← Chapters

စစ်နည်းဗျူဟာ

Vol. 48 Ch. 662

စစ်နည်းဗျူဟာ

Vol. 48 Ch. 662

လီကျွင်းက သူ့လှံနှင့် ရှေ့ကို ပြေးဝင်သွားလိုက်ပြီး လမ်းကြောင်းတွင် ရှိသည့် လူအားလုံးကို ရှင်းထုတ်လိုက်သည်။ ထို့နောက် သူက ဘယ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက် လူသိန်းချီကို နစ်မြုပ်သွားစေသည့် သွေးမြစ်ကို ဖန်တီးလိုက်သည်။ သူက နောက်တစ်ဖွဲ့ကို ကြည့်ကာ အော်လိုက်သည်။

[ နတ်ဘုရားအော်သံ ]

နတ်ဘုရား ဒေါသထွက်သည့်အခါ သေမျိုးများက ဒုက္ခတွေ့ကြသည်။ သူ့အော်သံက သူ့လမ်းကြောင်းတွင် ရှိနေသည့် မိစ္ဆာများ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ် ဖျက်ဆီးပစ်နိုင်သည့် စွမ်းအား ပါဝင်၏။ လီကျွင်းက သူပါးစပ်ကိုဟကာ အစိမ်းရောင် မီးခိုးများ ထုတ်လွှင့်လိုက်သည်။ ထိုအရာဖြင့် သက်ရောက်ခံရသည့်သူတိုင်းက သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှင့် မျက်နှာအထက်တွင် အနက်ရောင် သွေးကြောများ ပေါ်ထွက်လာကာ မျက်လုံးများက နီရဲလာပြီး အနက်ရောင် သွေးအန်ကာ အဆိပ်ကြောင့် သေဆုံးသွားခဲ့ရသည်။

ထို့နောက် လီကျွင်းက နောက်တစ်ဖွဲ့ကို အာရုံစိုက်လိုက်သည်။ အကြည့်တစ်ချက်တည်းဖြင့် တပ်သားများက ဖြူဖျော့သွားပြီး ဆံပင်များ ဆုံးရှုံးကာ မျက်တွင်းများ ချိုင့်ပြီး အမည်မသိ ကုသမရသည့် ရောဂါကြောင့် သေဆုံးသွားကြသည်။

သူ၏ ရက်စက်လှသည့် သတ်ဖြတ်မှုကို မြင်တွေ့ကြသည့် တပ်သားများဆီ အကြောက်တရား ဖုံးလွှမ်းသွား၏။ လီကျွင်းက ဘေးပတ်ဝန်းကျင်မှ တပ်သားများအား မလှုပ်ရှားနိုင်စေရန် အကြောက်တရားကို ထုတ်လွှတ်ထားပြီး သူတို့၏ ကျင့်ကြံဆင့်ကို ဖျက်ဆီးခြင်းမှ တားဆီးထား၏။ သူက သတ်ဖြတ်ဖို့သာ ရောက်လာခြင်း ဖြစ်သည်။

သူက မိစ္ဆာမျိုးနွယ်သည် ယခင်မြို့ကဲ့သို့ နည်းဗျူဟာ အတူတူကို မသုံးမပြုနိုင်ခင် တတ်နိုင်သမျှ မြန်မြန်သတ်ထားဖို့ ဆုံးဖြတ်ထား၏။

လီကျွင်းက နောက်ပစ်မှတ်ကို ရှာဖွေနေစဉ် ငယ်ရွယ်သည့် မိစ္ဆာတစ်ကောင်က သူ့ဆီ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ ထိုသူ့မျက်နှာအထက် အကြောက်တရားမရှိဘဲ ပြတ်သားသည့် အမူအရာမျိုး ရှိနေ၏။ လီကျွင်းက သူ့ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲ ထိုလှုပ်ရှားမှုက ခရုထက်ပင် နှေးကွေးနေ၏။

