ကစားပွဲစတင်ခြင်
Vol. 47 Ch. 657
“ ဘယ်လိုအခြေအနေ ရှိလဲ” ဝမ်ဝေ့က အခန်းအတွင်း ဝင်လာပြီးနောက် မေးလိုက်သည်။
“ အကြီးအကဲတွေကို တပ်ဖွဲ့အတွက် တောင်းဆိုထားတယ်။ အခု စည်းမျဉ်းတွေကို သုံးသပ်နေကြတာ” လီကျွင်းက ပြောလိုက်၏။
“ အစ်ကိုကြီးဘက်ကရော အကုန်အဆင်ပြေရဲ့လား”
“ ဖြေရှင်းပြီးသွားပြီ။ ဒါနဲ့ မင်းတို့တွေ ဒီလောက်ထိ ဘာတွေလုပ်နေကြတာတုန်း”
“ အခုဖော်ပြချက်အရဆိုရင် အကြံပေးက အသုံးမဝင်ဆုံး ဇာတ်ကောင် ဖြစ်မယ်တူတယ်။ ဒါပေမဲ့ ဇာတ်ကောင်တွေ ပေါ်ထွက်လာတဲ့အခါမှာ ဒုတိယမြောက် ဖြစ်နေတယ်။ ပြီးတော့ အထွေထွေဆိုတဲ့ အဓိပ္ပာယ်က ဘာကိုပြောချင်တာလဲ မသိဘူး” ယန်းလီလင်းက ပြောလိုက်၏။
“ ဘုရင်ကပဲ ပျံသန်းနိုင်တယ်ဆိုရင် တိုက်ပွဲတွေက ပြောင်းလဲနိုင်စွမ်း နည်းသွားမှာပဲ။ အဲဒါက ကောင်းလည်းကောင်းတယ်၊ ဆိုးလည်းဆိုးတယ်” လီကျွင်းက ပြောလိုက်၏ “ ပြီးတော့ ဘုရင့်ဆီမှာ နောက်ထပ် တားမြစ်ချက်တွေရှိမဲ့ပုံပဲ”
“ အဲဒီစကားကို စိုးရိမ်နေမိတာ။ ဘုရင်က စစ်သူကြီး၊ အကြံပေး၊ တပ်သားနဲ့ တခြားသူတွေကို သတ်လို့မရဘူးဆိုတော့ အဲဒီတခြားသူဆိုတာ ဘာကို ပြောချင်တာလဲ။ ကျုပ်တို့ မသိသေးတဲ့ တခြားဇာတ်ကောင်တွေ ရှိနေသေးတာလား” ထျဲ့ကန်က ပြောလိုက်၏။
“ တပ်သားတွေက မပျံသန်းနိုင်သလို ကူးသန်းမသွားလာနိုင်ဘူးဆိုရင် မြင်းတို့၊ နတ်ဆိုးမျိုးနွယ်တို့လိုမျိုး ကူးသန်းပို့ဆောင်ရေးပုံစံ သုံးဖို့ လိုလာလိမ့်မယ်။” လီကျွင်းက ပြောလိုက်၏ “ အဲဒါက အကြံပေးရဲ့ အလုပ်တစ်ခု ဖြစ်မယ်တူတယ်။ ထောက်ပံ့ပို့ဆောင်ရေးထဲမှာဆိုရင်တော့ အင်အားနဲ့ တခြားအရာတွေကို ပြန်လည်ဖြည့်ဖို့၊ တိုးမြှင့်လာစေဖို့ ဆေးလုံးတွေ ပါလောက်တယ်”
“ အဲလိုဆိုရင် အကြံပေးက ဆေးဖော်စပ်နိုင်စွမ်း ရှိရမှာပဲ” ယန်းလီလင်းက ပြောလိုက်၏ “ ဒါမှမဟုတ်ဘူးဆိုရင် သူတို့က ဆေးဝါး ဒါမှမဟုတ် တခြားကျွမ်းကျင်အတတ်ပညာတွေကို အသုံးပြုနိုင်တဲ့ တစ်ယောက်တည်းသူ ဖြစ်နေနိုင်တယ်”
ထိုသုံးသပ်ချက်က အဓိပ္ပာယ်ရှိလေသည်။ အကယ်၍ ကစားပွဲ၏ ရည်ရွယ်ချက်က ကစားသမားများကို ကန့်သတ်ထားဖို့ ဖြစ်မည်ဆိုလျှင် ဝမ်ဝေ့ကဲ့သို့ စွယ်စုံကျွမ်းသူကို ပစ်မှတ်ထားလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် အကြံပေးက ယန်းလီလင်းလိုမျိုး ဆေးဝါးဖော်စပ်နိုင်စွမ်းလည်း ရှိရမည်။
