ထူးဆန်းမှု
Vol. 47 Ch. 655
အလင်းတန်းမြောက်များစွာ ထွက်ပေါ်လာပြီးသည့်နောက်တွင် ပါဝင်ဆင်နွှဲသူ အားလုံးရှေ့မှောက် ရောက်ရှိလာသည်။ သူတို့အားလုံးက ကောင်းကင်အလိုဆန္ဒဟု ထိုးထွင်းထားသည့် အမှတ်အသားပြားဖြစ်၏။
ဝမ်ဝေ့က သူ့အမှတ်အသားပြားကို ယူပြီး သေချာလေ့လာကြည့်လိုက်သည်။
ထင်ထားတဲ့အတိုင်း ဒါက တစ်ယောက်ယောက်နဲ့ ဆက်နွယ်နေတာ မဟုတ်ဘူးပဲ။ တကယ်လို့ တစ်ယောက်ယောက်သာ အမှတ်အသားပြားကို ဆုံးရှုံးသွားမယ်ဆိုရင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ တိုက်ခိုက်ဖို့ သူတို့ရဲ့ အနေအထားလည်း ဆုံးရှုံးသွားလိမ့်မယ်။ အားလုံးက ဒီအမှန်တရားကို သိသွားကြတာနဲ့ ဒီအရာက အားလုံးရှိထားသမျှထဲ အဖိုးတန်ဆုံးအရာ ချက်ချင်းဖြစ်လာလိမ့်မယ်…
ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ကို ထည့်သွင်းလိုက်ပြီးသည့်နောက်တွင် မည်သို့ အလုပ်လုပ်ဆောင်ကြောင်း သတင်းစကား ရရှိလိုက်၏။ လက်ရှိအမှတ်အသားပြားက အသက်မဝင်သေးပေ။ အသက်ဝင်လာဖို့အတွက် မိစ္ဆာမျိုးနွယ်၏ သွေးစတေးမှု လိုအပ်ပေသည်။
ကောင်းကင်တာအိုက ထိုအမှတ်အသားပြားများကို ဖြန့်ဝေပြီးသည့်နောက်တွင် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာဆီ ဦးတည်နေသည့် တံခါးချပ်က ဖြည်းဖြည်းချင်း ပွင့်လာသည်။ ထိုဖြစ်စဉ်က မိနစ်ပိုင်းကြာ ကြာမြင့်ခဲ့၏။
“ ဒါ ဂိုဏ်းမှာ ရှိထားတဲ့ ပါရမီရှင် ၂ယောက်က ဘယ်လိုဖြစ်သွားတုန်း”
“ ချိုက်စုန့်ကတော့ အတော်လေးအဆင်ပြေတယ်။ သူမက အထွေထွေသောင်းပြောင်းဧကရာဇ်ရဲ့ အမွေအနှစ်တချို့ကို စုပ်ယူပြီးတော့ ရုပ်သေးရုပ်နဲ့ ယင်တွေအတွက် သူမရဲ့ ပါရမီကို တိုးတက်အောင် လုပ်နေတယ်။ အခု သူမက သူမရဲ့ ကိုယ်ပိုင်ကျမ်းကို ဖန်တီးဖို့ ပြင်ဆင်နေတယ်” ယန်းလီလင်းက ပြောလိုက်၏။
“ ဟို မောက်မာတဲ့ကောင်လေးကရော”
“ သူက အခု စိတ်နတ်ဆိုးသက်ရောက်မှုခံနေရတယ်” လီကျွင်းက ပြောလိုက်၏ “ ဘာဖြစ်သွားတာတုန်း”
“ ဒီနှစ် နှစ်သောင်းအတွင်း သူက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိလာတော့ သူ့ပါရမီကို ပြသခဲ့တယ်လေ။ ဒါပေမဲ့ သူ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ရောက်ပြီးတော့ ပထမဦးဆုံး လုပ်တဲ့အရာက တိုက်ပွဲမျှော်စင်ထဲမှာ ရှိတဲ့ အစ်ကိုကြီးရဲ့ ပုံရိပ်ယောင်ကို သွားပြီးတော့ စိန်ခေါ်ခဲ့တာပဲ။ ထင်ထားတဲ့အတိုင်း သူက အနိုင်ကျင့်ခံခဲ့ရတာပေါ့”
