ဘုရင်ကစားပွဲ
Vol. 47 Ch. 656
“ ဘုရင်ကစားပွဲ”
[ဘုရင်၊ အကြံပေး၊ စစ်သူကြီး၊ တပ်သား]
အားလုံးက ထိုစကားလုံးများကို ကြည့်ရင်း ဇာတ်ကောင်တစ်ခု ရွေးချယ်ရမည်ကို သတင်းစကား ရရှိလိုက်သည်။ ထိုကောင်းကင်ရွေးချယ်ခံများက သူတို့သည် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာထံ ဝင်ရောက်ဖို့ရာ စစ်တုရင် ကစားပွဲတချို့ ကစားရမည်ဖြစ်ကြောင်း အလျင်အမြန် သုံးသပ်ခဲ့ကြ၏။
သို့သော် ဒါက ဘာလဲ
သူတို့က သူတို့ရဲ့ဇာတ်ကောင်ကို ဘာလို့ ရွေးချယ်ဖို့ လိုတာလဲ။
ဝမ်ဝေ့ကလည်း ထိုလူများကဲ့သို့ အတွေးအတူတူ ရှိနေသော်လည်း သူတို့ထက် ပိုမိုမြင်လေသည်။ သူက ထိုစကားလုံးများဆီမှ ထွက်ပေါ်နေသည့် အစီအစဉ်ကျမှု တာအို၏ ကြောက်မက်ဖွယ် အသုံးပြုမှုကို အာရုံခံမိ၏။
“ အစီအစဉ်ကျမှုဆိုတာက မျှခြေအကြောင်းပဲ။ အစီအစဉ်မကျမှု မရှိဘဲနဲ့ မတည်ရှိနိုင်ဘူး” ဝမ်ဝေ့က ကောင်းကင်ထံ ကျယ်လောင်စွာ ပြောလိုက်၏ “ ကျုပ်တို့တွေ ဒီကစားပွဲမှာ ပါဝင်ရမယ်ဆိုတော့ စည်းမျဉ်းကို သိဖို့လိုတယ်”
ကောင်းကင်အထက် ရောင်စုံအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးသည့်နောက်တွင် ဝမ်ဝေ့လက်ထဲ စာအုပ်တစ်အုပ် ကျဆင်းလာသည်။ လူတချို့က သွားရောက်ယူချင်ကြသော်လည်း ထိုစာအုပ်က မည်သူ့လက်ထဲတွင် ရှိကြောင်း အမှတ်ရသွားကြသည်။
ထိုစဉ် တိထျန်းကလည်း ပြေးသွားချင်သော်လည်း အခြေအနေကို စောင့်ကြည့်သည်က ပိုကောင်းကြောင်း ဆုံးဖြတ်ကာ အလျင်စလို ဆုံးဖြတ်ချက်မချခဲ့ပေ။
“ ကောင်းကင်ဘုံ နိမ့်ကျတဲ့ ကျုပ်ကိုလည်း စည်းမျဉ်းစာအုပ်တစ်အုပ် ချီးမြှင့်ပေးပါ” စိတ်မြန်လက်မြန် ရှိသည့်လူတစ်ယောက်က အော်ပြောလိုက်သည်။ ကံဆိုးစွာဖြင့် ဘာမှဖြစ်ပျက်မလာခဲ့ပေ။ ထို့ကြောင့် သူနှင့် တခြားသူများက တူညီသည့်အရာကို ကွဲပြားစွာ ပြောဖို့ ကြိုးစားကြ၏။
ထိုစဉ် တစ်စုံတစ်ယောက်က ဝမ်ဝေ့ဆီ ပြေးသွားကာ စာအုပ်ကို လုယူဖို့ ကြိုးစားလေသည်။ သူက မည်သူမှန်းပင် မကြည့်ပေ။
ထိုလူ မတုံ့ပြန်နိုင်ခင် လီကျွင်းက ထိုလူ၏ ဦးခေါင်းကို ကန်ထုတ်လိုက်ကာ ပူစီဖောင်းတစ်ခုကဲ့သို့ ပေါက်ထွက်သွားစေပြီး ပလ္လင်ပေါ်ထိုင်ပြီး မသေနိုင်စွမ်းရယူမည့် ထိုသူ၏ အိပ်မက်ကလည်း ပျက်သုဉ်းသွားရသည်။
