← Chapters

မွန်းကျပ်ခြင်း

Vol. 47 Ch. 658

မွန်းကျပ်ခြင်း

Vol. 47 Ch. 658

လီကျွင်းနှင့် ထျဲ့ကန်တို့က တပ်သားငါးသန်းစီ ဦးဆောင်ပြီး အကောင်းဆုံးချပ်ဝတ်နှင့် လက်နက်များကို ဝတ်ဆင်ထားကာ ညီညာစွာ လျှောက်လှမ်းလာကြသည်။ ထိုအဖွဲ့ကို ကြည့်သည့်သူတိုင်းက သူတို့ထုတ်လွှတ်နေသည့် ပြင်းထန်သော အငွေ့အသက်ကို ခံစားမိကြလိမ့်မည်။ သူတို့သည် သွေးနှင့် သတ်ဖြတ်ခြင်းများကို နေသားကျနေသည့် တပ်သားများ ဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားကြလိမ့်မည်။

“ရပ်” လီကျွင်းက အော်ပြောလိုက်သည့်အခါ အားလုံးက ချက်ချင်းဆိုသလို ရပ်တန့်သွားကြသည်။ သူက သူ့အဖွဲ့အားကြည့်လိုက်ပြီးနောက် တချို့က အသက်ပြင်းပြင်းရှူကာ ချွေးထွက်နေသည်ကို တွေ့လိုက်ရသည်။

“ သတင်းအချက်အလက်က မှန်နေတာပဲ” လီကျွင်းက သူ့နောက်မှ အဖွဲ့ကို ပြောလိုက်သည်။

“ သူတို့တွေက ကီလိုမီတာ ထောင်ချီလောက်ပဲ လျှောက်ရသေးတယ်။ အခုပင်ပန်းနေကြပြီ” ယန်းလီလင်းက ပြောလိုက်သည်။

ထိုတပ်သားများ၏ အားအနည်းဆုံး ကျင့်ကြံဆင့်က ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ဖြစ်ကာ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် များစွာလည်း ပါရှိသည်။ ထိုစဉ် ဒုစစ်သူကြီးများကမူ သူတော်စင်အဆင့်များ ဖြစ်ကြ၏။ ထိုတပ်သားများက အလယ်အလတ်ကမ္ဘာ သို့မဟုတ် အဆင့်မြင့်ကမ္ဘာများဟု ယူဆရသည့် ကမ္ဘာမျိုးတွင် နတ်ဘုရား ဖြစ်နေနိုင်သည်။

သို့သော် ကီလိုမီတာထောင်ချီ လမ်းလျှောက်ပြီးသည့်နောက်တွင် သူတို့က အသက်ပြင်းပြင်းရှူကာ မောပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပြသလာ၏။

“ အဲဒါဆိုတော့ တပ်သားတွေရဲ့ အကန့်အသတ်က သူတို့ရဲ့ အင်အားအပြင် သက်လုံကလည်း သေမျိုးတစ်ယောက်လို ကန့်သတ်ခံထားရတာပဲ” ထျဲ့ကန်က ဤကစားပွဲသည် ယုတ္တိ မရှိကြောင်း တွေးမိကာ ပြောလိုက်သည်။

“ အဲ့ထက်ပိုပြီး ဆိုးရွားနိုင်တယ်” ဝမ်ဝေ့က ပြောလိုက်သည် “ သူတို့ကို ပြန်လည်အားဖြည့်ဖို့ အမိန့်ပေးလိုက်”

လီကျွင်းက လက်ဟန်ပြုလုပ်လိုက်သည့်အခါ တပ်သားများက တင်ပျဉ်ခွေထိုင်ပြီး တရားထိုင်သည့် အနေအထားသို့ ဝင်ရောက်သွားကြသည်။

နာရီဝက်ကြာမြင့်ပြီးသည့်နောက်တွင်

“ အသုံးမဝင်ဘူး။ သူတို့ရဲ့ သက်လုံက ပြန်ပြီးတော့ ကောင်းမလာဘူး”

“ သူတို့ကို အစားအစာနဲ့ ဆေးလုံးတချို့ ပေးလိုက်” ဝမ်ဝေ့က အမိန့်ပေးလိုက်သည့်အခါ ယန်းလီလင်းက လုပ်ဆောင်လိုက်သည်။ အစားအစာကို စားပြီးသည့်နောက်တွင် တပ်သားများ၏ သက်လုံက ပြန်လည်ကောင်းမွန်လာ၏။

