အသရေဖျက်ခြင်း
Vol. 47 Ch. 654
ပြင်းထန်သည့်တိုက်ပွဲအပြီးတွင် လူများစွာက ထိုလူနှစ်ယောက်ကို အကြောက်တရားဖြင့် မကြည့်ဘဲ မနေနိုင်ကြတော့ပေ။ အထူးသဖြင့် တိထျန်းကို ဖြစ်၏။ လူများစွာက သူသည် ပလ္လင်အတွက် အပြောင်းအလဲ ဖြစ်နိုင်ချေရှိသည့်လူများကို ရှင်းထုတ်ပစ်လိမ့်မည်ဟု ထင်ထားခဲ့ကြသည်။ သို့သော် နှစ်တစ်သိန်းကြာ ပျောက်ကွယ်သွားပြီးသည့်နောက် သူက ပလ္လင်သည် သူ့အပိုင်ဖြစ်ကြောင်း ကြေညာဖို့ ထွက်ပေါ်လာရာ သူ့ကို တားဆီးနိုင်မည့်သူ တစ်ဦးတည်းသာ ရှိ၏။
ထိုစဉ် သူတို့အားလုံးက တူညီသည့် အတွေးကိုသာ တွေးမိကြသည်။ ထိုသူနှစ်ယောက်ကို ရှင်းထုတ်ဖို့ ဘာမဆိုလုပ်ဖို့ရာ ဖြစ်၏။ အဆိပ်၊ မဟာမိတ်၊ အစီအရင် သို့မဟုတ် လုပ်ကြံမှုပင် ဖြစ်နေနိုင်သည်။ တချို့က မသေမျိုးလမ်းကြောင်း စာချုပ်ကို ချိုးဖောက်ပြီး သူတို့၏ အင်အားစုများမှ မသေမျိုးဘိုးဘေးများကို စေလွှတ်ကာ ထိုလူများကို ရှင်းခိုင်းဖို့အထိ တွေးမိကြသည်။
တိထျန်းက အားလုံး၏ တုံ့ပြန်မှုကို ကြည့်လိုက်ပြီးသည့်နောက်တွင် သူတို့၏ အတွေးများကို မှန်းဆမိပြီး အနာဂတ်အတွက် စီစဉ်လိုက်၏။
ငါ အားကောင်းတဲ့ စစ်သူကြီးတစ်ယောက် လိုတယ်
သူက သူနှင့် ဝမ်ဝေ့ကြားမှ တိုက်ပွဲသည် အလွန်နီးကပ်လာကြောင်း သိလေသည်။ ထိုသို့ တိုက်ပွဲမျိုးအတွက် မည်သည့်အရာမဆို ရလဒ်ကို အတိမ်းအစောင်း ဖြစ်သွားနိုင်သည်။
သူက ထိုလူများ၏ မဟာမိတ်ကို ဂရုမစိုက်သလို သူ့ကို သတ်ဖို့ အမြှောက်စာများ အသုံးပြုသည်ကိုလည်း ဂရုမစိုက်ပေ။ သို့သော်လည်း အကယ်၍ သူသာ ထိုသူများကို ဖြေရှင်းနေရပါက သူ့မူလအဆီအနှစ်၊ ဝိညာဉ်စွမ်းအားနှင့် သက်လုံတို့က အထွတ်အထိပ် အခြေအနေတွင် ရှိနေမည် မဟုတ်ပေ။ ဤသို့သော တိုက်ပွဲမျိုးတွင် ကွာဟချက် အနည်းငယ်ကပင် ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် သူက ထိုလူများကို ရင်ဆိုင်ဖို့ တစ်စုံတစ်ယောက် ပြင်ဆင်ထားဖို့ လိုပြီး သူက အထွတ်အထိပ် အခြေအနေတွင် ကျန်ရှိအောင် လုပ်ဆောင်ရမည်။
သူကသာ ထိုအတွေးကို တွေးမိနေခြင်း မဟုတ်ပေ။ ဝမ်ဝေ့က ထိုရလဒ်ကို တွေးထားခဲ့မိသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ထို့ကြောင့် သူက လီကျွင်းကို ထာဝရအရှင်စွမ်းအား ရယူစေလိုခြင်း ဖြစ်သည်။
မင်း ဘာလုပ်ရမယ်ဆိုတာ သိတယ်မလား…
စိတ်မပူပါနဲ့…
လီကျွင်းက ပြန်ဖြေလိုက်၏။
ဘယ်သူကမှ အစ်ကိုကြီးရဲ့ ဆံပင်တစ်မွှေးကိုတောင် မထိစေရဘူး။ သူနဲ့ မတိုက်ခိုက်ခင်အထိ အပြီးပြည့်စုံဆုံး အခြေအနေနဲ့ ရှိနေစေရမယ်…
မင်းကရော ..
