တတိယပွဲစဉ်
Vol. 48 Ch. 666
ယီလျန်ချန်းက လေထဲ မျောလွင့်နေရင်း သူ့မညီမညာ သွားများကို ဖြဲကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ့အောက်တွင် ပင်လယ် ပါဝင်နေသည့် ကုဗတုံးပုံစံ အကာအကွယ်တစ်ခု ရှိနေသည်။ မိစ္ဆာနှင့် ပင်လယ်မျိုးနွယ်တပ်ဖွဲ့များဖြစ်သည့် တပ်ဖွဲ့နှစ်ခုက ထိုပင်လယ်ထဲတွင် တိုက်ခိုက်နေကြသည်။
ယီလျန်ချန်းက တည်တည်ငြိမ်ငြိမ်ဖြင့် တိုက်ပွဲကို ကြည့်နေသည်။ သူ့တပ်ဖွဲ့များက အစီအရင်ကို အသုံးပြုကာ ပတ်ဝန်းကျင်ကို ပြောင်းလဲပြီး သူတို့အတွက် အရေးသာမှုကို ရယူထားသည်။ ရေက ပင်လယ်မျိုးနွယ်၏ တပ်ဖွဲ့အင်အားကို တိုးမြှင့်ပေးနိုင်သည့်အတွက် တစ်ဖက်သတ် တိုက်ပွဲသာ ဖြစ်နေလေ၏။
မိစ္ဆာတစ်ကောင် သေဆုံးသွားသည့်အချိန်တိုင်း ယီလျန်ချန်းက သူတို့၏ ဝိညာဉ်၊ စွမ်းအား၊ သွေးနှင့် အသားကို စုပ်ယူလိုက်သည်။
“ ဆိုးရွားလိုက်တဲ့ ယဇ်ကောင်တွေပဲ။ အရေအတွက်ကတောင် အရည်အသွေး လစ်ဟာမှုကို ဖြည့်ဆည်းမပေးနိုင်ဘူး။ ငါ ပိုကောင်းတဲ့ ယဇ်ကောင်လိုနေပြီ”
သူက မျက်မှောင်ကြုတ်လိုက်ကာ စဉ်းစားလိုက်သည်။
ငါ အသင်္ချေအင်ပါယာကမ္ဘာမှာ ကန့်သတ်ချက်များလို့ ဒီနေရာကို လာတာ။ ဒါပေမဲ့ ဒီနေရာက ပိုပြီးတင်းကြပ်နေလိမ့်မယ်လို့တော့ ထင်မထားမိဘူး
ယီလျန်ချန်းက တိုက်ပွဲဆုံးသည်အထိ စောင့်ပြီး သူ့လူများအား အစီအရင်ပိတ်ကာ သန့်ရှင်းရေးလုပ်စေလိုက်သည်။ သူက အရာအားလုံးကို အပေါ်မှ ကြည့်နေပြီးသည့်နောက် စိတ်ခုလာသည်။
ငါ ပိုကောင်းတဲ့ ယဇ်ကောင်ကို လိုတယ်…
ထို့နောက် သူက ထိုသူနှစ်ဦးကြားမှ ထိပ်တိုက်ရင်ဆိုင်မှုအကြောင်းကို တွေးလိုက်မိ၏။
ဝမ်ဝေ့ရဲ့ ပါရမီ၊ စွမ်းအား၊ ဝိညာဉ်၊ ကံကောင်းမှုနဲ့ ကံကြမ္မာတို့နဲ့ဆိုရင် ဒိုင်မေးရှင်းအနိမ့်မှာ ရှာတွေ့သမျှထဲ အကောင်းဆုံးယဇ်ကောင်ပဲ…
သူက နှုတ်ခမ်းသပ်ကာ စဉ်းစားလိုက်၏။
တိထျန်းကလည်း ကောင်းတယ်ဆိုပေမဲ့ ငါ ထောက်မပြနိုင်တဲ့ တစ်ခုခု လိုအပ်နေတယ်…
ယီလျန်ချန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်၏။
ကံကောင်းတာက ငါက ရွေးချယ်နေစရာ မလိုဘူး။ သူတို့နှစ်ယောက်လုံးကို ရနိုင်တယ်…
သူက အဝေးတစ်နေရာကို ကြည့်ကာ ရေရွတ်လိုက်၏။
“သူတို့က ဘယ်မှာလဲ”
ထို့နောက် လူအများစုအား ရူးသွပ်သွားစေနိုင်သည့် တီးတိုးပြောဆိုသံကို ကြားလိုက်ရသည်။