လီကျွင်းက အားလုံးကို သွေးဆာသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်၏။ သူ့ဆံပင်အနီရောင်ဖြင့် သတ်ဖြတ်ရေးတွင် အသားကျနေသည့် သတ်ဖြတ်ရေးနတ်ဘုရား တစ်ပါး အလား ဖြစ်နေသည်။ သူက မျက်နှာမှ သွေးကို လျက်လိုက်သည့်အခါ ပိုမိုပင် အန္တရာယ်များလာသည်။
“ ရှင့်ကြည့်ရတာ ရွံစရာကောင်းလိုက်တာ” ယန်းလီလင်းက လေထုကို ဖျက်ဆီးလိုက်၏။ သူမက လက်ကိုင်ပဝါကို ထုတ်ကာ သူ့မျက်နှာကို သုတ်ပေးလိုက်သည်။
“ အချစ်လေးကလည်း ကိုယ်က ဒီမှာ ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလေ” လီကျွင်းက အပြုံးလေးဖြင့် ပြောလိုက်သည်။ လေထုက ဖျက်ဆီးမခံရသေးပေ။ လီကျွင်းက ပါရမီရှင်တစ်ယောက်ကို သတ်လိုက်ပြီး ဘာမှမဖြစ်သကဲ့သို့ ပြုံးနေသည်က ပိုမိုပင် ကြောက်ဖို့ကောင်းနေသည်။
တချို့လူများက အဖြစ်အပျက်ကို ဂရုမစိုက်ကြဘဲ စည်းမျဉ်းစာအုပ်ရဖို့သာ အာရုံစိုက်ထားကြသည်။ တိထျန်းက စစ်တုရင်ခုံပုံစံရှိသည့် အသုံးအဆောင်ပစ္စည်း တစ်ခုကို ထုတ်ကာ အသက်သွင်းလိုက်၏။ ထို့နောက် အသုံးအဆောင်ပစ္စည်းက အစီအစဉ်ကျမှု စွမ်းအားကို ထုတ်ဖော်လာသည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက ထိပ်သီးဧကရာဇ်တစ်ပိုင်းအဆင့် သတ္တုကို ထုတ်ကာ ကောင်းကင်ထံ ပြောလိုက်သည်။
“ ဒါက ကျုပ်ရဲ့ ပေးအပ်မှုပါ”
သူ့စကားအဆုံးတွင် ကောင်းကင်မှ နောက်ထပ် စာအုပ်တစ်ခု သက်ဆင်းလာသည်။ သို့သော်လည်း သူက ထိုစာအုပ်သည် ဝမ်ဝေ့လက်ထဲမှ စာအုပ်နှင့် ကွဲပြားနေကြောင်း သိလိုက်၍ မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော်လည်း သူက ဘာမှမပြောပေ။ သူက ထိုအရာသည် အတွင်းပဋိပက္ခ ဖြစ်ဖို့ရာ တမင်လုပ်ထားကြောင်း ခံစားမိသည်။
တခြားသူများကလည်း တိထျန်း၏ နည်းလမ်းကို လိုက်လံ အတုခိုးကြပြီး ရတနာများဖြင့် လဲလှယ်ဖို့ ကြိုးစားကြသည်။
“ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးတို့ … စည်းမျဉ်းတွေကို ကျုပ်ဆီက ဝယ်လို့ရတယ်” ဝမ်ဝေ့က ပြောလိုက်၏ “ ကျုပ်က သဘာဝလွန်အဆင့် ပစ္စည်းကို အလဲအလှယ်အနေနဲ့ လက်ခံမယ်”