ဝမ်ဝေ့က မေးလိုက်သည်။
ကျွန်တော်က သခင်လေးပေးထားတဲ့ လျှို့ဝှက်ကျင့်စဉ်ကို ကျင့်ကြံထားတယ်။ ယန်းလီလင်းရဲ့ ဆေးလုံးနဲ့ဆိုရင် မသေမျိုးအဆင့်စွမ်းအားကို ရရှိဖို့ တန်ကြေးတစ်ခု ပေးဆပ်ရမယ် …
ထျဲ့ကန်က ပြန်ဖြေလိုက်သည်။
ကောင်းပြီ …
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် အားလုံးကို လေ့လာကြည့်လိုက်သည်။ မူလလက်နက်တောင်မှ ချန်ချန်းက ဤနေရာတွင် မရှိသော်လည်း ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်က သူ့ထွက်ခွာမှုအကြောင်းကို ပြောထားသည့်အတွက် မအံ့ဩမိပေ။
ရှုရှစ်သည်လည်း မရှိပေ။ သို့သော်လည်း သူက ထိုလူနှင့် ပတ်သက်ပြီး သတင်းအချက်အလက် ဘာမှမရပေ။ ကျောင်းတော်က လင်းဖန်အပေါ် သူမ၏ စွဲလမ်းမှုအား ဖြေရှင်းမည့် နည်းလမ်းတစ်ခုရှိထားကြောင်း သိထား၏။ ကံဆိုးစွာဖြင့် ကျောင်းအုပ်နှင့် လူတချို့ကသာ ထိုအစီအစဉ်နှင့် ရလဒ်ကို သိထားကြသည်။ ကျောင်းတော်က သူမ၏ ကံကြမ္မာအတွက် ပါးစပ်ပိတ်နေကြ၏။
မည်သို့ပင်ဆိုစေကာမူ သူတို့၏ လူများက သူတို့အတွက် အမှတ်အသားပြား ရယူပေးဖို့ ရောက်လာကြသည်။
ထုံရို့ပင်နှင့် မူလလက်နက်တောင်အပြင် တခြားသော ကျွမ်းကျင်အတတ်ပညာဆိုင်ရာမှ လူများသည် ပေါ်ထွက်မလာကြပေ။ ဝမ်ဝေ့က မူလဆေးလုံးဂိုဏ်းမှ လော့ချန်သည် မီးတောက်ဧကရာဇ်၏ အမွေအနှစ်ကို ရရှိပြီးသည့်နောက် ရုတ်ချည်း မြင့်တက်လာလိမ့်မည်ဟု မှန်းဆထားပြီးသား ဖြစ်၏။ မူလသင်္ကေတနန်းဆောင်မှ ဝူမင်အတွက်မူ ထိုသူက အတွင်းပိုင်းမှ အင်အားစုကို လှိုက်စားကာ ဖျက်ဆီးပစ်ဖို့ ကြိုးစားနေနိုင်ကြောင်း မှန်းဆမိလိုက်သည်။
ရှောင်စုန့်ရှီက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လာသည်။
ဝမ်ဝေ့က အလျင်အမြန် သုံးသပ်ပြီးသည့်နောက်တွင် အကြောင်းအရင်းကို မှန်းဆမိသွား၏။ ပိုင်ရှယ်မျိုးနွယ်၏ ကြယ်ငါးလုံး ဝိဇ္ဇာသွေးမျိုးဆက်က ထိုသူ့အား ဤမျိုးဆက်တွင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို အနိုင်ရရှိမည့်နည်းလမ်းကို ပြောပြခဲ့သည်။ သေသေချာချာ တွေးကြည့်မည်ဆိုပါက အဖြေက ရိုးရှင်းလှသည်။ သူနှင့် တိထျန်းကို သတ်ဖို့ သို့မဟုတ် နဝမအဆုံးစွန်အုတ်မြစ်ကို ကျင့်ကြံဖို့ ဖြစ်၏။