“ပျင်းရိခြင်းနဲ့ တဏှာပိုင်နက်ထဲမှာလား။ မာနပိုင်နက်ကနေ အရမ်းကို ဝေးလွန်းတယ်”
ယီလျန်ချန်းက သူ့လက်ရှိနေရာမှ ပျင်းရိခြင်းပိုင်နက်ဆီ ရောက်ရှိဖို့ရာ အချိန်မည်မျှ ကြာမြင့်မည်ကို သိလိုက်၏။ သူ ရောက်ရှိသွားသည့်အချိန် ဤဖြစ်ရပ်တစ်ခုလုံးက ပြီးဆုံးသွားလောက်လေပြီ။
ကစားပွဲပြီးတဲ့အချိန်အထိ စောင့်ဆိုင်းနေရမှာလား…
သူက ဤနေရာကို ရောက်လာခြင်းမှာ အသင်္ချေအင်ပါယာကမ္ဘာတွင် သူ့စွမ်းအားကို အသုံးပြုခြင်းက မကောင်းဆိုးဝါးအိုကြီးများ သို့မဟုတ် လျှို့ဝှက်ပုဂ္ဂိုလ်များဆီမှ အာရုံစိုက်မှုရရှိမည်ကို စိုးရိမ်၍ ဖြစ်သည်။
ယီလျန်ချန်းက သူ့ဝင်ခွင့်အမှတ်အသားပြားကို ကြည့်လိုက်ပြီးနောက် ခေါင်းအသာယမ်းလိုက်သည်။ သူက တခြားတစ်ယောက်ဆီမှ လုယူနိုင်သည့်အတွက် ထိုအရာက သိပ်အရေးမကြီးလှပေ။ ထို့နောက် သူက တပ်ဖွဲ့ကို ကြည့်လိုက်၏။
သူ့လက်မောင်းက ဧရာမလက်တံကြီးအဖြစ် ပြောင်းလဲသွားပြီးသည့်နောက်တွင် တပ်သားများကို ပျောက်ကွယ်သည်အထိ ရိုက်ခတ်ပစ်လိုက်သည်။ သူက သူ့လူများ၏ အော်သံများကို လျစ်လျူရှုထားပြီး တုံ့ဆိုင်းခြင်းမရှိ သတ်ဖြတ်ပစ်လိုက်၏။ သူက တစ်ယောက်တည်းသူကိုသာ အသက်ရှင်လျက် ချန်ထားသည်။ ထိုသူက စစ်သူကြီး ဖြစ်၏။
ယီလျန်ချန်းက ထိုလူများ၏ သွေး၊ အသားနှင့် တန်ဖိုးရှိသမျှ အရာအားလုံးကို စုပ်ယူလိုက်သည်။ ထို့နောက် သူက ကျန်ရှိနေသည့် အသက်ရှင်သူကို ကြည့်လိုက်၏။
“ အရှင် ဘာလို့လဲ။ ကျွန်တော်တို့က အရှင့်ကို ခစားဖို့ အသက်ကို စတေးထားတာလေ” သူ့အသံတွင် နာကျင်မှု အရိပ်အယောင်များ ပါဝင်နေ၏။ သူက သူ့ဘဝကို သခင်အတွက် စတေးထားသော်လည်း သူတို့ကို ရှင်းပြချက်မရှိဘဲ လွယ်လွယ်လေး ဖယ်ရှားလိုက်သည်ကို မြင်သည့်အခါ နာကျင်မိလာသည်။
“ မင်း သိဖို့ မလိုဘူး” ယီလျန်ချန်းက ပြောလိုက်ပြီးသည့်နောက်တွင် စစ်သူကြီးကို သတိမေ့အောင် လုပ်လိုက်သည်။
“ တကယ်လို့ ဒီတုံးအအ ကစားပွဲနဲ့ စည်းမျဉ်းတွေကြောင့်သာမဟုတ်ရင် မင်းက ဒီထက်ကြာကြာ အသက်ရှင်နိုင်လိမ့်မယ်” လျန်ချန်းက ရေရွတ်ပြီးသည့်နောက်တွင် စစ်သူကြီးအား သူ့ကျောပေါ် တင်လိုက်၏။ ထို့နောက် သူက ပျင်းရိခြင်းပိုင်နက်သို့ အရှိန်အဟုန် အပြည့်ဖြင့် ပြေးလာသည်။ သူက တပ်သားတစ်ယောက်တည်းဖြင့်ပင် မပျံသန်းနိုင်သည်မှာ နှမြောစရာကောင်းလှ၏။
…………………………….