လူတချို့က သူ့စကားကို မယုံသည့်အလား တစ်ချက်ကြည့်လိုက်ကြသည်။ အထူးသဖြင့် သူက ယင်ကန်းနှင့် ယွီကျူးကို မည်သို့ဆက်ဆံကြောင်း မြင်တွေ့ပြီးသည့်အခါတွင် ဖြစ်၏။ သူ့လိုမျိုး ရက်စက်ကာ ဉာဏ်များသည့်သူက ယုံကြည်ဖို့ အနည်းဆုံးသူဖြစ်ပေသည်။
“ ခင်ဗျားတို့ မျက်နှာထားတွေကြောင့် ကျုပ်တော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ ဒီစည်းမျဉ်းကနေ ဘာမှမပြောင်းလဲဘူးဆိုတာကိုတော့ တင်းကြပ်တဲ့ စာချုပ်နဲ့ လက်မှတ်ထိုးပြီး ကတိခံနိုင်တယ်”
ထိုစကားက သူ၏ ယုံကြည်ချက်ကို မြှင့်တင်ပေးခဲ့သည်။ သို့သော် လူများက သတိထားနေဆဲသာဖြစ်၏။
“ ဒီလိုတွေးကြည့်ပေါ့။ ခင်ဗျားတို့တွေက ကျုပ်ဆီ ပေးမလား ဒါမှမဟုတ် မိစ္ဆာမျိုးနွယ်ဆီ ပေးမလား”
ဤသည်က အမှန်တကယ် တွေးဖို့ ထိုက်တန်သည့်အရာတစ်ခု ဖြစ်၏။ အကယ်၍ သူတို့က ဤကမ္ဘာ၏ ကောင်းကင်တာအိုနှင့် လဲလှယ်မည်ဆိုလျှင် အကျိုးအမြတ်ရရှိသွားမည့်သူက မိစ္ဆာမျိုးနွယ်သာ ဖြစ်၏။ တစ်ဖက်တွင် သူတို့က တာအိုအခွင့်အလမ်းဂိုဏ်း၏ အုတ်မြစ်ကို မတိုးမြှင့်လိုကြပေ။
“ ကျုပ်တို့က ခင်ဗျားဆီက ဝယ်စရာ မလိုဘူး။”
“ ဟုတ်ပြီ။ ဒါပေမဲ့ ငါ့စာအုပ်က မူလလေ။ တခြားဟာထဲမှာ မတွေ့ရတဲ့ လျှို့ဝှက်ချက်တွေ ပါရင်ပါမှာပေါ့” ဝမ်ဝေ့က ပြန်ပြောလိုက်၏။
လူများစွာက အငြင်းအခုံဖြစ်ကာ အများစုက သူ့ဆီမှ ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ကြသည်။ တခြားလူများကမူ ကောင်းကင်တာအိုမှ ဆက်လက် ဝယ်ယူနေသည့်အတွက် ဝမ်ဝေ့က အရှက်မဲ့စွာဖြင့် သူတို့အား သစ္စာဖောက်ဟု ခေါ်ဆိုခဲ့သည်။ တခြားသူများအတွက်မူ သူတို့က တိထျန်းနောက်မှ လိုက်လုပ်ပြီး အလဲအလှယ် လုပ်ထားသည့်သူများ ဖြစ်၏။ တိထျန်းကိုယ်တိုင်အတွက်မူ သူ့တွင် ချဉ်းကပ်ရ မလွယ်ကူသည့် အငွေ့အသက်မျိုး ရှိသည့်အတွက် အားလုံးက သူ့ကို လွှတ်ထားလေ၏။
ဝမ်ဝေ့က အကျိုးအမြတ်တချို့ ရယူပြီးသည့်နောက်တွင် စကားကို တည်လေသည်။ သူ ရေးထိုးထားသည့် စာချုပ်က ထိုလူများသည် တခြားသူကို ပြန်လည်မရောင်းချနိုင်ခြင်းသာ ပါဝင်၏။