သူက ထိုမိစ္ဆာ၏ လှံကို ဆုပ်ကိုင်ကာ လက်ဖြင့် ချေမွပစ်လိုက်သည်။ ထို့နောက် သူက ထိုသူကို လှံဖြင့် ထိုးစိုက်လိုက်၏။ တပ်သားက သူ့ကို အမုန်းတရားအပြည့်ဖြင့် ကြည့်လိုက်ပြီး “ မင်း … နဲ့ လူသားမျိုးနွယ် … ကို ..  ကျိန်စာတိုက်တယ်”

“ အရှုံးသမားတစ်ယောက်ရဲ့ စကားတွေကို ဒေါသထွက်ဖို့ မျှော်လင့်နေတာလား” လီကျွင်းက တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်၏။

“ ပြောရရင် မင်းတို့မျိုးနွယ်ကိုတော့ သနားမိသား။ မင်းတို့တွေက ရှေးဟောင်းခေတ်ကာလကတည်းက ဒီလောက်ထိ ကျဆင်းလာကြတာပဲ”

“ အဲဒါက ဘယ်သူ့အမှားကြောင့်လဲ”

“ မင်းတို့ကြောင့်ပေါ့” လီကျွင်းက ပြန်ဖြေလိုက်သည်။ “မင်းတို့တွေက လောဘကြီးပြီးတော့ မင်းတို့ ဝါးမျိုနိုင်တာထက်များတဲ့ အပျက်သဘော ကံတွေကို ဖန်တီးကြတယ်လေ။ အခု တန်ကြေး ပြန်ပေးဆပ်နေရတာပဲ”

တပ်သားက သူ့ကို ခက်ထန်စွာ ကြည့်လိုက်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းမှ အလင်းရောင် ပျောက်ကွယ်သွား၏။

လီကျွင်းက ခေါင်းအသာယမ်းလိုက်သည်။ တချို့မိစ္ဆာများက သူတို့က ဘိုးဘေးများ၏ အပြစ်ကြွေးအတွက် မပေးဆပ်သင့်ကြောင်း ခံစားကြမိစဉ် တချို့ကမူ သူတို့သည် ကမ္ဘာကြီးကို ဆက်လက် အုပ်ချုပ်သင့်ကြောင်း ယုံကြည်ကြ၏။ အနည်းဆုံးတော့ ထိုဖြစ်ရပ်အပြီးတွင် အားကောင်းသည့် မျိုးနွယ်တစ်ခုအဖြစ် ကျန်ရှိဖို့ရာ ဖြစ်သည်။

လီကျွင်းက နောက်တစ်ဖွဲ့ကို ကြည့်ကာ သတ်ဖြတ်ရေးနည်းစနစ်ကို ထုတ်သုံးလိုက်သည်။ ထိုတပ်သားများ၏ မျက်ဝန်းက အနီရောင် ပြောင်းလဲလာပြီးသည့်နောက် တစ်ယောက်နှင့်တစ်ယောက် စတင်သတ်ဖြတ်ကြ၏။ သူတို့၏ ယခင်ရဲဘော်ရဲဘက်များက အဆိုးရွားဆုံး ရန်သူ ဖြစ်လာသလိုမျိုး ဖြစ်သည်။

နောက်တစ်ဖွဲ့မှ ထိုလူများအား အိပ်မက်ဆိုးမှ နိုးထဖို့ ကြိုးစားရန် ရောက်ရှိလာကြသည်။ ကံဆိုးစွာဖြင့် ထိုလူများသည်လည်း သူတို့ကို တိုက်ခိုက်သည့်အတွက် ကူးစက်ခံရကာ ရူးသွပ်သည့်လူများ ဖြစ်သွားကြသည်။

လီကျွင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက်တွင် လက်နက်မိုးကို ထုတ်ဖော်လိုက်ပြီး ပမာဏအများအပြားကို သတ်ဖြတ်လိုက်သည်။ သူက နာရီဝက်ကြာ ဆက်တိုက်သတ်ဖြတ်နေခဲ့၏။ အဖွဲ့က ဒုတိယမြို့ကို အုပ်စိုးနိုင်ခဲ့သည်။ ယခင်အတွေ့အကြုံဖြင့် လီကျွင်းက တိုက်ပွဲပြီး အခြေအနေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခဲ့သည်။