“ မင်း .. မင်း .. မင်း” လီကျွင်းက ရှေ့တန်းမှ လူသုံးယောက်ကို လက်ညှိုးထိုးကာ “ ဘေးဖက်ထွက်ပြီးတော့ မင်းရဲ့ မူလအဆီအနှစ်အကုန်ကို သုံးကြည့်”

တပ်သားများက အမိန့်အတိုင်းလိုက်နာကာ သူတို့မူလအဆီအနှစ် ကုန်ဆုံးမှု အမြန်ဆုံးနည်းလမ်းကို အသုံးပြုလိုက်ကြသည်။ ထို့နောက် သူတို့က ပြန်လည်အားဖြည့်ဖို့ ကျင့်ကြံလိုက်ကြ၏။

“ ထင်ထားတဲ့အတိုင်း အသုံးမဝင်ဘူးပဲ” လီကျွင်းက ပြောလိုက်သည်။

“ ယန်းလီလင်းက တပ်သားများဆီ ချဉ်းကပ်လာကာ စွမ်းအင်ဖြည့်တင်း ဆေးလုံးများ ပေးလိုက်ပြီးနောက် အလျင်အမြန် ကောင်းမွန်လာကြသည်။

“ အရင်းအမြစ်က အရမ်းကို အဖိုးတန်လာလိမ့်မယ်” သူမက ပြောလိုက်၏။ ကစားပွဲက သူမအား သိုလှောင်လက်စွပ်အတွင်းမှ ကန့်သတ်ထားသည့် ပစ္စည်းတချို့ကိုသာ ထုတ်ယူခွင့်ပြုထားသည်။ ထို့ကြောင့် သူမက သူမ၏ တပ်သားများကို ထောက်ပံ့ပေးဖို့အတွက် ဤနေရာ၏ အရင်းအမြစ်များကို အသုံးပြုဖို့ လိုအပ်လာလိမ့်မည်။

“ သူတို့တွေက ကိုယ်ပိုင်အရင်းအမြစ်တွေကို သုံးခွင့်မပြုတာ ထူးဆန်းမိသား” ထျဲ့ကန်က ပြောလိုက်သည်။

“ ဒါက အစကတည်းက အပေးအယူပဲလေ။” ဝမ်ဝေ့က ပြောလိုက်ပြီးသည့်နောက်တွင် အဝေးတစ်နေရာကို လှမ်းကြည့်ကာ “ ကောင်းကင်တာအိုက ငါတို့ကို တမင်သက်သက် အဝေးကြီးကို ပို့ပြီးတော့ သိုလှောင်လက်စွပ်ထဲက အရင်းအမြစ်တွေကို ကုန်ဆုံးအောင် လုပ်ပစ်တာပဲ။ တကယ်လို့ အရင်းအမြစ်တွေကို ကောင်းကောင်းမွန်မွန် မစီမံနိုင်ရင် ငါတို့တွေ ရှင်းထုတ်ခံရလိမ့်မယ်”

“ ဒီကစားပွဲက သေမျိုးတွေရဲ့ နည်းဗျူဟာနဲ့ စွမ်းဆောင်ရည်ကို တန်ဖိုးထားတဲ့ပုံပဲ”

သေမျိုးစစ်သူကြီးအများစုက စစ်ချီတက်ရာတွင် သူတို့၏ ကူးသန်းပို့ဆောင်ရေး၊ ထောက်ပံ့ရေးပစ္စည်းများအကြောင်း အပါအဝင် တပ်သားများ၏ စိတ်အခြေအနေကိုပင် စိတ်ပူရသည်။ ထိုစဉ် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူတို့သည် သူတို့ တပ်သားများ၏ သက်လုံနှင့် ခရီးနှင်နိုင်စွမ်းကို စိုးရိမ်စရာ မလိုပေ။ ကံကောင်းစွာဖြင့် သူသည် သူ့တပ်ဖွဲ့ သေးငယ်စဉ်အချိန်ကတည်းက  ဝမ်ဝေ့ဆီမှ စွန်းကျူး၏ စစ်ပွဲပညာရပ်အကြောင်း ဖတ်ရှုခဲ့ဖူးသည်။

“ ဒီကစားပွဲမှာ ကိုယ်ပိုင်စွမ်းဆောင်ရည်တွေက ကဏ္ဍတစ်ခုအနေနဲ့ ပါလာလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်ပြီးသည့်နောက် မျက်လုံးမှိတ်ကာ သူ့အံ့ဖွယ်အသိစိတ်ကို ပတ်ဝန်းကျင်ဆီ ဖြန့်ကျက်လိုက်သည်။