ထို့နောက် အားလုံးက ထိုစည်းမျဉ်းစာအုပ်ကို ဖတ်ရှုပြီးသည့်နောက်တွင် မည်မျှထူးဆန်းကြောင်း သဘောပေါက်သွားကြသည်။ ပထမအကြောင်းက ကုန်းမြေဆီ ဝင်ရောက်မည့်သူက ဇာတ်ကောင်တစ်ခု လိုအပ်ပြီး ဘုရင်၊ အကြံပေး၊ စစ်သူကြီးနှင့် တပ်သားဟူ၍ ရှိသည်။ စာအုပ်က ဇာတ်ကောင်တစ်ခုချင်းစီ၏ စည်းမျဉ်းနှင့် ကန့်သတ်ချက်များကို ဖော်ပြထား၏။
[ဘုရင်က နောက်ထပ် ဘုရင်ကိုပဲ သတ်ဖြတ်နိုင်တယ်။ ဘုရင်က စစ်သူကြီး၊ အကြံပေး၊ တပ်သားနဲ့ တခြားသူတွေကို သတ်လို့မရဘူး။ ဘုရင်က စစ်သူကြီး ၅ယောက်အထိ ရှိနိုင်ပြီးတော့ ဘုရင်ကသာ ပျံသန်းနိုင်တယ်။]
[အကြံပေးက ထောက်ပံ့ပို့ဆောင်ရေး၊ ကူးသန်းသွားလာရေးနဲ့ တခြားအထွေထွေတာဝန်တွေကို ယူရမယ်]
[စစ်သူကြီးက တပ်သားတွေကို ဦးဆောင်ရမယ်။ စစ်သူကြီးကသာ အရေအတွက် အကန့်အသတ်ရှိတဲ့ ဆင့်ခေါ်ခြင်းနည်းစနစ်ကို အသုံးပြုနိုင်တယ်]
[ တပ်သားက တပ်သားကိုပဲ သတ်နိုင်တယ်]
အားလုံးက ထိုစည်းမျဉ်း၏ ဆိုလိုရင်းကို စဉ်းစားနေကြသည်။ အတိအကျပြောရလျှင် နက်နဲသည့် အဓိပ္ပာယ်များကို ဖြစ်၏။
“ ကျုပ်က စစ်သူကြီးကို ရွေးတယ်” တိထျန်းက ပြောလိုက်၏။ ထိုစကားလုံးက အနည်းငယ် တုန်ခါသွားသော်လည်း ဘာမှမဖြစ်ပျက်လာခဲ့ပေ>
“ ဒီလိုဆိုရင် ကျုပ်က အကြံပေး ဖြစ်ချင်တယ်” စာလုံးက ထပ်မံ တုန်ခါသွားသော်လည်း တူညီသည့် ရလဒ်သာဖြစ်နေသည်။
“ တပ်သား” ဘာမှဖြစ်ပျက်မလာပေ။
“ ဘုရင် ” ထို့နောက် ဘုရင်စာလုံးက သူ့ခေါင်းအထက် မြောလွင့်လာ၏။ အားလုံးက ထိုမူမမှန်မှုကို စမ်းသပ်ကြည့်ကြပြီး လူငါးဦးကသာ ဘုရင် ဖြစ်လာကြသည်။ တိထျန်း၊ ဝမ်ဝေ့၊ ယင်ကန်း၊ ဖုန်းဟွမ်နှင့် ယီလျန်ချန်းတို့ဖြစ်ကြသည်။
ဒီစည်းမျဉ်းတွေနဲ့ အဓိပ္ပာယ်မရှိတဲ့ တားမြစ်ချက်တွေက ဘာတွေတုန်း…
ထျဲ့ကန်က မေးလိုက်သည်။
ကြည့်ရတာ ရည်ရွယ်ချက်က ငါတို့ကို မိစ္ဆာမျိုးနွယ်တွေအများကြီး သတ်မှာကို တားဆီးထားတဲ့ပုံပဲ…
လီကျွင်းက မှတ်ချက်ပေးလိုက်၏။
စည်းမျဉ်းတွေက မိစ္ဆာမျိုးနွယ်ကို အရေးသာချက် ပေးဖို့ လုပ်ထားတာပဲ…
ယန်းလီလင်းက သုံးသပ်လိုက်သည်။
သူတို့က ဒီတိုက်ပွဲအခြေအနေကို သုံးပြီးတော့ ကျွန်မတို့ကို လွှမ်းမိုးချင်နေတာပဲ။ ပြီးတော့ ကျွန်မတို့တွေက စည်းမျဉ်းအားလုံးကိုလည်း မသိရသေးဘူးလေ။
လီလင်းပြောတာမှန်တယ်။ ငါတို့မှာ စည်းမျဉ်းတွေက အစီအစဉ်မကျမှု မျှခြေကြောင့်ပဲ။ ဒါပေမဲ့ ငါတို့ဘာသာငါတို့ ရှာဖွေရမဲ့ လျှို့ဝှက်စည်းမျဉ်းတွေရှိတယ်…