သူတို့ကို သတ်ဖြတ်ခြင်းက မဖြစ်နိုင်လုနီးပါး အစီအစဉ်ကို လိုအပ်သလို သို့မဟုတ် မသေမျိုးလမ်းကြောင်း စာချုပ်ကို ချိုးဖောက်ပြီး ဆန့်ကျင် ကျင့်ကြံသူတစ်ယောက်ကို လှုပ်ရှားခိုင်းဖို့ လိုအပ်သည်။ သို့သော်လည်း ထိုအပြုအမူမျိုးက ပိုင်ရှယ်မျိုးနွယ်၏ ပျက်သုဉ်းမှုကို ဆောင်ကျဉ်းပေးနိုင်မည့် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်သည်။ ထို့ကြောင့် ရှောင်စုန့်ရှီက သူ့အခွင့်အရေး နည်းပါးကြောင်း သိထားသည့်အတွက် ခါးသီးနေမိ၏။
ထို့နောက် ဝမ်ဝေ့က နက်နဲကင်းမွန်မျိုးနွယ်မှ ကောင်းကင်ရွေးချယ်ခံဖြစ်သည့် ယီလျန်ချန်းကို အာရုံစိုက်ထားလိုက်သည်။ သူက သူ့ကိုယ်သူ ချောက်နက်ကင်းမွန်ဟု ခေါ်ဆို၏။ သူက ထုံရို့ပင်းနှင့် တခြားသူများဘေးတွင် မတ်တပ်ရပ်လျက် ကျန်ရှိနေသူ ဖြစ်၏။
ဒီလူက ကျောချမ်းစရာကောင်းတဲ့ အငွေ့အသက်မျိုးပေးနေတယ်။ ပြီးတော့ ငါ ဘာမှန်းမသိပေမဲ့ ရင်းနှီးနေတဲ့ အန္တရာယ်များတဲ့ ခံစားချက်လည်း ရတယ်။ သူ့ကို ငါ့ရဲ့ သတ်ဖြတ်စာရင်းမှာ ထည့်ထားတာ အကောင်းဆုံးပဲ…
ဝမ်ဝေ့က သူ၏ ခေတ်ကာလ သားတော်ဂုဏ်ပုဒ်ကို သက်ရောက်မှုမရှိအောင် တစ်ယောက်စ၊ နှစ်ယောက်စကို သတ်နိုင်ကြောင်း တွက်ချက်ထား၏။ သူက ယီလျန်ချန်းကို လေ့လာနေစဉ် သူ့အလိုလိုသိစိတ်က ထိုသူသည် ရောက်ရှိလာမည့်တိုက်ပွဲအတွင်း အပြောင်းအလဲ ဖြစ်လာနိုင်သည့် လျှို့ဝှက်ချက်ရှိနေကြောင်း ပြောပြနေသည်။
ဆက်ပြီးလေ့လာကြည့်ကြတာပေါ့…
သူက အလျင်လိုပြီး အမည်မသိ အရာကြောင့် မသေဆုံးလိုပေ။ သူက သူ့အင်အားကြောင့် တုံးအမည် မဟုတ်သလို မောက်မာမည်လည်း မဟုတ်ပေ။
ဝမ်ဝေ့က အောင်းရှန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ သူက ထိုသူ၏ ခန္ဓာကိုယ်အစစ်ကို ဖုံးကွယ်ထားသည့် အားကောင်းသော ရတနာတစ်ခုကို ခံစားမိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက သူ့အငွေ့အသက်နှင့် ရင်းနှီးကျွမ်းဝင်မှုတစ်ခုကို ခံစားမိနေသည်။
ဒီနတ်ဆိုးမျိုးနွယ်က ဒီလိုရတနာမျိုးကို ဘယ်ကရှာတွေ့ခဲ့တာလဲ။ သူတို့က ဒီလိုအားကောင်းတဲ့ ကောင်းကင်ရွေးချယ်ခံကို ဘယ်ကနေ ရလာတာလဲ…