ဝမ်ဝေ့ တိုက်ပွဲမျှော်စင်အတွင်း သူ့ ပုံရိပ်ယောင်ကို ထားရှိကာ မကြာခဏ ထိုအရာနှင့် တိုက်ခိုက်ပြီး သင်ယူလေ့ ရှိ၏။
“ အကြီးအကဲတွေက ဒါကို ဘယ်လိုလုပ် ခွင့်ပြုလိုက်တာတုန်း။ သူက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ပဲ ရှိသေးတယ်လေ”
“ ကြည့်ရတာက သူတို့က သူ့မောက်မာမှုကို ချိုးနှိမ်ပစ်ချင်ပြီးတော့ နိုးထစေချင်တာ ထင်တယ်။ ဒါပေမဲ့ သူက အစ်ကိုကြီးကို အနိုင်ယူဖို့ စွဲလမ်းသွားလိမ့်မယ်လို့ ထင်မထားမိဘူးလေ။ အဲဒါကနေ စိတ်နတ်ဆိုးအထိ ဖြစ်သွားတာပဲ။”
“ သူတို့တွေ ဒါကို မြန်မြန် ပြင်ဆင်ဖို့လိုတယ်။ ဒီနှစ်ယောက်က ဂိုဏ်းရဲ့ အနာဂတ်ပဲ” ဝမ်ဝေ့က ဂိုဏ်းတွင် ပါရမီရှင်များစွာ ရှိပြီး ပိုမို စည်ပင်ဖွံ့ဖြိုးလာစေချင်သည်။ ထို့ကြောင့် သူက စိတ်နတ်ဆိုးကို ဖြေရှင်းရန် ကူညီဖို့ လိုအပ်လာပါက ထိုကောင်လေးနှင့် စကားပြောဖို့ရာအထိ ပြင်ဆင်ထား၏။
ဂိတ်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာပြီး သူနှင့် တိထျန်းတို့က ပထမဦးဆုံး ဝင်ရောက်လိုက်ကြသည်။ ဝမ်ဝေ့က တွန်းကန်အားရှိသည့် အလွှာကို ဖြတ်လိုက်သလိုမျိုး ခံစားလိုက်ရပြီး သူမျက်လုံး ဖွင့်လိုက်သည့်အခါ ကွဲပြားသည့်နေရာတွင် သူ တစ်ယောက်တည်း ဖြစ်နေလေသည်။
ငါတို့အားလုံး လူစုကွဲသွားတာလား…
သူက စိတ်ထဲမထားဘဲ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး အနီးဆုံး သက်ရှိများ ရှိရာဆီ ဦးတည်လိုက်သည်။ သူက မီးတောက်မိစ္ဆာများ ပြည့်နေသည့် ရွာငယ်တစ်ခုဆီ ရောက်ရှိလာ၏။ သူတို့က လူသားခန္ဓာကိုယ်နှင့် ခေါင်းတွင် မီးတောက်ရှိသည့် မျိုးစိတ်တစ်ခု ဖြစ်သည်။
ဝမ်ဝေ့က လက်ချောင်းကို ချိုးလိုက်ပြီး အနီးဆုံးမိစ္ဆာကို သတ်ကာ သူ့အမှတ်အသားပြားကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ဘာမှမဖြစ်လာသည့်အတွက် မျက်မှောင်ကြုတ်လိုက်၏။ သူက လက်ချောင်းကို ထပ်မံ ချိုးလိုက်ပြီး ရွာထဲမှ လူရာချီကို သတ်ပစ်လိုက်သည်။ သူ့အမှတ်အသားပြားတွင် ဘာမှဖြစ်မလာပေ။