ပျင်းရိခြင်း ပိုင်နက်
“ အောင်မြင်ပြီ” ယန်းလီလင်းက အကူဇာတ်ကောင်အဖြစ် လူငါးယောက်ကို ရွေးချယ်နိုင်ခဲ့သည့်အပေါ် ပျော်ရွှင်နေမိသည်။
“ ထင်ထားတာထက် ပိုလွယ်ကူသားပဲ”
သူမအနေဖြင့် ကစားပွဲအတွက် အပြောင်းအလဲ အသိအမှတ်ပြုဖို့ရာ စကားနည်းနည်းပြောဖို့ရုံမျှသာ လုပ်ဖို့ လိုလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။
“ ငါတို့တွေ နောက်ထပ် ရှုပ်ထွေးတဲ့ နည်းလမ်းတွေ စမ်းကြည့်စရာ မလိုတော့ဘူး” ဝမ်ဝေ့က ပြောလိုက်၏။ အကယ်၍ ကိစ္စများက ပထမနည်းလမ်းတွင် မအောင်မြင်ခဲ့လျှင် သူက ကောင်းကင်တာအိုကို ဆက်သွယ်ပြီး ဇာတ်ကောင်ရယူရန်အတွက် အခမ်းအနားကျင်းပဖို့ ပြင်ဆင်ထားသည်။
“ ငါတို့ရဲ့ တိုးတက်နှုန်းက မြင့်လာပြီ။ အခုခရီးဆက်လိုက်ရအောင်” သူက ပြောလိုက်သည်။ ထို့နောက် အဖွဲ့က နောက်တစ်မြို့ဆီ မချီတက်ခင် လိုအပ်သည့်အရာများကို လုပ်ဆောင်လိုက်ကြ၏။
ဝမ်ဝေ့က ကစားပွဲတွင် ပထမဆုံးဘုရင်နှင့် တွေ့ဆုံခဲ့သည့်အတွက် စိတ်လှုပ်ရှားလာမိသည်။ ကံဆိုးစွာဖြင့် ထိုလူက အားနည်းလွန်းလှပြီး သူ၏ တိုက်ပွဲဆာလောင်စိတ်ကိုပင် မနှိုးဆွပေးနိုင်ပေ။
သူက သေဆုံးသွားပြီးသော ဘုရင်ကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်ပြီး ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်၏။
“ တစ်ခုခု တွေ့မိသေးလား” လီကျွင်းက မြို့ရှင်းလင်းရေးအပြီးတွင် မေးလိုက်သည်။
“ တွေ့တာတစ်ခုက မိစ္ဆာက ပိုပြီးအားကောင်းလေလေ လူသားသွေးမျိုးဆက် ပါဝင်နှုန်းက ပိုပြီးမြင့်မားလေလေဆိုတာပဲ”
“ အဲဒါဆိုတော့ အစ်ကိုကြီးရဲ့ ကောက်ချက်ချမှုက မှန်နေတယ်တူတယ်။ သူတို့က လူသားသွေးမျိုးဆက်နဲ့ စည်းတံဆိပ်ကို ဖြေရှင်းဖို့ သုံးခဲ့တာပဲ”
“ သက်သေတွေကတော့ အဲ့လိုထောက်ပြနေတယ်။ ငါ သိချင်တာက ဒီအတွေးအခေါ်ကို ဘယ်သူကများ ရလာတာလဲ။ အကြွင်းမဲ့ဘုရင် ခုနစ်ပါး၊ စည်းပိတ်ခံ မိစ္ဆာနတ်ဘုရားတွေလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက်လား”