“ ဒါကိုလည်း သူတို့က ကန့်သတ်ထားတယ်။ ထျဲ့ကန်ပြောတာမှန်နေတာပဲ။ ဒါက လုံးဝကို အဓိပ္ပာယ်မရှိဘူး”

“ အဲဒါကြောင့် ကျုပ် ပြောနေတာပဲလေ”

“ ကောင်းပြီ”

“ အသက်ဓာတ်ကို ခံစားမိတယ်”

တပ်က ဆက်လက် ချီတက်လာပြီး အဖွဲ့က အမြန်နှုန်းကို စီမံနိုင်ခဲ့ကြသည်။ ငါးရက်တာ ချီတက်လာပြီး ကြားထဲ အမြောက်အများ အနားယူပြီး စစ်သားများအတွက် အစားအစာ မဲလိုက်ပြီးသည့်နောက် အဖွဲ့က မိစ္ဆာမျိုးနွယ် ရွာငယ်လေးတစ်ခုဆီ ရောက်ရှိလာကြသည်။ ထိုနေရာတွင် မူမမှန်မှု တချို့ကို သတိထားမိလိုက်၏။

“ ဒါက ဘာမျိုးနွယ်လဲ” ထျဲ့ကန်က မေးလိုက်၏။ သူက မိစ္ဆာမျိုးနွယ်၏ မျိုးနွယ်ခွဲများကို လေ့လာဖူးသော်လည်း ဤသို့သက်ရှိမျိုးကို မမြင်ဖူးပေ။

သူက ဗဟုသုတ လိုအပ်နေသည်ဟု တွေးမိသွား၏။

“ သူတို့က ဦးချိုရှိတဲ့ လူသားနဲ့တူတယ်။” လီကျွင်းက ပြောလိုက်၏ “ ဒီလိုမိစ္ဆာမျိုးနွယ်မျိုး မရှိဘူး။ အနီးကပ်ဆုံးက ဦးချိုမိစ္ဆာပဲ။ ဒါပေမဲ့ သူတို့မှာ လက်သည်းတွေ၊ အစွယ်တွေနဲ့ တောင်ပံ ရှိတယ်”

“ မိစ္ဆာမျိုးနွယ်တချို့က‌တော့ လူသားနဲ့ တော်တော်တူတယ်” ယန်းလီလင်းက ပြောလိုက်၏ “ ဒါက မျိုးစိတ်အသစ်လား”

“ သူတို့ရဲ့ သွေးမျိုးဆက်က လူသားတချို့ ရောနှောထားတဲ့ပုံပဲ” ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ပြောလိုက်သည် “ ပိုပြီးအရေးကြီးတာက မင်းတို့တွေ မူမမှန်မှုကို သတိထားမိတာလား”

“ သူတို့က ကျွန်မတို့ကို မကြောက်ဘူးပဲ” ယန်းလီလင်းက ပြောလိုက်သည် “ သူတို့အကြည့်ထဲမှာ အကြောက်တရား အနည်းငယ်တောင် မတွေ့ရဘူး”

အဖွဲ့က အလျင်စလို မလှုပ်ရှားဘဲ ဆက်လက် လေ့လာကြည့်လိုက်သည်။ ထိုမိစ္ဆာက သူတို့၏ တပ်ကို ကြည့်နေကြပြီး လုပ်လက်စအလုပ်ကိုသာ လုပ်ကိုင်နေကြသည်။ တချို့သော ကလေးများက သိချင်လိုသည့် အကြည့်များဖြင့် ကြည့်နေကြ၏။

“ ဝမ်ကျူ … မင်းတို့ထဲက တစ်ယောက်ကို လွှတ်ပြီးတော့ လူတစ်ယောက်ကို သတ်ခိုင်းလိုက်” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင် တစ်ယောက်က အနီးဆုံး ကျန်းမာသည့် အမျိုးသားတစ်ယောက်ဆီ ချဉ်းကပ်သွားကာ ခေါင်းကို ဖြတ်လိုက်သည်။ ထို့နောက် ရွာက အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေ၏။ ကလေးများက သူတို့အမေဆီ ပြေးသွားကာ ယောကျ်ားသားများက ရှေ့မှ ရပ်ကာ အားလုံးကို ကာကွယ်ပေးလိုက်သည်။