“ ဘာတွေဖြစ်နေတာလဲ” သူက မီတာသိန်းချီဝေးကွာသည့် အနီးဆုံးမြို့ကို လှမ်းကြည့်လိုက်သည်။ ကောင်းကင်ရွေးချယ်ခံတစ်ယောက်က လက်ဝှေ့လိုက်ပြီး သန်းချီနေသည့် လူဦးရေကို ချက်ချင်းဆိုသလို သုတ်သင်ပစ်လိုက်သည်ကို မြင်လိုက်ရသည်။ သို့သော်လည်း ထိုသူက အမှတ်အသားပြားကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်သည်ကို မြင်လိုက်ရ၏။ သူက သတ်ဖြတ်မှု ပြီးမြောက်သည်ဟူသော ညွှန်ကြားချက် မရှိသလို သူ့အမှတ်အသားပြားက အသက်ဝင်လာခြင်းမျိုးလည်း မရှိပေ။
ဝမ်ဝေ့က တခြားနေရာများကို စစ်ဆေးကြည့်လိုက်သော်လည်း အတူတူသာ ဖြစ်နေသည်။
ကိစ္စတွေက ထင်ရသလောက် မရိုးရှင်းဘူးပဲ…
သူက ထွက်သွားဖို့ ပြင်လိုက်စဉ် တစ်စုံတစ်ယောက်က အဝေးတစ်နေရာမှ ပျံသန်းလာပြီး သူ့အား အမုန်းတရားအပြည့်ဖြင့် ကြည့်နေသည်။
“ အသင်္ချေအင်ပါယာကမ္ဘာကလူတွေ အခုထိ မလုံလောက်သေးဘူးလား။ ကျုပ်တို့ဘိုးဘေးတွေရဲ့ အပြုအမူကြောင့် ကျုပ်တို့က ဘယ်လောက်ထိ ခံစားနေရဦးမှာလဲ”
“ မင်းတို့နတ်ဆိုးတွေကသာ အဆုံးမဲ့လေဟာနယ်ကို အုပ်စိုးခဲ့မယ်ဆိုရင် မင်းက ဒီထက် ဆိုးရွားတာတောင် လုပ်ဦးမယ်” ဝမ်ဝေ့က ပြန်ပြောလိုက်၏။
“ ဒါပေမဲ့ ကျုပ်တို့ မလုပ်ခဲ့ဘူး။ ကျုပ်တို့က ခေတ်ကာလ နှစ်ခုလုံးအတွက် တန်ကြေးကို ပေးဆပ်ပြီးသွားပြီ။ အဲဒါက မလုံလောက်သေးဘူးလား”
“ အဲ့လိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မင်းတို့တွေက အမှန်တကယ် ပြောင်းလဲသွားတာလား။ ဒါမှမဟုတ် ပြန်လည်အားဖြည့်ပြီးတဲ့နောက်မှာ နဂိုအခြေအနေအတိုင်း ပြန်ဖြစ်သွားလားဆိုတာကို ဘယ်သူကမှ မစမ်းကြည့်ချင်ကြဘူး”
“ ဒါက ကျုပ်တို့ရဲ့ မြင့်တက်မှုကို ကာကွယ်နေတာ မဟုတ်ဘူး။ ဒါက တမင်သက်သက် ရက်စက်နေတာ” မိစ္ဆာက ပြောလိုက်၏ “ တကယ်လို့ ခင်ဗျားတို့တွေသာ အမှန်တကယ် ဂရုစိုက်မယ်ဆိုရင် ကျုပ်တို့မျိုးနွယ်ကို တစ်ခါတည်း အမြစ်ဖြတ်ရှင်းထုတ်ပစ်သင့်တယ်”
မိစ္ဆာက ဖျက်ဆီးခံလိုက်ရသည့် ရွာကို ကြည့်ကာ သူ့မျက်ဝန်းမှ မျက်ရည်က ချော်ရည်ပူပုံစံဖြင့် စီးကျလာသည်။ သူ့အမေ၊ အဖေ၊ ညီငယ်နှင့် ညီမငယ်အားလုံးက ထိုရွာတွင် နေထိုင်ကြသည်။ ရှင်းလင်းရေး ရောက်လာတော့မည်မှန်း သိကာ သူက သူတို့အတွက် အသက်ရှင်ဖို့နည်းလမ်းကို သွားရောက်ရှာဖွေခဲ့၏။ သူ ပြန်ရောက်လာသည့်အခါ နောက်ကျသွားခဲ့လေပြီ။
မိစ္ဆာက ဘာမှမပြောဘဲ ဝမ်ဝေ့ကို အမုန်းတရားအပြည့်ဖြင့် ကြည့်လိုက်ပြီးသည့်နောက် မြေပြင်ပေါ် ပြုတ်ကျလာသည်။ သူက သူ့ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်၏။