အဲဒါဆို အခု ဘာလုပ်ကြမှာလဲ။ ဒီကစားပွဲကို ပြင်ဆင်ဖို့ ပြန်ကြမှာလား…
ထျဲ့ကန်က မေးလိုက်သည်။
ငါတို့ဆီမှာ ရွေးချယ်စရာရှိမယ်လို့တော့ မထင်ဘူး…
လီကျွင်းက သဘောတူ၏။
မဟုတ်သေးဘူး။ ငါတို့တွေ အရင်ဆုံး လူရိုင်းနည်းလမ်းကို အသုံးပြုကြမယ်…
ဝမ်ဝေ့က ပြောလိုက်သည်။
အားသုံးပြီးတော့ ဒီအလွှာကို ချိုးဖောက်ချင်တာလား
ဟုတ်တယ်။ တစ်ကမ္ဘာလုံးကို စုစည်းပြီးတော့ ဘာဖြစ်မလဲ ကြည့်ကြည့်ရအောင်…
အဖွဲ့က အာကာပြင်လမ်းကြောင်းမှတဆင့် အသင်္ချေအင်ပါယာကမ္ဘာဆီ ပြန်လာကြသည်။ သို့သော်လည်း သူတို့ဆင်းသက်လိုက်သည်နှင့် ဝင်ခွင့်အမှတ်အသားပြားက ပြောင်းလဲသွားပြီး ဘုရင်နှင့် စစ်သူကြီးအတွက် စာလုံးများကို ရွေးချယ်ဖို့ရာအတွက် သတင်းစကားတစ်ခု ပေါ်ထွက်လာသည်။
ဘုရင်က တိုက်ပွဲထဲ ဝင်ရောက်နိုင်ပြီး အမှတ်အသားပြား အသက်သွင်းနိုင်မှုအပေါ် မူတည်ပြီး လူများကို ခေါ်ဆောင်နိုင်သည်။ စစ်သူကြီးကမူ ဘုရင်နှင့် ဆက်နွယ်ထားပြီး မိစ္ဆာမျိုးနွယ်ကို သတ်ဖြတ်ခြင်းဖြင့် ဘုရင်၏ အမှတ်အသားပြားကို အသက်သွင်းဖို့ အထောက်အကူ ဖြစ်လာစေလိမ့်မည်။
“ ကိစ္စတွေက ပိုပြီးတော့ ရှုပ်ထွေးလာတာပဲ” ထျဲ့ကန်က ပြောလိုက်၏။
“ ဟုတ်တယ်။ ကောင်းကင်တာအိုက ကောင်းကင်အလိုဆန္ဒတိုက်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဘုရင်ကစားပွဲကိုလည်း လက်ခံထားတဲ့ပုံပဲ။ အခု တိုက်ပွဲကို အားသုံးဖို့ ကြိုးစားတာက နောက်ဆုံးတိုက်ပွဲမှာ ဝင်ရောက်စွက်ဖက်လိုက်တာနဲ့ အတူတူပဲ” လီကျွင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ ဒီလိုအဓိပ္ပာယ် မရှိတဲ့ကစားပွဲကို ဘာလို့လက်ခံရမှာလဲ” ယန်းလီလင်းက ပြောလိုက်သည်။
“ ခေတ်သစ် ရောက်လာလို့ပေါ့။ ကောင်းကင်တာအိုက နောက်ဧကရာဇ်ကို ဦးဆောင်နိုင်စွမ်းရှိပြီးတော့ နည်းဗျူဟာ ကောင်းတဲ့လူကို လိုချင်တာ”
“ အဲလိုဆိုရင်တော့ အကျိုးအကြောင်းသင့်တဲ့ ရှင်းပြချက်ဖြစ်သား။ ဒါပေမဲ့ ကိစ္စတွေက အဲ့လောက်ရိုးရှင်းပါ့မလား”
“ ဘယ်ဟုတ်မလဲ”