“ ဆင့်ခေါ်ခြင်း တားမြစ်ချက်ကတော့ စစ်သူကြီးစွမ်းအားအလိုက် ကန့်သတ်ချက် ရှိမယ်တူတယ်” လီကျွင်းက ပြောလိုက်၏ “ တပ်သားတွေက တပ်သားတွေပဲ သတ်လို့ရတယ်ဆိုတာက ဘာကို ပြောချင်တာလဲ။ ပြောရမယ်ဆိုရင် တခြားဇာတ်ကောင်ကို အနိုင်ယူဖို့ တပ်သားအရေအတွက်အများကြီး သုံးလို့ မရဘူးလို့ ပြောချင်တာလား။ ဒါမှမဟုတ် တခြားတစ်ခုလား။ အစ်ကိုကြီးရော ဘယ်လိုထင်လဲ။ အဲဒါကို အာရုံစိုက်မိလား”
“ အင်း။ ဒါပေမဲ့ ငါ တွေးနေတာက ဘာလို့ ၅ယောက်တည်းကပဲ ဘုရင် ဖြစ်နိုင်တာလဲ”
“ အဲဒါက အင်အားကြောင့် မဟုတ်ဘူးလား”
“ ဟုတ်တယ် ယီလျန်ချန်းကလွဲရင် ရွေးချယ်ခံရတဲ့သူအားလုံးက အနည်းဆုံးပွင့်ချပ်၄လွှာ ထာဝရအရှင် စွမ်းအား ရှိကြတယ်။ အဲဒါဆိုရင် သူကရော အဲ့လောက်စွမ်းအားမျိုး ရှိနေတာလား”
“ အဲလိုဖြစ်နိုင်ချေ ရှိတယ်”
“ ဟုတ်လိမ့်မယ်။ ဒါပေမဲ့ သေမျိုးနဲ့ မသေမျိုးကြားက နယ်နိမိတ်ကို ချိုးဖောက်ထားတဲ့သူအားလုံးမှာ ငါ မှတ်မိနိုင်တဲ့ အငွေ့အသက်မျိုး ရှိတယ်။ ဒါပေမဲ့ သူ့ဆီက ဘာမှမခံစားမိဘူး”
“ အဲဒါဆိုတော့ သူက ဘာတွေထူးခြားနေတာလဲ”
“ ထျဲ့ကန်နဲ့ ယန်းလီလင်းလိုမျိုး ထာဝအရအရှင် စွမ်းအားရရှိဖို့ လျှို့ဝှက်နည်းစနစ် သုံးထားတဲ့သူတွေဆီမှာ အဲ့လိုအငွေ့အသက်မျိုး မရှိဘူး”
“ အဲဒါဆို ယီလျန်ရှန်းက သူ့အင်အားကို ဧကရာဇ်တစ်ပိုင်းအဆင့်ကနေ ပွင့်ချပ်၄လွှာ ထာဝရအရှင်အဆင့်ထိ တိုးထားနိုင်စွမ်း ရှိတယ်လို့ ပြောနေတာလား။ အဲဒီထက်ပိုပြီးတော့တောင် မြင့်နေနိုင်တာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကွာဟချက်ကြောင့် လီကျွင်းတွင် ပွင့်ချပ် ၃ လွှာအဆင့်တွင်ရှိနေပြီး ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ပွင့်ချပ် ၄လွှာကို ရောက်ရှိရုံမျှသာ ဖြစ်လိမ့်မည်။ ကျရှုံးနိုင်ချေလည်း ရှိသေးသည်။
“ ကြည့်ရတာ သူ့ကို သတ်ပစ်သင့်တယ်” ထျဲ့ကန်က ပြောလိုက်၏။ သူက ဖြစ်နိုင်ခြေရှိသည့် လျှို့ဝှက်အန္တရာယ်များကို ဖယ်ရှားပစ်ဖို့ တာဝန်ယူထားသည်။