ဝမ်ဝေ့နှင့် အဖွဲ့က ဆက်လက် မသတ်ဖြတ်ဘဲ စောင့်ကြည့်လိုက်ကြ၏။ သူတို့သည် ဤသတ်ဖြတ်မှုက အပြောင်းအလဲ ဖြစ်လားဟု စောင့်ကြည့်ဖို့ ဝင်ခွင့်အမှတ်အသားပြားကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် ဘာမှဖြစ်ပျက်မလာခဲ့ပေ။

နာရီဝက်ကြာမြင့်ပြီးသည့်နောက်တွင် ကောင်းကင်၌ သတင်းစကားတစ်ခု ပေါ်ထွက်လာ၏။

[ တပ်သားက စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်။ ပြဌာန်းချက်အရ သုတ်သင်ခံရမယ်]

ကောင်းကင်မှ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီးသည့်နောက်တွင် ထိုလူကို သုတ်သင်ဖို့ အဆင်သင့်ဖြစ်နေလေပြီ။ ထိုသူအနေနှင့် သူ့ကို ကယ်တင်နိုင်မည့်အရာ ဘာမှမရှိကြောင်း သိထားလေ၏။

ထိုအရိပ်တပ်ဖွဲ့၏ မျက်နှာအထက် အကြောက်တရားမရှိသလို၊ စိတ်ခံစားချက်လည်း မရှိပေ။ သူက ခေါင်းဆောင်အတွက် သေဖို့ရာ လေ့ကျင့်ခံထားရသူ ဖြစ်၏။ ထိုအခိုက်အတန့် ရောက်ရှိလာသည့်အခါ သူက ကံကြမ္မာကို လက်ခံနိုင်သည်။

“ ဒါက သူ့ရဲ့ ပထမဆုံး စည်းမျဉ်းချိုးဖောက်မှုပါ” ဝမ်ဝေ့က အော်ပြောလိုက်သည်။

[ ပျက်သုဉ်းမှုကို ဖျက်သိမ်းတယ်။ ပထမအပြစ်ဒဏ် - အားနည်းတဲ့ အခြေအနေ]

“ ဘယ်လောက်ကြာကြာလဲ” ဝမ်ဝေ့က ပြောလိုက်၏။

[ ၃ရက်]

ကောင်းကင်မှ အလင်းလုံးတစ်လုံး ဆင်းသက်လာပြီးသည့်နောက်တွင် ကံကြမ္မာအရိပ် တပ်သား၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်။ သူ့အရှိန်အဝါက ချက်ချင်းဆိုသလို လျော့ကျသွားပြီး သူ့အမူအရာက ဖြူဖျော့သွား၏။

ဝမ်ဝေ့က သူ့နားလျှောက်လာလိုက်သည်။

“ သခင်ကို ကျေးဇူးတင်ပါတယ်”

“ ပြောဖို့မလိုဘူး။ ငါ တတ်နိုင်မယ်ဆိုရင် ငါ့လူတွေကို သေခွင့်မပြုဘူး” ဝမ်ဝေ့က ထိုလူ၏ အားနည်းသည့် အနေအထားကို လေ့လာကြည့်လိုက်၏။

“ အခု ငါတို့ စည်းမျဉ်းကို နားလည်ပြီ။ အခု ငါတို့တွေ တပ်သားက တပ်သားကိုပဲ သတ်နိုင်တယ်ဆိုတဲ့ စည်းမျဉ်းကို နားလည်သွားပြီ။ အဲဒါက ဒီကုန်းမြေက သေမျိုးတွေကို ကာကွယ်ပြီးတော့ စိတ်လွတ်လက်လွတ် သတ်ဖြတ်တာကို တားဆီးဖို့အတွက်ပဲ” လီကျွင်းက ပြောလိုက်၏။

“ အဲဒါဆို မေးခွန်းက ငါတို့ကောင်းကင်တာအိုက ဘာလို့သေမျိုးတွေကို ရုတ်တရက် ဂရုစိုက်လာရတာလဲ။ အရင် ရှင်းလင်းရေးတုန်းက အရာအားလုံးကို ခွင့်ပြုထားတာလေ” ယန်းလီလင်းက ပြောလိုက်သည်။

မည်သူကမှ သူမကို ပြန်မဖြေကြပေ။ ထို့ကြောင့် အဖွဲ့က ဝမ်ဝေ့အပေါ်သာ အာရုံစိုက်လိုက်ကြ၏။