“ ကျွန်တော်တို့တွေ သွားလာနိုင်စွမ်းနဲ့ ကန့်သတ်ထားမှုတွေအရ ကိစ္စတွေကို စုံစမ်းဖို့ ခက်ခဲနေတယ်”
“ အဲဒါက လက်ရှိပြဿနာပဲ” ဝမ်ဝေ့က သဘောတူလိုက်ပြီးသည့်နောက်တွင် ဝင်ခွင့်အမှတ်အသားပြားကို စစ်ဆေးကြည့်လိုက်သည်။
“ ငါတို့တွေ အမှတ်အသားပြား အသက်ဝင်လာဖို့ နောက်ထပ်နှစ်မြို့ သုံးမြို့လောက် လိုသေးတယ်။ ပြီးရင် ပျင်းရိခြင်းရဲ့ အခြေစိုက်စခန်းဆီ သွားပြီးတော့ ဘာရှာတွေ့မလဲ ကြည့်ရအောင်”
တပ်သားများက ဖျက်ဆီးခံထားရသည့် အရင်းအမြစ်များကို စုစည်းကာ နောက်တစ်မြို့ဆီ ဦးတည်လိုက်ကြသည်။ သူတို့ချီတက်လာစဉ်အတွင်း ကင်းထောက်တစ်ဦးက သတင်းသယ်ကာ ရုတ်ချည်း ပြန်ရောက်လာသည်။
“ အရှေ့မြောက်ဘက်မှာ ရန်သူတွေကို အာရုံခံမိပါတယ်”
“ အရှေ့မြောက်ဘက်လား။ မြေပုံအတိုင်းဆိုင်ရင် အဲဒီဘက်မှာ မြို့ မရှိပါဘူး”
“ အဲဒါက ကျွန်တော်တို့ထဲက တစ်ယောက်ပါ”
“ ကောင်းကင်ရွေးချယ်ခံလား။ ဘယ်သူလဲ”
“ အံ့ဖွယ်တာအိုမျိုးနွယ်ရဲ့ ခေါင်းဆောင် ဖန်းလီကျွမ်းပါ”
“ သူမလား။ ကြည့်ရတာ ကံကြမ္မာက ငါတို့ဆီမှာ မပြီးပြတ်သေးတဲ့ ကိစ္စကျန်တယ်ဆိုတာ သိပုံပဲ” လီကျွင်းက အပြုံးလေးဖြင့် ပြောလိုက်သည်။ သူက သူမနောက်ကို လိုက်ဖို့ အဖွဲ့ကို ချက်ချင်းအမိန့်မပေးဘဲ ဝမ်ဝေ့အား ဆက်သွယ်လိုက်သည်။
“ မင်း ကြည့်ပြီးတော့ ဖြေရှင်းလိုက်” ဝမ်ဝေ့က တုံ့ပြန်၏။ သူက ထိုကောင်းကင်ရွေးချယ်ခံများကို သတ်ဖြတ်နေသည့်သူ မဟုတ်သည့်အတွက် ကောင်းကင်တာအိုက သူ့အား အပြစ်တင်၍ မရပေ။ ထို့အပြင် သူက နောက်ဆုံးတိုက်ပွဲမတိုင်ခင် သူ့သက်လုံအပေါ် သက်ရောက်စေမည့် မဟာမိတ်နှင့် အမြှောက်စာများကို စိတ်ပူနေရသည်။ ထို့ကြောင့် သူ့ပြိုင်ပွဲဝင်ထဲမှ လူတချို့ကို လျှော့ချသည်က အကောင်းဆုံး ဖြစ်၏။
……………………
“ ကျစ်” ဖန်းလီကျွမ်းက ရေရွတ်လိုက်သည် “ ဒီအဖွဲ့နဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်ဆိုတာကို ခန့်မှန်းမိသင့်တယ်”