“ ငါလည်း မင်းနဲ့ သဘောတူတယ်” ဝမ်ဝေ့က ထွက်ခွာလာလိုက်သည်။ သူက ထိုအမည်မသိ မိစ္ဆာ သို့မဟုတ် ရွာအတွက် အုတ်ဂူ မဖန်တီးပေးခဲ့ပေ။ ထိုအရာက သူ့အတွက်ပင် ကြောင်သူတော်ဆန်လွန်းနေ၏။ သူက ဤနေရာကို အုပ်စိုးဖို့ သို့မဟုတ် ဖျက်ဆီးဖို့ ရောက်ရှိလာခြင်း ဖြစ်ကာ သူ ရောက်မလာခင်ကတည်းက သွေးစွန်းရမည်ဖြစ်ကြောင်း လက်ခံထားပြီးသား ဖြစ်၏။
သူက လီကျွင်းတို့ အုပ်စုကို အာရုံခံမိရာနေရာသို့ ကူးသန်းလာခဲ့သည်။
“ ဘာဖြစ်နေတာတုန်း” လီကျွင်းက အားလုံးကဲ့သို့ စိတ်ရှုပ်ထွေးနေ၏။
“ ငါလည်း မသိဘူး။ ဒါပေမဲ့ အဖြေကို ရှာဖို့တော့ ပြင်ဆင်ထားတယ်”
ဝမ်ဝေ့က တင်ပျဉ်ခွေလျက် အနေအထားဖြင့် လေထုအထက် မြောလွင့်လာကာ မျက်လုံးကို အသာပိတ်ထားလိုက်ပြီး ကံကြမ္မာနှင့် ယင်ယန်စွမ်းအားကို ပုံဖော်လိုက်သည်။ တခြားသူများက သူ့ကို ကာကွယ်ကာ စောင့်ကြပ်ပေးနေကြ၏။
“ တစ်ခုခုကို ရှာတွေ့ပြီ” မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက ပြောလိုက်သည် “ ဒီမှာ သူ့ကိုယ်ပိုင်ကမ္ဘာ ဖြစ်နေတဲ့ ကုန်းမြေခွဲတစ်ခု ရှိတယ်။ အဲဒါနဲ့ ပတ်သက်နေလိမ့်မယ်လို့ ထင်တယ်”
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက် ထိုကုန်းမြေဆီ လမ်းကြောင်းကို ဖန်ဆင်းလိုက်သော်လည်း အန္တရာယ်ကို မသိသေးသည့်အတွက် မဝင်ရောက်သေးပေ။ ထိုစဉ် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာ၏ နေရာအများစုအထက်တွင် ဧရာမလက်ကြီးတစ်ခု ပေါ်ထွက်လာပြီး ကောင်းကင်ရွေးချယ်ခံ ၉၀ရာခိုင်နှုန်းကျော်ကို ဖမ်းဆီးပြီး ထိုလှိုဏ်ခေါင်းထဲကို ပစ်သွင်းလိုက်သည်။ ဝမ်ဝေ့နှင့် သူ့အဖွဲ့က စောင့်ဆိုင်းနေ၏။ သူတို့က ထိုလှိုဏ်ခေါင်းထက် ကျော်လွန်၍ ဘာမှမမြင်ရသော်လည်း ထိုလူများ၏ အသက်ရှင်သည့် အရိပ်အယောင်ကိုမူ ခံစားမိလေသည်။
ဝမ်ဝေ့က စောင့်ဆိုင်းနေရင်း လှိုဏ်ခေါင်းကို စစ်ဆေးကြည့်ကာ ဘာဖြစ်နေလဲဟု သေချာစမ်းသပ်စစ်ဆေးကြည့်လိုက်သည်။ ၁၅ မိနစ်ကြာမြင့်ပြီးသည့်နောက်တွင် အဖွဲ့က ကြိုးစားကြည့်ဖို့ ထိုက်တန်ကြောင်း ဆုံးဖြတ်ကာ သူတို့၏ အသက်ကယ်အဆောင်များကို လိုလိုမယ်မယ် ထုတ်ထားကြ၏။
ဝမ်ဝေ့က ပုံမှန်နေရာတစ်ခုအတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။ တစ်ခုတည်းသော မူမမှန်မှုက ကောင်းကင်အထက် မြင့်တက်နေသည့် ကာကွယ်ရေးအလွှာ တစ်ခု ဖြစ်သည်။ သူက ထိုအရာဆီ သွားကာ ထိကြည့်လိုက်၏။