“ ငါ့ဆီမှာ နေရာတစ်ခုပဲ ကျန်တော့တာဆိုတော့ သေချာလေ့လာကြည့်ကြတာပေါ့။ အကြီးမားဆုံး အပြောင်းအလဲကို ဖယ်ရှားပစ်ဖို့ လိုတယ်” ဝမ်ဝေ့က ပြောလိုက်သည် “ အခု ဒီ၅ယောက်နောက်က ပါဝင်ပတ်သက်မှုတွေကို ထည့်သွင်းစဉ်းစားရတော့မယ်”
“ ပါဝင်ပတ်သက်သူတွေလား” လီကျွင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏ “ မိစ္ဆာမျိုးနွယ်ရဲ့ ကောင်းကင်တာအိုက စစ်သူကြီးတွေ၊ ဘုရင်တွေက ပွင့်ချပ် ၃လွှာအဆင့်နဲ့အောက် အင်အားရှိမှာကို မစိုးရိမ်ဘူး။ အဲဒါဆိုတော့ ကျွန်တော်က ဘုရင်လည်း ဖြစ်နိုင်သလို စစ်သူကြီးလည်း ဖြစ်လာနိုင်တဲ့ အကြောင်းအရင်းပေါ့”
“ ဟုတ်တယ်”
“ ဒီကစားပွဲက ထင်ထားတာထက် ပိုခက်တာပဲ”
“ အမှန်ပဲ” ဝမ်ဝေ့က အားလုံးကို ငြိမ်သက်ဖို့ရာ လက်ဟန်ပြရင်း ပြောလိုက်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီးသည့်နောက်တွင် အနာဂတ်ဗုဒ္ဓကိုယ်ကို အသုံးပြုကာ ဖြစ်နိုင်ချေများကို စတင်တွက်ချက်ကြည့်လိုက်၏။ နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ပြောလိုက်သည် “ ဒီကစားပွဲမှာ အကြံပေးက အရေးကြီးဆုံး ဇာတ်ကောင်ပဲ”
“ တစ်ခုခုတွေးခဲ့လို့လား”
“ အင်း” ဝမ်ဝေ့က သူ တွေးမိသည့် ဖြစ်နိုင်ချေအကြောင်းအရာကို ရှင်းပြလိုက်သည်။
“ အဲ့လိုဆိုရင် အရာအားလုံးရဲ့ လှုပ်ရှားမှုကို ပြောင်းလဲသွားစေနိုင်တယ်” လီကျွင်းက ပြောလိုက်သည်။ ထို့နောက် သူ့ဇနီးဖြစ်သူကို ကြည့်ကာ “ မင်းတော့ အလုပ်အများကြီး ရှိတော့မှာပဲ”
“ အဆင်ပြေပါတယ်။ အလိုအလျောက် ဆေးပြင်းမီးဖိုက ဒီဖြစ်ရပ်အတွက် အသင့်တော်ဆုံးပဲ”
“ အဲဒါဆို ပြင်ဆင်လိုက်ရအောင်။ နောက်ထပ် တပ်သားအနေနဲ့ ကျွမ်းကျင်အတတ်ပညာရှင်တွေကို ထပ်ထည့်ခဲ့” ဝမ်ဝေ့က ပြောလိုက်၏ “ နောက်ပိုင်းကျရင် သူတို့ကို လိုလာနိုင်တယ်”
ထို့နောက် သူက အိမ်ပြန်ကာ သူ့ဇနီးနှင့် သွားရောက်တွေ့ဆုံလိုက်သည်။
“ ရှင် ကျွန်မကို ဘာပဲမေးမယ်လုပ်လုပ် မမေးနဲ့”
“ ဘာလို့လဲ။ ကိုယ် ဘာမှတောင် မပြောရသေးဘူးလေ”
“ ဒါက ရှင့်ရဲ့ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲလေ။ အဲဒါကြောင့် ရှင့်ဘာသာ ရှင် ဖြေရှင်း”
“ ဟူး…အနည်းဆုံးတော့ ဒီလိုမျိုး ကောင်းကင်အလိုဆန္ဒတိုက်ပွဲမျိုး ရှိလားဆိုတာကိုပဲ ပြောပြပေးပါ”
