်သည်။ သူက ခန္ဓာကိုယ်စမ်းသပ်ချက်၏ နာကျင်မှုကို ကူးပြောင်းမည့်နည်းလမ်းကို မဖန်တီးခဲ့ပေ။ သို့သော် စမ်းသပ်ချက်အပြီးတွင် သူ့နာကျင်မှုစွမ်းရည်၏ ဆင့်ကဲပြောင်းလဲမှုဖြင့် ယွီကျူးသည် ထိုအရာကို တောင့်မခံနိုင်ပေ။

ထိုသူက အသံကြိုး ပြတ်ထွက်အောင်အထိ အော်ဟစ်နေပြီးနောက် ဝမ်ဝေ့က သူ့ကို ပစ်ချလိုက်သည် “ ကောင်းကင်အလိုဆန္ဒတိုက်ပွဲက ဝင်ရောက်စွက်ဖက်ခွင့်မပြုဘူး။ ထာဝရဇာမဏီဧကရာဇ်နဲ့ ယှဉ်နိုင်တဲ့ တည်ရှိမှု တစ်ခုဆိုရင်တောင်ပေါ့။ အဲဒါဆိုတော့ မင်းရဲ့ မသေနိုင်စွမ်းကို ဘယ်သူက ပေးထားတာလဲ”

ယွီကျူးက နာကျင်မှုမှ လွတ်မြောက်စေဖို့အတွက် သတ်သေဖို့ရာ သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်သည်။ သို့သော် ထိုသို့ဆိုလျှင်ပင် သူက စက္ကန့်ပိုင်းလေးအတွင်း အကြိမ်ဒါဇင်ချီ သေဆုံးခဲ့ရသည့်အတွက် ခံစားမိနေဆဲ ဖြစ်၏။ သူက ဝမ်ဝေ့ကို အကြောက်တရားဖြင့် ကြည့်လိုက်သည်။

“ ဟုတ်တယ်။ ဒါက မင်းလိုမျိုး သစ္စာဖောက်တွေ ရှိသင့်တဲ့ အကြည့်မျိုးပဲ” သူက ဝိညာဉ်မျိုးနွယ်ဂိုဏ်းသားများကို ကြည့်ကာ “ ခင်ဗျားတို့မျိုးနွယ်က နောက်ဆုံးတိုက်ပွဲ မတိုင်ခင် နောက်ထပ် ထပ်ပြီးတော့ တံခါးပိတ်နေသင့်တယ်”

“ ငါတို့က ဘာလို့ အဲ့လိုလုပ်ရမှာလဲ”

“ ဒီအရူးက မသေမျိုးဖြစ်နိုင်တဲ့ နည်းလမ်းရှိတယ်ဆိုတာကို ထုတ်ဖော်ပြသခဲ့တယ်လေ။ ဒီဟာကို ရဖို့ လူဘယ်လောက်က ဘယ်လိုတွေ လုပ်ကြမလဲဆိုတာကို စိတ်ကူးကြည့်လိုက်ပေါ့။ သူတို့က တခြားတစ်ယောက်ရဲ့ ခွေး ဖြစ်လာရင်တောင် လုပ်ကြမှာပဲ”

သူတို့မျက်နှာထားက ပြောင်းလဲသွား၏။ တချို့သော ဧကရာဇ်မျိုးနွယ်နှင့် ပုန်းအောင်းနေသော မကောင်းဆိုးဝါးအိုကြီးများက ထိုအခွင့်အရေးအတွက် ဘာမဆို ပေးဆပ်ကြလိမ့်မည်။

ယွီကျူး၏ မျက်နှာထားက ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး ဝမ်ဝေ့၏ အစီအစဉ်ကို ချက်ချင်းသဘောပေါက်သွားသည်။ သူ ထုတ်ဖော်လိုက်သည့် သတင်းအချက်အလက်ဖြင့် သူသည် ဝိညာဉ်မျိုးနွယ်၏ သံသယကို မြှင့်တင်ခဲ့၏။ ထို့နောက် သူက မသေနိုင်စွမ်းကို ထုတ်ဖော်ခဲ့သည့်အတွက် သီးသန့်ပိတ်ဆို့ကာ သူ၏ လှုပ်ရှားမှုများနှင့် အရင်းအမြစ်များကို ကန့်သတ်ထားခံရလိမ့်မည်။

အကယ်၍ သူသာ ဤဇစ်မြစ်ကို စွန့်ပစ်လိုက်ပါက ပိုမိုသံသယရှိဖွယ် ကောင်းသွားလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူ့မသေနိုင်စွမ်းကို စိတ်ဝင်စားနေသည့် မသေမျိုး အင်အားစုများဆီမှ ပုန်းအောင်းရလိမ့်မည်။

ဝမ်ဝေ့က သူ့ကို မနီးမဝေးမှ လှမ်းကြည့်နေသည့်လူကို လှမ်းကြည့်လိုက်၏။ ထိုလူက တိထျန်းဖြစ်သည်။ သူတို့က အကြည့်ချင်းဆုံသွားသည့်အခါ မီးပွားများ ထွက်ပေါ်လာ၏။

***

All Chapters