စစ်တပ်နည်းဗျူဟာအခန်း

ဝမ်ဝေ့က သူ့အမှတ်အသားပြားကို ကြည့်ကာ ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

လီကျွင်းက တိုက်ပွဲအခြေအနေကို တင်ပြနေပြီးသည့်နောက်  ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

“ ဒီမြို့ကို ပိုပြီးတော့ တိုက်ရတယ်” ထျဲ့ကန်က ပြောလိုက်သည်။

“  သွေးမိစ္ဆာမျိုးနွယ်က ပိုပြီးတော့ ရန်လိုတယ်။ လူတချို့ကပဲ အညံ့ခံကြတာ” ဝမ်ဝေ့က ပြောလိုက်သည်။

“ ငါတို့တွေ မြေပုံရခဲ့ပြီလား”

“ ဟုတ်ကဲ့” ဝမ်ကျူက စားပွဲအလယ်တွင် မြေပုံကို ခင်းလိုက်ပြီး “ ဒီကုန်းမြေမှာ ပိုင်နက်ခုနစ်ခုရှိတယ်။ အဲဒီတစ်ခုချင်းစီရဲ့ နာမည်ကို ဒုစရိုက်ခုနစ်ပါး အမည်လိုက်ပြီးတော့ ပေးထားတယ်။ အခု ကျွန်မတို့က ပျင်းရိခြင်းပိုင်နက်ထဲမှာ ရောက်နေတာ။ ကျွန်မတို့နဲ့ အနီးဆုံးပိုင်နက်က လောဘပဲ”

“ ကမ္ဘာမြေစီစဉ်ထားပုံအရ ဒီကုန်းမြေက သေးငယ်သား” လီကျွင်းက မြေပုံကိုကြည့်ကာ ပြောလိုက်သည်။

“ ဒါပေမဲ့ ငါတို့အတွက်တော့ ကြီးမားလွန်းနေတယ်။ ငါတို့ရဲ့ ချီတက်နှုန်းနဲ့ဆိုရင် လောဘပိုင်နက်ဆီ ရောက်ဖို့ ဆယ်နှစ် လိုလိမ့်မယ်။ တကယ်လို့ မြင်းရှိရင်တော့ ၆နှစ် လိုလိမ့်မယ်”

“ အဲဒါက အဓိပ္ပာယ် မရှိဘူး” ယန်းလီလင်းက ပြောလိုက်သည်။

“အဲ့လိုမျိုးဆိုရင် ဒီလိုရှေးဦးခရီးသွားနည်းလမ်းက မိစ္ဆာမျိုးနွယ်ရဲ့ ဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်တဲ့ အိပ်မက်ဆိုး ဖြစ်လာလိမ့်မယ်။ သူတို့က ကျွန်မတို့ကို တားဆီးချင်ရင်တောင် အဲ့လောက်ထိ လုပ်ဖို့ လိုလို့လား”

သူမက အိပ်မက်ဆိုးသည် အစီအရင်များပြုလုပ်ဖို့ရာ မြို့များကို တည်ဆောက်ပြီး အုတ်မြစ်တစ်ခုလုံးကို သက်ရောက်စေမည့် ဆက်သွယ်ရေး လစ်ဟာနေမည့်အကြောင်းကို စဉ်းစားမိလိုက်သည်။

“ ငါတို့တွေ့သမျှ အရာအားလုံးက ကစားပွဲကို သေချာစီစဉ်ထားတယ်ဆိုတာကို ပြသနေတာပဲ။ အဲဒါဆိုတော့ အဝေးတစ်နေရာကို ဆက်သွယ်နိုင်မဲ့ နည်းလမ်းတော့ရှိမှာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ တကယ်လို့ ဆက်သွယ်နိုင်မဲ့ နည်းလမ်းရှိရင် သွားလာဖို့ နည်းလမ်းလည်း ရှိမှာပဲ”