“ အိမ်အရင်ပြန်ပြီးတော့ ပြင်ဆင်ကြရအောင်” ဝမ်ဝေ့က သူ့ကိစ္စများသည် မရိုးရှင်းကြောင်း ခံစားမိ၍ ပြောလိုက်သည်။ သို့သော်လည်း သူတို့က မပျံသန်းနိုင်ခင် အမှတ်အသားပြားမှ နောက်ထပ် သတင်းစကားတစ်ခု ရောက်ရှိလာသည်။ အားလုံးတွင် ကစားပွဲမစတင်ခင် အချိန် ၃ ရက် ရရှိမည် ဖြစ်၏။
“ တစ်ခုပြီးတစ်ခုပဲ” ထျဲ့ကန်က ညည်းတွားလိုက်သည်။ အားလုံးကလည်း သူ့စကားကို သဘောတူကြ၏။
အိမ်ပြန်လာကာ စည်းမျဉ်းများကို သုံးသပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က တစ်စုံတစ်ခုကို အာရုံခံစားမိ၍ ဝမ်မျိုးနွယ်တောင်ထိပ်ဆီ ပျံသန်းသွားလိုက်သည်။ ထိုစဉ် တောင်ထိပ်ဆီ ရောက်သည့်အခါ သူ့အမေ၏ မျက်နှာအထက် စိုးရိမ်သောကရောက်နေသည်ကို မြင်လိုက်ရ၏။
“ ဘာဖြစ်လို့လဲ”
“ မင်းအဖေက နှလုံးသားနတ်ဆိုး ဖြစ်နေပြီတူတယ်”
ဝမ်ဝေ့က သက်ပြင်းချကာ “ ကျွန်တော် သူနဲ့ စကားပြောလိုက်မယ်”
သူက ငါးမျှားရာ မြစ်ဆီ ပျံသန်းလာပြီးနောက် သူ့အဖေက နဂိုနေရာတွင် ရှိနေလေသည်။ သူက ယခင်တွေ့ဆုံမှုကတည်းက ဤနေရာတွင် ဆက်တိုက် ရှိနေခဲ့ဟန်ပေါ်၏။ ဝမ်ဝေ့က ထိုသူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ဖရိုဖရဲ စိတ်ခံစားချက်များကို ခံစားမိလေသည်။
“ အဖေ ဘာတွေ ဖြစ်နေတာတုန်း” သူက အနားတွင် ဝင်ထိုင်ကာ မေးလိုက်သည်။
“ အခြေအနေကို စဉ်းစားပြီးတော့ ငါ့ကိုယ်ငါ ဖျောင်းဖျဖို့ ကြိုးစားနေတာ” ဝမ်ထျန်းက ပြောလိုက်သည် “ အဲဒီနောက် ငါသာ ရွေးချယ်မှု မှားယွင်းသွားပြီး အခြေအနေတွေ ဆိုးရွားသွားခဲ့ရင် မင်းက ငါ့ကို ဘယ်လောက်တောင် စိတ်ပျက်သွားမလဲဆိုတာကို တွေးမိသွားတယ်”
“ ကျွန်တော်ရဲ့ စိတ်ပျက်မှုကို ဘာမှစိုးရိမ်နေစရာ မလိုပါဘူး။ ဒါက အဖေ့ရဲ့ ကျင့်ကြံရေးလမ်းစဉ်ပဲလေ။ အဖေ ဘာကိုပဲရွေးရွေး ကျွန်တော် အားပေးပြီး လက်ခံမှာပါ”
“ ဒါပေမဲ့ မင်းက စိတ်ပျက်သွားဦးမှာလေ”
“ ဟုတ်တယ်။ ဒါပေမဲ့ အဲဒါက အရေးကြီးလို့လား” ဝမ်ဝေ့က ဖျောင်းဖျလိုက်၏ “ ကျွန်တော် ကလေးဘဝတုန်းက ကျွန်တော် ဓားသမားဖြစ်ဖို့ ငြင်းဆန်ခဲ့ဖူးတာကို မှတ်မိတယ်မလား။ အဲ့တုန်းက အဖေလည်း ကျွန်တော်ကို စိတ်ပျက်သွားခဲ့တယ်လေ။ ဒါပေမဲ့ ကျွန်တော်ကို အားပေးပြီးတော့ ဆက်လက် ချစ်ပေးခဲ့တယ်။ အဲဒီအတွက်ကိုလည်း ကျွန်တော်က အဖေကို လေးစားတယ်”