အိပ်စက်သူများနှင့် ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက နတ်ဆိုးမျိုးနွယ်၏ ဗဟိုချက်အထိ မကျူးကျော်နိုင်ကြပေ။ သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီးသည့်နောက်တွင် သူ့ဆီမှ ရှိထားသည့် သတင်းအချက်အလက်များကို စဉ်းစားကြည့်လိုက်၏။ သူက နတ်ဆိုးမျိုးနွယ် စီစဉ်နေသည့် လျှို့ဝှက်လုပ်ဆောင်မှုတစ်ခုအကြောင်းကို အမှတ်ရလိုက်သည်။ ထိုအရာက အကြွင်းမဲ့သွေးမျိုးဆက်ကို ဖန်တီးဖို့ ဖြစ်၏။
အကြွင်းမဲ့သွေးမျိုးဆက်လား…
ဘိုးဘေးမျိုးရိုး ပြန်လည်အသက်သွင်းခြင်းလား။ သူတို့က ပင်ကိုသက်ရှိကို ပြန်ပြီးတော့ ဖန်တီးချင်တာလား။ ဒါမှမဟုတ် နတ်ဆိုးမျိုးနွယ်အားလုံးရဲ့ သွေးမျိုးဆက်တွေပါဝင်နေတဲ့ သက်ရှိတွေကိုလား။ တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ…
သူက ကြည့်လိုက်သည့်အခါ အားလုံးက နှလုံးခုန်မြန်လာကြ၏။ သူက တစ်စုံတစ်ယောက်ကို အာရုံစိုက်သည့်အချိန်တိုင်း အားလုံးက တင်းကြပ်လာကာ သူတို့သည် ယွီကျူးလိုမျိုး တူညီသည့် ကံကြမ္မာ ခံစားရမည်ကို စိုးရိမ်နေကြသည်။
ဝမ်ဝေ့က ယန်မိသားစုဆီမှ ယန်ကောဝေကို ကြည့်လိုက်၏။ ထို့နောက် သူက ကျင်းဝူဟွားနှင့် အောင်းရှန်ကြားမှ တင်းမာမှုတချို့ကို ခံစားမိလိုက်သည်။ သူက ထိုအရာများကို လေ့လာနေရင်း တစ်စုံတစ်ယောက်က သူ့ဆီ လျှောက်လှမ်းလာ၏။
ထိုသူက ခဲဖြူရောင် အရေပြားနှင့် အဝါရောင် မျက်လုံးရှိသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ ဝမ်ဝေ့က သူ့ကို သတိထားမိသည်မှာ တခြားသော ထိပ်သီး ကောင်းကင်ရွေးချယ်ခံများနှင့် လီကျွင်းဘေးနားတွင် မတ်တပ်ရပ် ကျန်ရှိနေသူထဲမှ တစ်ဦးဖြစ်၍ ဖြစ်သည်။
“မင်းက ဝမ်ချုံးရဲ့ မျိုးဆက်မလား”
“ ခင်ဗျားက”
“ ခန္ဓာတာအိုချိုင့်ဝှမ်းက ယင်ကန်း”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ခန္ဓာတာအိုချိုင့်ဝှမ်းအကြောင်း သိထားသည်မှာ သူတို့သည်လည်း ဧကရာဇ်မျိုးနွယ်ဖြစ်ပြီး ရှေးဟောင်းဧကရာဇ်ခေတ်ကာလတွင် မဟာဧကရာဇ်လေးပါးအထိ ရှိခဲ့ဖူးသည်။ ထိုမျိုးဆက်၏ တည်ထောင်သူက ခန္ဓာကိုယ်လေ့ကျင့်ရေး စွဲလန်းသူတစ်ယောက်ဖြစ်ကာ ထိုခေတ်ကာလတွင် တာအိုကို သက်သေပြနိုင်ခဲ့သည့် ပထမဆုံး ခန္ဓာလေ့ကျင့်သူတစ်ဦး ဖြစ်သည်။