“ ထူးဆန်းတာ တချို့ရှိတာကို သိထားပေမဲ့ ဒီလိုမျိုး ထူးဆန်းတာမျိုးတော့ တစ်ခါမှ မဖြစ်ဖူးဘူး”
“ အဲဒါဆိုတော့ မူမမှန်မှု တစ်ခုပေါ့”
ဝမ်ဝေ့က ထွက်မသွားခင် သူ့ဇနီးနှင့်အတူ အချိန်ကုန်ဆုံးခဲ့၏။ သူက ကျန်ရှိနေသည့် သုံးရက်လုံးကို သူ့တပ်ဖွဲ့ကို စီစဉ်ပြီး လေ့ကျင့်ပေးဖို့ အသုံးပြုခဲ့၏။
သို့သော်လည်း အိမ်မှ ထွက်မလာခင် ဝူဟုန်က ပြောလိုက်သည် “ ယီလျန်ချန်းကို သတိထား။ သူ့ဆီမှာ ရှိတဲ့ လျှို့ဝှက်ချက်က ကျွန်မကို ခံစားချက် ဆိုးရွားစေတယ်”
“ မင်း တစ်ခုခုသိလို့လား”
“ ကျွန်မ အဲ့လိုခံစားမိတယ်။ ဒါပေမဲ့ မမှတ်မိဘူး” အရင်ကိစ္စများကဲ့သို့ ထိုလူသည်လည်း ယခင်အချိန်စက်ဝန်းတွင် မတည်ရှိခဲ့ဖူးပေ။ သို့သော်လည်း ယီလျန်ချန်း၏ ကြက်သီးထဖွယ် အငွေ့အသက်မျိုးက သူမ စံပြတစ်ယောက်အနေဖြင့် ကြုံတွေ့ခဲ့ဖူးသည့် အကြောက်တရားတချို့ကို ပြန်လည်အမှတ်ရစေသည်။ ကံဆိုးစွာဖြင့် ထိုမှတ်ဉာဏ်က ဝေဝါးကာ အလှမ်းဝေးလွန်းနေသည်။
“ ဂရုစိုက်ပါ့မယ်”
ဝမ်ဝေ့ ထွက်သွားပြီးသည့်နောက်တွင် ဝူဟုန်က တခြားနေရာကို လှမ်းကြည့်လိုက်ရင်း “ ငါ ဒီဟာကို တစ်ခါပဲ သုံးလို့ရမယ်။ အကုန်လုံးကို စီစဉ်ပြီးသွားပြီ”
သူမက ခေါင်းခါလိုက်ပြီးသည့်နောက်တွင် အနည်းငယ် ဝမ်းနည်းနေမိ၏။
ထိုစဉ် ဝမ်ဝေ့က တခြားသူများနှင့် ပြန်လည် ဆုံစည်းလိုက်သည်။ သူက သူ့အချိန်ဟွင်သွမ်းရတနာကို ထုတ်ကာ လေ့ကျင့်ပေးခဲ့သည်။
တစ်ကမ္ဘာလုံးက ကောင်းကင်အလိုဆန္ဒတိုက်ပွဲ၏ ရုတ်ချည်း အပြောင်းအလဲကြောင့် လှုပ်ရှားနေကြသည်။ အားကောင်းသည့် စစ်သူကြီးများက အင်မတန် အဖိုးတန်လှသည်။ အကြောင်းမှာ ထိုသူ မပါရှိဘဲ ဝင်ခွင့်အမှတ်အသားပြားကို ရယူနိုင်မည် မဟုတ်ပေ။
၃ ရက်ကြာမြင့်ပြီးသည့်နောက်တွင် အားလုံးက ကစားပွဲစတင်ရာနေရာ၌ စုဝေးလိုက်ကြသည်။ ဝမ်ဝေ့က ဘုရင်ဖြစ်လာပြီး ယန်းလီလင်းက အကြံပေး ဖြစ်လာကာ ထျဲ့ကန်၊ ယန်းလီလင်းနှင့် ဝမ်ကျူတို့က စစ်သူကြီး ဖြစ်လာကြသည်။ သူတို့က ဂိုဏ်းမှ နောက်ထပ် စစ်သူကြီး ၂ယောက်ကို ရွေးချယ်နိုင်သော်လည်း အဖွဲ့၏ နည်းဗျူဟာအရ ယခုအတိုင်းသာ ဆုံးဖြတ်ခဲ့သည်။