“ တစ်ခုခု ရှာတွေ့လို့လား”

“ မဟုတ်ဘူး။ ဒါက အစီအစဉ်ကျမှု စွမ်းအားပဲ။ ငါ့စွမ်းဆောင်ရည်ထက် ကျော်လွန်နေတယ်။ ငါလုပ်နိုင်တဲ့ အကောင်းဆုံးအနေအထားက လျှို့ဝှက်စည်းမျဉ်းတွေကို ဖော်ထုတ်ဖို့ပဲ” ဝမ်ဝေ့က ပြောလိုက်၏။

သူက ဝမ်ကျူ၏ စည်းတံဆိပ်နှင့် ပတ်သက်ပြီး လေ့လာကြည့်ဖို့ ကြိုးစားကြည့်သော်လည်း အသုံးမဝင်ပေ။

သူမသည် ပွင့်ချပ် ၃လွှာ ထာဝရအရှင်စွမ်းအားကို အသုံးပြုနိုင်ဆဲ ဖြစ်၏။

ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်ကာ ကံကြမ္မာတာအိုနှင့် ယင်ယန်တာအိုတို့ကို အသက်သွင်းပြီး ဤကုန်းမြေ၏ သတင်းအချက်အလက်ကို ရယူဖို့ ကြိုးစားလိုက်သည်။ နမူနာအားဖြင့် ဤနေရာ၏ ဆင့်ကဲပြောင်းလဲမှုနှင့် သမိုင်းကြောင်းကို ဖြစ်၏။ ထို့နောက် သူက အချိန်စွမ်းအားကို အသုံးပြုကာ ဤရွာသားများ၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုဖို့ မကြိုးစားခင် အတိတ်ကို မြင်တွေ့နိုင်မလားဟု ကြည့်လိုက်သည်။

“ အဲဒါဆိုတော့ တိုက်ပွဲမှာ မသုံးတဲ့ အယူအဆ စွမ်းဆောင်ရည်တွေအကုန်လုံးက ကန့်သတ်ခံထားရတာလား။ ဒီကစားပွဲက ငါတို့ကို ဖျက်ဆီးနိုင်စွမ်းရှိတဲ့ သေမျိုးတွေအဖြစ် ပြောင်းလဲပစ်လိုက်တာပဲ။ ဒါမှမဟုတ် ငါ တစ်ခုခု လိုအပ်သွားတာလား”

ဝမ်ဝေ့က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ သူ့အကြည့်က ဤရွာ၏ အနေအထား အမြင့်ဆုံးသူ ဖြစ်ဟန်ပေါ်သည့် အကြီးအကဲတစ်ယောက်ဆီ ရောက်ရှိသွားသည်။ သူက လက်ဝှေ့လိုက်သည့်အခါ အကြီးအကဲက သူ့ဆီ ပျံသန်းလာ၏။

“ နယ်ခြားမိစ္ဆာ … မင်းတို့ရဲ့ သင်ခန်းစာကို မသိသေးဘူးလား။ ကောင်းကင်က ငါတို့ကို ကာကွယ်ထားတယ်”

ဝမ်ဝေ့က ထိုသူအား လျစ်လျူရှုကာ ထိုသူ၏ မှတ်ဉာဏ်အတွင်း ဝင်ရောက်ပြီး မွေးဖွားသည်မှ ယခုအထိ အားလုံးကို မြင်တွေ့လိုက်ရသည်။ ထင်ထားသည့်အတိုင်း ဤရွာ၏ အသက်အကြီးဆုံးလူ တစ်ယောက်အနေဖြင့် ထိုအကြီးအကဲသည် အဖိုးတန် သတင်းအချက်အလက်တချို့ကို သိထား၏။

“ အရှေ့မြောက် ငါးကီလိုမီတာအကွာမှာ မြို့ကြီးတစ်ခု ရှိတယ်” ဝမ်ဝေ့က ပြောလိုက်၏ “ သူတို့ရဲ့ အစားအစာတွေကို ယူပြီးတော့ လယ်ကွင်းတွေ အကုန်လုံးကို ဖျက်ဆီးပစ်ခဲ့”

လီကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် သူ့လူများအား ထိုသို့လုပ်ဆောင်ဖို့ အမိန့်ပေးလိုက်သည်။ တပ်ဖွဲ့က ဆက်လက် ချီတက်လာကြပြီး ရွာကို ချန်ထားရစ်ခဲ့သည်။