သူမက ပြောက်ကျားနည်းဗျူဟာကို အသုံးပြုသည့် အားကောင်းကောင်း တပ်ဖွဲ့နှင့် တိုက်ခိုက်နေရသောကြောင့် သူတို့နောက်ကိုသာ လိုက်လာဖို့ ဖိအားပေးခံခဲ့ရသည်။ သို့သော်လည်း လတ်တလောတွင် သူမက သူတို့အား သဲလွန်စပျောက်သွားခဲ့ပြီး တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိလာသည်။ သို့သော်လည်း သူမ မတုံ့ပြန်နိုင်ခင် ဝမ်ဝေ့၏အဖွဲ့က အနီးအနားတွင် ရှိကြောင်း သတင်းရလာခဲ့၏။
“ သူတို့ဆီမှာ တပ်ဖွဲ့ ဘယ်လောက်ရှိလဲ”
“ အကြမ်းဖျင်းတော့ သန်းနှစ်ဆယ်ပါ” ကင်းထောက်က ပြောလိုက်သည်။
“ သန်းနှစ်ဆယ်လား။ အဲဒါက သူတို့ရောက်လာတဲ့ အရေအတွက်နဲ့ အတူတူပဲလေ။ အဲဒါဆို သူတို့က တပ်သားတွေကို မဆုံးရှုံးဘူးလို့ ပြောချင်တာလား”
“ ကျွန်တော်က မြင်ခဲ့တာကိုပဲ တင်ပြတာပါ”
ဖန်းလီကျွမ်းက ကင်းထောက်ကို ကြည့်နေရင်း မျက်လုံးများက နီရဲလာသည်။ ထိုလူက သူ့အလုပ်သာ လုပ်နေကြောင်း သိသည့်အတွက် သူမ ဘာမှမလုပ်နိုင်ပေ။
ထို့အပြင် သူမက အသက်ရှင်နိုင်ခြေရဖို့အတွက် မည်သည့်အခြေအနေတွင်မဆို တည်ငြိမ်ဖို့ လိုအပ်မှန်း သိထားသည်။
“ သူတို့ဆီမှာ မြင်းတွေ ရှိလား”
“ ဟုတ်ကဲ့”
ဖန်းလီကျွမ်းအနေဖြင့် သူမ၏ တပ်ဖွဲ့အများစုကို စွန့်ပစ်ရမည်ဆိုလျှင်ပင် ထွက်ပြေးခြင်းက ရွေးချယ်မှုမဟုတ်ကြောင်း သိလိုက်သည်။
ပြီးတော့ ဝမ်ဝေ့က သူ့တပ်ဖွဲ့နဲ့ အဝေးကြီးမှာ မရှိနေသရွေ့ ငါ့ကို ဖမ်းနိုင်တယ်…
သူမက မိုရှင်းယွင်ဆီမှ နဝမအဆုံးစွန်အုတ်မြစ်၏ ထိတ်လန့်ဖွယ်ကောင်းမှုကို သိထားလေသည်။
သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီးသည့်နောက်တွင် ဤတွေ့ဆုံမှုအတွင်း အသက်ရှင်နိုင်မည့် အကောင်းဆုံးနည်းလမ်းကို စဉ်းစားလိုက်၏။
ငါ မိုရှင်းယွင်ရဲ့ အကြံအတိုင်း ရုပ်သေးရုပ်ကိုပဲ လွှတ်လိုက်သင့်တာ…
ဖန်းလီကျွမ်းက အသုံးမဝင်သည့် အတွေးများတွေးနေရမည့် အချိန်မဟုတ်ကြောင်း သိကာ ထိုစိတ်ပျက်ဖွယ်အခြေအနေတွင် မျှော်လင့်ချက်အလင်းတန်းကို ရှာဖွေရမည် ဖြစ်၏။
“ ဖြေရှင်းနည်းတစ်ခုပဲ ရှိတယ်”
သူမက ဆုံးဖြတ်ကာ သူ့တပ်ဖွဲ့များအား ရန်သူကို စောင့်ဆိုင်းဖို့အတွက် အမိန့်ပေးလိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လီကျွင်းက တပ်ဖွဲ့အား ဦးဆောင်လာသည်ကို မြင်လိုက်ရသည်။