ထုံရို့ပင်းက ဝမ်ဝေ့၏ အဖွဲ့ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သူက ဘာလို့ စစ်သူကြီး ၃ယောက်တည်းပဲ ရှိတာတုန်း။ စစ်သူကြီးများများရှိတာက တပ်ဖွဲ့ကြီးပြီးတော့ အသက်ရှင်နိုင်ချေ ပိုမြင့်မားတယ် မဟုတ်ဘူးလား။ သူက ယုံကြည်ချက် ပြင်းထန်လွန်းနေတာလား။ ဒါမှမဟုတ် သူ တစ်ခုခုကို သိနေတာလား…
သူမက တိထျန်းဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ သူသည်လည်း စစ်သူကြီး သုံးယောက်သာ ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။ ဝမ်ဝေ့၏ အဖွဲ့ပုံစံကဲ့သို့ စစ်သူကြီးထဲက တစ်ယောက်က သတင်းအချက်အလက် စုဆောင်းဖို့ရာ တာဝန်ယူထားဟန်ပေါ်၏။
တစ်ခုခုတော့ လွဲနေပြီ…
သူမ သိထားသလောက် ထိုလူများသည် ဤကစားပွဲ၏ လျှို့ဝှက်စည်းမျဉ်းတချို့ကို သိထားဟန်ပေါ်သည်။ ဝမ်ဝေ့က သူ့ဉာဏ်ပညာကို အသုံးပြုစဉ် တိထျန်းကမူ သူ၏ ချမ်းသာမှုကို အသုံးပြုခဲ့သည်။ သူ့တွင် ရှိထားသည့် ရတနာတစ်ခုက ပိုင်ရှယ်မျိုးနွယ် ကြယ်တာရာဝိဇ္ဇာ၏ ခန္ဓာကိုယ်မှ သန့်စင်ထားသည့်အရာ ဖြစ်၏။ သူ့ဇနီးကို အသက်ပြန်သွင်းဖို့ ကြိုးစားမှုအတွင်း ကြယ်ငါးလုံး သွေးမျိုးဆက် အဖွဲ့သားနှင့် ဆွေးနွေးညှိနှိုင်းခဲ့သည်။ သို့သော် ထိုသူက လိုချင်သည့်အဖြေကို မပေးသည့်အတွက် သူက မကျေနပ်ပေ။ သူသည် ထိုရတနာကို ရယူကာ ပိုင်ရှယ်မျိုးနွယ်နှင့် ကမ္ဘာ့ရန် ဖြစ်လာခဲ့သည်။
ဝမ်ဝေ့က သူ့ဝင်ခွင့်အမှတ်အသားပြားအတွက် ဘုရင်ကို ရွေးချယ်ထားပြီး တခြားလူများက စစ်သူကြီးကို ရွေးချယ်ကာ သူနှင့် ဆက်နွယ်ထားကြသည်။
“ မင်းတို့ကို အားကိုးမယ်နော်”
“ အစ်ကိုကြီး စိတ်မပူနဲ့။ ကျွန်တော်တို့ အစ်ကိုကြီးနောက်မှာ ရှိတယ်”
ဝမ်ဝေ့က ပြုံးလိုက်ပြီးသည့်နောက်တွင် ကာကွယ်ရေးအလွှာအတွင်းသို့ ဝင်ရောက်သွား၏။ သို့သော်လည်း သူ မဖြတ်သန်းသွားခင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်။ ကောင်းကင်တာအိုက ရုတ်ချည်း ထွက်ပေါ်လာကာ ဝမ်ကျူနှင့် တိထျန်းဘေးတွင် ရှိနေသည့် ခေါင်းဆောင်းလူ တစ်ယောက်ကို ဝင်ခွင့်တားဆီးခဲ့သည်။
“ ဘာဖြစ်လို့လဲ” ဝမ်ဝေ့က သိထားသော်လည်း မေးလိုက်သည်။
အဖြေပြန်မရခဲ့ပေ။
“ သူမကို စည်းပိတ်ဖို့ သဘောတူတယ်”
အဖြေပြန်ရမလာပေ။ ဝမ်ကျူက တားမြစ်ခံလိုက်ရသည်ဟုသာ သိရ၏။