သူက သူ့ကိုယ်သူ ခန္ဓာဘိုးဘေးဟု ခေါ်ဆိုပြီး ခန္ဓာကိုယ် လေ့ကျင့်သည့် နည်းလမ်းများကို မူလနည်းစနစ်အတွင်း ထည့်သွင်းကာ ဖြန့်ဝေလိုသည်။ ကံဆိုးစွာဖြင့် ခန္ဓာကိုယ်လေ့ကျင့်သည်က နာကျင်လွန်းပြီး အရင်းအမြစ်မြောက်များစွာ လိုအပ်ပေသည်။ ကျင့်ကြံသူအများစုက မူလနည်းစနစ်တွင် လုပ်ဖို့ လိုအပ်သည့် အနည်းဆုံး လိုအပ်ချက်နှင့် ကျေနပ်ကြသည့်အတွက် သူ့ရည်မှန်းချက်က ပျက်သုဉ်းသွားခဲ့ရသည်။
အချိန်ကြာလာသည့်အခါ ခန္ဓာတာအိုချိုင့်ဝှမ်းအတွက် အကောင်းဆုံးခန္ဓာ သန့်စင်ကျမ်းများ ရှိသည့်နေရာ တစ်ခုဖြစ်လာခဲ့သည်။ ထိုအရာက အကောင်းဆုံး မဟုတ်နိုင်သော်လည်း သူတို့တွင် စုဆောင်းမှုအများအပြား ရှိထားလေသည်။
“ ယင်ကန်းလား … ဒီနာမည်ကို ဘယ်နေရာမှာ ကြားဖူးပါလိမ့်” ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားလိုက်ပြီးသည့်နောက်တွင် “ ခင်ဗျားက ကျုပ်ဘိုးဘေး ရှေးဟောင်းဖျက်ဆီးခြင်းဆီ ရှုံးနိမ့်ခဲ့တဲ့သူပဲ”
သူက ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ်၏ အကြီးမားဆုံး ပြိုင်ဘက်အကြောင်း ဖတ်ရှုခဲ့ဖူးသည်။
“ ငါက သူ့ကို ရှုံးနိမ့်ခဲ့တာ မဟုတ်ဘူး။ အဲဒီတုန်းက ငါ့ရဲ့ ကောင်းကင်ဖုတ်ကောင် ပညာရပ်က မပြီးပြည့်စုံသေးလို့ပဲ”
“ ဘာပဲဖြစ်ဖြစ်ပါ။ ဒါနဲ့ ကျုပ်နဲ့ ဘာဆိုင်လို့လဲ”
ယင်ကန်း၏ ပါးစပ်က တွန့်ချိုးသွားကာ ထိုကောင်လေးသည် တစ်ဖက်သူကို မည်မျှဒေါသထွက်အောင် နားလည်သွားသည်။ မည်သို့ပင်ဆိုစေကာမူ သူက လူငယ်တစ်ယောက်နှင့် ငြင်းခုန်ဖို့ ငြင်းဆန်သည်။
“ ငါက မင်းရဲ့မိသားစုနဲ့ ပဋိပက္ခတချို့ရှိတယ်”
“ ကျုပ်လည်း မှန်းဆမိပါတယ်”
“ တကယ်ကို ရိုင်းပျတဲ့ ကောင်စုတ်လေးပဲ” သူက ရေရွတ်လိုက်၏ “ ငါက ဝမ်ချုံးဆီကို ရှုံးနိမ့်တာ လက်ခံတယ်။ ဒါပေမဲ့ ငါ စည်းပိတ်တာကနေ နိုးထလာပြီးတဲ့နောက်မှာ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းက အားအကောင်းဆုံး ခန္ဓာသန့်စင်ကျမ်းဆိုပြီးတော့ သိလိုက်ရတယ်။ အဲ့လိုဂုဏ်ပုဒ်အတွက် အဓိက အကြောင်းအရင်းက ဧကရာဇ်တစ်ပိုင်းအဆင့်နဲ့ မဟာဧကရာဇ်ကိုတောင် တိုက်ခိုက်စွမ်းရည်ကို ချီးမြှင့်နိုင်တဲ့အတွက်ကြောင့်ပဲ။ တကယ့်ကို သောက်ပိုတွေပဲ”