“ ကူးသန်းပို့ဆောင်ရေးကို ခွင့်ပြုထားတဲ့ လျှို့ဝှက်စည်းမျဉ်းတစ်ခု” ထျဲ့ကန်က သုံးသပ်လိုက်သည်။ သူက ဘာမှမမျှော်လင့်ထားသည့်အတွက် ထိုကစားပွဲအကြောင်း ဘာမှမညည်းတွားတော့ပေ။

“ နောက်ထပ်ဘာတွေးမိသေးလဲ” လီကျွင်းက ပြောလိုက်၏။

ဝမ်ဝေ့က ခေါင်းခါကာ  “ ဖြစ်နိုင်ချေအများကြီး ရှိတယ်”

“ ဒီလိုဆိုရင် ဆက်လှုပ်ရှားရအောင်” လီကျွင်းက ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ နောက်ပစ်မှတ်က ငရဲကျားမြို့ပဲ။ ဒါနဲ့ တပ်ကူတွေက ဘယ်အချိန်ရောက်လာမှာလဲ”

အဖွဲ့က အဖြူရောင်အစွယ်မြို့တွင် ကောက်ပဲသီးနှံများကို စိုက်ပြီး အစားအစာများကို ယူဆောင်လာဖို့ လူတစ်စုကို ချန်ထားခဲ့သည်။

“ ငါတို့ ဒီကိုရောက်ဖို့ကြာတဲ့ အချိန်ကိုပါ ထည့်စဉ်းစားလိုက်တယ်ဆိုရင် သူတို့က လူဦးရေ နည်းတာရော ကောက်ပဲသီးနှံစိုက်ပျိုးရမဲ့အချိန်ရော ထည့်ပေါင်းလိုက်ရင် သူတို့က ၃ရက်အတွင်း ရောက်လာလိမ့်မယ်။” ယန်းလီလင်းက ပြော၏။

“ အဲဒါဆို ၅ရက်မြောက်နေ့မှာ သွားကြတာပေါ့”

၅ရက်ကြာမြင့်ပြီးသည့်နောက်တွင် အဖွဲ့က နောက်မြို့ဆီ စတင်ချီတက်လာကြသည်။ လမ်းတစ်လျှောက်တွင် ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင် တစ်ဦးက အလျင်အမြန် ပြေးဝင်လာ၏။

“ အရှေ့ဘက်ကနေ ရန်သူတွေကို အာရုံခံမိတယ်”

“ ဘယ်လောက်များလဲ” လီကျွင်းက မေးလိုက်၏။

“ အကြမ်းဖျင်းတပ်သား သန်းနှစ်ဆယ် ရှိမယ်”

“ အဲဒါဆိုတော့ ငါတို့အရေအတွက်နဲ့ တူနေတာပဲ။ ဘယ်သူတွေမှန်း မှတ်မိလား”

“ အဲဒီမှာ ဘုရင်ရှိလား” ဝမ်ဝေ့က မျှော်လင့်ချက် အရိပ်အယောင်ဖြင့် မေးလိုက်၏။ သူက ဘာမှမလုပ်ရသည့်အတွက် ပျင်းရိလာလေပြီ။

“ အဲဒါက…”

တပ်သားက ပြန်မဖြေနိုင်ခင် နောက်ထပ် ကင်းထောက်တစ်ဦး ရောက်ရှိလာသည်။

“ မြောက်ဘက်ကနေ ရန်သူတွေ ချဉ်းကပ်လာတယ်” ထို့နောက် အနောက်ဖက်နှင့် တောင်ဘက်ကပါ ရန်သူများ ချဉ်းကပ်လာသည့် သတင်းကိုပါ ရရှိလာကြသည်။

“ ငါတို့တွေ အဝိုင်းခံရပြီလား။” ထျဲ့ကန်က မေးလိုက်သည်။

“တစ်ဖက်စီမှာ တပ်သားသန်းနှစ်ဆယ်စီ ရှိတယ်ဆိုရင် စုစုပေါင်း သန်းရှစ်ဆယ်ပဲ။ ငါတို့အရေအတွက်ထက် လေးဆ ပိုများတယ်။ အဲဒါက အန္တရာယ် များနိုင်တယ်”

“ တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်လို့ ထင်လား” ယန်းလီလင်းက မေးလိုက်၏။

“ ကျွန်မတို့ကို အလွယ်တကူ ပိတ်ဆို့နိုင်တာကို ဒီနည်းလမ်းပဲ တွေးမိတယ်”

“ ပုံမှန်ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ ပြောမိလိမ့်မယ်။ ဒါပေမဲ့ ဒီကစားပွဲနဲ့ ပတ်သက်လာရင်တော့ မသေချာတော့ဘူး။ ဒါပေမဲ့ ဉာဏ်ကောင်းတဲ့ နည်းဗျူဟာရှင်တစ်ယောက် ရှိဖို့ များတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။

“ကျွန်တော်လည်း အဲလိုထင်တယ်” လီကျွင်းက ထည့်ပြောလိုက်သည်။

“ နည်းဗျူဟာရှင်က ကျွန်တော်တို့ ရောက်တဲ့နေရာကို သိပြီးတော့ လွယ်လွယ်ကူကူ တွက်ချက်ပြီး ဘယ်အချိန်တိုက်လိမ့်မယ်ဆိုတာကို လွယ်လွယ်ကူကူ ဆုံးဖြတ်ထားတာ နေမယ်။ အနီးဆုံးက အဖြူရောင်အစွယ်မြို့ပဲလေ။ အဲဒီကနေ ကျွန်တော်တို့ မြေပုံရတာကို ထည့်စဉ်းစားလိုက်ရင် နောက်ပစ်မှတ်ကို တွက်ချက်ကြည့်ဖို့ လွယ်ပါတယ်”

“ အဲဒါဆို အစီအစဉ်က ဘယ်လိုလဲ” ထျဲ့ကန်က မေးလိုက်၏။

လီကျွင်းက ချက်ချင်းပြန်မဖြေဘဲ ကင်းထောက်လေးဦးကို ကြည့်ကာ “အဖွဲ့ထဲမှာ ဘယ်အဖွဲ့က အားအကောင်းဆုံးလို့ထင်လဲ”

ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက သတင်းအချက်အလက် လဲလှယ်လိုက်ကြသည်။ သူတို့က ဦးဆောင်လာသည့် စစ်သူကြီး၏ အရှိန်အဝါ၊ ချီတက်လာသည့် အဖွဲ့၊ လက်နက်၊ အရှိန်အဝါနှင့် တခြားအချက်အလက်များကို ထည့်သွင်းစဉ်းစားကာ ဘယ်အဖွဲ့က အကောင်းဆုံးလဲဟု သုံးသပ်လိုက်ကြသည်။

“ အရှေ့ဘက်နဲ့ အနောက်ဘက်လား” လီကျွင်းက ရေရွတ်လိုက်သည်။ သူ့လူများကို ကြည့်ကာ  “ လေးဖက်လေးတန် အစီအရင်၊ အရှေ့ဖက်နဲ့ အနောက်ဖက်ကို ဒိုင်းကာမယ်”

ထို့နောက် ချက်ချင်းဆိုသလို အဖွဲ့သားများက ဖွဲ့စည်းပုံအတိုင်း ချီတက်သွားကြသည်။ သတ်ဖြတ်ရေးအဖွဲ့က အရှေ့ဘက်နှင့် အနောက်ဘက်ဆီ နေရာယူထားကြပြီး စစ်သားတစ်ဦးချင်းစီက သူတို့၏ ကျောပေါ်မှ ဒိုင်းကာကို ထုတ်ကာ ရှေ့တွင် ခိုင်ခိုင်မာမာ ထိုးစိုက်လိုက်ပြီး သံမဏိဒိုင်းကာသဖွယ် ဖွဲ့စည်းလိုက်ကြသည်။

မသေနိုင်သည့် တပ်ဖွဲ့က မြောက်ဖက်နှင့် တောင်ဖက်ကို တာဝန်ယူထားပြီး သူတို့၏ ရန်သူများကို သုတ်သင်ပစ်ဖို့ အဆင့်သင့်ဖြစ်နေလေပြီ။ လေးသမားအဖွဲ့က အလယ်တွင် နေရာယူထားပြီး ယန်းလီလင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ကို ကာကွယ်ပေးထားကြသည်။