“ အဟုတ်ပဲ” ဝမ်ထျန်းက ပြုံးကာ ပြောလိုက်၏။ ထိုဖြစ်စဉ်အတွင်း သူ့အသက်ရှူနှုန်းက ပိုမိုချောမွေ့လာသည်။
“ အဖေက အခုထိ မရွေးချယ်နိုင်သေးဘူး”
“ အဲဒါဆို အဖေကို တစ်ခုမေးမယ်။ အဖေ့ရဲ့ ဓားသမားသက်သက် လမ်းစဉ်ကို ယုံကြည်တယ်မလား”
“ ဒါပေါ့”
“ အဲဒါဆိုရင် ဖြစ်စဉ်တစ်ခုကို စိတ်ကူး ကြည့်ကြည့်လိုက်။ တူညီတဲ့ နည်းစနစ်ကို လေ့လာထားတဲ့ တူညီတဲ့ ပါရမီရှင်ဓားသမားနှစ်ယောက်က တူညီတဲ့ တိုက်ပွဲကို တိုက်ခိုက်ကြပြီးတော့ တူညီတဲ့ စိတ်အခြေအနေ၊ တာအိုနှလုံးသား၊ တိုက်ပွဲဉာဏ်ရည်ကို ပိုင်ဆိုင်ထားကြတယ်။ တစ်ယောက်က ဓားသမားသက်သက် ဖြစ်ပြီးတော့ နောက်တစ်ယောက်ကတော့ ခန္ဓာကိုယ်ကို အထွတ်အထိပ်အထိ လေ့ကျင့်ထားတယ်။ ဘယ်သူနိုင်မယ်လို့ ထင်လဲ”
“ ခန္ဓာကိုယ် လေ့ကျင့်ထားတဲ့သူပေါ့”
“ ဘာလို့လဲ”
“ သူ့ရဲ့ ခုခံနိုင်စွမ်းကြောင့်လေ”
“ ဓားသမားသက်သက်က တခြားသူရဲ့ ခုခံနိုင်စွမ်းကို ကျော်လွန်လာသင့်တယ် မဟုတ်ဘူးလား။ ဒါက အဖေ့ရဲ့ အတွေးအခေါ်ရဲ့ အဓိကအချက် မဟုတ်ဘူးလား။ အရာအားလုံးကို အားကောင်းတဲ့ တိုက်ကွက်နဲ့ ကျော်လွှားဖို့လေ။ အဲဒါဆို အဖေက ခန္ဓာကိုယ်လေ့ကျင့်ထားတဲ့ ဓားသမားက ဘာလို့ နိုင်မယ်လို့ ထင်တာလဲ”
“ သူ နိုင်မှာက… သူ့ခန္ဓာကိုယ်က… ပိုမိုအားကောင်းတဲ့ … တိုက်ကွက်ကို ထုတ်ပေးဖို့ ခွင့်ပြုထားလို့ပဲ။ သူက မချိုးဖောက်နိုင်တဲ့ အကြွင်းမဲ့ဓားတစ်ချောင်း ဖြစ်လာလိမ့်မယ်”
ဝမ်ထျန်း၏ ပတ်ဝန်းကျင်တွင် အားကောင်းသည့် ဓားဆန္ဒတစ်ခု ထွက်ပေါ်လာပြီးသည့်နောက်တွင် မျက်လုံးကို မှိတ်ထားလိုက်သည်။ သူက ဉာဏ်အလင်းပွင့် အခြေအနေသို့ ဝင်ရောက်သွားသည်။
ဝမ်ဝေ့က ပြုံးလိုက်ပြီးသည့်နောက်တွင် ခေါင်းညိတ်ပြီး ထွက်လာလိုက်သည်။
“ ကျွန်တော် အလုပ်များနေတော့ သူ နိုးတဲ့အထိ မစောင့်နိုင်တော့ဘူး”
“ စိတ်မပူနဲ့။ အမေ သေချာတွေးပြီးသွားပြီ။ မင်း ပြန်လာတာ ထူးဆန်းနေတယ်” ယုယန်က ပြောလိုက်၏။
“ ကိစ္စတွေက ရှုပ်ထွေးနေတယ်။ ကျွန်တော် နောက်မှ ပြောပြမယ်”
“ ကောင်းပြီ။ အမေ သူ မနိုးလာခင်အထိ ဘေးမှာ နေပေးလိုက်မယ်”
ဝမ်ဝေ့က အဖွဲ့နှင့် ပြန်ဆုံစည်းဖို့ ပျံသန်းထွက်သွားသည်။
***