သူက ဝမ်ချုံးကို ရှုံးနိမ့်ခဲ့သည်မှာ သူ၏ ကောင်းကင်ဖုတ်ကောင်ပညာရပ် မပြီးမြောက်သေး၍ ဖြစ်သည်။ သို့သော် ယခုတွင် သူ့ကိုယ်သူ ခေတ်ကာလများစွာ စည်းပိတ်နေပြီးသည့်နောက် သူက စိတ်ဆန္ဒကို မြင့်မားသည့်အဆင့်တစ်ခုသို့ ကျင့်နိုင်ရုံသာမက သူ့ကျင့်စဉ်ကိုပါ စွမ်းအားကြီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။
“ တကယ်ကို သောက်ပိုတွေပါ။ ဒါပေမဲ့ ကျုပ်က ဘာပြောနိုင်မှာလဲ။ တချို့အရာတွေ၊ လူတွေ၊ ဖြစ်ရပ်တွေဆိုတာက အချိန်နဲ့အမျှ ပြောင်းလဲပြီး ဒဏ္ဍာရီတွင် သွားကြတာပဲလေ”
“ ကောင်စုတ်လေး ဝမ်ချုံးက ဒီလိုအလိမ်အညာတွေကို မဖြန့်ခဲ့ဘူးလို့ ပြောနေတာလား”
“ အရှင်ယင်ကန်းက စွပ်စွဲနေတာပဲ” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး “ ခင်ဗျားရဲ့ ခန္ဓာတာအိုချိုင့်ဝှမ်းက သက်သေ ရှိလို့လား။ မဟုတ်ရင် ခင်ဗျားက ကျုပ်တို့ဘိုးဘေးကို အသရေဖျက်နေတာပဲ။ ကျုပ်တို့ဂိုဏ်းက ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားမှာ မဟုတ်ဘူး”
ယင်ကန်း၏ အဝါရောင်မျက်ဝန်းက တောက်ပလာပြီး “ ကောင်လေး ငါက ဒီမှာ စကားစစ်ထိုးဖို့ ရောက်နေတာ မဟုတ်ဘူး။ ငါက ခန္ဓာကိုယ်သန့်စင်ရေးမှာ အကောင်းဆုံးဆိုတာကို သက်သေပြဖို့ပဲ ဂရုစိုက်တယ်”
“ ကောင်းပြီ။ အဲဒါဆိုလည်း ဖြေရှင်းကြတာပေါ့” ဝမ်ဝေ့က လက်မြှောက်လိုက်သည့်အချိန် ယင်ကန်းကလည်း နောက်မှ လိုက်ပါသွားသည်။ သူတို့က တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်လိုက်ပြီးသည့်နောက် ညှစ်လိုက်ကြ၏။ သူတို့က ပတ်ဝန်းကျင်အပေါ် ထိန်းချုပ်မှုမရှိစေရန် အင်အားကို ထိန်းချုပ်ကြသည်။
ဘန်း
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ယင်ကန်း၏ လက်က ပေါက်ကွဲထွက်သွားပြီး တအံ့တဩ ဖြစ်သွားလေသည်။ သူက ဘာမှမပြောဘဲ ထွက်သွားလေ၏။ သူက အခွင့်အရေး ရှိခဲ့သေးသည်ဟု တွေးခဲ့မိသည်။
ဘယ်လိုလဲ….
လီကျွင်းက မေးလိုက်၏။
ကမ္ဘာဦးနဂါး ၅၄ကောင် ခွန်အားပဲ။ ထိပ်သီး ပွင့်ချပ် ၅လွှာအဆင့်။ ဒါပေမဲ့ ကြီးထွားဖို့ အနေအထားတော့ ရှိသေးတယ်…
လီကျွင်းက မျက်မှောင်ကြုတ်လိုက်၏။
ကြည့်ရတာ ကျွန်တော်တော့ အလုပ်ရှုပ်လာတော့မဲ့ပုံပဲ…
အားလုံးက အခြေအနေကို မတုံ့ပြန်နိုင်ခင် နယ်မြေထဲရှိ အနီရောင်ဂိတ်အထက်တွင် ရုပ်ပုံလွှာတစ်ခု ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ကောင်းကင်တာအိုက ထွက်ပေါ်လာပြီဖြစ်၏။
***