“ အော် ဒါက စစ်နတ်ဘုရား လီကျွင်း မဟုတ်ဘူးလား” ဖန်းလီကျွမ်းက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။
“ မင်းဆီကနေ အကြောက်တရားကို အနံ့ရနေတယ်။ မင်းက ဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေပါလိမ့်” လီကျွင်းက မှတ်ချက်ပေးလိုက်၏။ သူက လိမ်ညာနေခြင်း မဟုတ်ပေ။ လတ်တလော ဉာဏ်အလင်းပွင့်မှုက သူ့အား စိတ်ခံစားချက်များကို ခံစားနိုင်သည့် အာရုံ၆ပါးအား ပိုမိုအားကောင်းလာစေခဲ့သည်။
“ အကြောက်တရားတဲ့လား။ အရင်က ရှုံးနိမ့်ဖူးတဲ့ အရှုံးသမားတစ်ယောက်ကို ဘာလို့များ ကြောက်ရမှာလဲ” ဖန်းလီကျွမ်းက နှလုံးခုန်မြန်နေသော်လည်း တည်တည်ငြိမ်ငြိမ် ထိန်းကာ ပြန်ဖြေလိုက်၏။
“ စိတ်ဝင်စားစရာပဲ။ အကြောက်တရားအပြင် မျှော်လင့်နေမှုနဲ့ ကြံရာမရဖြစ်နေမှုပါ ခံစားနေမိတယ်” လီကျွင်းက ပြောလိုက်၏။
“ အဲဒါဆိုတော့ ဒီတွေ့ဆုံမှုကနေ အသက်ရှင်ဖို့ နည်းလမ်းတွေ့သွားပြီပေါ့ … ပြောစမ်းပါဦး။”
ဖန်းလီကျွမ်းက တိတ်တဆိတ် လက်သီးဆုပ်လိုက်ပြီး သူမကို ဖောက်မြင်နေရသလို ခံစားချက်မျိုးကို မကြိုက်ပေ။
“ ကောင်းပြီ” သူမက အသက်ပြင်းပြင်းရှူရင်း “ကျွန်မ တဲ့တိုးပဲ ပြောမယ်။ ရှင်နဲ့ အပေးအယူလုပ်ချင်တယ်”
“ အပေးအယူတဲ့လား။ ငါ နားထောင်နေတယ်” လီကျွင်းက သူမ ဘာပြောမည်ကို မှန်းဆမိလေသည်။
“ ဒါက ကျွန်မတို့ကြားက တိုက်ပွဲပဲ။ တကယ်လို့ ကျွန်မနိုင်ရင် ကျွန်မနဲ့ ကျွန်မလူတွေကို မထိဘဲနဲ့ ထွက်သွားခွင့် ပေးရမယ်” သူမက ဖြစ်ပျက်နေသမျှ အရာအားလုံးကို ဂရုစိုက်ဟန်မပေါ်သည့် ဝမ်ဝေ့အား လှမ်းကြည့်ကာ ပြောလိုက်၏။
“ တကယ်လို့ ငါ နိုင်ရင်ရော”
“ တကယ်လို့ ရှင်နိုင်ရင် ကိုယ်ပျောက်အဆောင်ကို ပေးမယ်”
“ ကိုယ်ပျောက်အဆောင်က မင်းရဲ့တာအိုနဲ့ ဆက်နွယ်ထားတာ။ မင်း ခန္ဓာကိုယ်ကနေ ဖယ်ရှားလိုက်ရင် မင်းရဲ့ တာအိုအုတ်မြစ် ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်။ ဒီလိုဒဏ်ရာမျိုးက မင်းရဲ့ ကျင့်ကြံရေးလမ်းစဉ်ကို အဆုံးသတ်သွားနိုင်တယ်။ မင်းဆီမှာ ကုသဖို့ အဖိုးတန်အရင်းအမြစ်တွေ မရှိသရွေ့ပေါ့။ ဒါပေမဲ့ မင်းတို့ အံ့ဖွယ်မျိုးနွယ်က ဘယ်လောက်ဆင်းရဲလဲဆိုတာကို ထည့်စဉ်းစားလိုက်ရင်…”