“ အဲဒါဆိုရင် သူမကို ဘုရင် ဖြစ်ခိုင်းလိုက်”
အဖြေကား အတူတူသာ ဖြစ်၏။
“ ဒါက လွန်လွန်းသွားပြီ” ဝမ်ဝေ့က မျက်စိမှိတ်ကာ ခေတ်ကာလသားတော်၏ ဂုဏ်ပုဒ်ကို အသုံးပြု၍ အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်တာအိုကို ဆင့်ခေါ်လိုက်သည်။ သူက မိစ္ဆာမျိုးနွယ်သည် စည်းမျဉ်းများကို ပြောင်းလဲဖို့ ခွင့်မပြုကြောင်း အငြင်းအခုန် ပြုလုပ်လိုက်၏။
ထို့နောက် ထိုကမ္ဘာအသိစိတ်များကြား ညှိနှိုင်းမှု ဖြစ်ပေါ်လာခဲ့ပြီးနောက် သဘောတူညီမှု ရရှိလာခဲ့သည်။ ဝမ်ကျူနှင့် တိထျန်း၏ အရိပ်ဖြစ်သူအပေါ်တွင် စည်းတံဆိပ်တစ်ခု ထားရှိလာပြီး သူတို့၏ စွမ်းအားကို ကန့်သတ်လိုက်၏။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောပေ။ ထို့နောက် အဖွဲ့က ကာကွယ်ရေးအလွှာအတွင်း ဝင်ရောက်လိုက်ကြသည်။ သူတို့က ကွင်းပြင်တစ်ခုဆီ ရောက်ရှိနေပြီး ဘာမှမတွေ့ရပေ။
“ ကောင်းကင်တာအိုက ဘာဖြစ်နေတာလဲ” လီကျွင်းက မေးလိုက်သည်။
“ ငါလည်း မသိဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်၏ “ အခုတော့ ပတ်ဝန်းကျင်ကို ဆက်ပြီး လေ့လာကြည့်ရအောင်”
“ ကောင်းပြီ”
“ ပေါများလိုက်တဲ့ ဝိညာဉ်ချီတွေ။ မိစ္ဆာမျိုးနွယ်က ဒီလိုပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နေတာပဲ” ထျဲ့ကန်က ပြောလိုက်၏။
“ အဲဒါဆိုတော့ ဒီနေရာတည်ရှိနေတာ ဘယ်လောက်ကြာပြီလဲဆိုတာကို မေးခွန်းရှိလာတယ်။ သူတို့တွေ ပြန်အားပြည့်နေတာ ဘယ်လောက်ကြာပြီလဲ” လီကျွင်းက မေးလိုက်၏။
“ ပတ်ဝန်းကျင် အာကာပြင်တစ်ခုလုံးက ထူးဆန်းတယ်” ဝမ်ဝေ့က အာကာပြင်ကို လှုံ့ဆော်ဖို့ ကြိုးစားလိုက်သော်လည်း အသုံးမဝင်ခဲ့ပေ “ ထင်ထားတဲ့အတိုင်း ကူးသန်းပြောင်းရွှေ့တာက တားမြစ်ထားတဲ့ ပုံစံတစ်မျိုးပဲ။ လီလင်း မင်းရော သွားလာနိုင်လား”
ယန်းလီလင်းက သူမ၏ စည်းမျဉ်းကို ထိန်းချုပ်ကာ အာကာပြင်နှင့် ပေါင်းစပ်ဖို့ ကြိုးစားလိုက်၏ “ မရဘူး။ ကြည့်ရတာ ဒါကို ကူးသန်းပို့ဆောင်ရေးအဖြစ် မှတ်ယူတယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ အစ်ကိုကြီးရဲ့ ခန့်မှန်းချက်သာ မှန်နေမယ်ဆိုရင် ဒါကိုလည်း တားထားတာ ဖြစ်နိုင်တယ်”