နာရီပိုင်းကြာ လျှောက်လှမ်းလာပြီးသည့်နောက်တွင် သူက ဝမ်ဝေ့ဆီ ချဉ်းကပ်လာပြီး မေးလိုက်၏ “ အဆင်ပြေရဲ့လား”

“ ငါ အဆင်ပြေပါတယ်”

“ တကယ်လို့ အဆင်ပြေတယ်ဆိုရင် အဲဒီရွာကို ကျွန်တော်တို့ အဖွဲ့အတွက် အရင်းအမြစ် စုစည်းရေးနေရာအဖြစ် ပြောင်းလိုက်လို့ရတယ်လေ”

ဝမ်ဝေ့က သက်ပြင်းချကာ “ မင်း သတိမပြုမိဖို့ မျှော်လင့်နေတာ”

သူက မျက်နှာပူမိသွားသည်။

“ လာစမ်းပါ။ အစ်ကိုကြီးကို ကောင်းကောင်းသိပါတယ်”

“ ဒီနေရာက အရမ်း မွန်းကြပ်သလို ခံစားရတယ်” ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။

လီကျွင်းက ထိုအချက်ကို နားလည်ကာ သူပုခုံးကို ပုတ်လိုက်သည်။

“ စိတ်မပူနဲ့။ ငါက တည်ငြိမ်သွားပြီ” ဝမ်ဝေ့က သူ့စိတ်ခံစားချက်ကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်ဖို့ ဆုံးဖြတ်ထား၏။ အဖွဲ့က ဆက်လက် ချီတက်လာပြီးသည့်နောက်တွင် လိုအပ်သည့်အခါ ရပ်နားပြီး အနားယူကြသည်။ ၅ရက်တာ ကြာမြင့်ပြီးသည့်နောက်တွင် သူတို့က မြို့ကြီးတစ်ခုဆီ  ရောက်ရှိလာ၏။

အဖွဲ့က မြို့သည် ဂိတ်တံခါးများကို ပိတ်ထားပြီး မြို့တံတိုင်းပေါ်တွင် တပ်သားများ ရှိနေသည်ကို သတိထားမိလိုက်ကြ၏။ ထို့ကြောင့် လီကျွင်းက အားလုံးကို အမိန့်ပေးကာ နေရာကို သိမ်းပိုက်ဖို့ ပြင်လိုက်သည်။ သူတို့က အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး တိုက်ခိုက်ရေး နည်းဗျူဟာကို ဆွဲနေကြ၏။

………….

ထိုကုန်းမြေရှိ တခြားနေရာတစ်ခုတွင် လျှို့ဝှက်အစည်းအဝေး တစ်ခု ကျင်းပနေသည်။

လေးထောင့်စားပွဲတွင် ထိုင်နေသည့် အရိပ် ၇ခု ရှိပြီး ၃ယောက်က ဘေးဖက်တစ်ဖက်တစ်ချက်စီတွင်  ရှိကာ တစ်ယောက်ကမူ ထိပ်ပိုင်းတွင် ထိုင်နေသည်။

“ ဒီအစည်းအဝေးက မကြာခဏ လုပ်လွန်းနေတာ မဟုတ်ဘူးလား” အသံတစ်သံက မေးလိုက်၏။

“ လောဘ … ပါးစပ်ပိတ်ထား။ အမြဲတမ်း ညည်းတွားနေတာချည်းပဲ”

“ မှန်ကို ကြည့်ပြီး တစ်ချိန်လုံး အချိန်ကုန်ဆုံးနေတဲ့ တဏှာ မင်းလို မဟုတ်ဘူးကွ။ ငါက လုပ်စရာတွေ အများကြီးရှိတယ်။”

“ ပါးစပ်ပိတ်ထား” မာနက ထိုလူများသည် နာရီပိုင်းကြာ ဆက်လက် အငြင်းပွားနေမည်ကို သိသည့်အတွက် ပြောလိုက်သည် “ ငါတို့တွေ ဒီလိုအစည်းအဝေး မကြာခဏ လုပ်တာက ရှင်းလင်းရေးကြောင့်ပဲ။ အကြောင်းအရင်းက အဲဒါကြောင့်မလား …  ဒေါသ”

အားလုံးက ထိပ်ပိုင်းတွင် ထိုင်နေသူအား လှည့်ကြည့်လိုက်ကြသည်။

“ ဟုတ်တယ်”

***

All Chapters