“ ကျွန်မတို့ ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုဘူး” ကောင်းကင်ရွေးချယ်ခံအနေဖြင့် သူမက ကံကောင်းမှုကို အသုံးပြုကာ မျိုးနွယ်၏ အခြေအနေကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ လီကျွင်းက သူမ၏ တာအိုအုတ်မြစ်ဒဏ်ရာကို ကုသဖို့ အရင်းအမြစ်နှင့် ပတ်သက်သည့် ပြောစကားက မှန်ကန်နေဆဲ ဖြစ်၏။
“ အကြံပြုချက်ကောင်းပဲ။ ဒါပေမဲ့ ဘာသဘောတူညီချက်မှ မလုပ်ဘဲ မင်းရဲ့အလောင်းဆီကနေလည်း ဒီအဆောင်ကို ရယူနိုင်တယ်”
“ အဲဒါဆို ရှင်က ဘာတွေကြောက်နေတာလဲ။ အော် … ရှင်က တစ်ခုခုလုပ်ဖို့ ရှင့်သခင်ဆီက အကူအညီလိုတာ မေ့နေတယ်။ တကယ်ကို ခွေးလိမ္မာလေးပဲ” သူမက လှောင်ပြောင်စွာ ပြောလိုက်၏။
“ မင်းဆီမှာ အဲ့ထက်ကောင်းတာ ရှိဦးမှာပါ” လီကျွင်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“ ကောင်းပြီ။ စစ်ပွဲအဆောင်ရဲ့ တည်နေရာအကြောင်းကို ပြောပြပေးမယ်”
လီကျွင်းက မျက်မှောင်ကြုတ်ကာ “တကယ်လား”
“ ကျွန်မ လိမ်ညာနေတာ မဟုတ်ဘူးဆိုတာ သက်သေပြဖို့ စာချုပ် ချုပ်နိုင်တယ်” ဖန်းလီကျွမ်းက ပြောလိုက်သည်။
“ဒါပေမဲ့ ဒါကို ကျွန်မတစ်ယောက်တည်းပဲ သိထားတယ်။ ရှင် ဘယ်လိုပဲလုပ်လုပ် ကျွန်မဆီကနေ အဲ့သတင်းကို ရမှာ မဟုတ်ဘူး။ ကျွန်မ အလောင်းဆီကနေ ဆိုရင်တောင်ပေါ့”
လီကျွင်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးသည့်နောက်တွင် “ကောင်းပြီ။ မင်းရဲ့ တောင်းဆိုချက်ကို သဘောတူတယ်”
သူ့အနေနှင့် ဝမ်ဝေ့သည် သူမကို မသတ်နိုင်မှန်း သိထားသော်လည်း သူမက ထိုအချက်ကို မသိထားပေ။ ထို့ကြောင့် သူက သတင်းအချက်အလက် လစ်ဟာနေမှုကို သူ့အရေးသာချက်အဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်။
သူတို့က တိုက်ပွဲမစတင်ခင် စာချုပ် ချုပ်လိုက်ကြ၏။
***