“ အမှန်ပဲ။ ပျံသန်းကြည့်ဖို့ ကြိုးစားကြည့်” အားလုံးက ကောင်းကင်အထက် ပျံသန်းကြည့်ဖို့ ကြိုးစားကြည့်လိုက်သော်လည်း စွမ်းအားပြင်းပြင်း အားတစ်ခုက သူတို့ကို တားဆီးထား၏။
[ မင်းတို့ရဲ့ တပ်သားကို ရွေးချယ်ပါ]
ထိုစကားလုံးများက ရုတ်ချည်းဆိုသလို ထွက်ပေါ်လာ၏။ အဖွဲ့က သူတို့၏ တပ်ဖွဲ့ဖြစ်သည့် သတ်ဖြတ်ရေးနှင့် မသေနိုင်သော တပ်ဖွဲ့ကို ဆင့်ခေါ်လိုက်ကြသည်။
[ မင်းတို့တွေ တပ်သားအရေအတွက် ပြည့်သွားပါပြီ]
[ အခုကစပြီး အာကာပြင်ရတနာအားလုံးကို တားမြစ်ထားတယ်။ အခုချက်ချင်း လက်နက်တွေ၊ ချပ်ဝတ်တွေ ထုတ်ယူလိုက်ပါ]
“ အဲဒါဆိုတော့ သူတို့က စစ်သားတွေကို ကမ္ဘာငယ်ထဲထည့်ပြီး ကူးသန်းပြောင်းရွှေ့တာကို တားဆီးထားတယ်ဆိုတဲ့ သဘောပေါ့” ထျဲ့ကန်က ပြောလိုက်သည်။
“ အဲဒါဆို အကြံပေးအတွက်ကရော” ဝမ်ဝေ့က မေးလိုက်သည်။
[အကြံပေးက သူတို့ရဲ့ သိုလှောင်လက်စွပ်အတွင်းက ကန့်သတ်ထားတဲ့ ပစ္စည်းတွေကို ဖယ်ရှားနိုင်စွမ်း ရှိပါတယ်]
“ ဒီမေးခွန်းကို မမေးလိုက်ရင် အဖြေကို သိမယ်လို့ ထင်လား” ယန်းလီလင်းက မေးလိုက်သည်။
“ ဘယ်သိပါ့မလဲ။ ဒါပေမဲ့ ရှာတွေ့ဖို့တော့ သိပ်မခက်ပါဘူး” လီကျွင်းက ပြောလိုက်၏။
“ အရင်ဆုံး စမ်းသပ်ကြည့်ရအောင်” ဝမ်ဝေ့က ပြောလိုက်ပြီးသည့်နောက်တွင် အဝေးတစ်နေရာသို့ ပျံသန်းထွက်သွားပြီးသည့်နောက် မိနစ်ပိုင်းကြာ ပြန်လည်ရောက်ရှိလာသည်။
“ ဘုရင်ကတော့ သူ့တပ်ဖွဲ့နဲ့ သတ်မှတ်ထားတဲ့ အကွာအဝေးအတွင်းမှာ ပျံသန်းနိုင်တယ်။ ကံကောင်းတာက အကွာအဝေးက သိပ်မဆိုးဘူး”
“ ဒီကုန်းမြေက မိစ္ဆာမျိုးနွယ်က တူညီတဲ့စည်းမျဉ်းနဲ့ ကန့်သတ်တွေရှိရင် ပိုကောင်းမယ်” ထျဲ့ကန်က ပြောလိုက်သည် “ မဟုတ်ရင်တော့ တကယ်ကို အကျိုးအကြောင်း မသင့်တာပဲ”
“ သူတို့တွေ ရှိမှာပါ” ဝမ်ဝေ့က ပြောလိုက်၏ “ ဝမ်ကျူ … မင်းရဲ့ ကင်းထောက်ကို လွှတ်လိုက်။ ငါတို့တွေ မကြာခင်ပြန်တွေ့ကြမယ်”
ဝမ်ကျူက အဖွဲ့ထဲမှ လူတချို့ကို ခေါ်ဆောင်ကာ ထွက်သွားသည်။ နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက သတင်းတချို့ဖြင့် ပြန်လည်ရောက်ရှိလာ၏။
“ ဂိုဏ်းချုပ် … ဂိုဏ်းချုပ်ရဲ့ ခန့်မှန်းချက်က မှန်တယ်”
***