“ အဲဒါက ဘာကြီးလဲ” လီကျွင်းက မေးလိုက်သည်။
“ ငါတို့တွေ အခြေအနေတစ်ခုကို မဖြည့်စည်းမချင်း မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာဆီ မဝင်ရောက်နိုင်ဘူး” ဝမ်ဝေ့က ထိုအလွှာ၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းကြောင်း ခံစားမိလိုက်သည်။ ထိုအရာက ဝူဟုန်ထံ ထာဝရဧကရာဇ် စွမ်းအားပြသဖို့ တောင်းဆိုခဲ့စဉ်အချိန်ကို ပြန်လည်အမှတ်ရသွားစေ၏။
ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကမ္ဘာတွေရဲ့ ကောင်းကင်တာအိုက ဒုတိယတန်းစားဧကရာဇ် ရောက်ရုံလောက်ပဲရှိပြီး ပထမတန်းစားအဆင့်တောင် ရှားပါးတယ်လေ…
“ ဒီကမ္ဘာနဲ့ ပတ်သက်ပြီး မူမမှန်မှု တချို့ရှိနေပုံပဲ” ယန်းလီလင်းက ထိုအလွှာ၏ အပြင်ဘက်ကို ကြည့်ဖို့ရာ ကြိုးစားကြည့်သော်လည်း မရသည့်အတွက် ပြောလိုက်သည်။
“ အခြေအနေက မင်းတို့ ထင်ထားတာထက် ပိုဆိုးရွားတယ်။ ဒီအလွှာကို ချမှတ်ထားတဲ့သူက ဘယ်သူဖြစ်ဖြစ် ဒီကမ္ဘာငယ်လေးကို အပြီးတိုင်ဖုံးကွယ်ထားနိုင်မဲ့ စွမ်းအားမျိုးရှိတယ်” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏ “ ဒါပေမဲ့ သူတို့က မလုပ်ခဲ့ဘူး”
“ အဲဒါက အသက်ရှင်နေတဲ့ မိစ္ဆာနတ်ဘုရားတွေလား။ ဒါပေမဲ့ သူတို့က အားနည်းနေတဲ့ အခြေအနေမှာ ရှိသင့်တာလေ။ သူတို့ရဲ့ စွမ်းအား အားလုံးကို စတေးပစ်တယ်ဆိုရင်တောင် ဒီလိုအရာမျိုးကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ” ထျဲ့ကန်က ပြောလိုက်၏။
“ သူတို့က အသက်ပြန်ရှင်လာနိုင်မှာလား။ ဒါပေမဲ့ ဧကရီဝူရဲ့ စည်းတံဆိပ်နဲ့ တခြားဧကရာဇ်တွေရဲ့ စည်းတံဆိပ်တွေကို ဖယ်ရှားဖို့က ဖြစ်နိုင်လို့လား။” လီကျွင်းက မေးလိုက်သည် “ ဒိုင်မေးရှင်းအမြင့်က လူတွေများ ဖြစ်နေမလား”
“ မိစ္ဆာမျိုးနွယ်ကို အသက်ပြန်သွင်းတာက သူတို့အတွက် အကျိုးကျေးဇူးရှိမှာ မဟုတ်ဘူး။ သူတို့က အားပြန်ဖြည့်ဖို့ အချိန်အကြာကြီး လိုခဲ့ရတာဆိုတော့ အားလုံးအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်။ ပြီးတော့ သူတို့က အထွတ်အထိပ်အခြေအနေ ပြန်ရောက်ရှိသွားရင်တောင် ဒီလိုအရာမျိုး ထပ်ဖြစ်ဖို့ ဘယ်အရာကမှ ခွင့်ပြုမှာမဟုတ်ဘူး” ယန်းလီလင်းက သုံးသပ်လိုက်၏။