“ ငါတို့အရေအတွက်ရဲ့ လေးဆလား။ ပြဿနာမရှိဘူး” လီကျွင်းက ကြေညာလိုက်၏။ သူက အရေအတွက် ကျော်လွန်နေလျှင်ပင် ထိပ်တိုက်ရင်ဆိုင်မှုကို မကြောက်ပေ။ သူက သူ့လူများ၏ စွမ်းဆောင်မှုကို ယုံကြည်၏။

“ လာပြီ” ဝမ်ဝေ့က ကောင်းကင်အထက် မျောလွင့်နေရင်း အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက ရေရွတ်လိုက်သည်။

“ ထင်ထားတဲ့အတိုင်း ဘုရင် ပါမလာဘူး”

သူက တိုက်ခိုက်ကာ တစ်ဖက်လူများကို သတ်ချင်နေလေပြီ။

သိပ်မကြာခင် ရန်သူက ရောက်ရှိလာ၏။ လီကျွင်းက အော်ပြောလိုက်သည်  “ ဒိုင်းကာအဖွဲ့”

ဒိုင်းကာအဖွဲ့က သူတို့၏ ဒိုင်းကာများကို ခါရမ်းရင်း အရှေ့အနောက်ဘက်ခြမ်းကို ကာကွယ်ထားသည့် ကာကွယ်ရေးအလွှာတစ်ခုကို ဖန်တီးလိုက်သည်။ တောင်ဘက်နှင့် မြောက်ဘက်ကိုမူ ဖွင့်ဟထား၏။ သို့သော်လည်း ဤသည်က မသေနိုင်သည့် တပ်ဖွဲ့ တိုက်ခိုက်ဖို့ရာအတွက် အစီအစဉ် ဖြစ်ပေသည်။ ဤနည်းဗျူဟာဖြင့် သူတို့သည် တပ်ဖွဲ့အရေအတွက် တစ်ဝက်မျှသာ ရင်ဆိုင်ဖို့ လိုအပ်၏။

“ မှတ်ထား။ မင်းတို့က အနာဂတ်ဧကရာဇ်ရဲ့ ဒိုင်းကာပဲ” လီကျွင်းက အော်ပြောလိုက်သည်။

“မင်းတို့တွေက ပျာယာခတ်လို့ မဖြစ်ဘူး။ အားနည်းချက်ပြလို့ မဖြစ်ဘူး။ ရန်သူတွေကို မင်းတို့ရဲ့ ဒိုင်ကို ချိုးဖောက်ခွင့် ပေးလို့မဖြစ်ဘူး။ မင်းတို့တွေက အားနည်းပြီး ကြောက်ရွံ့နေတယ်ဆိုရင်တောင် ဒိုင်းကာကို ဘယ်တော့မှ လွှတ်ချလို့ မဖြစ်ဘူး။ မင်းတို့တွေ သေသွားရင်တောင် သေခြင်းတရားကို အံတုပြီး မင်းတို့နောက်က ရောင်းရင်း မင်းတို့နေရာယူပြီးတဲ့အထိ တောင့်ခံရမယ်။ ငါတို့ဆောင်ပုဒ်ကို မှတ်မိလား”

“ငါတို့က ဧကရာဇ်ရဲ့ ဒိုင်းကာ” တပ်သားများက သံပြိုင်အော်ဟစ်လိုက်ပြီး ဒိုင်းကာများကို မြေကြီးအတွင်း ထိုးစိုက်လိုက်ကြသည့်အတွက် စိတ်အားတက်ကြွမှု၊ စိတ်ပြင်းပြမှုအပြည့် ထွက်ပေါ်နေ၏။

“ ငါတို့က ဘာတွေလဲ” လီကျွင်းက အော်ပြောလိုက်သည်။

“ ဧကရာဇ်ရဲ့ ဒိုင်းကာ ”

***

All Chapters