အချိန်စားသုံးသူ၊ ထာဝရဇာမဏီနဲ့ ကပ်ဘေးစံပြတို့က အစစ်အမှန်မိစ္ဆာကပ်ဘေးအတွင်း ဒိုင်မေးရှင်းအမြင့်တွင် နေထိုင်ကြသူများ ဖြစ်ကြသည်။ သူတို့က ပြန်လည်ရှင်သန်လာသည့် မိစ္ဆာမျိုးနွယ်သည် မည်မျှကြောက်ဖို့ကောင်းကြောင်း သိထားကြ၏။ ထို့အပြင် သူတို့က စည်းတံဆိပ်ကို ဖယ်ရှားလျှင် အားနည်းနေသည့် အခြေအနေတွင် ရှိနေသော်လည်း သူတို့ကို အဟန့်အတား ဖြစ်စေနိုင်သည့် ဝူဟုန်ကို ရန်စမိသလို ဖြစ်လိမ့်မည်။
ဒါပေမဲ့ သူမရဲ့ အခြေအနေကြောင့် သတ္တိကောင်းလာတယ်ဆိုရင်တောင် ဒီလိုအရာမျိုးကတော့ လုပ်မှာမဟုတ်ဘူး…
ဝမ်ဝေ့က သုံးသပ်လိုက်ပြီးသည့်နောက်တွင် အခြေအနေတစ်ခုလုံးကို ကောက်ချက်ချဖို့ သတင်းအချက်အလက် မစုံလင်ကြောင်း သဘောပေါက်သွားသည်။ ဤနေရာတွင် ထည့်သွင်းစဉ်းစားရမည့် အပြောင်းအလဲများနှင့် ဖြစ်နိုင်ချေများစွာ ရှိနေလေ၏။
လမင်း၇စင်းက အပေါ်ယံတွင် လောဘကြီးကာ တစ်ကိုယ်ကောင်းဆန်ပြီး အာဏာဆာလောင်နေသည့်သူများ ဖြစ်သော်လည်း တစ်ဦးချင်းစီက သူတို့၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လိုအင်ဆန္ဒနှင့် အကြံအစည်များ ရှိကြသည်။ သူတို့ကို လျော့ရဲနေသော မဟာမိတ်တစ်ခုအဖြစ် မှတ်ယူနိုင်၏။ ထိုအရာက ဝမ်ဝေ့အနေနှင့် သူတို့၏ စည်းမျဉ်းကို ဖျက်ဆီးဖို့ ကြိုးစားပါက ကိစ္စကောင်းတစ်ခု ဖြစ်လာလိမ့်မည်။
သို့သော်လည်း သူတို့၏ အတွေးများနှင့် ရည်ရွယ်ချက်များကို တွက်ချက်ကြည့်ဖို့က ခက်ခဲလှသည်။ သူက တချို့သော သူများသည် အဖွဲ့ကို မသိရှိစေဘဲ လှုပ်ရှားခဲ့သည်ဟု စဉ်းစားကြည့်မည်ဆိုလျှင်ပင် ပို၍ ရှုပ်ထွေးသွားနိုင်သည်။ အားလုံးက သူတို့၏ နောက်အဆင့်ကို စဉ်းစားနေရင်း အပြောင်းအလဲတစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာသည်။
အားလုံးက ကောင်းကင်တာအိုနှင့် တူညီသည့် စွမ်းအားကို ခံစားမိလိုက်၍ သတိကြီးကြီးထားထားကြ၏။
ဝမ်ဝေ့အနေဖြင့် ဝူဟုန်သည် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာ၏ ကောင်းကင်တာအိုကို စည်းပိတ်ထားကြောင်း သိသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။
သူတို့ရှိနေရာ နေရာ၏ ဝေဟင်အထက် စာလုံးများ စတင်ထွက်ပေါ်လာသည်။ ပထမစာလုံးက ခေါင်းစဉ်တစ်ခု ဖြစ်ဟန်ပေါ်ပြီး လူအားလုံး၏ ခေါင်းအထက်တွင် မြောလွင့်နေသည့် စာလုံးလေးလုံး ပေါ်ထွက်လာသည်။
***